"အဲ့လူနာမည်က ချိုးယွီနင်တဲ့... သူက ထိုက်ရီဂိုဏ်းရဲ့ သူတော်စင်သားတော်ပဲ..." လောချင်းယွီက ဆက်ပြောလိုက်၏။
ဤစကားကို ကြားသောအခါ ချန်လော့မှာ ထိုနေရာတွင်ပင် သွေးအန်မတတ် ဖြစ်သွားသည်။
ထိုက်ရီဂိုဏ်း... တဖက်လူက သူတော်စင်သားတော်လေ …
ချန်လော့သည် ကျင့်ကြံခြင်းလောက၏ အောက်ခြေတွင် အမြဲတမ်း နေထိုင်ခဲ့သူ ဖြစ်ပြီး ကိစ္စများစွာကို ကောင်းကောင်း မသိပေ။ သို့သော်လည်း ထိုက်ရီဂိုဏ်းအကြောင်းကိုတော့ သူ ကြားဖူးခဲ့၏။ အကြောင်းမှာ သူတို့သည် အလွန်အမင်း အစွမ်းထက်သောကြောင့် ဖြစ်သည်။
ထိုက်ရီဂိုဏ်းဆိုသည်မှာ နန်ချန်တိုက်ကြီး တစ်ခုလုံးရှိ ဖြောင့်မတ်တာအိုဂိုဏ်းများ၏ ခေါင်းဆောင်ဂိုဏ်း ဖြစ်ပြီး နန်ချန်တိုက်ကြီးတွင် အစွမ်းအထက်ဆုံးသော အဖွဲ့အစည်း ဖြစ်၏။ ထိုက်ရီဂိုဏ်း၏ သူတော်စင်သားတော် တစ်ဦး၏ ဩဇာတိက္ကမသည် မည်မျှ ကြီးမားကြောင်းကို ပြောနေစရာပင် မလိုချေ။
"ငါတို့သာ သူတော်စင်သားတော်ကို တကယ် သတ်လိုက်ရင် ဖြောင့်မတ်တာအို တစ်ခုလုံးကို ရန်စလိုက်သလို ဖြစ်သွားမှာပေါ့..."
ချန်လော့သည် ယခင်က ယွင်ထျန်းဂိုဏ်းမှ အတွင်းဂိုဏ်း အကြီးအကဲ၏ မြေးဖြစ်သူကို သတ်ဖြတ်ခဲ့ဖူးသော်လည်း ၎င်းမှာ ဖြောင့်မတ်တာအို၏ အလိုရှိသူ စာရင်းဝင် ဖြစ်သွားရုံသာ ရှိသေး၏။ သို့သော် သူတော်စင်သားတော် သည် သူတို့နှင့် ယှဉ်နိုင်မည်လော။
သူသည် ဖြောင့်မတ်တာအို၏ နံပါတ်တစ် ဂိုဏ်းမှ သူတော်စင်သားတော် ဖြစ်သည်။ ဤသည်မှာ မြို့ဝန်၏ သားနှင့် လက်ရှိ အုပ်စိုးနေသော ဧကရာဇ်၏ သားကို နှိုင်းယှဉ်နေသကဲ့သို့ပင်။ လုံးဝ ယှဉ်လို့မရနိုင်ပေ။
"ဆရာ... သူတော်စင်သားတော်က ဆရာ့ကို ဘာများ စော်ကားမိလို့လဲ..." ချန်လော့မှာ မမေးဘဲ မနေနိုင်အောင် ဖြစ်သွားပြီး မေးလိုက်၏။
အကယ်၍ သူတော်စင်သားတော်သည် လောချင်းယွီ အစောက ပြောခဲ့သော သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်သည် ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ချီသန့်စင်ခြင်းအဆင့် သို့မဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့် ဝန်းကျင်တွင်သာ ရှိရမည် ဖြစ်သည်။
အလွန်ဆုံး အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှိသော ကျင့်ကြံသူ တစ်ဦးက နတ်ဝိညာဉ်အဆင့်တွင် ရှိနေသည့် လောချင်းယွီကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်ကို မည်သို့ ရန်စရဲမည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေ၏။
သို့သော်လည်း လောချင်းယွီ၏ နောက်ထပ် စကားများကြောင့် ချန်လော့မှာ လုံးဝ မှင်တက်သွားရသည်။
"ငါ့ကို ရန်စခဲ့တာ သူ မဟုတ်ဘူး... သူ့အဖေ ချိုးဖုန်းလီ ပဲ..."
ဤစကားကို ကြားသောအခါ ချန်လော့၏ မျက်လုံးများမှာ ပန်းကန်ပြားများသဖွယ် ပြူးကျယ်သွားပြီး လောချင်းယွီကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိ၏။
"ချိုး... ချိုးဖုန်းလီ... လင်လန် ဓားသူတော်စင် ချိုးဖုန်းလီ လား" ချန်လော့သည် စကားပင် ကောင်းကောင်း မပြောနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
လောချင်းယွီသည် မငြင်းဆန်ဘဲ ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။
ချန်လော့မှာ လုံးဝ ဆွံ့အသွားတော့သည်။
ချိုးဖုန်းလီ... ဤအမည်သည် နန်ချန်တိုက်ကြီး တစ်ခုလုံးရှိ ကျင့်ကြံခြင်းလောကမှ လူတိုင်းနီးပါး သိထားကြသော အမည် ဖြစ်၏။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က လင်လန်ချောက်ကမ်းပါးတွင် နတ်ဝိညာဉ်အဆင့် အထွတ်အထိပ် စွမ်းအားဖြင့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ သုံးဦးကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့ထံမှ အောင်မြင်စွာ လွတ်မြောက်သွားနိုင်ရုံသာမက ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကိုပါ သတ်ဖြတ်နိုင်ခဲ့၏။ သူ၏ စွမ်းအားသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး နန်ချန်တိုက်ကြီး တစ်ခုလုံးတွင် အသက်အငယ်ဆုံး ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်လာခဲ့ကြောင်းပင် သတင်းထွက်ခဲ့သေး၏။
ယခု လောချင်းယွီသည် ထိုပုဂ္ဂိုလ်၏ သားကို သတ်ရမည်ဟု သူ့ကို လာပြောနေသည်။
ငါသာ တစ်ဖက်လူကို တကယ် သတ်လိုက်မိရင် ငါ အသက်ရှင်နိုင်ပါဦးမလား။
လောချင်းယွီသည် ချန်လော့၏ ငိုမဲ့မဲ့ မျက်နှာကို လုံးဝ သတိမထားမိပုံဖြင့် သူမဘာသာ ဆက်ပြောနေ၏။
"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ချိုးဖုန်းလီက ငါ့ဆရာကို သတ်ခဲ့တယ်"
"အစကတော့ ငါ လုံလုံလောက်လောက် သန်မာလာရင် ဆရာ့အတွက် ကိုယ်တိုင် သွားပြီး ကလဲ့စားချေမယ်လို့ တွေးထားခဲ့တာ..."
"ဒါပေမယ့် အခု ငါဆီမှာ လုံလောက်တဲ့ စွမ်းအား ရှိလာပေမဲ့ ကလဲ့စားချေလို့ မရတော့ဘူး…"
ထိုသို့ပြောပြီး သူမသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
"ငါက အခု ချန်ရှင်းဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်နေပြီ... ချိုးဖုန်းလီကို တိုက်ခိုက်လိုက်တာက နတ်ဆိုးဂိုဏ်း ကိုယ်စား ဖြောင့်မတ်တာအိုကို စစ်ကြေညာလိုက်သလို ဖြစ်သွားလိမ့်မယ်..."
"ကောင်းမြတ်ခြင်းနဲ့ ဆိုးယုတ်ခြင်းကြားက တိုက်ပွဲ ဖြစ်လာရင် ငါ့ကြောင့် မလိုအပ်ဘဲ လူတွေ အများကြီး သေကြရလိမ့်မယ်..."
လောချင်းယွီ၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အပြုံးတစ်ခု ပေါ်လာ၏။
ဤစကားကို ကြားသောအခါ ချန်လော့သည် တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံဖြင့် ချက်ချင်း ပြောလိုက်သည်။
"ဆရာ... ဆရာ အရင်ဆုံး ချန်ရှင်းဂိုဏ်းကနေ ထွက်ကြည့်ပြီးမှ ချိုးဖုန်းလီကို ကလဲ့စားသွားချေပါလား... ဒီလိုဆိုရင် ချန်ရှင်းဂိုဏ်းကိုလည်း ထိခိုက်မှာ မဟုတ်တော့ဘူးလေ..."
"ဘာပဲဖြစ်ဖြစ် ဒါက ဆရာ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲလေ... ဂိုဏ်းနဲ့ ဘာမှ မသက်ဆိုင်တော့ဘူးပေါ့"
ချန်လော့၏ အကြံဉာဏ်ကို ကြားသောအခါ လောချင်းယွီမှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။
"ဖြောင့်မတ်တာအို က လူတွေက ဒါကို ယုံမယ်လို့ မင်း ထင်နေတာလား..."
"ကျွန်တော်တော့ စမ်းကြည့်လို့ ရတယ်လို့ ထင်တယ်..." ချန်လော့သည် အလွန် တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူ ကိုယ်တိုင် အန္တရာယ် မယူရသရွေ့တော့ စမ်းကြည့်သင့်သည်ဟု သူ ထင်သည် ။
သို့သော်လည်း လောချင်းယွီသည် ပြုံးရုံသာ ပြုံးနေပြီး ချန်လော့ကို ပြန်မဖြေချေ။
"ဆရာ..ဒါနဲ့ ကျွန်တော် အခု နောင်တရသွားရင် နောက်ကျသွားပြီလား..."
လောချင်းယွီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်လော့မှာ နောက်တစ်ကြိမ် ထပ်ပြောရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
တခြား နည်းလမ်း မရှိပေ... ဤတာဝန်သည် အလွန်အမင်း အန္တရာယ် များလွန်းသည်။
သူ့တွင် အားကိုးစရာ စနစ်တစ်ခု ရှိနေသော်လည်း နတ်ဝိညာဉ်အဆင့်နှင့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် စသည်တို့ကို ကျင့်ကြံနိုင်ရန် အချိန်တစ်ခု လိုအပ်သေး၏။ သို့သော် လမ်းတစ်ဝက်တွင် သတ်ဖြတ်ခံလိုက်ရလျှင်တော့ သူ့အတွက် မည်သည့် အချိန်မှ ကျန်တော့မည် မဟုတ်ပေ။
လောချင်းယွီသည် ခဏတာ ရပ်တန့်သွားသော်လည်း ပြုံးလိုက်ပြီး ချန်လော့၏ ခေါင်းကို ပုတ်လိုက်သည်။
"မင်း ဘယ်လို ထင်လဲ..."
ချန်လော့သည် လောချင်းယွီကို ကြည့်ရင်း ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်သလို ခံစားနေရ၏။
ဖြောင့်မတ်တာအို မှ နတ်ဆိုးလမ်းစဉ် သို့ ရောက်လာရန် အားထုတ်မှု အများအပြား ပြုလုပ်ခဲ့ရသည်။ သို့သော် လက်ရှိ အခြေအနေက ဖြောင့်မတ်တာအို တွင် နေခြင်းထက် ပို၍ အန္တရာယ်များနေသကဲ့သို့ အဘယ်ကြောင့် ခံစားနေရသနည်း။
"အခြေအနေ မဟန်ဘူးဆိုရင် လစ်ပြေးဖို့ တခြား အခွင့်အရေး တစ်ခု ရှာရမယ်..." ချန်လော့သည် စိတ်ထဲမှ တွေးလိုက်၏။
သို့သော်လည်း အကယ်၍ သူသာ ထပ်ပြေးရန် ကြိုးစားမည် ဆိုပါက၊ နန်ချန်တိုက်ကြီး တစ်ခုလုံးမှ လွတ်အောင် ပြေးရပေတော့မည်။ မည်သို့ပင်ဖြစ်စေ သူသည် နန်ချန်တိုက်ကြီး ပေါ်ရှိ ဖြောင့်မတ်တာအို နှင့် နတ်ဆိုးလမ်းစဉ် နှစ်ခုစလုံးကို ရန်စမိထားပြီး ဖြစ်ရာ ဤနေရာတွင် သူ ပုန်းအောင်းရန် နေရာ မရှိတော့ပေ။
ထိုအချိန်တွင် လောချင်းယွီသည် တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် နောက်တစ်ကြိမ် ပြုံးလိုက်ပြီး သူမ၏ လက်ချောင်းကို နှုတ်ခမ်းဆီသို့ မြှောက်ကာ ညင်သာစွာ ကိုက်လိုက်၏။
ထို့နောက် ကိုက်ထားသော လက်ချောင်းဖြင့် ချန်လော့၏ မျက်ခုံးနှစ်ခုကြားရှိ နဖူးကို ထိလိုက်သည်။ ချန်လော့၏ နဖူးပေါ်တွင် အနီရောင် သွေးတစ်စက် ကျန်ရစ်ခဲ့ပြီး သူ၏ အရေပြားထဲသို့ စိမ့်ဝင်သွားကာ အမှတ်အသား တစ်ခု ဖြစ်သွား၏။
"ဆရာ... ဒါက ဘာကြီးလဲ..." ချန်လော့သည် အနည်းငယ် တွေဝေသွားလျက် မေးလိုက်သည်။
လောချင်းယွီက အနည်းငယ် ပြုံးလိုက်၏။ "ဒါက သွေးသတ်မှတ်တံဆိပ် လေးပါ..."
"မင်းသာ သေချာ မကျင့်ကြံဘူး ဒါမှမဟုတ် ထွက်ပြေးဖို့ ကြိုးစားမယ် ဆိုရင် ဒီအရာကို ငါ ဖောက်ခွဲပစ်လိုက်မယ်... မင်း အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူးပေါ့"
"သေချာတာပေါ့... မင်းက လိမ်လိမ်မာမာနဲ့ ကျင့်ကြံပြီး ဆရာ့အတွက် ကလဲ့စားချေပေးမယ် ဆိုရင်တော့ ဆရာက မင်းကို ရတနာတစ်ခုလို သေချာပေါက် အလိုလိုက်မှာပါ..."
ထိုစကားကို ကြားသောအခါ ချန်လော့၏ စိတ်ထဲတွင် ခံစားချက်များ လှိုင်းထန်သွား၏။
ဘုရားရေ... သူမက ငါရဲ့ နောက်ဆုံး ထွက်ပေါက်ကို တစ်ချက်တည်းနဲ့ ပိတ်ပစ်လိုက်တာပဲ…
သူမက ထိုက်ရီဂိုဏ်းရဲ့ သူတော်စင်သားတော်ကို အသေအလဲ သတ်ခိုင်းဖို့ ဆုံးဖြတ်ထားတာများလား…
"ကောင်းပြီ... အမြန်သွားပြီး ကျင့်ကြံတော့... အခြေခံတည်ဆောက်ခြင်းအဆင့် ကို အမြန်ဆုံး ဖြတ်ကျော်နိုင်အောင် ကြိုးစားချေ"
"တစ်လအတွင်း အခြေခံတည်ဆောက်ခြင်း ကို အောင်မြင်ခဲ့ရင် ဆရာက မင်းကို ဆုချချင် ချမှာ..."
"တစ်လကြာတဲ့အထိ အခြေခံတည်ဆောက်ခြင်း မအောင်မြင်သေးဘူး ဆိုရင်တော့ မင်းရဲ့ ဆရာက..."
လောချင်းယွီက နောက်ထပ် ဘာမှ ဆက်မပြောတော့ဘဲ ချန်လော့ကို ပြုံးပြရုံသာ ပြုံးပြလိုက်၏။
ဘာကြောင့်မှန်း မသိသော်လည်း ထိုအပြုံးထဲတွင် ဖုံးကွယ်ထားသော အန္တရာယ်တစ်ခု ရှိနေသည်ဟု ချန်လော့ ခံစားလိုက်ရပြီး ထိုတိတ်ဆိတ်မှုက စကားပြောခြင်းထက် များစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းနေပုံရသည်။
လောချင်းယွီသည် အချိန်ထပ်မဖြုန်းတော့ဘဲ လှေငယ်ကို အဝေးသို့ ပျံသန်းသွားစေရန် အလျင်စလို ပြုလုပ်လိုက်၏။
လောချင်းယွီ ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း ချန်လော့သည် နေရာတွင်ပင် ရပ်လျက် အရပ်လေးမျက်နှာမှ တိုက်ခတ်လာသော လေအေးများကို ခံစားနေလိုက်သည်။
"ငါ ဘယ်လို သားရဲကောင်မျိုးကို ဆရာအဖြစ် ကိုးကွယ်မိလိုက်တာလဲ"
…
မိနစ်အနည်းငယ် အကြာတွင် ချင်းယန်တောင်ထွတ်ရှိ အိမ်တစ်လုံးထဲမှ ချန်လော့၏ အသံ ထွက်ပေါ်လာ၏။
"ချီးပဲ... ငါတော့ ချမ်းသာပြီဟေ့"
ချန်လော့သည် လောချင်းယွီ ထားခဲ့သော အခြေခံတည်ဆောက်ခြင်း ပစ္စည်းများ ပါသည့် သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်သည်။
အထဲရှိ အရာများကို မြင်သောအခါ ချန်လော့ တစ်ယောက် မှင်တက်သွား၏။
"သက်တမ်း နှစ်တစ်ထောင်ရှိတဲ့ သားရဲ ရဲ့ အရိုးမှုန့်တွေ..."
"လူပုံစံ ပြောင်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ အစိမ်းရောင်သစ်သားပန်း..."
"သန့်စင်သော ယန်ပုလဲ..."
သိုလှောင်အိတ်ထဲတွင် ကောင်းကင်နှင့်မြေကြီး ရတနာ အခုနှစ်ဆယ်၊ သုံးဆယ်ခန့် အပြည့်အဝ ရှိနေပြီး အားလုံးက အလွန် ရှားပါးသော အရာများ ဖြစ်ကြသည်။
ချိုးယွီနင်ကို သတ်ရန် လောချင်းယွီ၏ အမိန့်သည် အတော်လေး လူမဆန်သော်လည်း ပေးအပ်ခဲ့သော ပစ္စည်းကောင်းများကတော့ တကယ်ကို ပြိုင်ဘက်ကင်းပင်။
သိုလှောင်အိတ်ထဲရှိ ကောင်းကင်နှင့်မြေကြီး ရတနာ များက သူ့ကို ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကို သုံး၊ လေးကြိမ်ခန့် ပြုလုပ်နိုင်သည်အထိ လုံလောက်သည်။ ထို့ပြင် ပစ္စည်းများ အားလုံးလိုလိုက ထိပ်တန်း အဆင့်များ ဖြစ်ကြသည်။
ဝိညာဉ်စွမ်းအင် အနည်းငယ် ဆုံးရှုံးသွားပုံရသော်လည်း အလွန်အမင်း ဆိုးရွားလှသည်တော့ မဟုတ်ပေ။
သို့သော်လည်း ဤပစ္စည်းများက လုံလောက်နေသော်လည်း အလွန် အရေးကြီးသော အရာတစ်ခု လိုအပ်နေသေး၏။ ဤသည်မှာ အခြေခံတည်ဆောက်ခြင်း ဆေးလုံး ပင် ဖြစ်သည်။
***