"အခြေခံတည်ဆောက်ခြင်း ဆေးလုံး ကလွဲလို့ ကျန်တာ အားလုံးက လုံလောက်နေပုံပဲ"
ချန်လော့သည် သိုလှောင်အိတ်ထဲရှိ အရာများကို ကြည့်ရင်း ပြောလိုက်၏။ သို့သော် အမှန်တော့ ဤသည်မှာ အတော်လေး ပုံမှန်ပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤကောင်းကင်နှင့်မြေကြီး ရတနာ များသည် မူလကတည်းက လောချင်းယွီ၏ အရာများ ဖြစ်ပြီး သူမ အခြေခံတည်ဆောက်ခြင်း ပြုလုပ်စဉ်က သူမဘာသာ ပြင်ဆင်ခဲ့သော အရာများ ဖြစ်သည်။
ထိုအချိန်မှစ၍ ယခုအချိန်ထိ အချိန်မည်မျှ ကြာမြင့်ခဲ့ပြီကိုပင် မသိနိုင်တော့ချေ။
ဤကောင်းကင်နှင့်မြေကြီး ရတနာ များတွင် သိသာထင်ရှားသော ဝိညာဉ်စွမ်းအင် ဆုံးရှုံးမှုများ ရှိနေသော်လည်း ပြင်းထန်လွန်းလှသည်တော့ မဟုတ်ပေ။ ဆေးလုံးများသာ ဆိုလျှင်ဖြင့်၊ ပို၍ပင် လျင်မြန်စွာ ဆုံးရှုံးသွားလောက်သည်။ ထိုစဉ်က သူမ၏ သိုလှောင်အိတ်ထဲတွင် အနည်းငယ် ကျန်ခဲ့လျှင်ပင် ယခုအခါ လုံးဝ အသုံးမဝင်တော့သည်မှာ သေချာသလောက် ရှိ၏။
"မနက်ဖြန် ဆေးတောင်ထွတ် ကို သွားပြီး ကြည့်ရတော့မှာပဲ..."
ဤအခိုက်အတန့်၌ ချန်လော့သည် တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံဖြင့် အခြား သိုလှောင်အိတ် တစ်လုံးကို ဖွင့်လိုက်သည်။ ထိုသိုလှောင်အိတ်ထဲတွင် လောချင်းယွီ ယခုလေးတင် ပေးခဲ့သော ဝိညာဉ်ကျောက်တုံး များနှင့် ပြည့်နှက်နေ၏။
အိတ်ကို ဖွင့်လိုက်သောအခါ ချန်လော့ မှာ လုံးဝ ဆွံ့အသွားတော့သည်။
"ဒီပမာဏက အနည်းဆုံး တစ်ထောင်လောက်တော့ ရှိရမယ်..."
ချန်လော့သည် သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံး များကို ပြုံးဖြီးဖြီး အမူအရာဖြင့် ကြည့်နေ၏။
မူလက ဆေးတောင်ထွတ် တွင် ဆေးလုံးများ ဝယ်ရန် ဝိညာဉ်ကျောက်တုံးများ လုံလောက်မည် မဟုတ်ဟု စိုးရိမ်နေခဲ့သော်လည်း လောချင်းယွီသည် အလွန် ရက်ရောစွာဖြင့် သူ့ကို ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော် ပေးခဲ့သည် ။
"ဒီဆရာက ငါ့အပေါ် တော်တော်လေး ကောင်းတာပဲ"
ချန်လော့တစ်ယောက် ပြုံးဖြီးဖြီးဖြင့် ဆိုလိုက်သည်။
"မနက်ဖြန် အခြေခံတည်ဆောက်ခြင်း ဆေးလုံး တွေ သွားဝယ်ဖို့ ဆေးတောင်ထွတ် ကို သွားမယ်... ပြီးရင် ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကို စတင်လို့ ရပြီ..."
ထိုအရာကို တွေးမိသောအခါ ချန်လော့၏ အပြုံးသည် ပို၍တောက်ပလာသည်။
ထိုစဉ် ချန်ရှင်းဂိုဏ်း၏ တောင်ထွတ် အသီးသီးတွင်မူ အတွင်းဂိုဏ်းသားများက ချန်လော့၏ မျက်နှာ ပါဝင်သော ပုံတူပန်းချီကားများကို လူများထံသို့ အဆက်မပြတ် ဝေငှနေကြ၏။
"မြန်မြန်... အားလုံး မြန်မြန်လုပ်... အတွင်းဂိုဏ်းသား တိုင်း ဒီကောင် ဘယ်လိုရုပ်မျိုးလဲ ဆိုတာ မှတ်မိအောင် ကြိုးစားကြ..."
အဆိပ်တောင်ထွတ် တွင် ကုထျန်းရန်သည် အတွင်းဂိုဏ်းသား တစ်ဦးစီတိုင်း ချန်လော့၏ ပုံတူပန်းချီကို ရရှိရန်နှင့် ပုံထဲရှိ လူကို မှတ်မိစေရန် ညွှန်ကြားနေသည်။ သူ၏ ဘေးတွင် ရပ်နေသူမှာ ကျောက်မန် ဖြစ်၏။
ကျောက်မန်၏ ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့်၊ ထို့အပြင် ချန်ရှင်းဂိုဏ်းတွင် သူမ၏ ကျင့်ကြံမှုအတွက် အဆိပ်တောင်ထွတ် တစ်ခုတည်းသာ သင့်တော်သောကြောင့် သူမသည် ကုထျန်းရန်၏ တိုက်ရိုက်တပည့် အဖြစ် အငြင်းပွားဖွယ်ရာမရှိ ဖြစ်လာခဲ့သည်။
ကုထျန်းရန်၏ ဘေးတွင် ရပ်နေရင်း ကျောက်မန်က သူမ၏ လက်ထဲရှိ ချန်လော့၏ ပုံတူပန်းချီကို သံသယဖြစ်ဖွယ် အမူအရာဖြင့် ကြည့်လိုက်၏။
"ဆရာ... ဘာလို့ အတွင်းဂိုဏ်းသား အားလုံးကို ချန်လော့ရဲ့ မျက်နှာ မှတ်မိစေချင်ရတာလဲ..."
"ချီးး... သူ့မှာ တကယ်ပဲ အဲ့လောက် ထူးခြားတဲ့ အရာများ ရှိနေလို့လား..."
ယနေ့ တွင် အကြီးအကဲများသည် ချန်လော့အတွက် မည်သို့ အလုအယက် ဖြစ်ခဲ့ကြသည်ကို ပြန်လည် အမှတ်ရကာ ကျောက်မန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
ဤကို ကြားသောအခါ ကုထျန်းရန်က ကျောက်မန်ကို ခေါင်းခါပြလိုက်သည်။
"ချန်လော့က ထူးခြားနေလို့ မဟုတ်ဘူး... သူ့ဆရာကြောင့်ပဲ..."
ကျောက်မန် ခဏတာ ရပ်တန့်သွားပြီး အစောပိုင်းက သူမ မြင်တွေ့ခဲ့ရသော အနီရောင်ဝတ်စုံနှင့် လောချင်းယွီကို ပြန်လည် အမှတ်ရသွား၏။
"အကြီးအကဲ လော လား..."
"ဟုတ်တယ်... လောချင်းယွီ... မင်း သူမကို မြင်ရင် နှုတ်ဆက်ဖို့နဲ့ ရိုသေလေးစားတဲ့ အသုံးအနှုန်း သုံးဖို့ မှတ်ထား... မင်းဆီကနေ အမှားအယွင်း တစ်ခုခု သူမ မတွေ့သွားအောင် ကြိုးစား..."
ကျောက်မန်က ကုထျန်းရန်၏ စကားများကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။
"အမ်... အကြီးအကဲ လော က တကယ်ပဲ ဒီလောက် ကြောက်ဖို့ ကောင်းလို့လား..."
ကုထျန်းရန်က သရော်ပြုံး ပြုံးလိုက်၏။ "ကြောက်ဖို့ ကောင်းတာလား... မင်း သူ့ရဲ့ လုပ်ကိုင်ပုံကို မမြင်ဖူးသေးလို့ပါ”
"ပြီးခဲ့တဲ့ တစ်ခေါက်က ဆေးတောင်ထွတ် မှာဆိုရင် အတွင်းဂိုဏ်းသား တစ်ယောက်က သူမကို မနှုတ်ဆက်လိုက်မိလို့ ချက်ချင်းပဲ..."
ထိုစကားသို့ ရောက်သောအခါ ကုထျန်းရန်က ဆက်ပြောရန် ဆန္ဒမရှိတော့ပုံဖြင့် သက်ပြင်းတစ်ချက်သာ ချလိုက်သည်။
"အကြီးအကဲ လော က သူ့ကို သတ်လိုက်တာလား..." ကျောက်မန်က ထိတ်လန့်သွားသော အသံဖြင့် မေးလိုက်၏။
ချန်ရှင်းဂိုဏ်းသို့ မဝင်ရောက်မီကတည်းက သူမ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သော်လည်း ဤနတ်ဆိုးဂိုဏ်းသည် သူမ စိတ်ကူးထားသည်ထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် ကျောက်မန်၏ စကားများကို ကြားသောအခါ ကုထျန်းရန်က ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး... သူမက အပြစ်ကင်းတဲ့ လူတွေကို အကြောင်းမဲ့ သတ်ဖြတ်နေတဲ့ မိစ္ဆာကောင်မျိုးမှ မဟုတ်တာ..."
"ဒါဆို သူမက ဘာလုပ်လိုက်တာလဲ..." ကျောက်မန်က သိချင်စိတ် ပြင်းပြနေသော ကလေးငယ်တစ်ဦးသဖွယ် မေးလိုက်၏။
"ဟူး..." ကုထျန်းရန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ "သူမက ဆေးတောင်ထွတ် ကို သွားပြီး ဆေးတောင်ထွတ် အကြီးအကဲ အခုလေးတင် ဖော်စပ်ထားတဲ့ မီးတောက်ခုနစ်သွယ် ဆေးလုံး တစ်သုတ်ကို သွားခိုးတာလေ..."
"တစ်သုတ်မှာ ဆယ်လုံးပါတာကို သူမက ကိုးလုံး ယူသွားပြီး ဆေးတောင်ထွတ် အကြီးအကဲ ကို တစ်လုံးပဲ ချန်ပေးခဲ့တာ... သူခများ ငိုတောင် ငိုတယ်..."
သူ စကားပြောနေစဉ် အကြောင်းအရာများက ပိုမို ရှင်းလင်းလာပုံရပြီး ကုထျန်းရန်မှာ ပို၍ စိတ်လှုပ်ရှားလာ၏။
"စဉ်းစားကြည့်လေ... နှစ်ရာချီ အသက်ရှင်လာတဲ့ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်က ပစ္စည်းတွေကို အခိုးခံရရုံတင် မကဘူး ငိုတောင် ငိုရတဲ့အထိပဲ... ဒါက လွန်လွန်းတယ် မဟုတ်ဘူးလား..."
"ဂိုဏ်းချုပ်သာ သူ့အတွက် ဝင်တောင်းပန်ပေးပြီး ဆေးလုံး နှစ်လုံး ပြန်မပေးခဲ့ရင် ဆေးတောင်ထွတ် အကြီးအကဲ ကြိုးဆွဲချ သေသွားလောက်တယ်..."
ကုထျန်းရန်၏ ဒေါသတကြီး အမူအရာကို မြင်သောအခါ ကျောက်မန်မှာ မမေးဘဲ မနေနိုင်တော့ချေ။
"ဒါဆို ဆရာရော... အခိုးခံရဖူးလား..."
ဤစကားကို ကြားသောအခါ ကုထျန်းရန်က သရော်လိုက်၏။
"ဟာသပဲ... မင်းရဲ့ ဆရာက ဘယ်သူလဲ ဆိုတာ မင်း မသိဘူးလား... ငါက ဘယ်လိုလုပ် ငိုရမှာလဲ..."
ထိုစကားပြောပြီးသည်နှင့် ကုထျန်းရန်သည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံဖြင့် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကျောက်မန်ကလည်း နောက်ထပ် ဘာမှ ဆက်မပြောတော့ဘဲ သူမ၏ ပါးစပ်ကို တိတ်ဆိတ်စွာ ပိတ်ထားလိုက်၏။
…
နောက်တစ်နေ့ နံနက်။
ချန်ရှင်းဂိုဏ်း၊ ဆေးတောင်ထွတ် ၏ ထိပ်တွင်။
ချန်လော့ လမ်းလျှောက်လာစဉ် သူသည် မျက်မှောင်ကြုတ်သွားသည်။
" အစ်ကိုကြီး ချန်..."
"နံနက်ခင်းပါ အစ်ကိုကြီး..."
ဆေးတောင်ထွတ် မှ အတွင်းဂိုဏ်းသား နှစ်ဦးက လျှောက်လာပြီး ချန်လော့ကို မြင်သည်နှင့် ချက်ချင်း နှုတ်ဆက်လိုက်ကြ၏။ သူတို့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုစီ ရှိနေပြီး အလွန် ယဉ်ကျေးပျူငှာလှသည်။
"နံနက်ခင်းပါ..."
ချန်လော့သည် ပြုံး၍ ပြန်ဖြေလိုက်၏။
ရယ်မောပြီးနောက် သူသည် ခေါင်းငုံ့ကာ နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဒါက ဒီနေ့ သူ့ကို နှုတ်ဆက်တာ ဆယ့်ရှစ်ယောက်၊ ဆယ့်ကိုးယောက်မြောက် ချန်ရှင်းဂိုဏ်းက အတွင်းဂိုဏ်းသား တွေပဲ…
ထိုအချက်ကပင် သူ့အတွက် ထူးဆန်းနေခြင်း ဖြစ်၏။
"ချန်ရှင်းဂိုဏ်းက နတ်ဆိုးဂိုဏ်း မဟုတ်ဘူးလား... ဘာလို့ အတွင်းဂိုဏ်းသားတွေ အားလုံးက ဒီလောက်တောင် ယဉ်ကျေးနေကြတာလဲ..."
"ပြီးတော့ ငါ မနေ့ကမှ ပါရမီရှင်ဆိုတာ သိရုံပဲ ရှိသေးတာကို ဒီနေ့ကျတော့ သူတို့က အရာအားလုံး သိနေတဲ့ ကျွမ်းကျင်သူတွေလို ဘယ်လိုများ ဖြစ်နေကြတာလဲ..."
သို့သော် ချန်လော့သည် ထိုအကြောင်းကို အချိန်အကြာကြီး စဉ်းစားမနေတော့ပေ။ မည်သို့ပင်ဖြစ်စေ သူ့ကို ထိခိုက်စေမည့် အရာမဟုတ်ပေ။
မကြာမီမှာပင် သူသည် ဆေးတောင်ထွတ် ၏ အရောင်းဌာနသို့ ရောက်ရှိလာသည်။
ဆေးလုံးများ ရောင်းချနေသော အတွင်းဂိုဏ်းသား က ချန်လော့ ပေါ်လာသည်ကို မြင်သောအခါ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။
"အစ်ကိုကြီး ချန်... စောလှချည်လား..."
"ဆေးလုံးတွေ လာဝယ်တာလား... ဘယ်လို ဆေးလုံးမျိုး လိုချင်လို့လဲ..."
"ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ တိုက်ရိုက်တပည့် တွေက ဆေးလုံး ဝယ်တဲ့အခါ ၂၀ ရာခိုင်နှုန်း လျှော့ဈေး ရနိုင်တယ်..."
" ဒါပေမယ့် ဒီအကြိမ်က အစ်ကိုကြီးရဲ့ ပထမဆုံး အကြိမ် ဝယ်တာဆိုတော့ အသုံးပြုသူအသစ် အထူးလျှော့ဈေး အနေနဲ့ ၅၀ ရာခိုင်နှုန်း လျှော့ပေးပါ့မယ်... ဘယ်လိုလဲ..."
ချန်လော့သည် ဆေးရောင်းသည့် နေရာမှ အတွင်းဂိုဏ်းသားကို ကြည့်ရင်း ခဏတာ စကားပြောရန် ဆွံ့အသွား၏။
သူသည် လူမှုရေးအရ စိုးရိမ်ပူပန်တတ်သူ မဟုတ်ပေ။ ပုံမှန်အားဖြင့် သူသည် အတော်လေး ပေါင်းသင်းဆက်ဆံရေး ကောင်းသည်ဟု ခံစားရ၏။ သို့သော် ဤမျှ တက်ကြွလွန်းသော အတွင်းဂိုဏ်းသား တစ်ဦးနှင့် ရင်ဆိုင်ရသောအခါ သူ သည်ပင် ခဏတာ ဆွံ့အခဲ့ရသည်။
"အမ်... ကျွန်တော့်ကို အခြေခံတည်ဆောက်ခြင်း ဆေးလုံး သုံးလုံး ပေးပါ..." အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့က စကားစလိုက်၏။
အခြေခံတည်ဆောက်ခြင်း တစ်ကြိမ်အတွက် အခြေခံတည်ဆောက်ခြင်း ဆေးလုံး တစ်လုံးသာ လိုအပ်သော်လည်း ချန်လော့သည် သူ၏ ပါရမီဖြင့် ပထမအကြိမ်တွင် အောင်မြင်ရန် ခက်ခဲနိုင်မည်ဟု စိုးရိမ်သဖြင့် နောက်ထပ် နှစ်လုံး ပိုပြင်ဆင်ထားခြင်းက ပိုကောင်းမည်ဟု တွေးလိုက်သည်။
ဤသည်ကို ကြားသောအခါ ထိုအတွင်းဂိုဏ်းသားက တုံ့ဆိုင်းမနေတော့ဘဲ ချန်လော့ လိုအပ်သော ဆေးလုံးများကို ချက်ချင်း ယူချလိုက်ပြီး သစ်သားသေတ္တာငယ် တစ်ခုထဲသို့ သပ်ရပ်စွာ ထည့်လိုက်၏။
"အစ်ကိုကြီး ချန်... အစ်ကိုကြီး ဝယ်ချင်တဲ့ အခြေခံတည်ဆောက်ခြင်း ဆေးလုံး သုံးလုံးကို သေချာ ကြည့်ကြည့်ပါဦး... အစ်ကိုကြီးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား..."
ချန်လော့သည် တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ..."
ထိုအတွင်းဂိုဏ်းသားက ခဏတာ စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။
"ကျွန်တော်တို့က အစ်ကိုကြီးအတွက် အရည်အသွေး အမြင့်ဆုံးတွေကိုချည်း ရွေးချယ်ပေးထားလို့ ပုံမှန်ဆိုရင် တစ်လုံးကို ဝိညာဉ်ကျောက်တုံး ၁၀၀ ကျသင့်ပါတယ်..."
"ဒါပေမယ့် ကျွန်တော်က ၅၀ ရာခိုင်နှုန်း လျှော့ပေးထားလို့ တစ်လုံးကို ၅၀ နှုန်းနဲ့ စုစုပေါင်း ၁၅၀ ပါ... နောက်ဂဏန်းတွေ ဖြုတ်ပြီး ၁၀၀ ပဲ ထားလိုက်ပါတော့..."
ချန်လော့မှာ လုံးဝ မှင်တက်သွားတော့သည်။
စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၁၅၀ တည်း ရှိတာကို နောက်ဂဏန်း ဖြုတ်တယ်ဆိုပြီး သုံးပုံတစ်ပုံတောင် လျှော့ချလိုက်တယ်ပေါ့…
နတ်ဆိုးဂိုဏ်း တွေ အားလုံးက ဒီလိုပဲစီးပွားရေး လုပ်ကြတာလား။
***