ချန်လော့သည် ဝိညာဉ်ကျောက်တုံး ၁၀၀ ကို ထုတ်ယူ၍ တစ်ဖက်လူထံသို့ ကမ်းပေးလိုက်သည်။
ထို့နောက် သူသည် ဆေးလုံးများကို ယူ၍ ထွက်ခွာရန် ပြင်လိုက်၏။
အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ချန်လော့၏ ကျောပြင်ကို ကြည့်ရင်း ဆေးအရောင်းနေရာမှ အတွင်းဂိုဏ်းသားမှာ သက်ပြင်းချလိုက်သည်။
"ဟူး... ကပ်ဘေးနတ်ဆိုးကြီး နောက်ဆုံးတော့ ထွက်သွားပြီပဲ..."
သို့သော် သူ စကားပြောပြီးသည်နှင့် လမ်းတစ်ဝက်သို့ ရောက်နေသော ချန်လော့သည် ရုတ်တရက် ရပ်တန့်သွား၏။
"ချီးပဲ...ငါ့အသံကို ကြားသွားပြီ..."
ကောင်တာမှ အတွင်းဂိုဏ်းသားမှာ ထိတ်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည် ။
လောချင်းယွီသည် ချန်လော့ကို ဆေးတောင်ထွတ် သို့ ခေါ်ချလာပြီး အကြီးအကဲ များနှင့် စာရင်းရှင်းလင်းနေသည်ကို သူ မြင်ယောင်နေမိသည်။
"အမ်... ဒီနေရာမှာ ဆေးဆရာ နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေရော ရောင်းလား..."
ချန်လော့၏ စကားများကို ကြားသောအခါ ထိုအတွင်းဂိုဏ်းသားသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး သူ၏ မျက်နှာပေါ်မှ တင်းမာနေသော အမူအရာသည် အနည်းငယ် ပြေလျော့သွား၏။
"အစ်ကိုကြီးက ဘာတွေ လိုချင်လို့လဲ... ဆေးနည်းလား... ဒါမှမဟုတ် ဆေးအပင်တွေလား..."
ချန်လော့က ခေါင်းခါလိုက်သည်။
"ကနဦးအဆင့် ပစ္စည်းတချို့ ဝယ်ချင်လို့ပါ..."
"ကနဦးအဆင့်..." ထိုအတွင်းဂိုဏ်းသားသည် ခဏတာ စဉ်းစားလိုက်သော်လည်း ချန်လော့ ဆိုလိုသည်ကို လျင်မြန်စွာ နားလည်သွား၏။
"အစ်ကိုကြီး... ဆေးဖော်စပ်ခြင်း ကို လေ့လာချင်လို့လား..."
ချန်လော့ က ခေါင်းညိတ်လိုက်သည်။
သူ၏ တစ်ခုတည်းသော ဒုတိယပညာရပ်မှာ ဝင်္ကပါပညာရပ် ဖြစ်ပြီး ၎င်းသည် ကောင်းမွန်သော်လည်း ချန်လော့သည် ဆေးဖော်စပ်ခြင်းကိုပါ သင်ယူချင်သေး၏။ မည်သို့ပင်ဖြစ်စေ ဒုတိယပညာရပ် အားလုံးထဲတွင် အမြတ်အစွန်း အများဆုံး ရနိုင်သည်မှာ ဆေးဖော်စပ်ခြင်းပင် ဖြစ်သည်။
အခြား ပညာရပ်များတွင် ဝင်္ကပါ၊ လက်နက်သွန်းလုပ်ခြင်း၊ အဆောင်ပညာ သို့မဟုတ် သားရဲမွေးမြူခြင်းတို့ ပါဝင်၏။ ၎င်းတို့သည် ငွေအနည်းငယ် ရနိုင်သော်လည်း ဆေးဖော်စပ်ခြင်းနှင့် နှိုင်းယှဉ်လျှင် လုံလောက်မှု မရှိသေးပေ။
ဝင်္ကပါပညာရပ်သည် ကျင့်ကြံသူတိုင်း ထိတွေ့ရမည် ဖြစ်သော်လည်း ဆေးလုံး များလောက် အသုံးပြုရန် မလိုအပ်ချေ။ အလားတူပင် လက်နက်သွန်းလုပ်ခြင်းတွင်လည်း ကောင်းမွန်သော လက်နက်တစ်ခုကို အချိန်အကြာကြီး အသုံးပြုနိုင်၏။ အဆောင်ပညာသည် အသင့်အတင့် ကောင်းမွန်သော်လည်း ၎င်း၏ အာနိသင်များက ဆေးလုံးများလောက် ပြည့်စုံမှု မရှိပေ။
သားရဲမွေးမြူခြင်းဆိုသည်မှာ ပညာရပ်အားလုံးထဲတွင် အမြတ်အစွန်း အနည်းဆုံး ဖြစ်လောက်သည်။
သို့သော်လည်း ဆေးလုံးကတော့ ကွာခြား၏။ ၎င်းသည် ဒဏ်ရာများကို ကုသပေးနိုင်သည်၊ ကာလတို စွမ်းအားကို မြှင့်တင်ပေးနိုင်သည်၊ ထို့အပြင် အဆင့်တက်ရန် အထောက်အကူပြုန်ိုင်သည်။ဒါတင်မက၊ သားရဲ များအတွက် ဆေးလုံးများပင် ရှိသေးပြီး ဆေးလုံး အမျိုးအစားတိုင်းလိုလို ရရှိနိုင်သည်။
ကျင့်ကြံသူ ရှိသည့် နေရာတိုင်းတွင် ဆေးလုံးများအတွက် ဝယ်လိုအား ရှိသည်ဟု ဆိုရမည်။
ချန်လော့တွင် လက်ရှိ ဝိညာဉ်ကျောက်တုံး အများအပြား ရှိနေသော်လည်း တစ်နေ့နေ့တွင် ကုန်ခမ်းသွားနိုင်သည် ။ ငွေရှာရန် နည်းလမ်းအချို့ကို အမြန်ဆုံး ပြင်ဆင်ထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
အတန်ကြာ စဉ်းစားပြီးနောက် အရောင်းနေရာမှ အတွင်းဂိုဏ်းသားက သူ၏ သိုလှောင်အိတ်ကို ဖွင့်၍ စာအုပ်တစ်အုပ်ကို ရှာဖွေထုတ်ယူလိုက်သည်။
"ဒီစာအုပ်က ကျွန်တော်တို့ ဆေးတောင်ထွတ် ရဲ့ အတွင်းဂိုဏ်းသား အဖြစ် စတင်တဲ့အခါ ပထမအဆင့် ဆေးလုံး ဖော်စပ်နည်း လမ်းညွှန်စာအုပ်ပါ..."
"အစ်ကိုကြီး သဘောမကျဘူးဆိုရင် ကြည့်ကြည့်လို့ ရပါတယ်..."
ချန်လော့သည် ခဏတာ ရပ်တန့်သွားပြီးနောက် အတွင်းဂိုဏ်းသား၏ လက်ထဲမှ စာအုပ်ကို ယူလိုက်၏။
စာအုပ်၏ မျက်နှာဖုံးတွင် "ထိပ်တန်း ဆေးဆရာ လမ်းညွှန်" ဟူသော စာသားကို ထင်ရှားစွာ ဖော်ပြထားသည်။ လမ်းညွှန်စာအုပ်ကို လှန်လှောကြည့်ပြီးနောက် ချန်လော့သည် အကြမ်းဖျင်း ဖတ်ရှုလိုက်ရာ အတော်လေး ကောင်းမွန်သည်ဟု တွေးလိုက်၏။
ထိုအတွင်းဂိုဏ်းသားက သိုလှောင်အိတ်ထဲမှ ဆေးနည်း အချို့ကို ထုတ်ယူကာ ချန်လော့ထံသို့ ကမ်းပေးလိုက်သည်။
"ဒီအရာတွေက ပထမအဆင့် ဆေးနည်း တချို့ပါ... ကျွန်တော်က အားလုံး သင်ယူပြီးသွားပြီ ဆိုတော့ ကျွန်တော့်အတွက် ဘာမှ အသုံးမဝင်တော့ဘူး... အစ်ကိုကြီးကိုပဲ ပေးလိုက်ပါ့မယ်..."
ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း လင်းလက်သွား၏။
"အို... ဒီလိုဆိုရင် တော်တော် အားနာစရာ ကောင်းနေပြီ..."
ချန်လော့သည် နှုတ်မှ ငြင်းဆန်နေသော်လည်း လက်ကမူ ဆေးနည်းကျမ်း များကို ယူထားလိုက်သည်။
ထို့နောက် ချန်လော့သည် ဆေးရောင်းနေရာ ရှေ့တွင် ရပ်ကာ သူ အခမဲ့ ရရှိထားသော ဆေးနည်းကျမ်း စာအုပ် အနည်းငယ်ကို ကြည့်လိုက်၏။ စာရွက်စာတမ်းများတွင် ဆေးလုံး အမျိုးမျိုး ဖော်စပ်ရန် လိုအပ်သော ဆေးဖက်ဝင်အပင်များနှင့် အခြေအနေများကို အသေးစိတ် မှတ်တမ်းတင်ထားသည်။
သူ့လက်ထဲရှိ ဆေးနည်းကျမ်းကို ပေါ့ပေါ့ပါးပါး လှန်လှောကြည့်ပြီးနောက် ချန်လော့သည် ခဏတာ စဉ်းစားလိုက်၏။
"ကျွန်တော့်ကို ပြန်လည်အားဖြည့် ဆေးလုံးငယ် ဖော်စပ်ဖို့ ပါဝင်ပစ္စည်း ဆယ်စုံစာနဲ့ ခန္ဓာကိုယ်သန်မာခြင်း ဆေးလုံး အတွက် ပါဝင်ပစ္စည်း ဆယ်စုံစာ ပေးပါ..."
ထိုစကားကို ကြားလိုက်ရချိန်တွင်၊ ထိုအတွင်းဂိုဏ်းသားမှာ မနှောင့်နှေးရဲချေ။ သူသည် ချန်လော့ လိုအပ်သော ဆေးဖက်ဝင်အပင်များကို စင်ပေါ်မှ အလျင်အမြန် ယူထုတ်ကာ ထုပ်ပိုး၍ ချန်လော့ထံသို့ ကမ်းပေးလိုက်သည်။
"အစ်ကိုကြီး... ဒီဆေးအပင်တွေရဲ့ မူလဈေးက..."
"လျှော့ပြီးသား ဈေးကိုပဲ ပြောလိုက်ပါ..."
ချန်လော့သည် ထိုအတွင်းဂိုဏ်းသား၏ စကားကို ဖြတ်ပြောလိုက်၏။ ဆေးဖက်ဝင်အပင်များ၏ မူလဈေး၊ လျှော့ပြီးသားဈေးနှင့် နောက်ဆုံး ဂဏန်းဖြုတ်ထားသည့် ဈေးများကို ထပ်ခါတလဲလဲ နားထောင်ရန် သူ စိတ်မရှည်တော့ပေ။
ထိုအတွင်းဂိုဏ်းသားခမျာ စကားအပို မပြောတော့ဘဲ သူ၏ ရှေ့က စာရင်းစာရွက်ကို ကြည့်ကာ ပြောလိုက်သည်။
"စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၃၀၀ ပါ..."
ချန်လော့မှာ အသက်ရှူမှားမတတ် ဖြစ်သွားရ၏။
ဝိညာဉ်ကျောက်တုံး ၃၀၀ တဲ့... အဲဒါက လျှော့ဈေးနဲ့ နောက်ဂဏန်း ဖြုတ်ပြီးသား ဈေးနော်…
အကယ်၍ လျှော့ဈေးသာ မရှိခဲ့လျှင်ဖြင့် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၆၀၀ သို့မဟုတ် ၇၀၀ ခန့် ကျသင့်မည် ဖြစ်ပြီး ၊ ချန်လော့တွင်မူ စုစုပေါင်း ၁၀၀၀ သာ ရှိ၏။
"ဆေးဆရာ တွေက ပိုက်ဆံ ရှာနိုင်ပေမဲ့ သူတို့ကို လေ့ကျင့်ပေးရတာကတော့ တကယ်ကို ပိုက်ဆံ ဖြုန်းတာပဲ..."
ဆေးဖက်ဝင်အပင်များကို သိမ်းဆည်းပြီးနောက် ချန်လော့သည် ဆေးတောင်ထွတ် ရှိ ဆေးဖော်စပ်ခန်း တည်နေရာကို မေးမြန်းလိုက်ပြီး ထိုနေရာသို့ ဦးတည်သွားလိုက်၏။
အခုအချိန်ထက် ပိုကောင်းတဲ့ အချိန် မရှိတော့ဘူး... ဆေးဖက်ဝင်အပင်တွေ အားလုံးလည်း ဝယ်ပြီးသွားပြီ၊ ဆေးတောင်ထွတ် ကိုလည်း ရောက်နေပြီဆိုတော့ သွားပြီး ဆေးလုံးတချို့ ဖော်စပ်ကြည့်တာ ပိုကောင်းမယ်…
သူ့တွင် ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်၍ နောက်ခံ ဗဟုသုတ မရှိသော်လည်း စနစ် ရှိနေသဖြင့် ပြဿနာကြီးကြီးမားမား ရှိမည် မဟုတ်ပေ။
မကြာမီမှာပင် ချန်လော့သည် ဆေးတောင်ထွတ် တွင် သူနှင့် အနီးဆုံး ဆေးဖော်စပ်ခန်း သို့ ရောက်ရှိသွား၏။
သို့သော် ချန်လော့ ဆေးဖော်စပ်ခန်း သို့ ရောက်သည်နှင့် မလှမ်းမကမ်းတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
"ကျောက်မန် လား..."
တစ်ယောက်ယောက်က သူမ၏ နာမည်ကို ခေါ်လိုက်သဖြင့်၊ ကျောက်မန်သည် ချက်ချင်း လှည့်ကြည့်လိုက်၏။ သို့သော် ရောက်လာသူမှာ ချန်လော့ ဖြစ်နေသည်ကို မြင်သောအခါ သူမသည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
"ရှင်က ဒီနေရာမှာ ဘာလုပ်နေတာလဲ..."
"ဆေးဖော်စပ်ဖို့ လာတာပေါ့...မင်းကို ငါရဲ့ အဆိပ်စမ်းသပ်ခံ ကြွက်လုပ်ခိုင်းဖို့ ခေါ်မယ်လို့ ထင်နေတာလား..."
"အဆိပ်စမ်းသပ်ခြင်း" ဟူသော စကားလုံးကို ကြားသောအခါ ကျောက်မန်မှာ ဒေါသထွက်လွန်းသဖြင့် ချန်လော့၏ မျက်နှာကို ဖြတ်ရိုက်လုမတတ် ဖြစ်သွား၏။ သို့သော် နောက်ဆုံးတွင် သူမသည် မိမိကိုယ်ကို ထိန်းချုပ်လိုက်သည်။ အကြောင်းမှာ သူမသည် ချန်လော့၏ ပြိုင်ဘက် မဟုတ်ကြောင်း သိထားသောကြောင့် ဖြစ်၏။
ကျောက်မန်သည် ဆေးဖော်စပ်ခန်း ကို စီမံခန့်ခွဲသော အတွင်းဂိုဏ်းသား ဘက်သို့ လှည့်၍ ပြောလိုက်သည်။
"ငါ့ကို သီးသန့် ဆေးဖော်စပ်ခန်း တစ်ခု ပေး..."
ထိုသို့ ပြောပြီးနောက် သူမသည် ခါးမှ တိုက်ရိုက်တပည့် တံဆိပ်ပြားကို ထုတ်ယူလိုက်၏။
တံဆိပ်ပြားကို မြင်သောအခါ ချန်လော့မှာ အံ့အားသင့်သွားသည်။
တိုက်ရိုက်တပည့်တံဆိပ်ပြား ဆိုတာ တကယ် ရှိတာလား... ဘာလို့ ငါ့မှာ မရှိတာလဲ... လောချင်းယွီများ မေ့သွားတာလား…
သို့သော်လည်း လောချင်းယွီ၏ လွတ်လပ်စွာ စီမံခန့်ခွဲတတ်သည့် ပုံစံကို ပြန်တွေးကြည့်လိုက်သောအခါ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော် ချန်လော့သည်လည်း သူ၏အရှိန်အဝါကို အလျှော့ပေး၍ မဖြစ်သဖြင့် သူသည် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ချက်ချင်း ထုတ်ယူကာ စားပွဲပေါ်သို့ ဘုန်းခနဲ တင်လိုက်၏။
"ငါ့ကိုလည်း သီးသန့် ဆေးဖော်စပ်ခန်း တစ်ခု ပေး..."
ဆေးဖော်စပ်ခန်း မှ အတွင်းဂိုဏ်းသား ခမျာ ကျောက်မန်၏ လက်ထဲရှိ တိုက်ရိုက်တပည့် တံဆိပ်ပြားကို တစ်လှည့်၊ ချန်လော့၏ အမူအရာကို တစ်လှည့် ကြည့်လိုက်ပြီး ရုတ်တရက် အကျပ်ရိုက်သွား၏။
"အမ်... အစ်ကိုကြီးနဲ့ အစ်မကြီး..."
"ဒီနေရာမှာရှိတဲ့ ဆေးဖော်စပ်ခန်း တွေက ပုံမှန်ဆို ဆေးတောင်ထွတ် ရဲ့ အတွင်းဂိုဏ်းသား တွေအတွက် ဖြစ်လို့ သီးသန့် ဆေးဖော်စပ်ခန်း မရှိပါဘူး..."
"ကျွန်တော်တို့ရဲ့ ဆေးဖော်စပ်ခန်း က အများသုံးပါ... ဆေးဖို အလုံးတစ်ရာကျော် ရှိပါတယ်... အထဲဝင်ပြီး ကြိုက်တဲ့ တစ်လုံးကို ရွေးပြီး ဆေးဖော်စပ်ခြင်း စတင်လို့ ရပါတယ်..."
"ခင်ဗျားတို့လို တိုက်ရိုက်တပည့် တွေက အမှန်တော့ အထက်ကို နည်းနည်း ထပ်တက်သွားလို့ ရပါတယ်... ဒီနေရာမှာက အဓိကတပည့် တွေနဲ့ တိုက်ရိုက်တပည့် တွေအတွက် သီးသန့် ဆေးဖော်စပ်ခန်း တွေ ရှိပါတယ်..."
"ပတ်ဝန်းကျင်ရော၊ ဆေးဖို ရဲ့ အရည်အသွေးပါ ဒီနေရာထက် အများကြီး ပိုကောင်းပါတယ်..."
ချန်လော့သည် ခဏတာ စဉ်းစားလိုက်၏။
"အထက်ကို ဆက်သွားဖို့ ဘယ်လောက် ကြာဦးမလဲ..."
ထိုအတွင်းဂိုဏ်းသားက လက်တစ်ချောင်း မြှောက်ပြလိုက်သည်။ "တစ်နာရီလောက်ပါ..."
"ဒါဆို ငါ ဆေးဖော်စပ်ခြင်း ကို ဒီနေရာမှာပဲ လုပ်တော့မယ်..."
ဘေးတွင် ရပ်နေသော ကျောက်မန်ကလည်း ခေါင်းညိတ်လိုက်၏။
"ငါလည်း အတူတူပဲ... ငါ့ကို ဒီနေရာက ဆေးဖော်စပ်ခန်း မှာပဲ နေရာတစ်ခု ပေးပါ..."
သူတို့ နှစ်ဦး၏ အခြေအနေကို မြင်သောအခါ ထိုအတွင်းဂိုဏ်းသားမှာ စကားအပို မပြောတော့ဘဲ ခေါင်းညိတ်လိုက်ပြီး သူတို့အတွက် ဆေးဖော်စပ်ခန်း နေရာများကို စီစဉ်ပေးလိုက်တော့သည်။
***