“ဆေးဝါးတွေကို အဆင့်ဆယ်ဆင့် ခွဲခြားထားတယ်၊ အဆင့်တိုင်းမှာလည်း ကိုယ်ပိုင် ဧကရာဇ်ဆေး၊ အမတ်ကြီးဆေး၊ အကူဆေးနဲ့ သံတမန်ဆေးဆိုတဲ့ အခန်းကဏ္ဍတွေ ရှိကြတာပေါ့...”
“ဆိုရိုးစကားရှိတယ်လေ ဆေးဝါးတွေမှာ တစ်ခုနဲ့တစ်ခု ဟန်ချက်ညီစေဖို့ ဧကရာဇ်၊ အမတ်ကြီး၊ အကူ နဲ့ သံတမန် အခန်းကဏ္ဍတွေ ရှိရမယ်လို့... ဆေးညွှန်းအားလုံးမှာ ဧကရာဇ်ဆေး တစ်မျိုး အမတ်ကြီးဆေးနှစ်မျိုး အကူဆေး သုံးမျိုး နဲ့ သံတမန်ဆေး ငါးမျိုး ဒါမှမဟုတ် ဧကရာဇ်ဆေးတစ်မျိုး အမတ်ကြီးဆေးသုံးမျိုးနဲ့ သံတမန်ဆေးကိုးမျိုးကို အသုံးပြုတာက အသင့်တော်ဆုံးပဲ...”
(မူရင်း အဓိပ္ပာယ်အတိုင်းပါ)
ကဲ့ချင်က ပျင်းရိစွာ ရှင်းပြလိုက်သည်။
“ဒါက ဆေးဖော်စပ်ခြင်းရဲ့ အခြေခံမူပဲ၊ ရှားပါးပန်းတွေနဲ့ ထူးဆန်းတဲ့ဆေးပင်တွေမှာလည်း သဘာဝအလျောက်ဘုရင်ဆိုတာ ရှိပြီးသား၊ ဧကရာဇ်ဆေးက တခြားဆေးဖက်ဝင် ဂုဏ်သတ္တိတွေကို ဦးဆောင်တာပေါ့...”
“ဪ ဒီလိုကိုး...။ ဒါက ဝိုင်ချက်နည်းတွေနဲ့ ဆင်တူတာပဲ၊ အဓိကလမ်းညွှန်၊ အရန်လမ်းညွှန် နဲ့ သာမန်ကုန်ကြမ်းတွေဆိုပြီး ရှိတာပဲလေ...”
လင်းရီက ခေါင်းညိတ်လိုက်သည်။
“ဝိုင်တာအို နဲ့ ဆေးတာအိုက တကယ့်ကို ဆင်တူတာပေါ့၊ ရှားပါးပန်းတွေနဲ့ ထူးဆန်းတဲ့ဆေးပင်တွေကိုသုံးပြီး ဝိုင်ချက်ချင်ရင်တော့ စကားတစ်ခွန်းတည်းကို မှတ်ထားဖို့ လိုမယ်...”
ကဲ့ချင်က နက်နဲသော ပညာရှိတစ်ဦးအလား ပြောဆိုလိုက်သည်။
“ဘာများလဲ...”
လင်းရီ၏ နှလုံးသားက လှုပ်ခတ်သွားခဲ့ရသည်။
“ဆေးဝါးတွေမှာ ယင်နဲ့ယန် ကိုက်ညီမှု၊ မိဘနဲ့သားသမီး၊ မောင်နှမ၊ အမြစ်နဲ့ပင်စည်၊ ပန်းနဲ့အသီး၊ ဆေးပင်နဲ့ကျောက်တုံး၊ အရိုးနဲ့အသား ဆိုတဲ့ ဆက်နွှယ်မှုတွေ ရှိကြတယ်လေ။ တချို့က တစ်ကိုယ်တည်း အစွမ်းပြတယ်၊ တချို့က အပြန်အလှန်ကူညီခြင်း လိုအပ်တယ်၊ တချို့က အပြန်အလှန်အကျိုးပြုခြင်း ရှိတယ်၊ တချို့က အပြန်အလှန်ကြောက်ရွံ့ခြင်း ရှိတယ်၊ တချို့က အပြန်အလှန်မနှစ်သက်ခြင်း ရှိတယ်၊ တချို့က ဆန့်ကျင်ဘက်ဖြစ်ခြင်း ရှိပြီး တချို့ကတော့ အပြန်အလှန်ဖျက်ဆီးခြင်း ရှိကြတာပေါ့။ ဒီခံစားချက် ခုနစ်မျိုးထဲမှာ ဆေးတွေကို ပေါင်းစပ်တဲ့အခါ အပြန်အလှန်ကူညီတာနဲ့ အပြန်အလှန်အကျိုးပြုတာတွေကို သုံးရမယ်၊ အပြန်အလှန်မနှစ်သက်တာနဲ့ ဆန့်ကျင်ဘက်ဖြစ်တာတွေကိုတော့ ရှောင်ရမယ်။ တကယ်လို့ ထိန်းချုပ်ဖို့ လိုအပ်တဲ့ အဆိပ်အတောက် ရှိနေမယ်ဆိုရင်တော့ အပြန်အလှန်ကြောက်ရွံ့တာ ဒါမှမဟုတ် အပြန်အလှန်ဖျက်ဆီးတာတွေကို သုံးနိုင်တယ်၊ အဲဒီလိုမှမဟုတ်ရင်တော့ အတူတူ မပေါင်းစပ်တာ အကောင်းဆုံးပဲ...” ကဲ့ချင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လင်းရီ၏ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့ရသည်။ ကဲ့ချင်က ပြောလိုက်သည့်အရာမှာ နက်နဲပြီး နားလည်ရန် ခက်ခဲပုံရသော်လည်း လင်းရီကမူ အလွန် ရှင်းလင်းစွာ နားလည်သွားခဲ့၏။ အတိုချုပ်ပြောရလျှင် ဆေးဖက်ဝင် ဂုဏ်သတ္တိများသည် အပြန်အလှန် ဖြည့်ဆည်းပေးနိုင်သလို အပြန်အလှန် အားဖြည့်ပေးနိုင်သည်၊ ထို့အတူ အပြန်အလှန် မွေးဖွားပေးနိုင်သလို အပြန်အလှန် ထိန်းချုပ်ပေးနိုင်ကြပေသည်။
“ဒါကို နားလည်သွားပြီး ဒီမှာရှိတဲ့ ဆေးပင်တွေရဲ့ အာနိသင်အားလုံးကို မှတ်မိသွားပြီဆိုရင်တော့ တတိယအဆင့်အောက် ဆေးလုံးတွေ ဖော်စပ်ဖို့က မင်းအတွက် မခက်ခဲတော့ပါဘူး...”
ကဲ့ချင်က စကားပြောရင်း သူ့နှလုံးသားထဲတွင် တိုးညင်းစွာ သက်ပြင်းချလိုက်မိသည်။ လင်းရီ၏ ဆေးဖော်စပ်ခြင်း အရိုးတည်ဆောက်ပုံကလည်း အံ့မခန်း ဖြစ်နေခဲ့သည် မဟုတ်လော။
“ဟုတ်ကဲ့...”
လင်းရီက ဆက်မပြောတော့ဘဲ ဆေးဖက်ဝင် ဂုဏ်သတ္တိများကို လုံ့လစိုက်ထုတ်၍ စတင် မှတ်သားတော့သည်။ ဆေးပင် အမျိုးအစားပေါင်း နှစ်သိန်းကျော်ကို မှတ်သားရခြင်းမှာ ကြီးမားလှသော အလုပ်တစ်ခု ဖြစ်ပေ၏။
“ဟွေရှင်း မှန်ထဲကပန်း၊ ရေထဲကလ ဝိုင်ချက်နည်းနဲ့ ပတ်သက်ပြီး စောစောက ပြောခဲ့တဲ့ အရိပ်အမြွက်က ဘာများလဲ...”
ညတာ ရောက်ရှိလာပြီး အချင်းချင်း မခွဲခွာမီ လင်းရီက ဟွေရှင်းကို မေးမြန်းလိုက်သည်။
“ကျွန်မ အချစ်ပန်း နဲ့ ပတ်သက်တဲ့ အရိပ်အမြွက်တစ်ခု ရှာတွေ့ခဲ့တယ်...”
ဟွေရှင်းက ရှေးဟောင်းကျမ်းစာတစ်စောင်ကို ထုတ်ယူကာ ဒဏ္ဍာရီတစ်ခုကို ညွှန်ပြရင်း ပြောလိုက်သည်။
“ဒဏ္ဍာရီအရ ရှေးခေတ်တုန်းက ကျင့်ကြံသူတစ်ဦးဟာ ခံစားချက်ကတစ်ဆင့် တာအိုထဲကို ဝင်ခဲ့တယ်တဲ့။ တာအိုထဲ ရောက်သွားပြီးတဲ့နောက်မှာ မိုင်ပေါင်း သုံးထောင်အထိ ပန်းတွေ ပွင့်လန်းသွားခဲ့တယ်လို့ ဆိုကြတယ်...”
“တကယ်လို့ အဲဒီအချစ်ပန်းဆိုတာ အဲဒီပန်းကို ဆိုလိုတာများလား...။အဲဒီလို ဖြစ်နိုင်ခြေ ရှိတာပေါ့...”
လင်းရီ၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
“ဒီကိစ္စအတွက် မင်း အများကြီး ကူညီပေးပြီးပါပြီ၊ ဒါတွေကြောင့် မင်းရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက် မဖြစ်စေချင်ဘူး...”
လင်းရီက သူမကို အလေးအနက် သတိပေးလိုက်သည်။
“ဒါပေမဲ့…”
“ရပါတယ် အဆင်ပြေပါတယ်။ ကျန်တာတွေကိုတော့ ငါ့ဘာသာပဲ ကိုင်တွယ်လိုက်ပါ့မယ်...”
လင်းရီက ဟွေရှင်းကို ငြင်းဆန်ခွင့် မပေးတော့ပေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပေလွှာ အပုံကြီးမှာ သူ၏ ဟင်းလင်းပြင်မှော်ရတနာအတွင်းသို့ ရောက်ရှိသွားတော့သည်။
လင်းရီအနေဖြင့် ယခုအခါ စိတ်အေးသွားခဲ့ပြီ ဖြစ်သည်။ တကယ်လို့ အချစ်ပန်းက ခံစားချက်ကတစ်ဆင့် တာအိုထဲကို ဝင်ရာကနေ ပွင့်လာတဲ့ ပန်းဖြစ်မယ်ဆိုရင် ဝမ်းနည်းကြေကွဲခြင်းမြက်ဆိုတာကလည်း ဝမ်းနည်းမှုကတစ်ဆင့် တာအိုထဲကို ဝင်ရာကနေ ပေါက်လာတဲ့ မြက်များ ဖြစ်နေမလား။ ဝမ့်ယိုသီး ဆိုတာကလည်း ပူပန်မှုတွေကို မေ့ပျောက်ပြီး တာအိုထဲကို ဝင်ရာကနေ ဖြစ်ပေါ်လာတဲ့ အသီးများ ဖြစ်နေမလား။
“ဟုတ်ကဲ့ပါ...”
ဟွေရှင်းက ခေါင်းညိတ်လိုက်သည်။
***