နောက်တစ်နေ့ နံနက်ခင်းတွင်...
တံခါးခြောက်ချပ် အဖွဲ့မှ ထောက်လှမ်းရေးမှူး နှစ်ယောက်သည် သတင်းပို့ရန် လင်းကျန်းခရိုင်သို့ ကြိုတင်ထွက်ခွာသွားကြသည်။ မကြာမီမှာပင် ယုံအန်းခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ထောက်လှမ်းရေးမှူး တစ်စုကို ဦးဆောင်ကာ ယမန်နေ့ညက သေဆုံးသွားသူများ၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ဝမ်မိသားစုစံအိမ်သို့ ရောက်ရှိလာခဲ့၏။
ထိုအချိန်တွင် ကျိုးချင်းဖုန်းသည် တံခါးခြောက်ချပ် အဖွဲ့မှ ထောက်လှမ်းရေးမှူး တစ်ဒါဇင်ခန့်နှင့် လက်ထောက် နှစ်ဦးဖြစ်သော ခေါင်းဖြူအဘိုးအို၊ ပညာတတ် တို့နှင့်အတူ ယွင်ကျိုးမြို့သို့ ထွက်ခွာသွားလေသည်။
တစ်ချိန်တည်းမှာပင်...
ကူမော့သည်လည်း ရထားလုံးပေါ်တက်ကာ ယုံအန်းခရိုင်မှ ထွက်ခွာလာခဲ့၏။
ရထားလုံးအပြင်ဘက်တွင် ထိုင်နေသော ကူချူတုန်းက မေးလိုက်သည်။
"အစ်ကို... မနေ့ညက အစ်ကိုသာ ငွေရောင်မြေခွေး နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရရင် အနိုင်ရနိုင်မလား..."
ကူမော့က ပြန်ဖြေလိုက်၏။ "မရနိုင်ပါဘူး... လုံးဝ မရနိုင်ဘူး... သူ့ဓားက ဘယ်လောက် မြန်လဲဆိုတာ ငါ စိတ်ကူးတောင် မယဉ်နိုင်ဘူး... သိုင်းပညာရှင် အများကြီးက သတိပေးဖို့တောင် အချိန်မရလိုက်ဘဲ လည်ချောင်းကို ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလေ... အဲ့လို ဓားမျိုးကို ငါ တစ်ခါမှ မမြင်ဖူးသလို စိတ်ကူးနဲ့တောင် ပုံဖော်လို့ မရဘူး..."
ကူချူတုန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ "ဒါပေမဲ့ လောကမှာ အဲ့လောက် မြန်တဲ့ ဓားမျိုး တကယ် ရှိလို့လား... ဒဏ္ဍာရီလာ သိုင်းပညာရှင်တွေတောင် အဲ့လို လုပ်နိုင်မယ် မထင်ဘူး... ဟာမစ် နဲ့ ထုံညီအစ်ကိုသုံးဦး အကြောင်းကို မပြောတော့ပါဘူး၊ ဒါပေမဲ့ တံခါးခြောက်ချပ် အဖွဲ့က သိုင်းပညာရှင် တစ်ဒါဇင်ကျော်ရယ်၊ ကျိုးချင်းဖုန်း ရဲ့ တပည့်ရင်း နှစ်ယောက်ရယ်၊ ပထမတန်းစား သိုင်းပညာရှင် ဖြစ်တဲ့ ဝမ်ယွမ်ပေါင် ရယ်... သူတို့တွေကို အကူအညီတောင်းဖို့ အော်ဟစ်ချိန်တောင် မရအောင်၊ ဒါမှမဟုတ် ပြန်လည်ခုခံဖို့ ဓားဆွဲထုတ်ချိန်တောင် မရအောင် ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ... အဲ့ဒါ လူတစ်ယောက် လုပ်နိုင်တဲ့ အရာမျိုး ဟုတ်လို့လား..."
ကူမော့ လည်း ဘာပြောရမှန်း မသိတော့ချေ။
တစ်ညလုံး ကုန်လွန်သွားခဲ့သော်လည်း ငွေရောင်မြေခွေး ၏ ဓားက ဘယ်လောက် မြန်သလဲဆိုတာကို သူ စိတ်ကူးယဉ်ကြည့်၍ မရနိုင်သေးပေ။
ကူချူတုန်းက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ "အဲ့ဒါကြောင့် ငွေရောင်မြေခွေး က ဒီလောက် ဘဝင်မြင့်နေတာကိုး... သူ လူသတ်တော့မယ်ဆိုရင် ကြိုပြီး သေဒဏ်ပေးစာ ပို့ရဲတာပေါ့... အစ်ကို... ကျွန်မတို့ နောက်ပိုင်း တာဝန်တွေ ယူတဲ့အခါ ပိုပြီး သတိထားသင့်တယ်... ငွေရောင်မြေခွေး လို သိုင်းပညာရှင်မျိုးနဲ့ နောက်တစ်ခါ ထပ်တွေ့ရင် ပြဿနာ တက်လိမ့်မယ်... ခုတစ်ခါ ကျွန်မတို့ လူအများကြီး ရှိနေလို့၊ ပြီးတော့ သိုင်းပညာရှင်တွေ အများကြီး ရှိနေလို့သာ ငွေရောင်မြေခွေး က ထွက်ပြေးသွားတာ... အကယ်၍ ဒီနေရာမှာ ကျွန်မတို့ချည်းပဲ ရှိနေပြီး တိုက်ပွဲဖြစ်ခဲ့ရင် သေချာပေါက် ဆိုးရွားသွားမှာပဲ..."
ကူမော့ အနည်းငယ် မျက်မှောင်ကုတ်လိုက်သည်။
ဘာကြောင့်မှန်းမသိ၊ ကူချူတုန်း၏ စကားများက သူ၏ စိတ်ထဲတွင် ဉာဏ်အလင်း တစ်ခုလို ဖြတ်ပြေးသွားသော်လည်း သူ သေချာ ဆုပ်ကိုင်၍ မရခဲ့ပေ။
ကူမော့က စိတ်ထဲမှ တွေးလိုက်မိ၏။
"ဘာများပါလိမ့်..."
ကူချူတုန်းက ရွှင်လန်းစွာ ပြောလိုက်သည်။
"အစ်ကို... ကျွန်မတို့ မရှုံးပါဘူး... ငွေရောင်မြေခွေး ကို မဖမ်းနိုင်ခဲ့ပေမယ့် ဒီခရီးစဉ်က အလဟဿ မဖြစ်ပါဘူး... ကျွန်မတို့ မလာခင်က သူဌေးရန် ပြောခဲ့တာ ဝမ်ယွမ်ပေါင် က ကျွန်မတို့ကို ဝန်ဆောင်ခ အနေနဲ့ ငွေစင် ငါးရာ ပေးထားတယ်တဲ့... သူဌေးရန် က ၃၀ ရာခိုင်နှုန်း ယူသွားရင်တောင် ကျွန်မတို့မှာ သုံးရာကျော် ကျန်သေးတယ်လေ..."
"အဲ့ဒီငွေကို မေ့လိုက်တော့... မယူနဲ့..."
"ဘာဖြစ်လို့လဲ..."
"သူဌေးရန် က အဲ့ဒီ ဖိတ်စာကို ရဖို့ အချိန်တွေရော ငွေတွေရော အများကြီး အကုန်ခံခဲ့ရတာ... အခု ငါတို့က ငွေရောင်မြေခွေး ကိုလည်း မဖမ်းနိုင်ခဲ့ဘူးဆိုတော့ သူဌေးရန် အကြီးအကျယ် ရှုံးသွားပြီပေါ့... အဲ့ငွေက သူ့အရှုံးတွေကို ကာမိအောင် ထားလိုက်ပါ..."
"ကောင်းပါပြီလေ... ဟူး... ငွေရောင်မြေခွေး က ဘာလို့ ဒီလောက်ထိ အစွမ်းထက်နေရတာလဲ..."
"..."
...
ညအချိန်သို့ ရောက်သောအခါ ရထားလုံးသည် တောင်ပေါ်လမ်းအတိုင်း အရှိန်ပြင်းပြင်း မောင်းနှင်နေ၏။ အမှောင်ထု ပိုမို ကြီးစိုးလာပြီး သစ်တောမှာ အရိပ်များဖြင့် ဖုံးလွှမ်းနေသည်။ တောင်လေက သစ်ရွက်များကြား ဖြတ်သန်းတိုက်ခတ်သွားပြီး လျှို့ဝှက်ချက်များကို တီးတိုးပြောနေသကဲ့သို့ပင်။ ကွေ့ကောက်နေသော တောင်ပေါ်လမ်းအဆုံးတွင် မှိန်ပျပျ အလင်းရောင်လေးတစ်ခု တောက်ပနေသည် - ၎င်းမှာ တည်းခိုခန်းတစ်ခု ဖြစ်သည်။
ဆိုင်ရှေ့တွင် ဝိုင်အလံတစ်ခု လေထဲတွင် လွင့်ခတ်နေပြီး "ဝိုင်" ဟူသော စာလုံးမှာ မှေးမှိန်ပြီး အစက်အပြောက်များ ဖြစ်နေကာ အချိန်ကာလ၏ ပြောင်းလဲမှု ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသကဲ့သို့ ရှိသည်။ ဆိုင်တံခါးမှာ တစ်ဝက်ဖွင့်ထားပြီး မှိန်ပျပျ နွေးထွေးသော အလင်းရောင်များ ထွက်ပေါ်နေ၏။
ကူချူတုန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"အစ်ကို... ... ဒီနေရာမှာ တည်းခိုခန်းတစ်ခု ရှိမှန်း ကျွန်မ သေချာ မှတ်မိနေတာ... ခုညတော့ ကျွန်မတို့ လေတိုက်ခံပြီး အိပ်စရာ မလိုတော့ဘူး..."
ကူမော့က ရထားလုံးပေါ်မှ ဆင်းကာ ပြုံးလျက် ချီးကျူးလိုက်၏။ "ချူတုန်း က အတော်ဆုံးပဲ..."
ကူချူတုန်းက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဟားး... လွန်ခဲ့တဲ့ ရက်အနည်းငယ် ဒီကို လာတုန်းက နေ့ခင်းဘက် ဖြတ်သွားခဲ့တာလေ... အပြန်ခရီးမှာ နေ့လယ်ဘက် ဒါမှမဟုတ် ညဘက် ဖြတ်သွားဖြစ်ရင် ညအိပ်လို့ရအောင် ဒီနေရာမှာ တည်းခိုခန်းတစ်ခု ရှိတယ်ဆိုတာကို ကျွန်မ တမင်တကာ မှတ်ထားခဲ့တာ..."
ကူမော့က ရက်ရက်ရောရော ချီးကျူးလိုက်၏။ "ချူတုန်း က လောကအကြောင်း ပိုပိုပြီး နားလည်လာပြီပဲ..."
ကူချူတုန်းမှာ အတော်လေး ကျေနပ်သွားပြီး တည်းခိုခန်းထဲသို့ လှမ်းခေါ်လိုက်သည်။
"လူရှိလားရှင့်..."
"လာပါပြီ၊ လာပါပြီ..."
မကြာမီ ပခုံးပေါ်တွင် ပုဝါတင်ထားသော စားပွဲထိုးတစ်ဦး ထွက်လာပြီး ကူချူတုန်းထံမှ မြင်းဇက်ကြိုးကို ပါးနပ်စွာ ယူကာ ပြောလိုက်၏။ "သခင်တို့... ကျေးဇူးပြုပြီး အထဲဝင်ပါ... ကျွန်တော် မြင်းတွေကို ယူသွားပြီး ချည်ထားလိုက်ပါ့မယ်... စိတ်မပူပါနဲ့၊ ကျွန်တော်တို့ဆီမှာ အကောင်းဆုံး မြင်းစာ ရှိပါတယ်..."
"ကောင်းပြီ..."
ကူချူတုန်းက ပြန်ဖြေလိုက်ပြီး ကူမော့ကို တည်းခိုခန်းထဲသို့ တွဲခေါ်သွားလေသည်။
အထဲသို့ ဝင်လိုက်သည်နှင့် ဆီမီးခွက်အနည်းငယ်က မှိန်ပျပျ လင်းလက်နေပြီး ဖောက်သည် အနည်းငယ်သာ ရှိသည်ကို တွေ့လိုက်ရသည်။ သုံးလေးငါးယောက်ခန့်သာ ရှိပြီး အလွန်တိတ်ဆိတ်နေကာ သူတို့ဘာသာသူတို့ ဝိုင်သောက်နေကြ၏။
တည်းခိုခန်းပိုင်ရှင်မှာ ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးဖြစ်ပြီး စူးရှသော မျက်လုံးများ ရှိသည်။ ကူမော့နှင့် ကူချူတုန်းတို့ ဝင်လာသည်ကို မြင်သည်နှင့် သူက လက်ဖက်ရည်အိုးတစ်အိုး ချက်ချင်း ယူလာပြီး လက်ဖက်ရည်ငဲ့ပေးကာ နွေးထွေးစွာ မေးလိုက်၏။ "ထမင်းစားမှာလား၊ ညအိပ်မှာလား..."
"ညအိပ်မှာပါ... ပြီးတော့ ထမင်း မြန်မြန်လေး ပြင်ပေးပါဦး..."
ကူချူတုန်းက ဟင်းအနည်းငယ်ကို လျင်မြန်စွာ မှာလိုက်ပြီး တည်းခိုခန်းပိုင်ရှင်ကလည်း မီးဖိုချောင်သို့ ချက်ချင်း သွားကာ အော်ဒါသွားပေးလေသည်။
ကူချူတုန်းက တီးတိုး ပြောလိုက်၏။ "တည်းခိုခန်းက နည်းနည်း ဟောင်းနွမ်းနေတယ်... အခန်းတွေ အနံ့မဆိုးဖို့ပဲ မျှော်လင့်ရတော့တာပဲ..."
ထို့နောက် သူမက လက်ဖက်ရည်ခွက်ကို ယူကာ သောက်ရန် ပြင်လိုက်သော်လည်း ကူမော့၏ တီးတိုးသံကို ရုတ်တရက် ကြားလိုက်ရသည်။ "လက်ဖက်ရည်ထဲမှာ အဆိပ်ပါတယ်..."
ကူချူတုန်း အနည်းငယ် လန့်သွားပြီးနောက် လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာ ပြန်ချလိုက်ကာ တီးတိုး မေးလိုက်၏။ "အစ်ကို... ဘယ်လိုလုပ်ကြမလဲ... တစ်ယောက်ယောက်က ကျွန်မတို့ကို အန္တရာယ်ပြုဖို့ ကြိုးစားနေတာလား..."
ကူမော့က... "ငါတို့ကို ရည်ရွယ်တာတော့ ဟုတ်ချင်မှ ဟုတ်မှာပါ... အခြေအနေကို အရင် စောင့်ကြည့်ရအောင်..." ဟု ပြန်ပြောလိုက်သည်။
ထိုအချိန်မှာပင်...
တံခါးအပြင်ဘက်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာပြီး လူငါးယောက် ခြောက်ယောက်ခန့် ပါဝင်သော အဖွဲ့တစ်ဖွဲ့ ရောက်လာကြသည်။ သူတို့အားလုံးမှာ ခရီးပန်းနေဟန်ရှိပြီး အထုပ်ကြီး၊ အထုပ်ငယ်များ ကိုယ်စီ သယ်ဆောင်လာကြကာ အလွန်လေးနက်သော အမူအရာများ ရှိနေသဖြင့် ခရီးသွားကုန်သည်များနှင့် တူလေသည်။
ထိုအဖွဲ့ ဝင်လာသည်နှင့် ဝင်ထိုင်လိုက်ကြပြီး လူလတ်ပိုင်း တစ်ဦးက အော်ဟစ်လိုက်၏။
"စားပွဲထိုး... ဒီမှာ အကောင်းဆုံး ဝိုင်နဲ့ ဟင်းတွေကို အကုန်ချပေးစမ်း..."
စားပွဲထိုးက အသံပြုပြီးနောက်...
ထိုအဖွဲ့ စကားစမြည် ပြောလာကြသည်။ သူတို့၏ စကားများအရ သူတို့မှာ တန်ဖိုးကြီး ဆေးဖက်ဝင်အပင်များကို ရောင်းဝယ်ဖောက်ကားသည့် ခရီးသွားကုန်သည်များ ဖြစ်ကြောင်း ထင်ရှားနေ၏။ သူတို့အားလုံးမှာ ပစ္စည်းကောင်းများကို ဈေးပေါပေါဖြင့် ဘယ်လို ဝယ်ယူနိုင်ခဲ့ကြောင်း ကြွားလုံးထုတ်နေကြသည်။
"ဟင်..."
ကူချူတုန်းက ရုတ်တရက် ခပ်သဲ့သဲ့ ရေရွတ်လိုက်၏။
"ဘာဖြစ်လို့လဲ..." ကူမော့က မေးလိုက်သည်။
ကူချူတုန်းက ပြောလိုက်၏။
"အစ်ကို... အဲ့ဒီ ကုန်သည်တွေထဲက တစ်ယောက်က ဟို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ လင်းပုချီ နဲ့ တူတယ်... ဒါပေမဲ့ တည်းခိုခန်းက မီးရောင်တွေက မှိန်လွန်းလို့ ကျွန်မ သေချာ မမြင်ရဘူး၊ မှားတာလည်း ဖြစ်နိုင်ပါတယ်... လင်းပုချီ က ဘာလို့ ခရီးသွားကုန်သည် ဖြစ်နေရမှာလဲ..."
သို့သော်...
ကူချူတုန်း စဉ်းစားနေစဉ်မှာပင် လင်းပုချီနှင့် တူသော ကုန်သည်က ကူမော့နှင့် ကူချူတုန်းတို့ကို မြင်သွားပြီး အခြား ကုန်သည်များကို ပြောလိုက်သည်။ "ညီအစ်ကိုတို့... ငါ အရင်က အလုပ်အတူတူ လုပ်ဖူးတဲ့ အသိတစ်ယောက်ကို ဒီမှာ တွေ့လိုက်တယ်... သွားပြီး နှုတ်ဆက်လိုက်ဦးမယ်..."
ထို့နောက် ထိုလူက ကူမော့နှင့် ကူချူတုန်းတို့ထံသို့ လျှောက်လာလေသည်။
ထိုလူ နီးကပ်လာသောအခါ...
သူသည် တကယ်ပဲ လင်းပုချီ ဖြစ်နေကြောင်း ကူချူတုန်း အံ့အားသင့်စွာ တွေ့လိုက်ရ၏။ သို့သော် ထိုအချိန်က လင်းပုချီမှာ ဝမ်မိသားစုစံအိမ်တွင် ရှိနေစဉ်က ဘဝင်မြင့်နေသော သူနှင့် လုံးဝ ကွာခြားနေသည်။ သူ၏ အဝတ်အစားနှင့် အသွင်အပြင်မှာ ရုတ်တရက် ချမ်းသာလာသူ တစ်ယောက်ကဲ့သို့ အလွန် အရသာမဲ့လှသည်။
ကူချူတုန်းမှာ လင်းပုချီ အပေါ် အမြင်မကြည်ပေ။ မည်သို့ပင်ဆိုစေ ထိုလူက လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်မိသားစုစံအိမ်တွင် ကူမော့ကို ရန်စပြီး ဘဝင်မြင့်သော စကားများ ပြောခဲ့ကာ ကူမော့ကို နင်းပြီး နာမည်ကြီးအောင် လုပ်ရန် ကြိုးစားခဲ့သူ ဖြစ်သည်။
"ဟွန့်..." ကူချူတုန်းက အေးစက်စက် နှာမှုတ်လိုက်၏။
လင်းပုချီက ရုတ်တရက် ဝင်ပြောလိုက်သည်။
"အို... ညီမလေးနဲ့ ပြန်ဆုံရတာ ဝမ်းသာပါတယ်... ငါ ပြန်ရောက်ရင် မင်းအဖေဆီ သွားလည်မလို့ စဉ်းစားနေတာ..."
သူက အကြောင်းပြချက်မရှိ ဝင်ပြောလိုက်ပြီးနောက် ပြုံးကာ ဝင်ထိုင်လိုက်၏။ ကူချူတုန်းက သူ့ကို တစ်ခုခု မေးရန် ပြင်လိုက်စဉ် လင်းပုချီက ရုတ်တရက် တီးတိုး ပြောလိုက်သည်။ "လက်ဖက်ရည် သောက်ပြီးပြီလား... လက်ဖက်ရည်က အဆိပ်ခတ်ထားတာ... ဒါ ဓားပြတည်းခိုခန်းပဲ..."
***