ရှုကျင်းမင်ကတော့ ရှောင်နန်၏ အတွေးများကို မသိရှာပေ။ ယခုအချိန်တွင် သူက မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်လျက် အနားယူနေပြီး ဤအချိန်ကို ကျင့်ကြံရန်အတွက် အသုံးမပြုခဲ့ပေ။ အစွန်းရောက် စွမ်းရည် ကျင့်စဉ်က မဂျစ်စီးတီး တက္ကသိုလ်၏ ထိပ်တန်း စွမ်းရည်ကျင့်စဉ် ဖြစ်သည်။ အကယ်၍ သူသာ ထိုကျင့်စဉ်ကို ကျင့်ကြံလိုက်ပါက သူ၏ ဇာစ်မြစ်ကို အခြားသူများ ရိပ်မိသွားမည်ကို စိုးရိမ်နေခဲ့သည်။
စမတ်လက်ပတ်ကိုလည်း ပိတ်ထားလိုက်သည်။ အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီး တစ်ယောက်၏ အကြားအာရုံက အလွန်ထက်မြက်လှရာ အီဗာ၏ အသံကို ကြားသွားပါက ပြဿနာတက်နိုင်ပေသည်။ ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ရှေ့ဆုံးရှိ လူတန်းကြီးထံမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာသည်။
"ဝင်ခွင့်လက်မှတ်က အလုပ်လုပ်နေပြီဟေ့"
"ရောက်လာပြီ... နောက်ဆုံးတော့ ရောက်လာပြီပဲ"
"ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီး ဖွင့်တော့မယ်ကွ... ငါတော့ ပစ္စည်းကောင်းလေးတွေ ရပါစေလို့ပဲ ဆုတောင်းရမယ်"
ပတ်ဝန်းကျင်မှ အာမေဍိတ်သံများကို ကြားလိုက်ရချိန်တွင် ရှုကျင်းမင်က သူ၏ ဟင်းလင်းပြင် လက်စွပ်ထဲမှ ဝင်ခွင့်လက်မှတ်ကို အမြန် ထုတ်ယူလိုက်သည်။ မူလက အမည်းရောင်သက်သက်သာ ရှိနေသော ဝင်ခွင့်လက်မှတ်က ယခုအခါ မှိန်ပျပျ အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသည်။ နောက်တစ်ခဏတွင် မြေပြင်မှ မီတာဆယ်ကျော်အမြင့် ကောင်းကင်ယံ၌ အမြင့် မီတာနှစ်ဆယ်ကျော်နှင့် အကျယ် ခုနစ်မီတာ၊ ရှစ်မီတာခန့်ရှိသော ဟင်းလင်းပြင် တံခါးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် လေးလံလှသော ဟင်းလင်းပြင် တံခါးကြီးက ဘေးတစ်ဖက်တစ်ချက်ဆီသို့ ဖြည်းညင်းစွာ ပွင့်ဟသွားသည်။ တံခါးပေါက်တစ်ခုလုံးက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရပြီး ထိုမှ ထွက်ပေါ်လာသော တောက်ပလင်းထိန်နေသည့် အလင်းရောင်က နေဝင်ရီတရော မှုန်ဝါးဝါး ပတ်ဝန်းကျင်ကိုပင် မျက်စိကျိန်းလောက်အောင် လင်းလက်သွားစေသည်။ လှမ်းကြည့်လိုက်လျှင် တံခါးပေါက်တစ်ခုလုံးက အလင်းတန်းကြီးဖြစ်နေပြီး ၎င်း၏နောက်ကွယ်ရှိ အခြားသော အမည်မသိ ကမ္ဘာတစ်ခုနှင့် ဆက်သွယ်ထားသည့်အလား ပုံပေါ်နေသည်။
"ယဉ်ကျေးမှု အပျက်အစီးတွေ ပွင့်သွားပြီဟေ့... ငါ သွားပြီ"
တံခါးပေါက်နှင့် အနီးဆုံးရှိနေသော စွမ်းရည်ပိုင်ရှင်များက ဦးစွာ လှုပ်ရှားလိုက်ကြပြီး အတွင်းသို့ ပြေးဝင်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။
"အပျက်အစီး ဖွင့်သွားပြီ... အတွင်းပိုင်းကိစ္စကို နတ်ဘုရားမရင်း နဲ့ မာ့ခ်၊ မင်းတို့နှစ်ယောက်ကိုပဲ လွှဲပေးလိုက်တော့မယ်... မနေ့က ငါပြောထားတဲ့ တာဝန်ကို မမေ့ကြနဲ့ဦး"
ဟိုရီအိက ဆာကူရာဂီ ရင်း နှင့် မာ့ခ်တို့အား လေးနက်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။
"နားလည်ပါပြီ"
ဆာကူရာဂီ ရင်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီးနောက် "ထျန်းယွီ သိုင်းသင်တန်းကျောင်းက လူတွေအားလုံး ထွက်ခွာကြစို့" ဟု အော်ပြောလိုက်သည်။
ထို့နောက် သူမက စွမ်းရည်ပိုင်ရှင် ရာကျော်ခန့်ကို ဦးဆောင်ကာ တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားလေသည်။ မိစ္ဆာတပ်မတော်၊ မိုးကြိုးသိုင်းသင်တန်းကျောင်း၊ ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်း အပါအဝင် နိုင်ငံအသီးသီးမှ အင်အားစုများသည်လည်း စတင် လှုပ်ရှားလာကြသည်။
"ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးတွေ၊ ရှေးဟောင်း ရတနာတွေဆိုတာကို ငါ သိပ်စိတ်မဝင်စားပါဘူးလေ"
သူ မျှော်လင့်ထားသည်က အတွင်းထဲ၌ သားရဲများ ပို၍များများ ရှိနေစေရန်သာ မတ်တတ်ရပ်လိုက်ချိန်တွင် ရှုကျင်းမင်၏ မျက်နှာထက်၌ မျှော်လင့်တကြီး စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။ သူက ခြေကိုစုံကန်ကာ စတင် ပြေးထွက်လိုက်သည်။ ခုန်ပျံလိုက်သောအခါ သူ၏ ခန္ဓာကိုယ်က အလင်းတံခါးပေါက်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ကွင်းပြင်ကျယ်ကြီးထဲ၌ မည်သည့် စွမ်းရည်ပိုင်ရှင်မှ ကျန်ရစ်မနေတော့ပေ။ ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ် နှင့်အတူ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းစဉ်က ခံစားခဲ့ရသည့် မူးဝေမှုမျိုးကို ခေတ္တမျှ ခံစားလိုက်ရပြီးနောက် ရှုကျင်းမင်၏ ဘွတ်ဖိနပ်က မြေပြင်နှင့် ထိတွေ့သွားသောအခါ သူက ဟန်ချက်ကို အလျင်အမြန် ပြန်ထိန်းလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
မြေပြင်က မာကျောသော ရွှံ့နွံမြေဖြစ်ပြီး ရှေ့တည့်တည့်တွင် အဆုံးအစမရှိသော သစ်တောစိမ်းကြီး ရှိနေသည်။ အထက်သို့ မော့ကြည့်လိုက်သော် ကောင်းကင်ယံ၌ နေမင်းကြီးကို မတွေ့ရဘဲ အလင်းရောင် အရင်းအမြစ်ဟူ၍ လုံးဝမရှိသော အဖြူရောင် လဟာပြင်ကြီးကိုသာ တွေ့ရသည်။ လေထဲတွင် ဝဲပျံနေသော ငှက်အချို့နှင့် သားရဲအချို့သာ ရှိနေသည်။
"ဒါက စတုရန်းကီလိုမီတာ ၃၀၀၀၀ ကျယ်ဝန်းတယ်ဆိုတဲ့ အပျက်အစီး လျှို့ဝှက်နယ်မြေလား"
ရှုကျင်းမင်၏ ဤနေရာအပေါ် ပထမဆုံး အမြင်ကတော့ သာမန် တောနက်ဇုန် တစ်ခုနှင့် သိပ်မကွာခြားလှဟူ၍ပင်။ အဆိုးဆုံးကတော့ နေမရှိခြင်းသာ ဖြစ်မည်။ သို့သော် အရာအားလုံးက ရှင်းလင်းစွာ မြင်နေရဆဲဖြစ်၍ ထိုအချက်က သိပ်ပြီး ကြီးကြီးမားမား သက်ရောက်မှု ရှိမည် မဟုတ်ပေ။ သူ့ပတ်ဝန်းကျင်ရှိ အခြားအင်အားစုများမှ လူများသည်လည်း သူလိုပင် ပတ်ဝန်းကျင်ကို အကဲခတ်နေကြဆဲဖြစ်ပြီး မည်သည့် ထပ်မံလှုပ်ရှားမှုမျှ မလုပ်ကြသေးပေ။
သို့သော် ထိုအချိန်တွင် ဧရာမ အလင်းလုံးကြီးတစ်ခုက အဝေးမှနေ၍ ရုတ်တရက် မြင့်တက်လာကာ လူတိုင်း မြင်တွေ့နိုင်သည့် ကောင်းကင်ယံဆီသို့ ရောက်ရှိလာသည်။ ချက်ချင်းဆိုသလိုပင် ရှေးကျပြီး သာယာငြိမ့်ညောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ရှေးဟောင်း ဘာသာစကားလား"
ရှုကျင်းမင်က စမတ်လက်ပတ်ကို အမြန် ဖွင့်လိုက်သည်။ "အီဗာ... အဲဒီစကားတွေကို ဘာသာပြန်ပေးစမ်း"
အီဗာ၏ တစ်ပြိုင်နက်တည်း ဘာသာပြန်ပေးမှုကြောင့် ရှုကျင်းမင် တစ်ယောက် ထိုအလင်းလုံးကြီး ဘာပြောနေသလဲ ဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
"ကျွန်ုပ်က အမှတ် ၉ အခြေစိုက်စခန်းကို ထိန်းချုပ်ထားသော Ai ဖြစ်သည်။ စစ်သည်တော်များ အားလုံးကို အကြိမ်ရေ ၃၀၂၁ ကြိမ်မြောက် အကဲဖြတ်မှုနှင့် စမ်းသပ်မှုမှ ကြိုဆိုပါသည်..."
"ဤစမ်းသပ်မှုက နှစ်လကြာမြင့်မည်ဖြစ်ပြီး စမ်းသပ်မှုဧရိယာ တစ်ခွင်တွင် ရှိနေသော အကဲဖြတ် ခရစ္စတယ်များကို တတ်နိုင်သမျှ အများဆုံး ရှာဖွေရမည်။ သင်တို့ ရှာဖွေရရှိသော အကဲဖြတ် ခရစ္စတယ် အရေအတွက်နှင့် သင်တို့၏ ပါရမီ၊ အရည်အချင်းများက အဓိက အခြေစိုက်စခန်းတွင် သင်တို့ နောက်ဆုံး ရရှိမည့် ဆုလာဘ်ပမာဏကို အဆုံးအဖြတ် ပေးလိမ့်မည်"
"စစ်သည်တော်တို့... ရှေ့ဆက် ကြိုးစားကြပါ"
ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် အလင်းလုံးကြီး တစ်ခုလုံး ပေါက်ကွဲကာ ပျောက်ကွယ်သွားလေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ပြင် တစ်ခုလုံး၌ ဧရာမ အချိန်မှတ် နာရီတစ်ခုကို ရှေးဟောင်း စာလုံးများဖြင့် ရေးသားဖော်ပြလာသည်။ ကျန်ရှိသော အကဲဖြတ်ချိန် - ၅၉ ရက်၊ ၂၃ နာရီ၊ ၅၉ မိနစ်။
"စစ်သည်တော်တွေ... အကဲဖြတ်မှု... ဒါကြောင့်လည်း အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးက ရှေးဟောင်းယဉ်ကျေးမှု တစ်ခုရဲ့ လေ့ကျင့်ရေးစခန်း ဖြစ်နိုင်တယ်လို့ အီဗာရဲ့ ဒေတာတွေက ပြနေတာကိုး..."
ရှုကျင်းမင်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးနောက် ထပ်မံ အချိန်ဆွဲမနေတော့ဘဲ သစ်တောထဲသို့ ပြေးဝင်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ လေ့ကျင့်ရေးစခန်း ဖြစ်ဖြစ် ဘာဖြစ်ဖြစ် သူ့အတွက် အရေးမကြီးပေ။ အဓိကက သားရဲများ လုံလုံလောက်လောက် ရှိနေဖို့သာ ဖြစ်သည်။ ယခုလေးတင်ပင် ထိုသစ်တောထဲမှ သားရဲများ၏ ကြမ်းတမ်းသော ဟိန်းဟောက်သံများကို သူ ကြားလိုက်ရပြီ မဟုတ်ပါလော။
သူကဲ့သို့ပင် တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင် အများအပြားသည်လည်း သစ်တောထဲသို့ ဝင်ရောက်သွားကြသည်။
"ဒီလို တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင်တွေက ခုလိုမျိုး ဇွတ်ဝင်သွားမယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာ သူတို့ရဲ့ အလောင်းကိုတောင် ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး"
"အဆင့် ၅ နဲ့ အဆင့် ၆ တွေကတော့ အသက်ရှင်နိုင်ဦးမယ်။ ဒါပေမဲ့ အဆင့် ၄ တွေကတော့ သေချာပေါက် သေရဖို့ပဲ ရှိတယ်"
"စုချန်း အတွက်တော့ နှမြောစရာပါပဲ... သူ့စွမ်းရည်က အဝေးကြီးကနေ ထုတ်သုံးလို့ရတယ်... သူက စွမ်းအင်ပညာရှင် ဖြစ်ဖို့ မွေးဖွားလာတာ"
"အဝေးကနေ ပစ်ခတ်နိုင်တဲ့ စွမ်းရည် ရှိနေလို့ရော ဘာအသုံးကျမှာလဲ"
ဝိညာဉ်သန့်စင်ရေး တိုက်ခိုက်ရေးနည်းစနစ်များကို ကျင့်ကြံခြင်းကပင် စွမ်းရည်ပိုင်ရှင် အများအပြားကို ပြိုင်ပွဲမှ ဖယ်ရှားပစ်လိမ့်မည်။ အများစုက ထိုနည်းစနစ်များကို ရိုးရှင်းစွာပင် နားမလည်နိုင်ကြပေ။ မိုးကြိုးသိုင်းသင်တန်းကျောင်းမှ လူများက ထိုကိစ္စကို ဆွေးနွေးနေကြစဉ် အချို့က ရှုကျင်းမင်အတွက် နှမြောတသ ဖြစ်နေကြသော်လည်း အချို့ကတော့ ထူးဆန်းသော ကိစ္စမဟုတ်ဟုသာ ယူဆထားကြသည်။
တစ်ချိန်တည်းမှာပင် နီလာပြာရောင် မျက်ဝန်းပိုင်ရှင် ရှာလန်က ရှုကျင်းမင် ထွက်ခွာသွားသော အရပ်ဆီသို့ သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ Aအဆင့် ဟင်းလင်းပြင် စွမ်းရည်ပိုင်ရှင် တစ်ယောက်အနေဖြင့် သူမက ဟင်းလင်းပြင် လှိုင်းဂယက် အတက်အကျများကို အလွန်အမင်း အကဲဆတ်စွာ ခံစားသိရှိနိုင်စွမ်း ရှိသည်။ ယခုလေးတင် ရှုကျင်းမင် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားချိန်တွင် သူ့ထံမှ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုကို ခံစားလိုက်ရသကဲ့သို့ သူမ ထင်မှတ်နေခဲ့သည်။
ထိုအရာက အလွန်အဆင့်မြင့်မားသော ဟင်းလင်းပြင် စွမ်းရည်ပိုင်ရှင် တစ်ယောက်ထံမှ ထွက်ပေါ်လာသကဲ့သို့ပင်။ သို့သော် ထိုခံစားချက်က ဖြတ်ခနဲသာ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သူမ အထင်မှားသွားခြင်း ဟုတ်မဟုတ်ကိုပင် သေချာ မသိတော့ပေ။
"ကဲ တော်ကြတော့... အဖွဲ့တွေ စခွဲရအောင်"
မိုးကြိုးသိုင်းသင်တန်းကျောင်းမှ နည်းပြများက လက်ခုပ်တီးကာ အော်ပြောလိုက်ကြသည်။ ဤနေရာ၏ အဓိကရည်ရွယ်ချက်က အကဲဖြတ် ခရစ္စတယ်များကို ရှာဖွေရန်ဖြစ်ရာ သဘာဝကျကျပင် အဖွဲ့ခွဲ၍ လှုပ်ရှားခြင်းက ပိုမို ထိရောက်မှု ရှိမည်ဖြစ်သည်။ မိုးကြိုးသိုင်းသင်တန်းကျောင်းတွင် အဝေးပစ် စွမ်းအင်ဓာတ်ရှင် အများအပြား ရှိပြီး ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းတွင်တော့ ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော စွမ်းရည်ပိုင်ရှင်များ ပိုများသည်။
ထို့ကြောင့် ဤနေရာသို့ မရောက်လာမီကတည်းက နှစ်ဖက်ကျောင်းများမှ ကျောင်းသားများကို ရောနှောကာ အဖွဲ့ဖွဲ့ရန် သဘောတူညီထားပြီး ဖြစ်ရာ ဤသည်က အမျှတဆုံး ချဉ်းကပ်မှုပင် ဖြစ်သည်။ ရလဒ်အနေဖြင့် သိုင်းသင်တန်းကျောင်း နှစ်ခုက အဖွဲ့လေးဖွဲ့ကို အလျင်အမြန် ဖွဲ့စည်းလိုက်ကြသည်။ အဖွဲ့တစ်ဖွဲ့စီတွင် အဆင့် ၆ နည်းပြ နှစ်ယောက်နှင့် ကျောင်းသား သုံးယောက် ပါဝင်သည်။
ထိုအထဲတွင် လင်းဟွေ၊ လော့ဟန် နှင့် ရှာလန် တို့ ပါဝင်သော အဖွဲ့က သေချာပေါက် အင်အားအကောင်းဆုံး ဖြစ်သည်။ အမှန်ပင် ဤသည်က သိုင်းသင်တန်းကျောင်း နှစ်ခုစလုံးမှ အထူးတလည် စီစဉ်ထားသော ကိစ္စဖြစ်သည်။ သူတို့က ပါရမီအရှိဆုံးနှင့် အလားအလာ အကောင်းဆုံး သူများဖြစ်ရာ အပြည့်စုံဆုံး စောင့်ရှောက်မှုကို ခံစားခွင့်ရှိကြပေသည်။
"သခင်မလေး ရှာလန်... မကြာခင်မှာ ကျွန်တော်တို့ ပခုံးယှဉ်ပြီး တိုက်ပွဲဝင်ရတော့မယ်"
လော့ဟန် က ရှာလန်၏ ရှေ့သို့ ကြော့ရှင်းသော ခြေလှမ်းများဖြင့် ရောက်ရှိလာသည်။ သို့သော် သူ၏ ဝက်ဝံတစ်ကောင်ကဲ့သို့ တောင့်တင်းသော ခန္ဓာကိုယ်ကြီးနှင့်ဆိုလျှင် ထိုခြေလှမ်းများက အနည်းငယ်တော့ ကိုက်ညီမှု မရှိလှပေ။ အမှန်ပင် သူကိုယ်တိုင်ကတော့ ထိုအချက်ကို ဂရုစိုက်ပုံ မရပေ။ လော့ဟန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က အဖွဲ့နှစ်ဖွဲ့ တွေ့ဆုံချိန်ကတည်းက ဤလှပသော မိန်းမပျိုလေးကို သတိထားမိခဲ့သည်။
စကားပုံတစ်ခု ရှိသည်မဟုတ်လော... "အချောအလှ မိန်းမပျိုလေးများက လူကြီးလူကောင်းတို့၏ မေတ္တာထားရာ အရာများ ဖြစ်သည်" တဲ့။
ယခုကဲ့သို့ အခွင့်အရေး ရလာချိန်တွင် သူကတော့ သဘာဝကျကျပင် မိမိကိုယ်ကိုယ် အစွမ်းကုန် ပြသရန် ကြိုးပမ်းတော့မည် ဖြစ်သည်။
"မင်္ဂလာပါ"
အရပ်ရှည်ရှည်နှင့် သွယ်လျသော ကိုယ်ခန္ဓာပိုင်ရှင် ရှာလန်က လော့ဟန်ကို သိပ်သဘောကျပုံ မပေါ်ဘဲ ယဉ်ကျေးရုံသာ ပြန်လည် နှုတ်ဆက်လိုက်သည်။ အဓိက သိုင်းသင်တန်းကျောင်းကြီး နှစ်ခုအပြင် ယဉ်ကျေးမှု အပျက်အစီး စမ်းသပ်မှု၏ စည်းမျဉ်းများကို သိရှိထားပြီးဖြစ်သော အခြားအင်အားစုများသည်လည်း အဖွဲ့များ စတင် ခွဲဝေနေကြသည်။
အဖွဲ့တိုင်းလိုလိုကို အဆင့် ၆ စွမ်းရည်ပိုင်ရှင် တစ်ယောက်က ဦးဆောင်ထားသည်။ ထျန်းယွီ သိုင်းသင်တန်းကျောင်း၌ပင် ဆာကူရာဂီ ရင်း ၏ အဖွဲ့ဝင် လေးယောက်စလုံးက သူမကို မပါဘဲနှင့်ပင် အားလုံး အဆင့် ၆ စွမ်းရည်ပိုင်ရှင်များ ဖြစ်နေကြပေသည်။ အဖွဲ့များ ခွဲဝေပြီးနောက် အင်အားစု အသီးသီးက သစ်တောဧရိယာ အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်ရောက်သွားကြတော့သည်။
"အီဗာ... မင်းဆီမှာ ဒီရှေးဟောင်း အပျက်အစီးတွေရဲ့ မြေပုံ ရှိလား"
ရှုကျင်းမင်က မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် သစ်တောထဲတွင် ပြေးလွှားနေရင်း သူ၏ နားကြပ်မှတစ်ဆင့် အီဗာနှင့် ဆက်သွယ်လိုက်သည်။
"ရှိပါတယ်"
စတုဂံပုံစံ မြေပုံတစ်ခုက စမတ်လက်ပတ်၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ နေရာတစ်ခုလုံးက စတုရန်းကီလိုမီတာ ၃၀၀၀၀ ကျယ်ဝန်းပြီး အလျားက ကီလိုမီတာ ၃၀၀ ခန့်နှင့် အနံက ကီလိုမီတာ ၁၀၀ ခန့် ရှိသည်။ ယခုအချိန်တွင် ရှုကျင်းမင် ကို ကိုယ်စားပြုသော အစိမ်းရောင် အစက်လေးက စတုဂံပုံ၏ အစမှတ်တွင် ရှိနေပြီး ၎င်း၏ပတ်လည်၌ တောက်ပသော အနီရောင် အစက်လေးများလည်း ဝန်းရံနေသည်။
"ဒီအနီရောင် အစက်လေးတွေက ဘာတွေလဲ..." ရှုကျင်းမင်က အနည်းငယ် နားမလည်ဟန်ဖြင့် မေးလိုက်သည်။
"စမတ်လက်ပတ်မှာ မီတာ ၁၀၀၀ ပတ်လည်အတွင်းက သက်ရှိတွေကို ထောက်လှမ်းနိုင်တဲ့ စနစ် ပါဝင်ပါတယ်... ဒီအနီရောင် အစက်လေး တစ်ခုစီတိုင်းက သားရဲတစ်ကောင်စီကို ကိုယ်စားပြုတာပါ" ဟု အီဗာက ရယ်မောလျက် ဖြေသည်။
"အိုး..."
ရှုကျင်းမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ အီဗာတွင် ဤကဲ့သို့ လုပ်ဆောင်ချက် ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့နောက် သူက ပြောလိုက်သည်။
"အီဗာ... ငါ့အတွက် ဆဋ္ဌမအဆင့်နိမ့် သတိပေးချက် လိုင်းတစ်ခု ဖန်တီးပေးထား… အကယ်လို့ အဲဒီအဆင့်ရှိတဲ့ သားရဲတစ်ကောင်ကောင် ငါ့အနီးနားကို ရောက်လာရင် ချက်ချင်း သတိပေးပါ"
မိုးကြိုးအထွတ်အထိပ် အခြေအနေသို့ ဝင်ရောက်ပြီးနောက် သူ၏ စွမ်းအားက အဆင့် ၅ အထွတ်အထိပ် ဝန်းကျင်တွင် ရှိနေသော်လည်း အဆင့် ၆ သားရဲ တစ်ကောင်ကိုတော့ သူ မအနိုင်ယူနိုင်သေးပေ။ အကယ်၍ တွေ့ဆုံခဲ့လျှင်ပင် ထွက်ပြေးရုံသာ တတ်နိုင်မည်ဖြစ်ရာ ကြိုတင် ရှောင်ရှားခြင်းက ပိုကောင်းပေသည်။
"အီဗာ နားလည်ပါပြီ ပြီးတော့ Sအဆင့် ကို သတိပေးစရာ တစ်ခု ရှိပါသေးတယ်..."
"တခြား စွမ်းရည်ပိုင်ရှင်တွေဆီမှာလည်း ထောက်လှမ်းမှုကို ပိတ်ဆို့နိုင်တဲ့ ကိရိယာတွေ ရှိကောင်း ရှိနေနိုင်ပါတယ်... ဒါကြောင့် သူတို့တွေ အနီးနား ရောက်လာရင်တောင် ကျွန်မ ထောက်လှမ်းလို့ မရနိုင်တာမျိုး ဖြစ်နိုင်ပါတယ်" ဟု အီဗာက သတိပေးလိုက်သည်။
"ကိစ္စမရှိပါဘူး" ရှုကျင်းမင်က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
သူက ဆဋ္ဌမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင် တစ်ယောက်ကို အနိုင်မယူနိုင်သော်လည်း လွတ်အောင်တော့ ထွက်ပြေးနိုင်စွမ်း ရှိသေးသည်။
"အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ အသတ်အဖြတ်ကို စတင်လိုက်ကြရအောင်"
ရှုကျင်းမင်က ကျယ်လောင်စွာ ပြုံးလိုက်သည်။ သူ၏ ဟင်းလင်းပြင်လက်စွပ်က ဖြတ်ခနဲ လင်းလက်သွားပြီးနောက် ပြုပြင်မွမ်းမံထားသော အနက်ရောင် လေလွင့်တိမ်တိုက် ရွှေရောင်လှံ ကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ မှိန်ပျပျ အနီရောင်ရွှေရောင် မိုးကြိုးအစစ်က ရစ်ပတ်သွားပြီးနောက် အီဗာ ရှာဖွေတွေ့ရှိထားသော သားရဲအများဆုံးရှိရာ နေရာဆီသို့ ပြေးထွက်သွားတော့သည်။
သာမန် စွမ်းရည်ပိုင်ရှင်များအတွက် ဤနေရာက သားရဲများအတွက် နိဗ္ဗာန်ဘုံဖြစ်ပြီး စွမ်းရည်ပိုင်ရှင်များအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ပေမည်။ သို့သော် သူ့အတွက်ကတော့ ဤနေရာက သေချာပေါက် အလှပဆုံးသော နိဗ္ဗာန်ဘုံတစ်ခုပင် ဖြစ်လေသည်။ သူကတော့ နှစ်လအတွင်း စွမ်းရည်အမှတ်များ မည်မျှအထိ ရရှိလာမည်ဆိုသည်ကို ပြင်းပြသော ဆန္ဒများဖြင့် မျှော်လင့်စောင့်စားနေခဲ့ပြီ ဖြစ်သည်။
***