"ရှင်နီဂါမီ... ရေခဲနှင်း ဝိညာဉ်"
"ရှင်နီဂါမီ... ကာမာအီတာချိ"
"ရှင်နီဂါမီ... မျက်လုံးတစ်ရာ မိစ္ဆာ"
ဆာကူရာပန်းလေးများ ကြွေကျသံကဲ့သို့ ကြည်လင်ချိုသာသော ဆာကူရာဂီ ရင်း၏ အသံလေးက အဝေးမှ လွင့်ပျံလာသည်။ ထိုအခါမှသာ တစ်ဖက်လူက တိုက်ပွဲကို စောင့်ကြည့်နေရုံသက်သက် မဟုတ်ဘဲ တိုက်ပွဲတွင် ပါဝင်နေကြောင်း ရှုကျင်းမင် သဘောပေါက်သွားတော့သည်။ သို့သော် သာမန် စွမ်းရည်ပိုင်ရှင်များနှင့် မတူဘဲ သူမက ရှင်နီဂါမီများကို ဆင့်ခေါ်ရန်သာ လိုအပ်ပေသည်။
သူမ ဆင့်ခေါ်လိုက်သော ရှင်နီဂါမီများထဲတွင် ကျောချမ်းဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ညှို့ယူဖမ်းစားနိုင်သော အမျိုးသမီး တစ်ဦးနှင့် တံစဉ်ကို ကိုင်ဆောင်ထားသော တစ္ဆေတစ်ကောင်အလား လူပုံစံ သတ္တဝါတစ်ကောင်တို့ ပါဝင်သည်။ ထို့အပြင် ခန္ဓာကိုယ်တစ်ခုလုံးတွင် မျက်လုံးများစွာ ပါရှိပြီး ကြောက်မက်ဖွယ်ကောင်းသော ရုပ်ဆင်းသဏ္ဌာန်ရှိသည့် မိစ္ဆာကောင်များလည်း ရှိနေသေးသည်။
ဤရှင်နီဂါမီများက အမျိုးအစား စုံလင်လှပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အကောင်ရေ ဒါဇင်ကျော်ခန့် ရှိမည်ဖြစ်သည်။
"ဒါက Sအဆင့် ရှင်နီဂါမီ နိုးထခြင်း စွမ်းရည်လား" ရှုကျင်းမင်က သိချင်စိတ်ဖြင့် ရေရွတ်လိုက်သည်။
ဆာကူရာဂီ ရင်းက ပဉ္စမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင် တစ်ယောက်ဖြစ်သော်လည်း သူမ ဆင့်ခေါ်ထားသော ရှင်နီဂါမီများ၏ အရှိန်အဝါက ပဉ္စမအဆင့်လတ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ပဉ္စမအဆင့်မြင့်သို့ ရောက်ရှိနေသော အကောင်ပင် ပါဝင်နေသေးသည်။
သူ့အတွက် ပို၍ ထူးဆန်းနေသည်က ထိုရှင်နီဂါမီများသည် မတူညီသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြပုံ ရခြင်းပင်။ ဥပမာအားဖြင့် ရေခဲနှင်းဝိညာဉ်က ရေခဲဓာတ်စွမ်းရည်များကို ပိုင်ဆိုင်ထားပုံရသည်။ ကာမာအီတာချိကတော့ လေဓာတ်စွမ်းရည်များကို ပိုင်ဆိုင်ထားသော အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်ပိုင်ရှင် တစ်ယောက်နှင့် တူပေသည်။ ရှင်နီဂါမီများအားလုံးကို ပေါင်းစပ်လိုက်လျှင်ပင် ဟန်ချက်ညီသော စွမ်းရည်ပိုင်ရှင် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းနိုင်ပေသည်။
"ဒီလိုသာ နောက်ပိုင်း အဆင့်တွေအထိ တိုးတက်လာမယ်ဆိုရင် လူတစ်ယောက်တည်းနဲ့တင် တပ်မတော် တစ်ခုစာလောက် အင်အားရှိနေမှာပဲ" ရှုကျင်းမင်က အံ့သြတကြီး တွေးလိုက်မိသည်။
ဆင့်ခေါ်ခြင်း အမျိုးအစား စွမ်းရည်ပိုင်ရှင် တစ်ယောက်၏ ကြောက်မက်ဖွယ်စွမ်းအားကို သူ မျက်ဝါးထင်ထင် တွေ့မြင်ရခြင်းက ဤသည်မှာ ပထမဆုံးအကြိမ်ပင်။ သေချာပေါက် ဤအရာက ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော စွမ်းရည်ပိုင်ရှင်များအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပေသည်။ သို့သော် လျှပ်စီးဓာတ် စွမ်းရည်ပိုင်ရှင် တစ်ယောက်ဖြစ်သော သူ့အတွက်ကတော့ လူအင်အားသုံး တိုက်ခိုက်သည့် နည်းဗျူဟာမျိုးက သိပ်ပြီးထိရောက်မှုမရှိလှပေ။
လျှပ်စီးဓာတ် စွမ်းရည်များ၏ ပေါက်ကွဲအားတစ်ချက်က အရာအားလုံးကို ပြာကျသွားစေနိုင်သည် မဟုတ်လော။ ဆာကူရာဂီ ရင်း၏ Sအဆင့် စွမ်းရည်ကို အနည်းငယ် သိချင်စိတ်ဖြင့် တစ်ချက် ဝေ့ကြည့်ပြီးနောက် ရှုကျင်းမင်က အကြည့်လွှဲကာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
"အရမ်း ကောင်းတာပဲ... သူက ပဉ္စမအဆင့်နိမ့်လေးပဲ ရှိသေးတာကို"
"သာမန် ပဉ္စမအဆင့်အထွတ်အထိပ် Aအဆင့် စွမ်းရည်ပိုင်ရှင် တစ်ယောက်ရဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတယ်... Sအဆင့် စွမ်းရည်ဆိုတဲ့ နာမည်နဲ့ တကယ်ကိုထိုက်တန်တာပဲ"
တောနက်ထဲတွင် မာ့ခ်၏ မြစိမ်းရောင် မျက်ဝန်းများက ဆာကူရာဂီ ရင်းထံတွင် စူးစိုက်နေပြီး ဖုံးကွယ်မထားနိုင်သော ပြင်းပြသည့် ဆန္ဒများဖြင့် တောက်လောင်နေခဲ့သည်။
“Sအဆင့် ဆင့်ခေါ်ခြင်း စွမ်းရည်... ကြီးမားလှတဲ့ အလားအလာ...”
“အကယ်၍ နဝမအဆင့် သိုင်းသူတော်စင်... မဟုတ်ဘူး အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးအဆင့်ကို ရောက်ရှိသွားရင်တောင်မှ...”
“ဒါက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းတဲ့တပ်မတော် တိုက်ခိုက်ရေးစွမ်းအားတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်...”
“အနာဂတ်မှာ စစ်မျက်နှာပြင်မှာပဲ ဖြစ်ဖြစ်၊ အသစ်ရှာဖွေတွေ့ရှိထားတဲ့ ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီး တွေကို စူးစမ်းရှာဖွေရာမှာပဲ ဖြစ်ဖြစ် ဒါက အရမ်းကိုအသုံးဝင်လာလိမ့်မယ်”
"မာ့ခ်... မင်းရဲ့ အဒေါ် နဲ့ တခြားသူတွေက မဟာနွေရာသီတိုင်းပြည် မှာ ရှုံးနိမ့်ခဲ့ပြီး အဲဒီSSအဆင့်ကောင်ကို ဆွဲဆောင်ဖို့ ကျရှုံးခဲ့တယ်... မင်းကတော့ မကျရှုံးစေနဲ့"
သူ၏ဘေးတွင် အသက်လတ်ပိုင်းအရွယ် လူဖြူကြီးတစ်ယောက်က အင်္ဂလိပ်ဘာသာစကားဖြင့် ပြောလိုက်သည်။ "ဒီအခွင့်အရေးက မင်းအတွက် မင်းအဖေ အရမ်းကို ကြိုးစားပန်းစား ရယူပေးခဲ့ရတာ"
"ဒီအချိန်အတိုင်းအတာ အတွင်းမှာ မင်း သူမကို အပိုင်မသိမ်းနိုင်ဘူးဆိုရင် မိသားစုက မင်းနေရာမှာ တခြားတစ်ယောက်ကို ချက်ချင်း အစားထိုးလိမ့်မယ်"
"နားလည်ပါပြီ" မာ့ခ်က အတော်လေး လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။
ကြီးမားကျယ်ပြန့်လှသော ဝီလျံ မိသားစုကြီးက ကမ္ဘာမြေပြင်တစ်ခုလုံးနီးပါးကို လွှမ်းမိုးထားနိုင်ပြီး မိသားစုအတွင်းတွင်လည်း မတူညီသော အုပ်စုခွဲများအဖြစ် ကွဲပြားနေသည်။ သူတို့၏အုပ်စုက သိပ်ပြီး အင်အားမကြီးလှသော်လည်း အကယ်၍ သူသာ ဆာကူရာဂီ ရင်းကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့မည် ဆိုလျှင် ထိုအခါ သူ့အတွက်သာမက သူ၏အုပ်စုတစ်ခုလုံးကပါ ဝီလျံမိသားစုအတွင်းတွင် ပိုမိုကြီးမားသော ပြောရေးဆိုခွင့် အာဏာကို ရရှိလာလိမ့်မည်။
သို့သော် အပျက်အစီး ထဲသို့ ဝင်ရောက်လာသည်မှာ ရက် ၄၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဆာကူရာဂီ ရင်း၏ သူ့အပေါ် ဆက်ဆံရေးက အရင်ကလိုပင် အေးစက်နေဆဲပင်။ ဤအချိန်တွင် ဆာကူရာနိုင်ငံမှ ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် နှစ်ယောက်နှင့် ဆာကူရာဂီ ရင်းတို့၏ ပေါင်းစပ် တိုက်ခိုက်မှုအောက်တွင် ဆဋ္ဌမအဆင့်နိမ့် ဝက်ဝံကြီးက ခေတ္တမျှ ရုန်းကန်နေပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားကာ အသက်ငွေ့များ ကင်းမဲ့သွားတော့သည်။
"အရမ်း ကောင်းတာပဲ ရင်း... မင်း တကယ်ကို တော်တာပဲ.... ပဉ္စမအဆင့်နိမ့်လေးနဲ့ ဒီလိုစွမ်းအားမျိုး ရှိနေတာဆိုတော့ မင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပဲ"
မာ့ခ်က ဆာကူရာဂီ ရင်းထံသို့ တောက်ပသော အပြုံးဖြင့် လျှောက်သွားရင်း လက်ခုပ်တီးကာ ပြောလိုက်သည်။ ရုပ်ရည်သွင်ပြင်ကိုသာ ကြည့်မည်ဆိုလျှင် ထင်ရှားသော မျက်နှာပေါက်ရှိသည့် မာ့ခ်က အမှန်ပင် ချောမောသော အမျိုးသား တစ်ဦး ဖြစ်ပေသည်။ ထိုသို့ ချောမောသော လူရွယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ဆာကူရာဂီ ရင်းကတော့ ဆာကူရာနိုင်ငံ၏ ဘာသာစကားဖြင့် ရိုးရှင်းစွာပင် ပြန်ဖြေလိုက်သည်။
"ဒါက ကျွန်မရဲ့ နည်းပြတွေ ကျေးဇူးကြောင့်ပါ... ကျွန်မက သိပ်မကူညီနိုင်ခဲ့ပါဘူး"
"ပြီးတော့ မစ္စတာမာ့ခ်... နောက်ဆိုရင် ကျွန်မကို ဆာကူရာဂီလို့ပဲ ခေါ်ပေးပါ"
ထိုစကားကို ကြားလိုက်ရသောအခါ မာ့ခ်၏ တောက်ပသော အပြုံးက ချက်ချင်းပင် အေးခဲသွားတော့သည်။ သို့သော် သူက လက်မလျှော့သေးဘဲ အပြုံးတစ်ခုဖြင့် ထပ်မံ မေးလိုက်ပြန်သည်။
"ဒါနဲ့ မစ္စ ဆာကူရာဂီ... လွန်ခဲ့တဲ့ အချိန်တုန်းက ကျွန်တော် ကမ်းလှမ်းခဲ့တဲ့ လက်ထပ်ဖို့ကိစ္စကို ဘယ်လိုသဘောရလဲ"
"ခင်ဗျား ဒါကို သေချာ စဉ်းစားသင့်တယ်... အမေရိကန် ပြည်ထောင်စုမှာ ကျွန်တော်တို့ ဝီလျံမိသားစုက သေချာပေါက် အင်အားအကြီးဆုံး အဖွဲ့အစည်းပဲ"
"အကယ်လို့ ကျွန်တော်တို့သာ လက်ထပ်ပြီး မဟာမိတ်ဖွဲ့လိုက်မယ်ဆိုရင် ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပေါင်းစပ်အင်အားက ဘယ်လိုအခက်အခဲမျိုးကိုမဆို သေချာပေါက် ကျော်လွှားနိုင်လိမ့်မယ်"
မာ့ခ်က ဆာကူရာဂီ ရင်းကို ကြည့်နေစဉ် သူ၏ မျက်ဝန်းများထဲတွင် ပြင်းပြသောဆန္ဒများ အပြည့်အဝရှိနေခဲ့သည်။ Sအဆင့် စွမ်းရည် မပါလျှင်တောင် ဆာကူရာဂီ ရင်း၏ ခန္ဓာကိုယ် ကောက်ကြောင်းနှင့် ရုပ်ရည်ကို ကြည့်ရုံဖြင့် သူ့အတွက် သေချာပေါက် အရှုံးမရှိနိုင်ပေ။
"လက်ထပ်ဖို့ ကိစ္စကို အပျက်အစီး ထဲကနေ ထွက်သွားမှပဲ ပြန်ဆွေးနွေးကြတာပေါ့"
ဆာကူရာဂီ ရင်း၏ ဖြူဖွေးသော မျက်နှာလေးပေါ်တွင် မည်သည့် ခံစားချက်မှ မပေါ်လွင်နေပေ။ ဝတ်ကျေတမ်းကျေပင်။ သူမ၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော မာ့ခ်က သူ၏ ရင်ထဲမှ အကြောင်းပြချက် မရှိသော ဒေါသတစ်ခု လှိုက်တက်လာသည်ကို ခံစားလိုက်ရသည်။ သူက ဆာကူရာဂီ ရင်းကို နေရာမှာတင် အပိုင်သိမ်းပြီး အဖြစ်မှန်တစ်ခု အဖြစ် ဖန်တီးလိုက်ချင်စိတ်များပင် ပေါ်လာခဲ့သည်။ သို့သော် ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ လူများလည်း ရှိနေသေးရာ သူ ထိုသို့ မလုပ်ရဲပေ။
"နတ်ဘုရားမ... အခုလေးတင် သားရဲ မုဆိုး ပေါ်လာတာကို ကျွန်တော် ခံစားမိလိုက်တယ်။ သူ့နောက်ကို လိုက်ပြီး သုတ်သင်ပစ်လိုက်ရမလား"
ထိုအချိန်တွင် ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ နည်းပြ တစ်ယောက်က ရှေ့သို့ တိုးလာပြီး လေးစားစွာ သတင်းပို့လိုက်သည်။ သူက ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် တစ်ယောက် ဖြစ်သော်လည်း နတ်ဘုရားမ ဖြစ်သော ဆာကူရာဂီ ရင်း၏ ရှေ့တွင် အလွန် နှိမ့်ချသော အပြုအမူမျိုးကို ပြသနေခဲ့သည်။
"သားရဲမုဆိုး ဟုတ်လား... အဲဒါက သားရဲတွေကို လိုက်အမဲတီးဖို့ပဲ စိတ်ဝင်စားနေတဲ့ မဟာနွေရာသီ တိုင်းပြည်က ကောင်လား" ဆာကူရာဂီ ရင်းက အနည်းငယ် အံ့သြသွားဟန်ဖြင့် မေးလိုက်သည်။
ဤအပျက်အစီး လျှို့ဝှက်နယ်မြေက စတုရန်းကီလိုမီတာ ၃၀၀၀၀ ကျယ်ဝန်းသော်လည်း ဤတစ်ကြိမ် ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ ဝင်ရောက်လာသူပေါင်း ရာကျော် ရှိနေသည်။ သို့သော် ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင်များအတွက်တော့ ထိုပမာဏက အလွန်အမင်း ကျယ်ဝန်းလှသည်တော့ မဟုတ်ပေ။
ထို့ကြောင့်ပင် အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်သည့်အားလျော်စွာ သူတို့တွင် အကောင်းဆုံးသော သတင်းအချက်အလက် စုဆောင်းနိုင်စွမ်းရှိနေခြင်း ဖြစ်သည်။ ဤသားရဲမုဆိုးဆိုသည်က သားရဲများကိုသာ အထူးပြု အမဲလိုက်လေ့ရှိသော ထူးဆန်းသည့် လူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့သည့် အချိန်ကတည်းက အခြားအဖွဲ့များ၏ တွေ့ရှိခြင်းကို ခံခဲ့ရသည်။
ထို့အပြင် အခြားအဖွဲ့များထံမှ ရရှိသော သတင်းအချက်အလက်များအရ ဤလူက ပဉ္စမအဆင့်လတ် သားရဲများကို တစ်ကြိမ်မက သတ်ဖြတ်ခဲ့သည်ကို အခြားအဖွဲ့များက တွေ့မြင်ခဲ့ရကြောင်း သိရသည်။ သို့သော် ထိုသားရဲမုဆိုး ကိုယ်တိုင်ကတော့ စတုတ္ထအဆင့်မြင့် အဆင့်တွင်သာ ရှိနေသည်။
"ဟုတ်ပါတယ်... သူပါပဲ"
နည်းပြဖြစ်သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "ကျွန်တော်တို့ စုဆောင်းထားတဲ့ သတင်းတွေအရဆိုရင် မဟာနွေရာသီ တိုင်းပြည်ရဲ့ မိုးကြိုးသိုင်းသင်တန်းကျောင်း နဲ့ ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းတို့က သူ့ကို အပြိုင်အဆိုင် ဆွဲဆောင်ဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်"
"ဒီသားရဲမုဆိုးက ကျွန်မတို့အတွက် ကြီးကြီးမားမား ခြိမ်းခြောက်မှု မရှိနိုင်ပါဘူး... သူ့ကို လျစ်လျူရှုထားလိုက်လို့ ရပါတယ်"
တစ်ခဏမျှ တွေဝေသွားပြီးနောက် ဆာကူရာဂီ ရင်းက ပြန်ဖြေလိုက်သည်။ ဤခရီးစဉ်အတွက် သူမ၏ အကြီးမားဆုံး ရည်မှန်းချက်က နှစ်လကြာ စမ်းသပ်မှုကို ပြီးမြောက်အောင်မြင်ရန်နှင့် အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီး၏ အဓိကအခြေစိုက်စခန်းသို့ သွားရောက်ကာ သူမ၏ ဆုလာဘ်များကို ရယူရန်သာ ဖြစ်သည်။ ထို့အပြင် သူမက နောက်ထပ် ပြဿနာ တစ်စုံတစ်ရာကိုမှ မဖန်တီးချင်တော့ပေ။ သို့သော် မာ့ခ်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"မစ္စ ဆာကူရာဂီ... ဒီလို လုပ်လို့ ဘယ်ဖြစ်မလဲ"
"သူက စတုတ္ထအဆင့်မြင့် အဆင့်နဲ့ကို ပဉ္စမအဆင့်လတ် စွမ်းရည်ပိုင်ရှင် တစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းအား ကို ပြသနိုင်တယ်... သံသယဖြစ်စရာ မလိုဘူး... သူက မဟာနွေရာသီ တိုင်းပြည် ရဲ့ ဂုဏ်ယူရတဲ့ ပါရမီရှင်ပဲ"
"ညွှန်ကြားရေးမှူးချုပ် ဟိုရီအိရဲ့ အမိန့်အရဆိုရင် မဟာနွေရာသီ တိုင်းပြည်ရဲ့ SSအဆင့်က တကယ်တမ်း ဝင်မလာခဲ့ရင်တောင် ကျွန်တော်တို့က သူတို့ရဲ့ ပါရမီရှင်တွေကို တတ်နိုင်သမျှ သတ်ပစ်ရမယ်"
"ဒီလို တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင်မျိုးက ကျွန်တော်တို့ ရှာနေတဲ့ ပစ်မှတ် အတိအကျပဲ မဟုတ်ဘူးလား"
မာ့ခ်၏ မျက်နှာပေါ်တွင် လူသတ်အငွေ့အသက် အချို့ ပေါ်လွင်နေခဲ့သည်။ သူ ဒေါသထွက်နေ၍ ဒေါသထွက်စရာ နေရာရှာနေချိန်တွင် သေချင်နေသော လူတစ်ယောက်နှင့် အမှတ်မထင် တွေ့ဆုံလိုက်ရခြင်းပင်။
"နတ်ဘုရားမ... ဒါက..."
ထိုစကားကို ကြားလိုက်ရသောအခါ ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် နှစ်ယောက်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အနည်းငယ် တုံ့ဆိုင်းသွားကြသည်။ မာ့ခ်က ညွှန်ကြားရေးမှူးချုပ်ကို ကိုးကားပြောဆိုလာသောကြောင့် ဆာကူရာဂီ ရင်း အနည်းငယ် ရွံရှာသွားသော်လည်း အပြင်ပန်းတွင်တော့ သူမ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်ပေသည်။
"ညွှန်ကြားရေးမှူးချုပ်က တကယ်ပဲ ဒီအမိန့်ကို ပေးခဲ့တာဆိုတော့ မစ္စတာမာ့ခ်ရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ဆောင်ကြတာပေါ့"
"ကောင်းပြီ... အဲဒီလိုမှပေါ့" မာ့ခ်က ပြုံးလိုက်ပြီး လက်မထောင်ပြလိုက်သည်။
သို့သော် သူ၏ အကြည့်များက ဆာကူရာဂီ ရင်း၏ ကောက်ကြောင်းလှသော ခန္ဓာကိုယ်ပေါ်သို့ ဖြတ်ပြေးသွားချိန်တွင် သူ၏ မျက်လုံးအောက်ခြေ၌ အေးစက်စက် လှောင်ပြောင်မှု တစ်ခုက ဖြတ်ခနဲ ပေါ်လာခဲ့သည်။
“ဘာနတ်ဘုရားမလဲကွ...”
“စောင့်နေလိုက်စမ်းပါ... နောက်ဆုံးကျရင် မင်းလည်း ငါ့ရဲ့ အောက်မှာ ဖိချခံရပြီး ငါ့ရဲ့ ကြမ်းကြမ်းတမ်းတမ်း ချေမွမှုကို ခံရမယ့် မိန်းမပဲ...”
***