"အီဗာ... ငါ စက်ပိတ်တော့မယ်"
"ဟုတ်ကဲ့ပါ"
ဂူအောင်းဝင်းအတွင်း၌ အတင်းအကျပ် ပိတ်သည့် ခလုတ်ကို နှိပ်လိုက်သည်နှင့် အီဗာ၏ အသံက နားကြပ်ထဲမှ ပျောက်ကွယ်သွားသည်။ အီဗာအနေဖြင့် စက်ပိတ်သည့် ပုံစံကို မှတ်သားထားနိုင်ခြင်း မရှိစေရန်အတွက် ရှုကျင်းမင်သည် အချိန်အတန်ကြာတိုင်း စက်ကို ပုံမှန် ပိတ်ပစ်လေ့ရှိသည်။ အမှန်တကယ်တော့ ယခုအကြိမ်မှာ ဖုံးကွယ်ရန်အတွက် မဟုတ်ဘဲ Systemကို အမှန်တကယ် ပြန်လည် အသုံးပြုတော့မည် ဖြစ်သည်။
"စွမ်းရည်အမှတ်တွေ စသုံးကြတာပေါ့" ရှုကျင်းမင်က ဂူကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
သူ၏ စိတ်အာရုံကို အသုံးပြု၍ စိတ်ထဲရှိ Systemမျက်နှာပြင်ပေါ်က အပေါင်းလက္ခဏာကို နှိပ်လိုက်သည်။
“စွမ်းရည်အမှတ်များ - ၁၀၁,၀၀၀”
အဆင့် : စတုတ္ထအဆင့်လတ် → စတုတ္ထအဆင့်မြင့်
ခန္ဓာကိုယ် ကြံ့ခိုင်မှု : ၅၆၁၇ → ၆၅၁၇ သွေးစွမ်းအင်
စိတ်ဝိညာဉ်စွမ်းအား : ၄၁၂၅ → ၅၀၂၅ ဟတ်ဇ်
မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာပြီး ခဏချင်းအတွင်းမှာပင် ရှုကျင်းမင်က အဆုံးမဲ့သော မူလစွမ်းအင်များ သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်စွမ်းအားတို့က ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် မြင့်တက်လာတော့သည်။ ဤဖြစ်စဉ်တစ်ခုလုံးက ဆယ်စက္ကန့်ကျော်ခန့် ကြာမြင့်ပြီးနောက်တွင်မှ ပြီးဆုံးသွားခဲ့သည်။
"ဒီလို အားအင်တွေ ပြည့်ဝနေတဲ့ ခံစားချက်က တကယ်ကို ကောင်းတာပဲ..."
ရှုကျင်းမင်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ကြမ်းပြင်မှ ထရပ်လိုက်သည်။ ကိုယ်လက်လှုပ်ရှား လိုက်သည့်အခါ အရိုးများဆီမှ ပဲစိမ်းစားသကဲ့သို့ တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာသည်။ သူ၏ အသား၊ အရိုးနှင့် သွေးကြောများပင်လျှင် ပိုမို အစွမ်းထက်လာသည်ကို သူ အထင်သား ခံစားနေရသည်။ စိတ်ဝိညာဉ် စွမ်းအားမှာလည်း အဆုံးအစမရှိသော သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြောလှသည်။
စတုတ္ထအဆင့်လတ်တွင် ရှိစဉ်ကထက် ယခု သူ၏အလုံးစုံသော အစွမ်းမှာ သိသိသာသာ တိုးတက်သွားခဲ့သည်။
"ငါ့ရဲ့ အခြေခံ အရည်အချင်း နှစ်ခုလုံးက ၉၀၀ ဝန်းကျင်စီ တိုးလာတာပဲ... ခန္ဓာကိုယ် ကြံ့ခိုင်မှုက ၆၀၀၀ အမှတ်ကို ကျော်သွားပြီ ဆိုပေမဲ့ စိတ်ဝိညာဉ် စွမ်းအားကတော့ လိုအပ်ချက်ထက် အများကြီး လိုသေးတယ်"
ဤအရှိန်အတိုင်းဆိုလျှင် ဝိညာဉ်သန့်စင်ရေး တိုက်ခိုက်ရေးနည်းစနစ်များကို လေ့လာနိုင်ရန် စိတ်ဝိညာဉ် စွမ်းအားအမှတ် ၆၀၀၀ ပြည့်ဖို့ လိုအပ်ပေလိမ့်မည်။ ထိုလိုအပ်ချက်ကို ရှုကျင်းမင်က ပဉ္စမအဆင့်သို့ ရောက်ရှိမှသာ ပြည့်မီနိုင်မည် ဖြစ်သည်။
"ပဉ္စမအဆင့်လား... ဒီတစ်ခေါက် အပျက်အစီးနယ်မြေ ခရီးစဉ်မှာတော့ ဖြစ်နိုင်ဦးမှာ မဟုတ်ဘူး" ဟု ရှုကျင်းမင်က ကိုယ့်ဘာကိုယ် တွေးလိုက်မိသည်။
ယနေ့က အပျက်အစီးနယ်မြေထဲသို့ ရောက်ရှိလာသည်မှာ ၄၃ ရက်မြောက်နေ့ ဖြစ်ပြီး နယ်မြေမှ မထွက်ခွာမီ ၁၇ ရက်သာ လိုတော့သည်။ အချိန်က လုံလောက်သေးသော်လည်း အပျက်အစီးနယ်မြေထဲ၌ သားရဲများမှာမူ မလုံလောက်တော့ပေ။ စတုတ္ထအဆင့် စွမ်းရည်ပိုင်ရှင် တစ်ယောက်အတွက် ၃၀,၀၀၀ စတုရန်းကီလိုမီတာ အကွာအဝေးမှာ အလွန်တိုတောင်းလှသည်။ ပြီးခဲ့သည့် တစ်လခွဲအတွင်း ရှုကျင်းမင်က အပျက်အစီးနယ်မြေ တစ်ခုလုံးကို နှစ်ကြိမ်၊ သုံးကြိမ်မက ပတ်ပြီးခဲ့ပြီ ဖြစ်သည်။
နယ်မြေထဲရှိ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် သားရဲအများစုကိုလည်း သူ သတ်ဖြတ်ပြီးသား ဖြစ်သည်။ ယခုအခါတွင် တတိယအဆင့် သားရဲများနှင့် ကိုင်တွယ်ရ ခက်ခဲသော ဆဋ္ဌမအဆင့် သားရဲ အနည်းငယ်သာ ကျန်တော့သည်။ ကျန်ရှိနေသော သားရဲအားလုံးကို သတ်ဖြတ်လျှင်ပင် စွမ်းရည်အမှတ် ၅၀,၀၀၀ သို့မဟုတ် ၆၀,၀၀၀ ရရှိရန်မှာ မသေချာလှပေ။
"တတိယအဆင့် သားရဲတွေက ပြဿနာ မဟုတ်ဘူး... ပုံမှန်ဆိုရင်တော့ ဆဋ္ဌမအဆင့်နိမ့် သားရဲတွေကိုတောင် ငါ သတ်နိုင်တယ်... ဒါပေမဲ့ ငါသာ မိုးကြိုးအထွတ်အထိပ် အခြေအနေကို သုံးလိုက်ရင် ဆဋ္ဌမအဆင့်လတ် သားရဲကိုပါ သန့်သန့်ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား သတ်နိုင်မလားဆိုတာ သိချင်မိတယ်"
အကယ်၍ သတ်နိုင်ခဲ့လျှင် စွမ်းရည်အမှတ်များ ပိုမို ရရှိမည် ဖြစ်သည်။ သူ၏ အဆင့်မှာ စတုတ္ထအဆင့်မြင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း လက်တွေ့ တိုက်ပွဲ အတွေ့အကြုံ မရှိသေးသဖြင့် သူ၏ အစွမ်းမှာ မည်မျှအထိ ရှိနေမည်ကို ရှုကျင်းမင် ကိုယ်တိုင်လည်း မသေချာသေးပေ။
"အပြင်ထွက်တဲ့အခါကျရင် ဆဋ္ဌမအဆင့်လတ် သားရဲတစ်ကောင်လောက် အရင်ရှာကြည့်ရမယ်" ဟု ရှုကျင်းမင်က တွေးလိုက်သည်။
သူက စမတ်လက်ပတ်ကို ပြန်ဖွင့်ကာ ဂူထဲမှ ထွက်လာခဲ့သည်။ သူ အပြင်သို့ ခြေချလိုက်သည်နှင့် အီဗာ၏ စိုးရိမ်တကြီး အော်ဟစ်သံက ထွက်ပေါ်လာသည်။
"Sအဆင့် စွမ်းရည်ပိုင်ရှင် ငါးယောက် ဒီဘက်ကို လာနေတယ်... သူတို့မှာ လှိုင်းနှောက်စက်တွေ ပါလာလို့ စောစောက ကျွန်မ မသိလိုက်တာ"
အီဗာ၏ စကား ဆုံးသည်နှင့် ရှေ့ဘက် တောအုပ်ထဲမှ လူငါးယောက် ရုတ်တရက် ပြေးထွက်လာသည်။ ဦးဆောင်လာသူမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သွယ်လျသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ၏ နောက်တွင် လူဖြူနှစ်ဦးနှင့် အာရှတိုက်သား အမျိုးသားနှစ်ဦး ပါလာသည်။
"ထျန်းယွီ သိုင်းသင်တန်းကျောင်းက လူတွေလား" ရှုကျင်းမင်က မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
"ကောင်းပြီ မင်းကို ရှာရတာ အချိန်နည်းနည်း ကြာဦးမယ် ထင်နေတာ... အခုတော့ လက်ပူတိုက် မိပြီပေါ့"
"သားရဲမုဆိုး... မင်း ကံဆိုးသွားပြီပဲ... မင်းကတော့ သေနတ်ပြောင်းဝထဲ တည့်တည့် တိုးလာတာပဲ"
မာ့ခ်က သူ၏ လျှောက်လှမ်းမှုကို ရပ်တန့်လိုက်ကာ အလွန် ခင်မင်ဖွယ်ကောင်းသည့် ပုံစံဖြင့် ပြုံးပြလိုက်သည်။ သို့သော် သူ၏ မျက်လုံးများမှာမူ ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ရှုကျင်းမင်ကို စိုက်ကြည့်နေကြသည်။ သူက အင်္ဂလိပ်စကား မပြောဘဲ မဟာနွေရာသီတိုင်းပြည်၏ ဘာသာစကားကို အထစ်အငေါ့မရှိ ကျွမ်းကျင်စွာ ပြောနေခြင်း ဖြစ်သည်။
အမှန်တကယ်တော့ မာ့ခ်က ကမ္ဘာပေါ်ရှိ အင်အားကြီး ခြောက်နိုင်ငံ၏ ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ဖြစ်ပြီး ဆာကူရာနိုင်ငံကဲ့သို့ နိုင်ငံငယ်များ၏ ဘာသာစကားကိုသာ အနည်းငယ် မကျွမ်းကျင်ခြင်း ဖြစ်သည်။
"ကျုပ်ကို ဖမ်းမလို့လား... ကျုပ် ခင်ဗျားတို့ကို ဘာပြစ်မှု ကျူးလွန်ခဲ့လို့လဲ"
ရှုကျင်းမင်က မျက်လုံးများကို မှေးလိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းဝပ်နေသည့် အနီရောင်ရွှေရောင် လျှပ်စီးတန်းများ မြည်ဟိန်းလာသည်။ ဤကာလအတွင်း သူက သားရဲများကို အမဲလိုက်ရန်အတွက်သာ အချိန်ပေးခဲ့သည်။ အခြားသော အဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့်လည်း ရံဖန်ရံခါ အချင်းများခြင်းမှလွဲ၍ ကြီးမားသော ပဋိပက္ခမျိုး မရှိခဲ့ပေ။
ပြီးခဲ့သည့်အကြိမ်ကဲ့သို့ သူ ရရှိထားသော သလင်းခဲကို လုယူရန် ကြိုးစားသည့် စွမ်းရည်ပိုင်ရှင် အချို့ကို သတ်ဖြတ်ခဲ့ခြင်းမျိုးသာ ရှိသည်။
"မင်း ငါတို့ကို တကယ်တမ်း ဘာမှ မစော်ကားခဲ့ပါဘူး... ဒါပေမဲ့ မင်းရဲ့ ပါရမီက ငါတို့ကို ခြိမ်းခြောက်နေလို့ မင်းကို အရှင်မထားနိုင်တာ"
မာ့ခ်က နောက်ပြောင်သလို ပြောလိုက်သည်။ "ဒီလောက် ပါရမီမျိုး ရှိနေပြီးတော့ အင်အားကြီး အဖွဲ့အစည်းတစ်ခုခုထဲ မဝင်ဘဲ တစ်ကိုယ်တော် လှုပ်ရှားနေတာက ကိုယ့်သေတွင်းကိုယ် တူးတာပဲ"
ထက်မြက်လှသော တိုက်ပွဲဝင် ဓားမကြီးကို ဆွဲထုတ်လိုက်ပြီး Aအဆင့် မြှင့်တင်ထားသော မီးခိုးရောင်ဝံပုလွေ စွမ်းရည်ကို အသက်သွင်းလိုက်သည်။ မာ့ခ်၏ခန္ဓာကိုယ်က ပုံမှန်ထက် ပိုမို ကြီးမားလာကာ သူ၏ အရေပြားပေါ်တွင် မီးခိုးရောင် အမွှေးအမျှင်များ ထွက်ပေါ်လာသည်။ ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် တစ်ဦး၏ ထူးခြားသော အရှိန်အဝါနှင့် ဖိအားများက အရပ်မျက်နှာ အနှံ့ ပျံ့လွင့်သွားတော့သည်။ သူ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ဆာကူရာဂီ ရင်းက သူ့ကို တားလိုက်သည်။
"ခဏနေဦး"
ဆာကူရာဂီ ရင်းက မာ့ခ်ကို ဆက်မတိုက်ရန် တားမြစ်လိုက်ပြီးနောက် ရှုကျင်းမင်ကို ကြည့်ကာ မန်ဒရင်း ဘာသာစကားဖြင့် ပြောလိုက်သည်။
"ကျွန်မတို့ ထျန်းယွီ သိုင်းသင်တန်းကျောင်းက ပါရမီရှင်တွေကို အမြဲ ကြိုဆိုပါတယ်... အကယ်၍ ရှင်သာ ကျွန်မတို့အဖွဲ့ထဲ ဝင်မယ်ဆိုရင်..."
"ပြီးတော့ ဒီအပျက်အစီး နယ်မြေက ထွက်တာနဲ့ ရှင်က ဆာကူရာနိုင်ငံနိုင်ငံသားအဖြစ် ပြောင်းလဲမယ်ဆိုရင်တော့ ရှင့်ကို ကျွန်မတို့ အလွတ်ပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်"
သူမ၏ မန်ဒရင်း ဘာသာစကားမှာလည်း အလွန် ကျွမ်းကျင်လှပြီး အသံမှာ ကြည်လင် ပြတ်သားလှသည်။ ရှုကျင်းမင် ပြန်မပြောမီမှာပင် မာ့ခ်က မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်သည်။
"မစ္စ ဆာကူရာဂီ... ဒုတိယ တပ်မှူးကြီး ဟိုရီအိရဲ့ အမိန့်က သတ်ပစ်ဖို့ပဲ မဟုတ်လား... စည်းရုံးဖို့ မပါဘူး ထင်တယ်နော်"
"ဟုတ်တယ်" ဟု ဘေးနားရှိ လူဖြူ အမျိုးသားကြီးကလည်း ထောက်ခံလိုက်သည်။
ထိုစကားကို ကြားသောအခါ ဆာကူရာဂီ ရင်း၏ မျက်ဝန်းထဲတွင် စိတ်ပျက်ရိပ်များ ဖြတ်ပြေးသွားသည်။ သို့သော် ထိုခံစားချက်ကို ချက်ချင်း ဖုံးကွယ်လိုက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ပြောလိုက်သည်။
"ဒါဆိုရင်လည်း မစ္စတာ မာ့ခ်... ခင်ဗျား သဘောရှိသလိုသာ လုပ်ပါတော့"
မာ့ခ်နောက်ကွယ်တွင် ဝီလျံမိသားစု၏ နောက်ခံ ရှိနေသည့်အပြင် ညွှန်ကြားရေးမှူးချုပ် ဟိုရီအိ၏ အမိန့်လည်း ရှိနေသည်။ ဤအပျက်အစီး နယ်မြေထဲတွင် မဟာနွေရာသီတိုင်းပြည်မှ ပါရမီရှင်တစ်ယောက်အတွက်နှင့် မာ့ခ်နှင့် အဆင်မပြေ ဖြစ်ရန် မလိုအပ်ပေ။
"ကောင်းပြီ မစ္စဆာကူရာဂီ... ခင်ဗျားတို့ ဒီနေရာကို ဝိုင်းထားပေးပါ... ကျွန်တော် ကိုယ်တိုင်ပဲ အပြတ်ရှင်းလိုက်မယ်"
မာ့ခ်က သွေးဆာနေသော အပြုံးဖြင့် ရှုကျင်းမင်ထံသို့ ဖြည်းညင်းစွာ လျှောက်လာသည်။
"အကယ်၍ မင်းသာ ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်မယ်ဆိုရင်တော့ ဆာကူရာဂီရဲ့ အကြံပြုချက်ကို လက်ခံပြီး မင်းကို ငါတို့ ကျောင်းထဲ ခေါ်သွားဖို့ စဉ်းစားပေးနိုင်တယ်"
သူသည် ဖြည်းဖြည်းချင်း လျှောက်လာသော်လည်း သူ၏ ပြင်းထန်သော အရှိန်အဝါများက ရှုကျင်းမင်ကို ပစ်မှတ်ထားပြီးသား ဖြစ်သည်။ အသက်ချမ်းသာပေးမည် ဟူသော စကားမှာ သိသာလှသော မုသားသာ ဖြစ်သည်။ ကြောင်တစ်ကောင်က ကြွက်ကို နှိပ်စက်သလိုမျိုး သူ၏ သားကောင်ကို မစားခင် ကစားချင်နေခြင်းသာ ဖြစ်သည်။ မကြာသေးမီကမှ ဖြစ်ပေါ်လာသော ဒေါသအားလုံးကိုလည်း ဤနေရာတွင် ပုံချရန် သူ ဆုံးဖြတ်ထားသည်။
"ဆဋ္ဌမအဆင့်နိမ့် သားရဲအဆင့်ရှိသူ လေးယောက်၊ ပဉ္စမအဆင့်နိမ့် တစ်ယောက်နဲ့ Sအဆင့် တစ်ယောက် ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ် ပေးထားတဲ့ ဟင်းလင်းပြင် သားရဲအရိုးကို သုံးပြီး အခုချက်ချင်း ထွက်ပြေးမှ ဖြစ်မယ်"
အီဗာ၏ စိုးရိမ်တကြီး အော်ဟစ်သံက နားကြပ်ထဲမှ ထွက်ပေါ်လာသည်။ အနီးအနားတွင် မဂျစ်စီးတီး တက္ကသိုလ် သို့မဟုတ် အခြားသော သိုင်းသင်တန်းကျောင်းကြီး နှစ်ခုမှ လူများ မရှိသဖြင့် အကူအညီ တောင်းရန် မဖြစ်နိုင်ဘဲ ထွက်ပြေးရန်သာ တတ်နိုင်တော့သည်။ သို့သော် ရှုကျင်းမင်က အီဗာ၏ အကြံပြုချက်ကို ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။
"ဒါတွေက အမှိုက်တွေပဲ... ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ် ပေးထားတဲ့ ဝှက်ဖဲကို ဒီလူတွေအတွက်နဲ့ သုံးဖို့ မလိုဘူး... အကုန်သတ်ပစ်မယ်..."
ဆဋ္ဌမအဆင့်လတ် သားရဲကို သတ်နိုင်၊ မသတ်နိုင် သူ မသေချာသော်လည်း ဤလူတစ်စုကို ကိုင်တွယ်ရန်မှာမူ သူ အပြည့်အဝ ယုံကြည်မှု ရှိသည်။
"ရှင်"
အီဗာ တစ်ခဏ မှင်တက်သွားစဉ်မှာပင် ရှုကျင်းမင်၏ လေးနက်သော အသံကို ကြားလိုက်ရသည်။
"မိုးကြိုးအထွတ်အထိပ် အခြေအနေ"
***