သားရဲတွေအပေါ်ထားတဲ့ အမုန်းတရားကလွဲရင် ရှုကျင်းမင်က အမှန်ပင် သွေးဆာတတ်တဲ့ လူမျိုးမဟုတ်ပါပေ။ မင်းက သူ့ကို ဒါမှမဟုတ် သူတန်ဖိုးထားတဲ့ လူတွေကို မစော်ကားသရွေ့တော့ မင်းဘယ်လောက်ပဲ မောက်မာနေပါစေ သူ ဂရုစိုက်မှာ မဟုတ်ပေ။ ဒါပေမဲ့ မင်းကသာ စည်းကျော်လာမယ်ဆိုရင်တော့ မင်းရဲ့အရိုးပြာတွေကိုတောင် လေထဲလွင့်ပစ်ဖို့ သူ ဝန်လေးမှာ မဟုတ်ပေ။
အမှန်တကယ်တော့ သူဟာ စတုတ္ထအဆင့်ကို တက်လှမ်းထားပြီးပြီ ဖြစ်သည်။ ရှုကျင်းမင်မှာ ဆာကူရာနိုင်ငံရဲ့ ထျန်းယွီ သိုင်းသင်တန်းကျောင်းက ဘယ်အဖွဲ့ကိုမဆို တစ်ကိုယ်တော် ချေမှုန်းနိုင်တဲ့ စွမ်းရည်အမှန်ပင် ရှိနေခဲ့သည်။ သို့သော် သူက အဲဒီလိုလုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။ တစ်ဖက်မှာလည်း သူက အားနည်းသူတွေကို သတ်ဖြတ်ဖို့ စိတ်မဝင်စားသလို နောက်တစ်ဖက်မှာလည်း သူ့ကိုသတ်ချင်နေတာက ထျန်းယွီ သိုင်းသင်တန်းကျောင်းက အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီး တစ်ယောက် ဖြစ်နေပင်။ အကယ်၍ အရင်းအမြစ်ကို ရှာမယ်ဆိုရင်တောင် အဲဒီ အဋ္ဌမအဆင့် ဆရာကြီးဆီကိုပဲ သူသွားသင့်သည်။
မထင်မှတ်ဘဲ သူက ဘာမှမလုပ်ရသေးခင်မှာပဲ ထျန်းယွီ သိုင်းသင်တန်းကျောင်းက လူတွေက သူ့ဆီ အရင်ရောက်လာခဲ့ကြသည်။ သူတို့ကိုယ်တိုင် သေတွင်းတူးလာကြမှတော့ ရှုကျင်းမင်ကလည်း အားနာနေမှာ မဟုတ်တော့ပေ။ မိုးကြိုးအထွတ်အထိပ် အခြေအနေကို ပြတ်ပြတ်သားသား အသက်သွင်းလိုက်သည်။
စတုတ္ထအဆင့်သို့ ရောက်ရှိသွားပြီးနောက် SSအဆင့် ကောင်းကင်မိုးကြိုးရဲ့ စွမ်းအားက အရင်ကထက် ဆယ်ဆမက ပိုပြီး အားကောင်းလာခဲ့သည်။ မိုးကြိုးအထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားသည်နှင့် ရှုကျင်းမင်ကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်ရွှေရောင် လျှပ်စီးတန်းများ ချက်ချင်းဆိုသလို အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။
သောင်းကျန်းနေသော မိုးခြိမ်းသံများက မုန်တိုင်းတစ်ခုအလား ဟိန်းဟောက်နေပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် မြေဆီလွှာများကို ဝါးမြိုသွားသည်။ မိုးကြိုးတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရှုကျင်းမင်ရဲ့ ခန္ဓာကိုယ်မှာလည်း ရုတ်တရက် ပြောင်းလဲမှုတွေ စတင်လာတော့သည်။
သူ့အရပ်က ၁.၈၉ မီတာကနေ ၂.၂ မီတာအထိ မြင့်တက်လာပြီး အချိုးအစားကျလှတဲ့ ကြွက်သားတွေကလည်း အနည်းငယ် ဖောင်းကြွလာသည်။ Sအဆင့် တိုက်ပွဲဝင်ဝတ်စုံအောက်က ကျယ်ပြန့်လှတဲ့ ကျောပြင်ပေါ်မှာတော့ မိစ္ဆာမျက်နှာတစ်ခုနဲ့ ဆင်တူတဲ့ ကြွက်သားအဖုအထစ်တွေ ပေါ်ထွက်လာခဲ့သည်။ ဒူးဆစ်၊ တံတောင်ဆစ်နဲ့ ခြေကျင်းဝတ်တွေလို အားနည်းတဲ့ နေရာတွေကို ကာကွယ်ဖို့အတွက် နီရဲတဲ့ အကြေးခွံတွေကလည်း ပေါက်ဖွားလာကြသည်။
အရင်က ကြည်လင်နေတဲ့ သူ၏ မျက်ဝန်းအစုံမှာလည်း နဂါးတစ်ကောင်ကဲ့သို့ ရွှေရောင် ဒေါင်လိုက် သူငယ်အိမ်များအဖြစ် ပြောင်းလဲသွားသည်။ ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်လှတဲ့ အရှိန်အဝါတစ်ခုက ရှုကျင်းမင်ထံမှ ရုတ်တရက် ပျံ့လွင့်လာတော့သည်။ တောင်တစ်လုံးကဲ့သို့ လေးလံလှတဲ့ ဖိအားတွေက ထိုနေရာမှာရှိနေတဲ့ လူတိုင်းကို ဖိနှိပ်ထားတော့သည်။
"ဒါက......"
မနီးမဝေးမှာရှိနေတဲ့ ဆာကူရာဂီ ရင်းကတော့ ဒီမြင်ကွင်းကို ကြည့်ပြီး ထိတ်လန့်တကြား မျက်လုံးအစုံ ပြူးကျယ်သွားရသည်။ တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင်တွေနဲ့ အင်အားကြီး မိသားစုက စွမ်းရည်ပိုင်ရှင်တွေကြားမှာ အကြီးမားဆုံး ကွာခြားချက်ကတော့ တစ်ကိုယ်တော်သမားတွေမှာ လက်နက်ကိရိယာနဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေ ညံ့ဖျင်းတတ်တာပင်။ သို့သော် သားရဲမုဆိုးလို့ လူသိများတဲ့ မဟာနွေရာသီတိုင်းပြည်က ဒီတစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင်မှာတော့ ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေး နည်းစနစ်မျိုး ရှိနေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။
“ဒါ့အပြင်... ဒီလို ပုံသဏ္ဌာန် ပြောင်းလဲသွားတဲ့ ပုံစံက တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့ ရင်းနှီးနေပါလား”
“ဒါက လွန်ခဲ့တဲ့ တစ်ပတ်လောက်က မဟာနွေရာသီတိုင်းပြည်ရဲ့ တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲတုန်းက SSအဆင့် နိုးထသူ ရှုကျင်းမင် အသုံးပြုခဲ့တဲ့ တိုက်ခိုက်ရေး နည်းစနစ် မဟုတ်ဘူးလား...”
ဆာကူရာဂီ ရင်း၏ မျက်စိသူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားရသည်။
“ဒီသားရဲမုဆိုးဆိုတဲ့လူက မဟာနွေရာသီတိုင်းပြည်က အဲဒီ SS အဆင့် စွမ်းရည်ပိုင်ရှင်နဲ့ ကျောင်းအတူတူကများ ဖြစ်နေမလား.. အဲဒီလိုမှ မဟုတ်ရင် ဘာလို့ တိုက်ခိုက်ရေး နည်းစနစ်ချင်း တူနေရတာလဲ...” သို့သော် တစ်ဖက်လူရဲ့ အမှတ်အသားဖြစ်တဲ့ စူးရှတောက်ပတဲ့ ရွှေရောင် နဂါးမျက်ဝန်းတွေကို မြင်လိုက်ရတဲ့အခါမှာတော့ သူမရဲ့ အတွေးကို သူမ ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ရတော့သည်။
“မဟုတ်ဘူး... ဒါက မဖြစ်နိုင်ဘူး”
“ဒီမျက်လုံးတွေက မဟာနွေရာသီတိုင်းပြည်က အဲဒီ SS အဆင့် စွမ်းရည်ပိုင်ရှင်ရဲ့ မျက်လုံးတွေပဲ ဖြစ်ရမယ်..”
ဒီအချက်ကို အတည်ပြုလိုက်နိုင်ချိန်မှာပဲ ဆာကူရာဂီ ရင်းရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ သံသယတစ်ခု ပေါ်လာပြန်သည်။ “မဟာနွေရာသီရဲ့ အဲဒီ SS အဆင့် စွမ်းရည်ပိုင်ရှင်က စတုတ္ထအဆင့်နိမ့်ပဲ ရှိသေးတာ မဟုတ်ဘူးလား... ဘာလို့ အခုတော့ စတုတ္ထအဆင့်မြင့် ဖြစ်နေရတာလဲ...”
"ရှုကျင်းမင် မဟာနွေရာသီတိုင်းပြည်ရဲ့ SS အဆင့် စွမ်းရည်ပိုင်ရှင်ပေါ့လေ"
ဆာကူရာဂီ ရင်းကဲ့သို့ပင် မာ့ခ်ကလည်း ရှုကျင်းမင်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိသွားခဲ့သည်။ အစပိုင်းမှာ ထိတ်လန့်သွားသော်လည်း ထိုထိတ်လန့်မှုက ချက်ချင်းဆိုသလို ဝမ်းသာအားရ ဖြစ်မှုအဖြစ် ပြောင်းလဲသွားတော့သည်။
"မင်းက အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီး နယ်မြေကို တကယ်ပဲ လာရဲတယ်ပေါ့လေ ကောင်းပြီလေ... မင်းရဲ့ အလောင်းကို ငါနဲ့အတူ ပြန်သယ်သွားပေးမယ်"
မဟာနွေရာသီတိုင်းပြည်မှာ ပေါ်ထွက်လာတဲ့ SS အဆင့် စွမ်းရည်ပိုင်ရှင်တွေဟာ အမေရိကန်မှာ အလိုရှိ ဝရမ်းထုတ်ခံထားရသူတွေ ဖြစ်တယ်။ အကယ်၍ သူသာ ရှုကျင်းမင်ကို သတ်နိုင်ခဲ့မယ်ဆိုရင် ဝီလျံမိသားစုကို အားကိုးစရာ မလိုဘဲ တစ်သက်စာ စားမကုန်တဲ့ ဆုလာဘ်တွေကို ရရှိမှာ ဖြစ်သည်။
“ရှုကျင်းမင်ရဲ့ အရှိန်အဝါတွေ ပြောင်းလဲသွားတာကိုတော့ သူက အရေးတယူ မလုပ်ခဲ့ပါဘူး... စတုတ္ထအဆင့်မြင့် ဖြစ်နေတော့ရော ဘာဖြစ်လဲ... ငါက သူ့ထက် အဆင့်နှစ်ဆင့်တောင် မြင့်တာပဲ... သူ ငါ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ...”
ထိုသို့တွေးလိုက်သည်နှင့် မာ့ခ်က ကြောင်နဲ့ကြွက် ကစားချင်စိတ်တွေ ပျောက်ဆုံးသွားတော့သည်။ ခြေလှမ်းတစ်ချက်တည်းဖြင့်ပင် မီတာ ဒါဇင်ပေါင်းများစွာကို ဖြတ်ကျော်ကာ ရှုကျင်းမင်ရဲ့ ရှေ့မှာ ရပ်လိုက်သည်။
"ကြယ်စင်ချေမှုန်းရေး ခုတ်ချက်"
သူ့ရဲ့ သွေးစွမ်းအင်တွေ ပေါက်ကွဲလာပြီး ထက်မြက်လှတဲ့ အရှိန်အဝါတွေ ပါဝင်နေတဲ့ တိုက်ပွဲဝင် ဓားမကြီးဟာ ကြွေကျလာတဲ့ ဥက္ကာပျံတစ်ခုအလား ရှုကျင်းမင်ဆီသို့ ခုတ်ပိုင်းလာတော့သည်။
“ကြယ်စင်ချေမှုန်းရေး ခုတ်ချက်...”
Sအဆင့် တိုက်ခိုက်ရေး နည်းစနစ် ပုံမှန်အားဖြင့် မာ့ခ်က ဤနည်းစနစ်ကို ဆဋ္ဌမအဆင့် သားရဲများကို ကိုင်တွယ်ရာတွင်သာ အသုံးပြုလေ့ရှိသည်။ သို့သော် အခုတော့ သူက စတုတ္ထအဆင့်မြင့် စွမ်းရည်ပိုင်ရှင် တစ်ယောက်အတွက်နဲ့ အသုံးပြုလိုက်သည်။
"သေပေတော့" မာ့ခ်၏ ရက်စက်လှသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေသည်။
ရှုကျင်းမင်တစ်ယောက် သူ့ဓားအောက်မှာ အသေဆိုးနဲ့ သေဆုံးသွားပြီး သူ့အလောင်းကို သယ်ကာ ဆုလာဘ်တွေ သွားယူနေတဲ့ မြင်ကွင်းကို သူ မြင်ယောင်နေပုံရသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ရှုကျင်းမင်က လှုပ်ရှားလိုက်သည်။ လျှပ်စီးတန်းတွေ တဖျစ်ဖျစ် မြည်နေတဲ့ အနက်ရောင် လှံရှည်က ရုတ်တရက် ထိုးထွက်လာရာ ၎င်း၏ အရှိန်မှာ မာ့ခ်၏ ဓားခုတ်ချက်ထက်ပင် ပိုမို မြန်ဆန်နေခဲ့သည်။
"မိုးကြိုးထိုးစစ် နတ်ဆိုးသုတ်သင်လှံ"
“ဘုန်း...”
ရွှေရောင် လျှပ်စီးတန်းတစ်ခုက မျက်စိကျိန်းလုမတတ် လက်ခနဲ ဖြစ်သွားပြီးနောက် လှံသွားက အနက်ရောင်နှင့် ရွှေရောင် ရောယှက်နေသော ဝိညာဉ်တစ်ခုအလား မာ့ခ်ကို ထိမှန်သွားတော့သည်။ လူကြီးတစ်ယောက်ရဲ့ ခါးလောက်ရှိတဲ့ ရွှေရောင် မိုးကြိုးတန်းကြီးက မာ့ခ်ရဲ့ ခန္ဓာကိုယ်ကို တစ်ခဏချင်းအတွင်းမှာပင် ဖောက်ထွက်သွားသည်။
လှံချက်ရဲ့ အရှိန်ကြောင့် ရှုကျင်းမင်ရဲ့ နောက်ကွယ်က မြေပြင်တွေပါ ပေါက်ကွဲထွက်သွားပြီး မီတာ တစ်ရာကျော် ရှည်လျားတဲ့ မြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။ ဒီလောက်အထိ ပြင်းထန်တဲ့ တိုက်ကွက်ရှေ့မှာတော့ မာ့ခ်ခမျာ အော်ဟစ်ဖို့တောင် အချိန်မရလိုက်ပါပေ။ သူ၏ ဦးခေါင်းတစ်ခုလုံးနှင့် ခန္ဓာကိုယ် အထက်ပိုင်း အတော်များများမှာ မိုးကြိုးဒဏ်ကြောင့် လုံးဝ ခြေမွပစ်ခြင်း ခံလိုက်ရသည်။
"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
မိုးကြိုးတွေကနေ ထွက်ပေါ်လာတဲ့ ပြင်းထန်တဲ့ အပူရှိန်ကြောင့် ပတ်ဝန်းကျင်က ချုံပုတ်တွေမှာ ချက်ချင်း မီးစွဲလောင်သွားပြီး မီးတောက်တွေနဲ့ မိုးကြိုးတွေ ရောယှက်ကာ ပတ်ဝန်းကျင် အပူချိန်မှာလည်း ဆယ်ဒီဂရီကျော်လောက် မြင့်တက်သွားသည်။ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ဆာကူရာဂီ ရင်းကတော့ ရေခဲဂူထဲကို ကျသွားသလို ခံစားလိုက်ရပြီး လက်ခြေတွေ အေးစက်ကာ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရတော့သည်။
“သေသွားပြီလား မာ့ခ် သေသွားပြီလား”
သူမက မာ့ခ်ကို မနှစ်သက်သော်လည်း သူတို့ ငါးယောက်ထဲမှာ Aအဆင့် စွမ်းရည်နဲ့ ဆဋ္ဌမအဆင့်နိမ့်အထိ ရောက်နေတဲ့ မာ့ခ်က အသန်မာဆုံး ဖြစ်သည်။ သို့သော် တိုက်ကွက် တစ်ကွက်တည်းနဲ့တင် ရှုကျင်းမင်က သူ့ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းလိုက်သည်။ “ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးလဲ”
"ဒါက SS အဆင့် စွမ်းရည်ပိုင်ရှင်ရဲ့ စွမ်းအားလား"
ထိတ်လန့်သွားတဲ့ ဆာကူရာဂီ ရင်းက ချက်ချင်း အမိန့်ပေးလိုက်သည်။ "မီဇူကီး ဆရာကြီး... ယာမာရှီတာ ဆရာကြီး... အတူတူ တိုက်ကြမယ်"
"ဟုတ်ကဲ့"
ဂျပန် စွမ်းရည်ပိုင်ရှင် နှစ်ယောက်က ချက်ချင်း ခေါင်းညိတ်လိုက်ကြပြီး လူဖြူ အမျိုးသားကြီးကလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
"တောက်... မာ့ခ် သေသွားပြီလား မင်းကို ငါ သတ်မယ်"
မာ့ခ်ဟာ ဝီလျံမိသားစုရဲ့ အလားအလာ အရှိဆုံး အမွေဆက်ခံသူ တစ်ယောက် ဖြစ်ပေမဲ့ အခုတော့ မျက်စိရှေ့တင် အသတ်ခံလိုက်ရပြီ ဖြစ်လို့ သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေပါ့မလဲ။
"ရှင်နီဂါမီ... နှင်းမယ်တော်"
"ရှင်နီဂါမီ... လေဓားရှပ်"
ဆာကူရာဂီ ရင်းက ရှင်နီဂါမီ ဆယ်ကောင်ကျော်ကို အရင်ဆုံး ဆင့်ခေါ်လိုက်ပြီး ရှုကျင်းမင်ဆီသို့ စေလွှတ်လိုက်သည်။
"ရှင်နီဂါမီလား... ဒါက ကလေးကစားစရာပဲ ရှိသေးတာပဲ"
ရှုကျင်းမင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း သူ၏ ညာလက်ကို မြှောက်ကာ အနည်းငယ် ဆုပ်ကိုင်လိုက်သည်။ "မိုးကြိုးထောင်ချောက်"
သောင်းကျန်းနေသော ရွှေရောင် မိုးကြိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ထောင်ချောက်တစ်ခုက ဆာကူရာဂီ ရင်းကို ထိုနေရာမှာတင် မြဲမြံစွာ ပိတ်လှောင်ထားလိုက်တော့သည်။ မိုးကြိုးထောင်ချောက်ကနေ ထွက်ပေါ်လာတဲ့ ရွှေရောင် လျှပ်စီးတန်းတွေကတင် ဆင့်ခေါ်ထားတဲ့ ရှင်နီဂါမီ အားလုံးကို အမှုန့်ခြေပစ်ဖို့ လုံလောက်နေခဲ့သည်။
ဆာကူရာဂီ ရင်းကလွဲရင် ကျန်ရှိနေတဲ့ စွမ်းရည်ပိုင်ရှင် သုံးယောက်လုံးက ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးတဲ့ စွမ်းရည်ပိုင်ရှင်တွေ ဖြစ်ကြသည်။ ဆာကူရာဂီ ရင်းကို ထိုနေရာမှာတင် နှိမ်နင်းထားပြီးနောက်မှာတော့ ရှုကျင်းမင်ဟာ သူ၏ ခန္ဓာကိုယ်မှာ လျှပ်စီးတန်းတွေ ပတ်လျှက်နဲ့ ကျန်ရှိနေတဲ့ ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် သုံးယောက်ဆီသို့ လှံရှည်ကို ကိုင်စွဲကာ အရှိန်အဟုန်နဲ့ ပြေးဝင်သွားတော့သည်။
"ကျွန်မရဲ့ ရှင်နီဂါမီတွေ..."
မိုးကြိုးထောင်ချောက်ထဲမှာတော့ ဆာကူရာဂီ ရင်းရဲ့ လှပတဲ့ မျက်နှာလေးမှာ ချက်ချင်းဆိုသလို ဖြူလျော်သွားရသည်။ သူမရဲ့ ရှင်နီဂါမီတွေက ရှုကျင်းမင်ကို မနိုင်နိုင်မှန်း သူမ သိထားသော်လည်း မိုးကြိုးတွေရဲ့ အကြွင်းအကျန် စွမ်းအားလေးကတင် သူမရဲ့ ရှင်နီဂါမီ အားလုံးကို အမှုန့်ခြေပစ်နိုင်လိမ့်မယ်လို့တော့ သူမ မထင်ထားခဲ့ပေ။
"SS အဆင့် စွမ်းရည်က အမှန်ပင် ဒီလောက်အထိ အစွမ်းထက်တာလား"
Sအဆင့် စွမ်းရည် နိုးထလာကတည်းက သူမဟာ ဆာကူရာတစ်နိုင်ငံလုံးရဲ့ အချစ်တော် ဖြစ်ခဲ့ရသည်။ နတ်ဘုရားမ လို့တောင် ဘွဲ့ထူးပေးခံထားရတဲ့ ကောင်းကင်ဘုံရဲ့ ချစ်မြတ်နိုးရတဲ့ သမီးတော် ဆာကူရာဂီ ရင်း တစ်ယောက် ယခုအချိန်မှာတော့ သူမ တစ်ခါမှမခံစားဖူးတဲ့ ရှုံးနိမ့်မှု ဝေဒနာကို မြည်းစမ်းနေရပြီ ဖြစ်သည်။
"ဒါပေမဲ့... ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် သုံးယောက်ဆိုရင်တော့ သူ့ကို သတ်နိုင်မှာပါ... ဟုတ်တယ် မဟုတ်လား"
ဆာကူရာဂီ ရင်းရဲ့ စွမ်းအားအားလုံးက ရှင်နီဂါမီတွေအပေါ်မှာပဲ မူတည်နေသည်။ အခုတော့ ရှင်နီဂါမီတွေ အကုန်လုံး သေဆုံးသွားပြီဖြစ်လို့ သူတို့ကို ပြန်လည် ဆင့်ခေါ်နိုင်ဖို့ အချိန်အတန်ကြာ စောင့်ရဦးမှာ ဖြစ်သည်။ သူမရဲ့ ကိုယ်ပိုင် စွမ်းအားကတော့ သာမန် စတုတ္ထအဆင့်လတ် စွမ်းရည်ပိုင်ရှင် တစ်ယောက်ကိုတောင် မမီပါပေ။ ဒီကြောက်စရာကောင်းတဲ့ မိုးကြိုးထောင်ချောက်ထဲမှာ သူမ တတ်နိုင်တာကတော့ တိုက်ပွဲဆီကိုပဲ အာရုံလွှဲထားဖို့ပင်။
***