လက်သီးနှစ်ဆုက လက်လေးဖက်ကို မနိုင်ဘူးဆိုတဲ့ စကားရှိသည်။ လူနှစ်ယောက်ကို တိုက်ခိုက်ရတဲ့ အခက်အခဲဟာ လူတစ်ယောက်တည်းကို တိုက်ခိုက်ရတာနဲ့ ယှဉ်ရင် အဆင့်အတန်းချင်း လုံးဝ မတူပေ။
ဒါ့အပြင် အခု ရှုကျင်းမင် ကိုင်တွယ်နေရတာက လူနှစ်ယောက်တည်း မဟုတ်ဘဲ ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် သုံးယောက် ဖြစ်သည်။ ဆာကူရာဂီ ရင်း အနေနဲ့လည်း ရှုကျင်းမင်က မာ့ခ်ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းလိုက်တဲ့ မြင်ကွင်းက တကယ်ကို တုန်လှုပ်စရာ ကောင်းတယ်လို့ ထင်ခဲ့ပေမဲ့ သေချာ ပြန်သုံးသပ်ကြည့်ရင်တော့ မာ့ခ်က ပြိုင်ဘက်ကို အထင်သေးခဲ့တာကလည်း အဓိက အကြောင်းရင်း တစ်ခု ဖြစ်သည်။
အကယ်၍ မာ့ခ်သာ နည်းနည်းလောက် ပိုသတိထားခဲ့မယ်ဆိုရင် ဒီလောက် လွယ်လွယ်ကူကူနဲ့ အသတ်ခံရမှာ မဟုတ်ပေ။ ဆဋ္ဌမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင် သုံးယောက် ပေါင်းမိသွားရင်တော့ ဆဋ္ဌမအဆင့်လတ် သားရဲတစ်ကောင်ကိုတောင် သတ်နိုင်စွမ်း ရှိကြသည်။ အခု သူတို့က ရှုကျင်းမင်ရဲ့ အစွမ်းထက်လှတဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေကို အမြဲ သတိထားနေကြတာ ဖြစ်လို့ သူတို့ မနိုင်နိုင်စရာ အကြောင်း မရှိပေ။
အမှန်တကယ်လည်း ထိုအတိုင်း ဖြစ်ပျက်နေခဲ့သည်။ ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် သုံးယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်နေရသဖြင့် ရှုကျင်းမင်မှာ ချက်ချင်းဆိုသလို ဖိအားပေးခြင်း ခံလိုက်ရသည်။ ဤမြင်ကွင်းကို ကြည့်နေသည့် ဆာကူရာဂီ ရင်းမှာ စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသော်လည်း ကြာလာသည်နှင့်အမျှ တစ်ခုခု မှားယွင်းနေသည်ကို သူမ သတိထားမိလာသည်။
“ဘာလို့ သူတို့ကို ဖိအားပေးထားနိုင်ရက်နဲ့ အနိုင်မတိုက်နိုင်တာလဲ”
တိုက်ပွဲကွင်းပြင်တွင် ရှုကျင်းမင်က ပြိုင်ဘက် သုံးယောက်ကြားတွင် အားမလျှော့ဘဲ ခုခံနေသည်။ ရွှေရောင် လျှပ်စီးတန်းတွေ တဖျစ်ဖျစ် မြည်နေတဲ့ လှံရှည်က ပြိုင်ဘက်တွေရဲ့ လက်နက်တွေနဲ့ ထိမှန်တိုင်းမှာ ဟိန်းဟောက်သံကြီးတွေ ထွက်ပေါ်လာသည်။
"ဒါက ဘယ်လို မိစ္ဆာမျိုးလဲ" ဂျပန် စွမ်းရည်ပိုင်ရှင် မီဇူကီးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“စတုတ္ထအဆင့်မြင့် မိုးကြိုးဓာတ် စွမ်းရည်ပိုင်ရှင် တစ်ယောက်က ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် သုံးယောက်ကို အားချင်းမျှအောင် တိုက်ခိုက်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...”
"ဒါက SS အဆင့် စွမ်းရည်လား... ဘယ်လိုလုပ် ဒီလောက်အထိ အစွမ်းထက်နိုင်ရတာလဲ" ဂျပန် စွမ်းရည်ပိုင်ရှင် ယာမာရှီတာကလည်း မအံ့ဩဘဲ မနေနိုင်တော့ပေ။
သူတို့ရဲ့ စွမ်းရည် အဆင့်အတန်းက မြင့်လည်းမမြင့်သလို နိမ့်လည်းမနိမ့်တဲ့ Bအဆင့် စွမ်းရည်တွေ ဖြစ်ကြသည်။ ဒါတောင်မှ တိုက်ပွဲက ဒီလို အခြေအနေမျိုး ဖြစ်နေတယ်ဆိုတာက SS အဆင့် စွမ်းရည်ဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာကို သက်သေပြနေသည်။
"သတ်ပစ် သူ့ကို အခုချက်ချင်း သတ်ရမယ် သူ့ကို ဒီထက် ပိုပြီး အစွမ်းမထက်လာစေနဲ့"
အမေရိကန်က လူဖြူ အမျိုးသားကြီးကတော့ ရူးသွပ်နေပြီ ဖြစ်သည်။ ရှုကျင်းမင်ရဲ့ မဟာနွေရာသီတိုင်းပြည် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲတုန်းက စွမ်းဆောင်ရည်ကတင် အံ့ဩစရာ ကောင်းနေခဲ့သည်။ အခုတော့ သူက မျက်မြင်တွေ့လိုက်ရတဲ့အခါမှာတော့ သူထင်ထားတာထက် အများကြီး ပိုပြီး ထူးခြားနေတာကို တွေ့လိုက်ရပြီ ဖြစ်သည်။ အကယ်၍ သူ့ကိုသာ အေးအေးဆေးဆေး ကြီးပြင်းခွင့် ပေးလိုက်မယ်ဆိုရင် ဝီလျံမိသားစုနဲ့ အမေရိကန်နိုင်ငံအတွက်ပါ ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာမှာ အသေအချာပင်။
"ဘယ်သူမဆို စကားကိုတော့ အကြီးကြီး ပြောနိုင်တာပဲ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ဒီလောက်ပဲ ရှိတဲ့ စွမ်းရည်နဲ့ ကျုပ်ကို သတ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"
“ဘန်း...”
လက်နက်ချင်း ဆက်တိုက် ရိုက်ခတ်ပြီးနောက်မှာတော့ ရှုကျင်းမင်က လှံရှည်ကို ကိုင်စွဲကာ အကွာအဝေး တစ်ခုမှာ ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ စတုတ္ထအဆင့်သို့ အခုမှ တက်လှမ်းထားတာ ဖြစ်လို့ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ အရည်အချင်းတွေက သိသိသာသာ တိုးတက်လာခဲ့ပေမဲ့ သူ၏ အစွမ်းတွေကိုတော့ အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ အခုတော့ သူ့အတွက် လေ့ကျင့်ဖို့ သဲအိတ်သုံးအိတ် ရောက်လာမှတော့ သူက ဘာလို့ အခွင့်အရေးကို လက်လွှတ်ခံမှာလဲ။
"Sအဆင့် ရှင်က ဘယ်တုန်းက ဒီလောက်အထိ အစွမ်းထက်သွားတာလဲ"
အီဗာ၏ အားကျလေးစားသံက နားကြပ်ထဲမှ တရစပ် ထွက်ပေါ်နေသည်။ စတုတ္ထအဆင့်မြင့် စွမ်းရည်ပိုင်ရှင် တစ်ယောက်က ဆဋ္ဌမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင် သုံးယောက်ကို ရင်ဆိုင်နေတာဟာ အဆင့်နှစ်ဆင့်တောင် ကျော်လွန်နေတာ ဖြစ်သည်။ ဒီလို မှတ်တမ်းမျိုးက သူမရဲ့ ဒေတာစနစ်ထဲမှာတောင် တစ်ခါမှ မရှိခဲ့ဖူးပေ။
"ငါက အမြဲတမ်း သန်မာနေတာပါ... မင်းက သတိမထားမိတာပဲ ဖြစ်မှာပါ"
လျှပ်စီးလက်သွားသည်နှင့်အတူ ရှုကျင်းမင်၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးက ထိုနေရာမှ ပျောက်ကွယ်သွားပြီး ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် သုံးယောက်နှင့် ထပ်မံ တိုက်ခိုက်တော့သည်။
တိုက်ပွဲတစ်လျှောက်လုံးတွင် သူ၏ SSအဆင့် ကောင်းကင်မိုးကြိုးတွေက ထိုသုံးယောက်ကို တရစပ် ဗုံးကြဲနေခဲ့သည်။ သူတို့က ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းမွန်တဲ့ စွမ်းရည်ပိုင်ရှင်တွေ ဖြစ်ကြသလို လျှပ်ကာစနစ် ကောင်းမွန်တဲ့ Aအဆင့် တိုက်ပွဲဝင်ဝတ်စုံတွေကို ဝတ်ဆင်ထားကြသော်လည်း အထွတ်အထိပ် အခြေအနေက ထွက်ပေါ်လာတဲ့ မိုးကြိုးဒဏ်ကို ခုခံဖို့ကတော့ မလွယ်ကူလှပေ။ အထူးသဖြင့် ဒီမိုးကြိုးတွေက ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို တိတ်တဆိတ် ထုံကျင်သွားစေနိုင်တာကြောင့် ဖြစ်သည်။
အမှန်တကယ်လည်း နှစ်မိနစ်၊ သုံးမိနစ်ခန့် ကြာပြီးနောက်မှာတော့ ဂျပန် စွမ်းရည်ပိုင်ရှင် မီဇူကီးရဲ့ လှုပ်ရှားမှုက အနည်းငယ် တောင့်တင်းသွားခဲ့သည်။ ထိုတောင့်တင်းမှုမှာ ဝ.၂ စက္ကန့်လောက်သာ ကြာမြင့်ပြီး အခြားလူနှစ်ယောက်နဲ့ တိုက်စစ်ချင်း မချိတ်မိတော့ပေ။ သို့သော် ကျွမ်းကျင်သူတွေ အတွက်တော့ အဲဒီ ဝ.၂ စက္ကန့်ဟာ အများကြီး လုပ်ဖို့ လုံလောက်နေသည်။ မီဇူကီးကလည်း ဒါကို သိနေတဲ့အတွက် မျက်နှာပျက်သွားကာ ပြောလိုက်သည်။ "ဒုက္ခပဲ"
"ဟာကွက် တွေ့ပြီ"
ရှုကျင်းမင်၏ မျက်နှာပေါ်တွင် ရက်စက်လှသော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ အနက်ရောင် လှံကို ထိုးထုတ်လိုက်သည်။ "လျှပ်စီးမုန်တိုင်း ခွဲချက်"
ဆရာသခင်အဆင့် ကျွမ်းကျင်မှုသို့ မြှင့်တင်ထားသော Dအဆင့် တိုက်ခိုက်ရေး နည်းစနစ် လျှပ်စီးမုန်တိုင်း ခွဲချက်က ယခုအခါ Bအဆင့် တိုက်ခိုက်ရေး နည်းစနစ် တစ်ခုကဲ့သို့ အစွမ်းထက်နေခဲ့သည်။ ထိုအခိုက်အတန့်မှာ လှံဦးက လျှပ်စီးအလား ထိုးထွက်သွားရာ ကောင်းကင်မိုးကြိုးကြောင့် ခန္ဓာကိုယ် ထုံကျင်နေသော ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင်မှာ ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။ ဘုန်းခနဲ မြည်သံနှင့်အတူ သူ၏ ဦးခေါင်းကို လှံဖြင့် အပြတ်ရှင်းလိုက်သည်။
"ပထမတစ်ယောက်"
ရှုကျင်းမင်၏ တောက်ပလှသော ရွှေရောင် နဂါးမျက်ဝန်းအစုံမှာ တိုက်ခိုက်လိုစိတ်တွေ တောက်လောင်နေသည်။ လွန်ခဲ့တဲ့ လေ့လာရေးခရီးစဉ်တုန်းက ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင်တွေမှာ ပြင်းထန်တဲ့ ဇီဝစွမ်းအားတွေ ရှိနေပြီး နှလုံးပျက်စီးသွားရင်တောင် ခဏလောက် အသက်ရှင်နိုင်သေးတယ်ဆိုတာ သူ သိထားပါသည်။ ဒါကြောင့် သူက အခွင့်အရေး မပေးဘဲ ဦးခေါင်းကို ချက်ချင်း ဖျက်ဆီးပစ်လိုက်တာ ဖြစ်သည်။
"မီဇူကီး"
အခြား ဂျပန် စွမ်းရည်ပိုင်ရှင် တစ်ယောက်ဖြစ်တဲ့ ယာမာရှီတာကတော့ သူ့သူငယ်ချင်းအတွက် ဝမ်းနည်းဒေါသထွက်ကာ မျက်လုံးတွေ နီရဲလာပြီး ဂျပန်လိုပါ ဆဲဆိုလိုက်တော့သည်။ "ဘာကာ မင်းကို ငါ သတ်မယ်"
သူတို့ နှစ်ယောက်က ပေါင်းပြီး ထပ်မံ တိုက်ခိုက်လာကြသည်။ သုံးယောက်တောင်မှ ရှုကျင်းမင်ကို မနိုင်တာ အခု လူတစ်ယောက် လျော့သွားပြီဆိုတော့ ပိုလို့တောင် မဖြစ်နိုင်တော့ပေ။ ဒါကြောင့် နောက်ထပ် မိနစ်အနည်းငယ် အကြာမှာပဲ ရှုကျင်းမင်က ဒီဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် နှစ်ယောက်လုံးကို ဆက်တိုက် သတ်ဖြတ်ပစ်လိုက်ပါတော့သည်။
"သူတို့... အကုန် သေကုန်ပြီလား"
တောအုပ်ထဲတွင် မိုးကြိုးနှင့် မီးတောက်တွေ ရောယှက်နေသည်။ လှံရှည်ကို ကိုင်စွဲကာ ခန္ဓာကိုယ်မှ လျှပ်စီးတန်းတွေ တဖျစ်ဖျစ် မြည်နေတဲ့ ရှုကျင်းမင်ဟာ ထိုနေရာမှာ မတ်မတ်ရပ်နေပြီး လူသားပုံစံ စက်ရုပ်တစ်ကောင်နဲ့ ဆင်တူနေသည်။ ပတ်ဝန်းကျင်တွင် အလောင်း လေးလောင်းမှာ သွေးအိုင်ထဲတွင် လဲလျောင်းနေကြသည်။
တစ်ဖက်မှာတော့ မိုးကြိုးထောင်ချောက်ထဲမှာ ပိတ်မိနေတဲ့ ဆာကူရာဂီ ရင်းကတော့ ဒီမြင်ကွင်းကို မယုံနိုင်စရာ အဖြစ်အပျက် တစ်ခုလို ငေးကြည့်နေရရှာသည်။ ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် သုံးယောက် ပေါင်းတာတောင် ရှုကျင်းမင်ကို မနိုင်ဘူးလို့ ဘယ်သူက ထင်ထားမှာလဲ။ အခုတော့ သူတို့အားလုံး သုတ်သင်ခြင်း ခံလိုက်ရသည်။
"နောက်တစ်ယောက်... မင်းအလှည့်ပဲ"
ရှုကျင်းမင်က အဆုတ်ထဲမှ လေပုပ်တွေကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး ဆာကူရာဂီ ရင်းထံသို့ လျှောက်သွားလိုက်သည်။ ညနေ ခြောက်နာရီ ဝန်းကျင် ဖြစ်သဖြင့် အပျက်အစီး နယ်မြေ၏ အလင်းရောင်မှာ တောက်ပနေပြီး အလင်းကို ကျောခိုင်းကာ လျှောက်လာသည့် မြင်ကွင်းက ခန့်ညားလှသည်။ ဆာကူရာဂီ ရင်းရဲ့ အမြင်မှာတော့ ရှုကျင်းမင်ရဲ့ ရုပ်သွင်ကိုတောင် သေချာ မမြင်ရတော့ပေ။ ဒါတောင်မှ မီတာ နှစ် မီတာကျော်တဲ့ ပြင်းထန်လှတဲ့ ခန္ဓာကိုယ်ကြီးနဲ့ သွေးစွန်းနေတဲ့ အနက်ရောင် လှံရှည်ကြီးက သူမကို အကြီးအကျယ် ဖိအားပေးနေခဲ့သည်။
မိုးကြိုးတွေ ပြည့်နှက်နေတဲ့ အထက်စီးက စိုက်ကြည့်နေတဲ့ ရွှေရောင် နဂါးမျက်ဝန်းတွေက သူမကို ကြီးမားတဲ့ ထိတ်လန့်မှုကို ပေးစွမ်းနေသည်။ အရင်တုန်းကတော့ သူမရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြောင့် ရွယ်တူ အမျိုးသားတွေက သူမကို အထူးတလည် ဆက်ဆံလေ့ ရှိကြသည်။ ထျန်းယွီ သိုင်းသင်တန်းကျောင်းက ပြိုင်ဘက်တွေတောင် သူမကိုဆိုရင် အလျှော့ပေးတတ်ကြသည်။ သို့သော် ရှုကျင်းမင်ရဲ့ မျက်လုံးထဲမှာတော့ သူမအတွက် သနားစိတ် အစအနတောင် မတွေ့ရဘဲ ကြောက်စရာကောင်းတဲ့ လူသတ်အငွေ့အသက်တွေကိုသာ ခံစားနေရသည်။
သေခြင်းတရားရဲ့ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် သူမ၏ နှလုံးခုန်သံတွေ မြန်လာပြီး မောဟိုက်လာကာ သူမ၏ လည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးကို ဆွဲဖြတ်လိုက်တော့သည်။ ချက်ချင်းဆိုသလိုပင် ထူထဲလှသော စွမ်းအင်တွေ ပါဝင်နေသည့် အကာအကွယ် ဒိုင်းလွှာတစ်ခုက သူမကို လွှမ်းခြုံသွားတော့သည်။
"ကာကွယ်ရေး လက်ဖွဲ့လား"
ရှုကျင်းမင်က မျက်မှောင်ကြုတ်လိုက်သည်။ "အီဗာ... အဲဒါ ဘယ်အဆင့်လဲ ဆိုတာ ခွဲခြမ်းစိတ်ဖြာပေး"
"စွမ်းအင် အတက်အကျတွေကို ကြည့်ရသလောက်တော့ ဒါဟာ အနည်းဆုံး အဋ္ဌမအဆင့် ကာကွယ်ရေး လက်ဖွဲ့ပဲ ဖြစ်ရမယ်" အီဗာ၏ အသံက နားထဲသို့ ရောက်လာသည်။
"အဋ္ဌမအဆင့် ကာကွယ်ရေး လက်ဖွဲ့လား... ဒါက နည်းနည်းတော့ အလုပ်ရှုပ်သွားပြီ"
ရှုကျင်းမင်က သူ၏ SSအဆင့် ကောင်းကင်မိုးကြိုးနဲ့ တိုက်ခိုက်ကြည့်သော်လည်း အကာအကွယ် ဒိုင်းတစ်ခုလုံးမှာ တုန်ခါခြင်း အစအနတောင် မရှိခဲ့ပေ။
"အားစိုက်မနေပါနဲ့တော့... ဒါက အဋ္ဌမအဆင့် ကာကွယ်ရေး လက်ဖွဲ့ ဖြစ်ပြီး သုံးနာရီလောက် ခံပါတယ်... ရှင် ဘယ်လိုမှ မဖျက်နိုင်ပါဘူး"
ကာကွယ်ရေးလက်ဖွဲ့ရဲ့ အကာအကွယ်ကို ရရှိသွားတော့မှ ဆာကူရာဂီ ရင်းမှာ လုံခြုံမှု ခံစားချက်ကို ရရှိသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲမှာ နောင်တတွေလည်း ပေါ်လာမိသည်။ ရှုကျင်းမင် ဒီလောက် သန်မာမှန်း သိခဲ့ရင် မာ့ခ်စပြီး တိုက်ခိုက်ကတည်းက သူမအနေနဲ့ ထျန်းယွီ သိုင်းသင်တန်းကျောင်းက လူတွေကို ခေါ်ပြီး ထွက်ပြေးခဲ့သင့်သည်။ အခုတော့ အဖိုးတန်လှတဲ့ အဋ္ဌမအဆင့် ကာကွယ်ရေး လက်ဖွဲ့ကို သုံးလိုက်ရတဲ့အပြင် ဆရာကြီး သုံးယောက်လည်း အသက်ပေးလိုက်ရသည်။ ကံကောင်းလို့သာ ဒီလက်ဖွဲ့ ရှိနေလို့ သူမ အသတ်မခံရတာ ဖြစ်သည်။
***