အဋ္ဌမအဆင့် ကာကွယ်ရေး လက်ဖွဲ့က ဆာကူရာနိုင်ငံ၏ Sအဆင့် စွမ်းရည်ပိုင်ရှင် နိုးထသူ တစ်ဦးဖြစ်သည့် ဆာကူရာဂီ ရင်း ပိုင်ဆိုင်သမျှထဲတွင် အစွမ်းအထက်ဆုံး အသက်ကယ် ဝှက်ဖဲ ဖြစ်သည်။ သူမက ဤလက်ဖွဲ့ကို သတ္တမအဆင့် ဆရာသခင်အဆင့်ရှိသူများနှင့် တွေ့မှသာ အသုံးပြုရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ စတုတ္ထအဆင့်မြင့် စွမ်းရည်ပိုင်ရှင်လေး တစ်ယောက်ကြောင့်နှင့်တင် သူမ၏ အဖိုးတန်လှသော ဝှက်ဖဲကို သုံးလိုက်ရသည်။
"ဒီလူက တကယ့်ကို ကြောက်စရာကောင်းတာပဲ"
ဆာကူရာဂီ ရင်းက အသက်ကို ပြင်းပြင်းရှူကာ စိတ်ထဲရှိ ထိတ်လန့်မှုများကို အတင်းအကျပ် မောင်းထုတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"ငါတို့ ထျန်းယွီ သိုင်းသင်တန်းကျောင်းက အဖွဲ့တွေဟာ ဒီနေရာမှာပဲ နှစ်နာရီခြား တစ်ခါ ဆုံရပ် သတ်မှတ်ထားတာ။ အခု နောက်တစ်ကြိမ် ဆုံဖို့က ၁၀ မိနစ်တောင် မလိုတော့ဘူး"
"ဒါကြောင့် ရှင့်ကို အခုချက်ချင်း ထွက်သွားဖို့ အကြံပေးချင်တယ် အကယ်၍ အဖွဲ့တွေ ပြန်ဆုံတဲ့အခါ ကျွန်မတို့အဖွဲ့ ရောက်မလာတာကို သူတို့ သိသွားရင် ချက်ချင်း လိုက်ရှာကြတော့မှာ... အဲဒီအခါကျရင် ဒီနေရာကို သူတို့ တွေ့သွားလိမ့်မယ်"
"ရှင်က ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် သုံးယောက်ကို ကိုင်တွယ်နိုင်ပေမဲ့ တို့ ထျန်းယွီ သိုင်းသင်တန်းကျောင်း တစ်ခုလုံးက ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် ဆယ်ယောက်ကျော်ကိုတော့ ရှင် ဘယ်လိုမှ မနိုင်နိုင်ဘူး... ဟုတ်တယ် မဟုတ်လား"
အမှန်တကယ်တော့ သူမ၏ အဋ္ဌမအဆင့် ကာကွယ်ရေး လက်ဖွဲ့က တစ်နာရီသာ ခံနိုင်ရည် ရှိခြင်း ဖြစ်သည်။ နောက်တစ်ကြိမ် အဖွဲ့များ ပြန်လည် ဆုံစည်းရန်မှာလည်း မိနစ် လေးဆယ်ကျော် လိုသေးသည်။ ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ လူများ တစ်ခုခု မှားယွင်းနေသည်ကို သိရှိသွားချိန်တွင် သူမ၌ ရှာဖွေခံရရန် မိနစ် တစ်ဆယ်ခန့်သာ အချိန်ကျန်တော့မည် ဖြစ်သည်။ ထိုမျှ တိုတောင်းလှသော အချိန်အတွင်း ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ လူများ သူမကို ရှာတွေ့နိုင်မလား ဆိုသည်မှာ သူမ ကိုယ်တိုင်လည်း မသေချာလှပေ။ ထို့ကြောင့် သူမ တတ်နိုင်သည်မှာ ရှုကျင်းမင်ကို ခြောက်လှန့်၍ မောင်းထုတ်ရန်သာ ရှိတော့သည်။
"နှစ်နာရီခြား တစ်ခါ ဆုံကြတယ် ဟုတ်လား"
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှုကျင်းမင်က ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ ဆာကူရာဂီ ရင်း၏ စကားထဲတွင် မဟုတ်မမှန်မှုများ ပါဝင်နေသည်ကို သူ သိထားသော်လည်း လောင်းကြေး မထပ်ရဲပေ။ သူက လက်ရှိတွင် ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင် ဆယ်ယောက်ကျော်ကို တစ်ပြိုင်တည်း ရင်ဆိုင်နိုင်စွမ်း မရှိသေးပေ။ အကယ်၍ ဆာကူရာဂီ ရင်းကိုသာ လွတ်မြောက်ခွင့် ပေးလိုက်မည်ဆိုလျှင် သူမက အဓိက အဖွဲ့နှင့် ပြန်လည် ပူးပေါင်းပြီးနောက် သူ့ကို ပြန်လည် အမဲလိုက်ပေလိမ့်မည်။ ထိုသို့ လိုက်လံ ဖမ်းဆီးခြင်းကြောင့် သူ အဖမ်းခံရမည် မဟုတ်သော်လည်း သားရဲများကို အမဲလိုက်၍ စွမ်းရည်အမှတ်များ စုဆောင်းမည့် သူ၏ အစီအစဉ်ကိုမူ သိသိသာသာ နှောင့်နှေးသွားစေမည် ဖြစ်သည်။ အကောင်းဆုံး နည်းလမ်းမှာ သူမကို သတ်ပစ်ပြီး နှုတ်ပိတ်လိုက်ရန်သာ ရှိတော့သည်။
"ကာကွယ်ရေး လက်ဖွဲ့ကို ကျော်ဖြတ်ပြီး အတွင်းထဲကို တိုက်ရိုက် ဝင်နိုင်မယ့် နည်းလမ်းသာ ရှိရင် ကောင်းမှာပဲ"
ရှုကျင်းမင်က စဉ်းစားနေစဉ်မှာပင် တစ်ခုခုကို ရုတ်တရက် သတိရလိုက်သည်။
“ဟင်းလင်းပြင် သားရဲအရိုး”
ဤအရာကို အသုံးပြုလျှင် အတွင်းထဲသို့ ဝင်ရောက်နိုင်ကောင်း ဝင်ရောက်နိုင်ပေလိမ့်မည်။ သူက ဝေခွဲမနေတော့ဘဲ ဟင်းလင်းပြင် လက်စွပ်ထဲမှ သားရဲအရိုးကို ထုတ်လိုက်ကာ သူ၏ သွေးစွမ်းအင်များကို အရိုးထဲသို့ ထည့်သွင်းလိုက်သည်။
"ရှင် ဘာလုပ်မလို့လဲ အဋ္ဌမအဆင့် ကာကွယ်ရေး လက်ဖွဲ့ဆိုတာ ရှင့်လို စတုတ္ထအဆင့်မြင့် စွမ်းရည်ပိုင်ရှင်လေး တစ်ယောက် ဖျက်ဆီးနိုင်တဲ့ အရာ မဟုတ်ဘူးနော်"
ရှုကျင်းမင်၏ လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ ဆာကူရာဂီ ရင်း၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် ချက်ချင်း သတိပေးလိုက်သည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် ရှုကျင်းမင်၏ ပုံရိပ်က သားရဲအရိုးနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားသည်ကို သူမ တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ကာကွယ်ရေး လက်ဖွဲ့၏ အကာအကွယ် ဒိုင်းအတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားပြီး သူမနှင့် ၁၀ မီတာပင် မဝေးတော့သည့် နေရာတွင် ပေါ်လာတော့သည်။
"အောင်မြင်သွားပြီ"
ရှုကျင်းမင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ တောက်ပလှသော ရွှေရောင် နဂါးမျက်ဝန်းများဖြင့် ဆာကူရာဂီ ရင်းကို ကြည့်လိုက်သည်။
"ကျုပ်က ကာကွယ်ရေး လက်ဖွဲ့ကို မဖျက်နိုင်ပေမဲ့ အတွင်းထဲကိုတော့ တိုက်ရိုက် ဝင်လာနိုင်တယ်လေ"
ကျောင်းတက်နေစဉ်ကတည်းက ရှုကျင်းမင်သည် နဝမအဆင့်ရှိသော ဤဟင်းလင်းပြင် အမျိုးအစား သားရဲဘုရင်၏ အရိုးကို အသုံးပြုပုံကို ကျွမ်းကျင်ထားပြီးသား ဖြစ်သည်။ ယခု မြင်တွေ့လိုက်ရသော ဟင်းလင်းပြင် နေရာရွှေ့ပြောင်းမှုမှာ အခြေခံ အကျဆုံး အသုံးချမှုသာ ရှိသေးသည်။
"ဟင်းလင်းပြင် စွမ်းရည်လား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဆာကူရာဂီ ရင်း၏ မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့သော အမူအရာများ ပေါ်လာတော့သည်။
မဟာနွေရာသီတိုင်းပြည်က ဒီSSအဆင့် စွမ်းရည်ပိုင်ရှင်ကို ဤမျှအထိ ကာကွယ်ပေးထားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဟင်းလင်းပြင် စွမ်းရည်ပါဝင်သည့် ဤမျှ အဖိုးတန်လှသော ရတနာကိုပင် သူ့အား အသုံးပြုခွင့် ပေးထားလိမ့်မည်ဟု သူမ တွေးမထားခဲ့မိပေ။
"ရှင်နီဂါမီ... နှင်းမယ်တော်"
"ရှင်နီဂါမီ... မျက်လုံးတစ်ရာ မိစ္ဆာ"
"ရှင်နီဂါမီ... လေဓားရှပ်"
ဆာကူရာနိုင်ငံ၏ Sအဆင့် စွမ်းရည်ပိုင်ရှင် ဖြစ်သူ ဆာကူရာဂီ ရင်းက အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်သည်မှာ သိသာလှသည်။ ယခုအချိန်က သေရေးရှင်ရေး အရေးကြီးသော အခိုက်အတန့် ဖြစ်နေမှန်း သိသဖြင့် သူမက ပဉ္စမအဆင့် သွေးသောင်းကျန်းဆေးလုံးတစ်လုံးကို ချက်ချင်း မျိုချလိုက်တော့သည်။
သူမ၏ အရှိန်အဝါက ပဉ္စမအဆင့်နိမ့်မှ ပဉ္စမအဆင့်လတ်သို့ ချက်ချင်းဆိုသလို မြင့်တက်သွားတော့သည်။ ပုံသဏ္ဌာန် အမျိုးမျိုးရှိသော ရှင်နီဂါမီ ဆယ်ကောင်ကျော်ကို ထပ်မံ ဆင့်ခေါ်လိုက်ပြန်သည်။ မူလက ပဉ္စမအဆင့်လတ် အရှိန်အဝါသာ ရှိကြသော ရှင်နီဂါမီများက ယခုအခါ ပဉ္စမအဆင့်မြင့် အရှိန်အဝါသို့ အတူတကွ မြင့်တက်သွားကြသည်။
အစွမ်းအထက်ဆုံး ဖြစ်သည့် နှင်းမယ်တော် ရှင်နီဂါမီ၏ အရှိန်အဝါမှာမူ ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ဆဋ္ဌမအဆင့်ကိုပင် ထိတွေ့လုနီးပါး ဖြစ်နေသည်။ နှင်းမယ်တော်ထံမှ အရိုးကွဲမတတ် အေးစက်လှသော အငွေ့အသက်များ ရုတ်တရက် ပျံ့နှံ့လာသဖြင့် ပတ်ဝန်းကျင်ရှိ မြေပြင်နှင့် သစ်ပင်များမှာ ခဲသွားကြရသည်။ နှင်းမယ်တော် အပြင် အခြားသော ရှင်နီဂါမီများကလည်း သူတို့၏ စွမ်းရည်များကို အသက်သွင်းလိုက်ကြသဖြင့် ထိုနေရာ၏ အရှိန်အဝါမှာ အံ့ဩစရာ ကောင်းနေတော့သည်။
"အဆင့်မြင့် ပဉ္စမအဆင့် သွေးသောင်းကျန်းဆေးလုံးလား... ဆာကူရာနိုင်ငံရဲ့ Sအဆင့် စွမ်းရည်ပိုင်ရှင် ဆိုတော့လည်း ဝှက်ဖဲတွေ တော်တော်များသားပဲ"
သာမန် ပဉ္စမအဆင့် သွေးသောင်းကျန်းဆေးလုံးက ဤမျှအထိ အစွမ်းမထက်နိုင်ပေ။ ထူးခြားသော အာနိသင်ရှိသည့် စိတ်ကြိုက် ဖော်စပ်ထားသော ဆေးလုံးမျိုးသာလျှင် ဤမျှအထိ စွမ်းဆောင်နိုင်မည် ဖြစ်သည်။
"ဒါပေမဲ့ ကံမကောင်းတာကတော့ ခင်ဗျား ကျုပ်ကို တားနိုင်မှာ မဟုတ်ဘူး"
လှပလှသော လေလွင့်တိမ်တိုက် ရွှေရောင်လှံကို ကိုင်စွဲကာ ရှုကျင်းမင် နောက်တစ်ကြိမ် ထိုးစစ်ဆင်လိုက်ပြန်သည်။ စောစောက လူသုံးယောက်နှင့် တိုက်ပွဲတွင် သူ၏ စွမ်းအားနှင့် ခွန်အားများ အတော်များများ ကုန်ခမ်းခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း ကျန်ရှိနေသော စွမ်းအားများက ဆာကူရာဂီ ရင်းကို ကိုင်တွယ်ရန် လုံလောက်နေသေးသည်။
အမှန်တကယ်လည်း ထိုအတိုင်းပင်။ ဤရှင်နီဂါမီ ဆယ်ကောင်ကျော်မှာ သူတို့ သခင်ကြောင့် အရှိန်အဝါများ မြင့်တက်လာကြသော်လည်း သူတို့၏ အလုံးစုံသော စွမ်းအားမှာ သာမန် ဆဋ္ဌမအဆင့်နိမ့် သိုင်းပညာရှင် တစ်ဦးနှင့်သာ နှိုင်းယှဉ်နိုင်သည်။ သို့သော်လည်း ရှုကျင်းမင်၏ မိုးကြိုးအထွတ်အထိပ် အခြေအနေ အောက်တွင်မူ ၎င်းတို့မှာ တစ်ဖက်သတ် ချေမှုန်းခြင်းကိုသာ ခံလိုက်ရတော့သည်။ တစ်မိနစ်ပင် မပြည့်မီမှာပင် ရှုကျင်းမင်သည် ရှင်နီဂါမီ အားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။
"မ... မသတ်ပါနဲ့ ကျွန်မက ဂျပန်ရဲ့ Sအဆင့် စွမ်းရည်ပိုင်ရှင်ပါ ရှင်လိုချင်တာ အကုန်ပေးပါ့မယ်"
ဤအချိန်တွင် ဆာကူရာဂီ ရင်း၌ အသုံးပြုရန် ဝှက်ဖဲ တစ်ခုမှ မကျန်တော့ပေ။ ရှုကျင်းမင်ကို သူမ ဘယ်လိုမှ မကိုင်တွယ်နိုင်တော့မှန်း သိလိုက်ရသောအခါ သူမသည် အကျိုးအမြတ်များဖြင့် ဆွဲဆောင်ရန်သာ တတ်နိုင်တော့သည်။
"ငွေကြေး၊ အာဏာ၊ လှပတဲ့ အမျိုးသမီးတွေ... ကျွန်မမှာ အကုန်ရှိပါတယ်... ကျေးဇူးပြုပြီး... ကျွန်မကို မသတ်ပါနဲ့"
သူမ စကားပြောနေစဉ်မှာပင် တိုက်ပွဲဝင်ဝတ်စုံအောက်မှ သူမ၏ လှပလှသော ခြေထောက်အစုံမှာ အလိုအလျောက် တုန်ယင်လာတော့သည်။ ဒါဟာ သေခြင်းတရားရဲ့ ပြင်းထန်လှတဲ့ ဖိအားတွေအောက်မှာ လူသားတွေ ဖြစ်ပေါ်တတ်တဲ့ သဘာဝ တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။
"မဟာနွေရာသီတိုင်းပြည်ရဲ့ SSအဆင့် စွမ်းရည်ပိုင်ရှင် တစ်ယောက်မှာ အဲဒီလို အရာတွေ လိုအပ်နေလိမ့်မယ်လို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား"
လေလွင့်တိမ်တိုက် ရွှေရောင်လှံကို ကိုင်စွဲကာ ရှုကျင်းမင်က အေးစက်စွာ ပြောလိုက်သည်။ "ဒါကြောင့်... ကျေးဇူးပြုပြီး သေပေးလိုက်ပါတော့"
ဆာကူရာဂီ ရင်းက အစပိုင်းတွင် သူ့အပေါ် သတ်ဖြတ်လိုစိတ် မရှိခဲ့သည်ကို ရှုကျင်းမင် သိထားပါသည်။ သို့သော်လည်း သူတို့၏ ရပ်တည်ချက်ချင်း မတူညီမှုကြောင့် ရှုကျင်းမင်အနေဖြင့် သူမကို အရှင်ထားရန် မဖြစ်နိုင်ပေ။
“မလုပ်ပါနဲ့...”
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးတန်းများ တဖျစ်ဖျစ် မြည်နေသည့် လှံဦးက ဝိညာဉ်တစ်ခုအလား သူမထံသို့ ထိုးစိုက်လာတော့သည်။ ထိုအခိုက်အတန့်တွင် ဆာကူရာဂီ ရင်းက အချိန်ကာလကြီးတစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ သူမ မွေးဖွားလာချိန်မှစ၍ ကျောင်းတက်ခြင်း၊ စွမ်းရည်များ နိုးထလာခြင်း၊ ထျန်းယွီ သိုင်းသင်တန်းကျောင်း၏ အဖွဲ့ဝင် ဖြစ်လာခြင်းအထိ အရာအားလုံးကို ပြန်လည် မြင်ယောင်လာမိသည်။ နောက်ဆုံးတွင် သူမက နတ်ဘုရားမ ဟု ဘွဲ့ထူးပေးခံရကာ ဆာကူရာတစ်နိုင်ငံလုံး၏ အချစ်တော် ဖြစ်လာခဲ့ရသည်။
အခုတော့ သူမ သေခြင်းတရားနဲ့ ရင်ဆိုင်နေရသည်။ ဤအရာအားလုံးက သူမ၏ စိတ်အာရုံထဲတွင် လှည့်ပတ်နေသော မီးအိမ်တစ်ခုအလား ဖြတ်သန်းသွားတော့သည်။
“ငါ တကယ်ပဲ သေတော့မှာလား...”
ထိုသို့ တွေးလိုက်မိချိန်မှာပင် သူမ၏ စိတ်ထဲတွင် ပြင်းထန်လှသော နာကျည်းမှုများ ဖြစ်ပေါ်လာတော့သည်။
“မဟုတ်ဘူး ငါ မသေနိုင်ဘူး ငါ လုပ်စရာတွေ အများကြီး ကျန်သေးတယ် ငါ့ရဲ့ ရည်မှန်းချက်တွေ မအောင်မြင်သေးဘူး...”
ပြင်းပြလှသော ရှင်သန်လိုစိတ်က ဆာကူရာဂီ ရင်း၏ နှလုံးသားထဲတွင် ပေါက်ကွဲလာတော့သည်။ သူမက အားကိုးရာမဲ့စွာဖြင့် အော်ဟစ်လိုက်တော့သည်။
"မဟာနွေရာသီတိုင်းပြည်ရဲ့ SSအဆင့်... ရှင့်အနေနဲ့ ကျွန်မရဲ့ အသက်ကို ချမ်းသာပေးမယ်ဆိုရင် ရှင့်ရဲ့ လက်အောက်ခံဖြစ်ဖို့ ကျွန်မ အဆင်သင့်ပါပဲ"
ရှိုက်သံ အနည်းငယ် ပါဝင်နေသည့် ကြည်လင် ပြတ်သားလှသော အော်ဟစ်သံက တောအုပ်ထဲတွင် ဟိန်းထွက်သွားတော့သည်။ မိုးကြိုးတန်းတွေ တဖျစ်ဖျစ် မြည်နေတဲ့ ထက်မြက်လှတဲ့ လှံဦးက ဆာကူရာဂီ ရင်း၏ ဖြူစင်လှသော နဖူးပြင်နှင့် ငါးစင်တီမီတာ၊ ခြောက်စင်တီမီတာခန့် အကွာတွင် နောက်ဆုံး၌ ရပ်တန့်သွားတော့သည်။
"လက်အောက်ခံ ဖြစ်မယ် ဟုတ်လား"
ရှုကျင်းမင်က အရှိန်အဝါ ပြင်းလှသော သူ၏ နဂါးမျက်ဝန်းများဖြင့် သူမကို အံ့ဩတကြား ကြည့်လိုက်မိတော့သည်။
***