“နတ်ဘုရားမ...”
ဆာကူရာနိုင်ငံ၏ အမြင့်မြတ်ဆုံးနှင့် အစင်ကြယ်ဆုံးသော နတ်ဘုရားမ၊ မရေမတွက်နိုင်သော လူငယ်များ၏ အသည်းစွဲ အိုင်ဒေါဖြစ်သူမှာ ယခုအခါ ရှုကျင်းမင်၏ ရှေ့မှောက်တွင် အလွန်ပင် အရှက်ရဖွယ် ကောင်းသော ပုံစံဖြင့် ဒူးထောက်နေရသည်။ အကယ်၍ ဆာကူရာနိုင်ငံသားများသာ ဤမြင်ကွင်းကို မြင်တွေ့သွားပါက သူတို့၏ ကမ္ဘာကြီး တစ်ခုလုံး ပြောင်းပြန်လှန်ခံလိုက်ရသလို ခံစားရမှာဖြစ်ပြီး ယုံကြည်နိုင်ရန်ပင် ခဲယဉ်းပေလိမ့်မည်။ သို့သော်လည်း ဤအရာမှာ ငြင်းမရသော အမှန်တရားပင် ဖြစ်သည်။
"ဒါက..." ရှုကျင်းမင်ကိုယ်တိုင်လည်း အနည်းငယ် အံ့အားသင့်သွားရသည်။
သူက ဤအရာမှာ ထောင်ချောက်တစ်ခု ဖြစ်နိုင်သည်ဟု စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ ဆာကူရာဂီ ရင်း၏ အသက်ကို အကြွင်းမဲ့ ထိန်းချုပ်နိုင်သည့် ပြောင်းပြန်စာချုပ် ဖြစ်နေခဲ့သည်။ ထို့အပြင် ရလဒ်မှာ သူထင်ထားသည်ထက်ပင် ပိုကောင်းနေသေးသည်။ စိတ်ကူးတစ်ချက်ဖြင့်ပင် သူမ၏ အသက်ကို နှုတ်ယူနိုင်ရုံသာမက ဤစာချုပ်မှတစ်ဆင့် ဆာကူရာဂီ ရင်း၏ စိတ်ခံစားချက်များကိုပါ သူ ဝေဝေဝါးဝါး ခံစားနေရသည်။ သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုနှင့် အရှက်တရားတို့က လွှမ်းမိုးနေပြီး တစ်ဖက်တွင်လည်း တပ်မက်မှုအချို့ကို ဖိနှိပ်ထားကြောင်း သူ သိလိုက်ရသည်။
“ဟမ်...”
ရှေ့က ခံစားချက်နှစ်ခုကို သူ နားလည်နိုင်သော်လည်း နောက်ကွယ်မှ တပ်မက်မှုဆိုသည်မှာ အဘယ်နည်း။ ရှုကျင်းမင်က ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို အလေးအနက် မစဉ်းစားတော့ဘဲ ဆာကူရာဂီ ရင်းကို ပြောလိုက်သည်။
"ကိုယ့်အသက်ကို သူများလက်ထဲ အပ်နှံလိုက်ရတာက ချက်ချင်း အသတ်ခံလိုက်ရတာထက် ပိုပြီး နာကျင်ရလိမ့်မယ်... မင်းမှာ မပြီးဆုံးသေးတဲ့ ရည်မှန်းချက်တွေ ရှိနေလို့သာ ဒီလိုလုပ်တာဆိုတာ ငါ သိတယ် ဒါပေမဲ့ ငါကတော့ အဲဒါတွေကို ဂရုမစိုက်ဘူး... ငါ လိုချင်တာ မင်းရဲ့ သစ္စာရှိမှုပဲ"
ရှုကျင်းမင်က Sအဆင့် စွမ်းရည်ပိုင်ရှင်တစ်ဦးကို သူ့အလှအပနှင့် တင်ပါးဆုံအောက် ဒူးထောက်ခိုင်းနိုင်လောက်အောင် သူကိုယ်သူ ဆွဲဆောင်မှုရှိသည်ဟု မထင်ပေ။ အထူးသဖြင့် သူ၏ ယခုရုပ်သွင်နှင့်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ အခြေအနေများ ဤသို့ ဖြစ်လာပြီးနောက် ဆာကူရာဂီ ရင်း၌ သူမအသက်ထက်ပင် ပို၍ တန်ဖိုးထားသော အရာတစ်ခုအပေါ် အစွန်းရောက်သော စွဲလန်းမှုရှိနေကြောင်း သူ သဘောပေါက်လိုက်သည်။
"ဒူးထောက်မနေနဲ့တော့... ထတော့" ရှုကျင်းမင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
အမှန်အတိုင်းပြောရလျှင် ဆာကူရာဂီ ရင်း၏ ယခုကဲ့သို့ ပြုမူပုံကို သူ အသားမကျသေးပေ။ အထူးသဖြင့် တစ်ဖက်လူမှာ ဘက်စုံတော်ပြီး အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေသောကြောင့်ပင်။
"ကျေးဇူးတင်ပါတယ် သခင်"
သူမ၏ အသက်အန္တရာယ်မှာ ယာယီအားဖြင့် ကင်းဝေးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဆာကူရာဂီ ရင်းက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမက မြေပြင်မှ ထရပ်လိုက်ပြီး အလွန်အမင်း ရိုသေစွာဖြင့် ပြောလိုက်သည်။ "သခင် ကျွန်မကို ဘာလုပ်စေချင်ပါသလဲ... အမိန့်သာပေးပါ ကျွန်မ အစွမ်းကုန် ကြိုးစားပြီး ဖြည့်ဆည်းပေးပါ့မယ်"
ပြောင်းပြန်စာချုပ် ချုပ်ဆိုပြီးပြီဖြစ်ရာ နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ ဆာကူရာဂီ ရင်းက သူမ၏ အခန်းကဏ္ဍသစ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားပြီး တိုးညင်းစွာ မေးလိုက်သည်။ ပြင်းထန်သော တိုက်ပွဲအပြီးတွင် သူမ၏ တိုက်ပွဲဝင်ဝတ်စုံမှာ ချွေးများဖြင့် စိုရွှဲနေပြီး ခန္ဓာကိုယ်နှင့် ကပ်နေသောကြောင့် သူမ၏ လှပသော အကောက်အဆက်များကို အထင်သား ပေါ်လွင်စေသည်။ မည်သည့် တောင်းဆိုမှုကိုမဆို ဖြည့်ဆည်းပေးမည်ဟူသော စကားနှင့် ပေါင်းစပ်လိုက်ပါက လူတို့၏ စိတ်ကူးစိတ်သန်းများကို နိုးဆွရန် လုံလောက်လှပေသည်။ ရှုကျင်းမင်က ခေတ္တမျှ စဉ်းစားပြီးနောက် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"မင်း လုပ်ရမှာက ရိုးရှင်းပါတယ်... အစွမ်းကုန် ကျင့်ကြံပြီး ထျန်းယွီ သိုင်းသင်တန်းကျောင်းကို ထိန်းချုပ်ရမယ်... ဖြစ်နိုင်ရင် ဆာကူရာနိုင်ငံ တစ်ခုလုံးကိုပါ မင်းလက်အောက် ရောက်အောင် လုပ်ရမယ်"
တကယ်တော့ သူ ဤကမ္ဘာသို့ ကူးပြောင်းလာကတည်းက သူ့မှာ ရည်မှန်းချက် နှစ်ခုသာ ရှိခဲ့သည်။ ပထမတစ်ခုမှာ ကမ္ဘာ့အထွတ်အထိပ်သို့ ရောက်ရှိရန်နှင့် မိသားစု၊ သူငယ်ချင်းများ၏ လုံခြုံရေးကို အာမခံချက်ပေးနိုင်ရန် ဖြစ်သည်။ ဒုတိယတစ်ခုမှာ ကမ္ဘာပေါ်ရှိ သားရဲများအားလုံးကို သုတ်သင်ရှင်းလင်းရန် ဖြစ်သည်။ ဤပန်းတိုင်နှစ်ခုလုံးမှာ အလွန်ခက်ခဲလှပြီး သူ့လက်ထဲတွင် System ရှိနေသော်လည်း အောင်မြင်ရန်မှာ မသေချာပေ။ ဆာကူရာဂီ ရင်းကို စာချုပ်ချုပ်ဆိုခြင်းမှာ နောင်တစ်ချိန်တွင် အားကိုးရမည့် အဖော်တစ်ဦး ရရှိရန်အတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးကို အသုံးချခြင်းသာ ဖြစ်သည်။ သူမမှတစ်ဆင့် ဆာကူရာနိုင်ငံ၏ အရင်းအမြစ်များကိုပါ သူ အသုံးချနိုင်ပေလိမ့်မည်။
အကယ်၍ သူသာ သားရဲအားလုံးကို တစ်ယောက်တည်း သုတ်သင်နိုင်လောက်အောင် အစွမ်းထက်လာပါက ဤအရန်စီမံချက်ကို လိုအပ်မည် မဟုတ်ပေ။ သို့သော်လည်း လမ်းခုလတ်တွင် သူ သေဆုံးသွားပါက အရာအားလုံးမှာလည်း အဆုံးသတ်သွားပေလိမ့်မည်။
"ဒါက..." ဆာကူရာဂီ ရင်းက အံ့ဩသွားရသည်။
သူမက ရှုကျင်းမင်ထံမှ မတရားသော တောင်းဆိုမှုများစွာကို ရင်ဆိုင်ရန် ပြင်ဆင်ထားသော်လည်း သူ၏ တောင်းဆိုချက်မှာ ဤမျှ ရိုးရှင်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တကယ်တော့ ထျန်းယွီ သိုင်းသင်တန်းကျောင်းနှင့် ဆာကူရာနိုင်ငံကို ထိန်းချုပ်ရန်မှာ သူမ၏ အန္တိမပန်းတိုင်ပင် မဟုတ်ပါလား။ ဆာကူရာဂီ ရင်းက သူမ၏ စိတ်ကို အမြန် ပြန်စုစည်းလိုက်ပြီး ရိုသေစွာ ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ"
ခေတ္တမျှ နားပြီးနောက် သူမက ရှုကျင်းမင်၏ အရှိန်အဝါကို သတိပြုမိသွားကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"သခင်... သခင်က စတုတ္ထအဆင့်နိမ့် စွမ်းရည်ပိုင်ရှင် မဟုတ်လားဟင်... အခု သခင် ထုတ်ပြနေတဲ့ စတုတ္ထအဆင့်မြင့် အရှိန်အဝါက ရုပ်ဖျက်ထားတာလား"
လွန်ခဲ့သော တစ်လခွဲခန့်ကမှ ရှုကျင်းမင်က စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အရှိန်အဝါကို ဖုံးကွယ်သည့် တိုက်ခိုက်ရေးနည်းစနစ်မှလွဲ၍ အခြားနည်းလမ်းကို သူမ စဉ်းစား၍ မရပေ။ သို့သော်လည်း ရှုကျင်းမင်၏ နောက်ထပ် အဖြေက သူမကို ဆွံ့အသွားစေသည်။
"မဟုတ်ဘူး... ငါ့ရဲ့ အဆင့်က တကယ်ကို စတုတ္ထအဆင့်မြင့်ပဲ"
"ဘာ..."
ဆာကူရာဂီ ရင်း၏ မျက်လုံးများမှာ ချက်ချင်းပင် ဝိုင်းစက်သွားပြီး နှုတ်ခမ်းအစုံမှာလည်း အံ့ဩမှုကြောင့် ဟသွားတော့သည်။ ရက်ပေါင်း ၅၀ ကျော်အတွင်းမှာတင် ရှုကျင်းမင်က အဆင့်နှစ်ဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်လား။ ဤတိုးတက်မှုနှုန်းမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ သူမအနေဖြင့် စတုတ္ထအဆင့်နိမ့်မှ အဆင့်မြင့်သို့ ရောက်ရန် တစ်နှစ်ခွဲခန့် အချိန်ယူခဲ့ရသည် မဟုတ်ပါလား။
"သခင်က တကယ်ကို ထူးခြားတဲ့ ပါရမီရှင်ပဲ"
သူမက အံ့ဩနေသော်လည်း တစ်ဖက်တွင်လည်း ဝမ်းသာမိသည်။ သူမအပေါ် အလွန်အကျွံ ကန့်သတ်ချုပ်ချယ်မှု မလုပ်သည့် အစွမ်းထက်သော သခင်တစ်ဦးကို ရရှိထားခြင်းမှာ ဆိုးရွားလှသည်တော့ မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ဆာကူရာဂီ ရင်းသည် အမေရိကန်က ရှုကျင်းမင်ကို အဘယ်ကြောင့် အသေအလဲ သတ်ချင်နေရသနည်းဆိုသည်ကို နားလည်သွားတော့သည်။ ဤပါရမီမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သူသာ အရှိန်အဟုန်ဖြင့် ကြီးထွားလာပါက မဟာနွေရာသီတိုင်းပြည်ကို ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး နိုင်ငံ ဖြစ်လာစေမှာ သေချာသည်။ ဆာကူရာဂီ ရင်းက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဆက်ပြောသည်။
"သခင်... ကျွန်မ အခု ထျန်းယွီ သိုင်းသင်တန်းကျောင်း အဖွဲ့ဆီ ပြန်သွားလို့ ရမလားဟင်"
ထျန်းယွီ သိုင်းသင်တန်းကျောင်းမှာ သူမ၏ အခြေခံဖြစ်ပြီး အားကောင်းလာရန်အတွက် ထိုနေရာမှ အရင်းအမြစ်များကို သူမ လိုအပ်သည်။
"မရဘူး... မင်းက ဒီအပျက်အစီးနယ်မြေ ခရီးစဉ် ပြီးဆုံးတဲ့အထိ ဒီဂူထဲမှာပဲ နေရမယ် ပြီးမှ ထျန်းယွီ အဖွဲ့နဲ့ ပြန်ဆုံရမယ်"
ရှုကျင်းမင်က ခေါင်းခါလိုက်ပြီး သူ၏ အနက်ရောင် လေလွင့်တိမ်တိုက် ရွှေရောင်လှံကို ပြန်လည် မြှောက်ကိုင်လိုက်သည်။
"ဒါ့အပြင် မင်း ထွက်ပြေးပြီး အကူအညီတောင်းမှာ စိုးရိမ်လို့ မင်းရဲ့ လက်ခြေတွေကို ငါ ချိုးထားရလိမ့်မယ်... ပြီးတော့ ပါးစပ်ကိုလည်း ပိတ်ထားရမယ်"
ဆာကူရာဂီ ရင်း၏ အသက်မှာ သူ့လက်ထဲတွင် ရှိနေပြီး သူမကိုယ်တိုင်လည်း သခင်ဟု ခေါ်ကာ အညံ့ခံနေသော်လည်း သူမ ဘာတွေးနေသလဲဆိုတာ မည်သူမျှ မသိနိုင်ပေ။ အကယ်၍ သူမက ကိုယ့်အသက်ကို ပဓာနမထားဘဲ ထျန်းယွီ အဖွဲ့ထံ သတင်းပို့လိုက်ပါက ဒုက္ခရောက်နိုင်ပေသည်။ သူက ဤအဖိုးတန်သော အချိန်များတွင် ထျန်းယွီ အဖွဲ့နှင့် တိုက်ခိုက်နေပြီး စွမ်းရည်အမှတ်များ စုဆောင်းရမည့် အချိန်ကို အဖြုန်းမခံလိုပေ။
ဆာကူရာဂီ ရင်းက ပဉ္စမအဆင့် သွေးသောင်းကျန်းဆေးလုံးကို သောက်သုံးထားပြီး ဆေးရှိန်ကုန်သွားပါက သူမက အချိန်အတော်ကြာအောင် စွမ်းရည်ကို သုံးနိုင်မှာ မဟုတ်တော့ပေ။ ထို့ကြောင့် သူမကို ဤဂူထဲတွင် ချုပ်နှောင်ထားခြင်းမှာ အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။ ပဉ္စမအဆင့် စွမ်းရည်ပိုင်ရှင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့်ဆိုလျှင် သုံးလေးရက်မှ တစ်ကြိမ် ရေနှင့် အစားအစာ ကျွေးရုံဖြင့် လုံလောက်ပေသည်။
"ရှင်..."
ဆာကူရာဂီ ရင်းက မျက်လုံးပြူးသွားပြီး ရှုကျင်းမင်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ ဤမျှအထိ စေ့စပ်သေချာပြီး ရက်စက်သော နည်းလမ်းများကို သုံးတတ်ခြင်းမှာ သူမကဲ့သို့ အကျဉ်းသားတစ်ဦးအတွက်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ လက်ခြေများ အချိုးခံရပြီး ပါးစပ်ပိတ်ကာ ဤဂူထဲတွင် ပစ်ထားခံရမည်ဟူသော အတွေးက သူမကို တုန်လှုပ်သွားစေသည်။ သူမက မသိမသာ တုန်ယင်သွားပြီး ပြောလိုက်သည်။
"ကျွန်မရဲ့ Sအဆင့် စွမ်းရည်ဖြစ်တဲ့ ရှင်နီဂါမီ နိုးထခြင်း က ရှင်နီဂါမီ တစ်ကောင်နဲ့ စာချုပ်ချုပ်ပြီးရင် ရှင်နီဂါမီ ဟင်းလင်းပြင်တစ်ခုကို ရရှိစေပါတယ်... ခုနက ပြောင်းပြန်စာချုပ် ချုပ်လိုက်တာကြောင့် ကျွန်မရဲ့ စိတ်ထဲမှာ ဟင်းလင်းပြင်တစ်ခု ဖြစ်ပေါ်လာပါပြီ သခင်... ကျွန်မကို တခြားသူတွေနဲ့ အဆက်အသွယ် ပြတ်သွားအောင် အဲဒီ ဟင်းလင်းပြင်ထဲမှာပဲ ထည့်ထားလို့ ရပါတယ်..."
***