ဂူအတွင်း၌ မီးရောင်အောက်တွင် တောင်ပုံရာပုံ ဖြစ်နေသော အကဲဖြတ် ခရစ္စတယ်များက တဖိတ်ဖိတ် တောက်ပနေကြသည်။
"၅၀၀၀၀ တောင်လား... ဒီလောက်တောင် များတာလား" ရှုကျင်းမင်က အံ့ဩသွားရသည်။
သူ့ကိုယ်တိုင်မှာပင် အကဲဖြတ် ခရစ္စတယ် တစ်ထောင်ခန့်သာ ရှိသေးသည်။ ထိုအရာများမှာလည်း အခြားစွမ်းရည်ပိုင်ရှင် အဖွဲ့များကို သတ်ဖြတ်ရာမှ ရရှိလာသော ပစ္စည်းများသာ ဖြစ်သည်။
"ဒီတစ်ခေါက် အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးထဲ ဝင်လာရတဲ့ ရည်ရွယ်ချက်က အကောင်းဆုံး ဆုလာဘ်ကို ရဖို့ပဲလေ... ဒါကြောင့် ထျန်းယွီ သိုင်းသင်တန်းကျောင်းက အဖွဲ့တွေက သူတို့ရသမျှ အကဲဖြတ် ခရစ္စတယ်တွေကို ကျွန်မဆီ အမြဲလာအပ်ကြတယ်"
ဆာကူရာဂီ ရင်းက သူမ၏ ဆံနွယ်တစ်စုကို လက်ဖြင့် အသာအယာ သပ်တင်ရင်း တိုးညင်စွာ ပြောသည်။ တကယ်တော့ သူမသာ ဖမ်းဆီးမခံရပါက အခြားအဖွဲ့များထံမှ အနည်းဆုံး အကဲဖြတ် ခရစ္စတယ် နှစ်သောင်းခန့် ထပ်မံ ရရှိနိုင်သေးသည်။
"ဂျပန်ရဲ့ အကြီးဆုံး အင်အားစုဆိုတော့လည်း သူတို့ရဲ့ ထိရောက်မှုက တကယ့်ကို ထူးခြားတာပဲ... ဒါပေမဲ့ နောက်ဆုံးတော့ ဒါတွေအားလုံးက ငါ့အတွက် ဖြစ်သွားတာပေါ့"
ရှုကျင်းမင်က ထိုမြင်ကွင်းကို ကြည့်ရင်း အံ့ဩနေသော်လည်း အကဲဖြတ် ခရစ္စတယ် တောင်ပုံရာပုံကြီးကို သူ၏ ဟင်းလင်းပြင် လက်စွပ်အတွင်းသို့ ဝမ်းမြောက်ဝမ်းသာ ထည့်လိုက်သည်။ ယခုဆိုလျှင် ပါရမီရော အကဲဖြတ် ခရစ္စတယ် အရေအတွက်ပါ အမြင့်ဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဤမျှနှင့်မှ အကောင်းဆုံး ဆုလာဘ်ကို မရလျှင် ယုတ္တိမရှိတော့ပေ။
အကဲဖြတ် ခရစ္စတယ် ၅၀၀၀၀ ကျော်၏ ထုထည်မှာ အမှန်တကယ်ပင် ကြီးမားလှသည်။ ကံကောင်းထောက်မစွာဖြင့် နှစ်လတာအတွင်း အရင်းအမြစ်များ စားသုံးလိုက်သဖြင့် ဟင်းလင်းပြင် လက်စွပ်အတွင်း နေရာလွတ်များစွာ ထွက်ပေါ်လာသောကြောင့်သာ အဆင်ပြေသွားခြင်း ဖြစ်သည်။
"ကောင်းပြီ... ရှင်နီဂါမီ ဟင်းလင်းပြင်ထဲ သွားနားတော့... မနက်ဖြန် ငါတို့ အဓိက အခြေစိုက်စခန်းကို သွားမယ်" ရှုကျင်းမင်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်"
ဆာကူရာဂီ ရင်းက လိမ္မာစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏ ဘေးရှိ လေဟာနယ်ထဲတွင် မီးခိုးရောင် အပေါက်ကြီးတစ်ခု ပေါ်လာသည်။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးမှာ ထိုအပေါက်ထဲသို့ လျင်မြန်စွာ လှမ်းဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။
"ရှင်နီဂါမီ ဟင်းလင်းပြင်က တကယ်ကို ဆန်းကြယ်တဲ့ အရာပဲ"
ဆာကူရာဂီ ရင်း ဝင်သွားသည်ကို မြင်တွေ့ရသည်မှာ တစ်ကြိမ်မကသော်လည်း ရှုကျင်းမင် ချီးကျူးမိနေဆဲ ဖြစ်သည်။ Sအဆင့် စွမ်းရည်ဖြစ်သော ရှင်နီဂါမီ နိုးထခြင်းမှာ ခေါ်ယူခြင်း စွမ်းရည်ထက် စိတ်ဝိညာဉ်နှင့် ဟင်းလင်းပြင် စွမ်းရည်တို့ ပေါင်းစပ်ထားသော စွမ်းရည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
"ဒါနဲ့... မိုးကြိုးနဂါး အတောင်ပံတွေ ရှိလာတော့ ငါလည်း လေဓာတ်ကို အနည်းငယ် ထိန်းချုပ်နိုင်လာပြီပဲ... ဒါဆို ငါက မိုးကြိုးရော လေရော နှစ်မျိုးလုံး သုံးနိုင်တဲ့ စွမ်းရည်ပိုင်ရှင်လို့ ပြောလို့ရမလား"
ရှုကျင်းမင်က တိတ်တဆိတ် တွေးတောနေမိသည်။ သူ၏ လေဓာတ် ထိန်းချုပ်နိုင်မှုမှာ တကယ့် လေဓာတ် စွမ်းရည်ပိုင်ရှင်တစ်ဦးနှင့် ယှဉ်လျှင် အဝေးကြီး လိုနေသေးသည်။
"အဆင့်မြင့်လာတဲ့အခါကျမှပဲ ထပ်ကြည့်ရတော့မယ်... ဒီစွမ်းရည်က ထပ်ပြီး တိုးတက်လာနိုင်သေးတာပဲ"
ရှုကျင်းမင်က ခေါင်းခါလိုက်ပြီး စမတ်လက်ပတ်ကို ဖွင့်လိုက်သည်။
"အီဗာ... မနက်ဖြန် ငါတို့ အမှတ် ၉ အခြေစိုက်စခန်းကို သွားမယ်... ရှေးဟောင်း စာလုံးတွေကို ခွဲခြမ်းစိတ်ဖြာဖို့က မင်းအပေါ်မှာပဲ မူတည်တယ်နော်"
ဆာကူရာဂီ ရင်းနှင့် စာချုပ်ချုပ်ပြီးကတည်းက သူမရှိနေချိန်တိုင်း အီဗာကို သူ ပိတ်ထားလေ့ရှိသည်။ ယခင်က ကိစ္စနှင့် ပတ်သက်ပြီး ကျောင်းမှ လူကြီးများကို သူ ပေးခဲ့သည့် အဖြေမှာလည်း ရိုးရှင်းပါသည်။ ဆာကူရာဂီ ရင်းက လိမ်ညာခဲ့ခြင်းဖြစ်ပြီး ပြောင်းပြန်စာချုပ်ဆိုသည်မှာ မရှိကြောင်းနှင့် သူမက သူမ၏ လျှို့ဝှက်ချက်ကို သုံးကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်းသာ သူ အစီရင်ခံထားသည်။ မဂျစ်စီးတီး တက္ကသိုလ်မှ လူကြီးများ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။
"အီဗာ လက်ခံရရှိပါတယ်... စိတ်မပူပါနဲ့ Sအဆင့်ရေ ရှေးဟောင်း စာလုံးတွေအကြောင်းကို အီဗာက အကုန်သိတယ်" အီဗာ၏ နောက်ပြောင်ကျီစယ်သော အသံလေး ထွက်ပေါ်လာသည်။
"ကောင်းပြီ"
ရှုကျင်းမင်က ခေါင်းညိတ်လိုက်ပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လျက် အိပ်စက်အနားယူလိုက်တော့သည်။ အပျက်အစီး နယ်မြေတစ်ခုလုံး၏ မြေပုံမှာ ထောင့်မှန်စတုဂံပုံစံ ဖြစ်သည်။ ထိုမြေပုံ၏ အစွန်ဆုံး တစ်ဖက်တွင် အနက်ရောင် အဆောက်အအုံကြီးတစ်ခု ရှိနေသည်။ ထိုအဆောက်အအုံမှာ ဂိုဒေါင်ကြီးတစ်ခုကဲ့သို့ ထောင့်မှန်စတုဂံပုံစံဖြစ်ပြီး အမြင့် ၃၀ မီတာခန့်နှင့် အနံ ၁၀၀ မီတာကျော် ရှိသည်။ အဆောက်အအုံ၏ အရှေ့ဘက်တွင် ရှေးဟောင်းစာလုံးဖြင့် ၉ ဟု ရေးထိုးထားသည်။ ဤအရာမှာ အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီး၏ အဓိက အခြေစိုက်စခန်းဖြစ်ပြီး အကဲဖြတ် ဆုလာဘ်များကို ဤနေရာတွင် ထုတ်ယူရခြင်း ဖြစ်သည်။
ယခုအချိန်တွင် အကဲဖြတ်ပွဲ ပြီးဆုံးရန် မိနစ် ၃၀ ခန့်သာ လိုတော့သော်လည်း အခြေစိုက်စခန်း တံခါးမှာ ပွင့်မလာသေးပေ။ သို့သော်လည်း အခြေစိုက်စခန်း အပြင်ဘက်ရှိ ကွင်းပြင်ထဲတွင် အင်အားစုအသီးသီးမှ အဖွဲ့များစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထျန်းယွီ သိုင်းသင်တန်းကျောင်း၊ မိုးကြိုးသိုင်းသင်တန်းကျောင်း၊ ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းနှင့် အခြားသော နိုင်ငံတကာ အင်အားစုများ အားလုံး ရောက်ရှိနေကြသည်။
"အခြေစိုက်စခန်း တံခါးပွင့်ဖို့ ၃၄ မိနစ်ပဲ လိုတော့တယ်... စုချန်းက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
မိုးကြိုးသိုင်းသင်တန်းကျောင်းဘက်မှ နည်းပြ ချင်းကျိန့်က ကောင်းကင်ယံရှိ အချိန်တွက်ချက်မှုကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ စိုးရိမ်နေမိသည်။ ဤအပျက်အစီး နယ်မြေထဲတွင် အန္တရာယ်များလှရာ ဆဋ္ဌမအဆင့် နည်းပြနှစ်ဦး ဦးဆောင်သည့် အဖွဲ့ပင်လျှင် လုံခြုံရေးကို အာမခံချက် မပေးနိုင်ပေ။ ပဉ္စမအဆင့်လတ် တိုက်ခိုက်ရေးစွမ်းအားသာရှိသော တစ်ကိုယ်တော်သမား စုချန်းအတွက်မူ ပို၍ပင် အန္တရာယ်များလှသည်။ အကယ်၍ သူသာ ဆဋ္ဌမအဆင့် သားရဲတစ်ကောင်နှင့် တွေ့ခဲ့မည်ဆိုပါက လွတ်မြောက်ရန်မှာ မလွယ်ကူပေ။
"သူ ကံကောင်းပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ" ချင်းကျိန့်က သက်ပြင်းချလိုက်သည်။
မကြာမီ မိနစ် ၁၀ ကျော် ခန့် ကုန်လွန်သွားပြီး စွမ်းရည်ပိုင်ရှင် အဖွဲ့များမှာလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ စုံလင်လာကြသည်။ ချင်းကျိန့် စိုးရိမ်နေစဉ်မှာပင် လမ်းလျှောက်လာသော စွမ်းရည်ပိုင်ရှင်များကြား၌ ရင်းနှီးနေသော စုချန်း၏ ပုံရိပ်ကို သူ မြင်လိုက်ရတော့သည်။
"စုချန်း ရောက်လာပြီ"
"ဒီတစ်ကိုယ်တော်သမားက နှစ်လလုံးလုံး အသက်ရှင်နေနိုင်တာ တော်တော်လေး ဟန်ကျတာပဲ"
"ဟင်... သူက စတုတ္ထအဆင့်မြင့် ကျင့်ကြံသူပဲ ရှိသေးတာကို သူ့ရဲ့ အရှိန်အဝါက ဘာလို့ အရင်ထက် ပိုသန်မာလာရတာလဲ"
စုချန်း ပေါ်လာသည်ကို မြင်သောအခါ လင်းဟွေနှင့် အခြားသူများမှာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။ သူ့ကို သားရဲတွေပဲ လိုက်သတ်နေတဲ့ လူထူးလူဆန်းလို့ပဲ ခေါ်ခေါ် သတ္တိရှိတဲ့ တစ်ကိုယ်တော်သမားလို့ပဲ ပြောပြော ဤအပျက်အစီး နယ်မြေထဲတွင် နှစ်လတိုင်တိုင် အသက်ရှင်နေနိုင်ခြင်းကပင် သူ၏ စွမ်းအားကို သက်သေပြနေပြီ ဖြစ်သည်။ အပျက်အစီး နယ်မြေထဲ စဝင်စဉ်က တစ်ကိုယ်တော်သမား ဒါဇင်နှင့်ချီ၍ ရှိခဲ့သော်လည်း ယခုအခါ ဆယ်ယောက်ထက်မပိုသော လူအနည်းငယ်သာ ကျန်ရှိတော့သည် မဟုတ်ပါလား။
ရှာလန်နှင့် အခြားသူများမှာမူ စုချန်း၏ အရှိန်အဝါမှာ ယခင်ကထက် များစွာ သန်မာလာသည်ကို သတိပြုမိကြသဖြင့် သူ သိသိသာသာ တိုးတက်လာကြောင်း သိလိုက်ရသည်။
"ဒီမှာ ခဏစောင့်ကြ... ငါ အရင်သွားလိုက်ဦးမယ်"
ရှုကျင်းမင် ပေါ်လာသည်နှင့် ချင်းကျိန့်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားပြီး အနားသို့ အမြန် လျှောက်သွားတော့သည်။ ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းမှ နည်းပြ ဝမ်ဟုန်ကလည်း နောက်မှ လိုက်သွားသည်။
"နှစ်လ ကုန်သွားတော့ လူတွေလည်း တော်တော်လေး လျော့သွားတာပဲ"
အခြေစိုက်စခန်းသို့ ရောက်လာသော ရှုကျင်းမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လူဦးရေမှာ အစကထက် သိသိသာသာ လျော့နည်းသွားသည်ကို တွေ့လိုက်ရသည်။ မူလက လူဦးရေ ၃၀၀ ကျော် ရှိခဲ့သော်လည်း ယခုအခါ ၂၀၀ အောက်သာ ကျန်ရှိတော့သည်။ ပျောက်ဆုံးသွားသူ အများစုမှာ တစ်ကိုယ်တော်သမားများ ဖြစ်ကြပြီး ဆာကူရာနိုင်ငံမှ ထျန်းယွီ အဖွဲ့နှင့် အခြားနိုင်ငံများမှ အဖွဲ့အချို့လည်း လူလျော့သွားပုံရသည်။ သို့သော်လည်း မဂျစ်စီးတီး တက္ကသိုလ်အဖွဲ့မှ ခုန်းရှီ၊ ဝူယွမ်နှင့် ရှန်ဒုံလင်းတို့မှာ ဒဏ်ရာရထားကြသော်လည်း အသက်အန္တရာယ် မရှိသည်ကို မြင်ရသဖြင့် သူ စိတ်သက်သာရာ ရသွားသည်။
နောက်ထပ် ထူးခြားချက်တစ်ခုမှာ ဆာကူရာဂီ ရင်း ပျောက်ဆုံးသွားမှုကြောင့် ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ လူ ၈၀ နီးပါးခန့်ရှိသော အဖွဲ့ကြီးမှာ ဆုလာဘ်ရတော့မည့် အခြေအနေတွင်ပင် စိတ်အေးလက်အေး မရှိကြဘဲ အလွန် တင်းမာနေကြခြင်းပင်။ သူတို့က ရောက်လာသမျှ စွမ်းရည်ပိုင်ရှင်တိုင်းကို ဝါးမြိုတော့မည့်အလား စူးစိုက်ကြည့်နေကြသည်။ ရှုကျင်းမင် ရောက်လာစဉ်ကလည်း အကြည့်ခံခဲ့ရသော်လည်း သူ၏ အဆင့်မှာ စတုတ္ထအဆင့်မြင့်သာ ဖြစ်နေသဖြင့် သူတို့က သိပ်ဂရုမစိုက်တော့ဘဲ အကြည့်လွှဲသွားကြသည်။
"မိတ်ဆွေငယ်စု... မတွေ့တာ ကြာပြီနော်"
ရှုကျင်းမင် ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ်မှာပင် မိုးကြိုးသိုင်းသင်တန်းကျောင်းမှ ချင်းကျိန့်က ပြုံးရွှင်စွာဖြင့် ရောက်လာသည်။
"ငါတို့ မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းနဲ့ ပတ်သက်ပြီး မင်း အထင်မှားတာမျိုး ရှိမှာစိုးလို့ ငါ ထပ်ပြီး ရှင်းပြပါရစေဦး..."
မဟာနွေရာသီတိုင်းပြည်၏ ထိပ်တန်း သိုင်းသင်တန်းကျောင်း ဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင်ပင် နာမည်ကျော်ကြားသော မိုးကြိုးသိုင်းသင်တန်းကျောင်း၌လည်း ကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိသည်။ များသောအားဖြင့် ပါရမီရှင်တစ်ဦးက ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်လျှင် နောက်တစ်ကြိမ် ထပ်မဖိတ်တော့ပေ။ သို့သော် စုချန်းမှာမူ သာမန်ပါရမီရှင် မဟုတ်ပေ။ စတုတ္ထအဆင့်မြင့်ဖြင့် ပဉ္စမအဆင့်လတ်၏ တိုက်ခိုက်ရေးစွမ်းအားကို ပြသနိုင်ခြင်းကပင် သူ၏ ကြောက်စရာကောင်းသော ပါရမီကို သက်သေပြနေပြီ ဖြစ်သည်။ ထို့ကြောင့် ချင်းကျိန့်သည် ဂုဏ်သိက္ခာကို ဘေးဖယ်ထားပြီး နောက်တစ်ကြိမ် ထပ်မံ စည်းရုံးရန် ရောက်လာခြင်း ဖြစ်သည်။
သို့သော်လည်း ချင်းကျိန့် စကားမဆုံးမီမှာပင် ရှုကျင်းမင်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ဆရာချင်း... ဘာမှ ထပ်ပြောနေစရာ မလိုတော့ပါဘူး... ခင်ဗျားတို့ မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေဖို့ ကျွန်တော် သဘောတူပါတယ်"
မူလက သူ ငြင်းခဲ့ခြင်းမှာ မိုးကြိုးအဖွဲ့က သူ့ကို ခေါ်သွားပါက စွမ်းရည်အမှတ်များ ရှာဖွေရာတွင် အနှောင့်အယှက် ဖြစ်မှာစိုး၍ ဖြစ်သည်။ ယခုအခါ အပျက်အစီး နယ်မြေမှ ထွက်ခွာတော့မည် ဖြစ်ရာ ထိုကဲ့သို့ စိုးရိမ်စရာ မရှိတော့သဖြင့် သူ သဘောတူလိုက်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မဟာနွေရာသီတိုင်းပြည်သို့ ပြန်ရောက်သည်နှင့် သူ၏ မူလအမှတ်အသားကို ထုတ်ဖော်ရမှာပဲ မဟုတ်ပါလား။
"ဟင်... မင်း သဘောတူလိုက်တာလား"
ချင်းကျိန့်၏ နောက်မှ ကပ်လိုက်လာသော ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းမှ နည်းပြ ဝမ်ဟုန်မှာ ကြောင်အသွားတော့သည်။
“မဟုတ်သေးဘူးလေ... အရင်ကတော့ ပြတ်ပြတ်သားသား ငြင်းခဲ့ပြီးတော့ အခုကျမှ ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ သဘောတူလိုက်တာလဲ... ငါတောင် စကားတစ်ခွန်းမှ မပြောရသေးဘူး... ငါတို့ ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းက ပြိုင်ပွဲကနေ အလိုလို ထွက်လိုက်ရပြီလား...”
***