"ဟင်..."
ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းမှ ဝမ်ဟုန်သာမက ချင်းကျိန့်ကိုယ်တိုင်လည်း အနည်းငယ် အံ့ဩသွားရသည်။ ရှုကျင်းမင်၏ ယခင်က သဘောထားအရဆိုလျှင် သူက အချိန်အတော်ကြာ စည်းရုံးရမည်ဟု ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤမျှလွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ချင်းကျိန့်က အံ့ဩဝမ်းသာစွာဖြင့် ရှုကျင်းမင်ကို မိုးကြိုးသိုင်းသင်တန်းကျောင်း အဖွဲ့ရှိရာသို့ ခေါ်ဆောင်သွားပြီး ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။
"မင်းကို မိတ်ဆက်ပေးပါရစေဦး... သူတို့က ပါရမီရှင် လေ့ကျင့်ရေးစခန်းက ကျောင်းသားတွေပဲ... လင်းဟွေ၊ ရှာလန်..."
ချင်းကျိန့်၏ မိတ်ဆက်ပေးမှုကြောင့် ရှုကျင်းမင်က မိုးကြိုးအဖွဲ့မှ လူတိုင်းနှင့် အလှည့်ကျ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထိုအထဲတွင် ဟင်းလင်းပြင် စွမ်းရည်ရှိသည့် ရှာလန်လည်း ပါဝင်ပေသည်။
"စုချန်း... ပါရမီရှင် လေ့ကျင့်ရေးစခန်း ဌာနချုပ်မှာ မင်းကို တွေ့ဖို့ မျှော်လင့်နေမယ်နော်"
ငွေဖြူရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသော ရှာလန်က သူမ၏ လှပသော မျက်နှာလေးတွင် အပြုံးတစ်ခုဖြင့် ရှုကျင်းမင်ကို ကြိုဆိုနှုတ်ဆက်သည်။ သူမက ရှုကျင်းမင်နှင့် ခပ်ဖွဖွလေး လက်ဆွဲနှုတ်ဆက်ပြီးနောက် ပြန်လွှတ်လိုက်ရာ သူမ၏ သဘောထားမှာ အလွန်ပင် ရင်းနှီးဖော်ရွေလှသည်။
တကယ်တော့ သူမသာမက လင်းဟွေနှင့် အခြားသူများမှာလည်း ရင်းနှီးသော သဘောထားရှိကြသည်။ ရှုကျင်းမင် ပြသခဲ့သော စွမ်းရည်များအရဆိုလျှင် သင်တန်းကျောင်း ဝင်ခွင့်စာမေးပွဲမှာ အခမ်းအနားတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။ သူ သင်တန်းကျောင်းထဲ ရောက်လာမှာကတော့ သေချာသလောက်ပင်။ ထိုကဲ့သို့သော ပါရမီရှင်မျိုးနှင့် မည်သူမျှ ရန်သူမဖြစ်လိုကြပေ။
"ဒီကောင်က တကယ်ပဲ မိုးကြိုးသိုင်းသင်တန်းကျောင်းထဲ ဝင်နိုင်သွားတာပဲ" မလှမ်းမကမ်းမှ လော့ဟန်က မနာလိုသလို ရေရွတ်လိုက်သည်။ သူမက ရှုကျင်းမင် သင်တန်းကျောင်းဝင်နိုင်သည်ကို မနာလိုဖြစ်ခြင်း မဟုတ်ဘဲ ရှာလန်၏ လက်ကလေးကို ကိုင်ခွင့်ရသွားသည်ကို မနာလိုဖြစ်နေခြင်း ဖြစ်သည်။
"ကောင်းသော စကားတွေအတွက် ကျေးဇူးတင်ပါတယ်"
ရှုကျင်းမင်ကလည်း ရှာလန်ကို ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီးနောက် ဘေးတွင်ရပ်ကာ အကဲဖြတ်ပွဲ ပြီးဆုံးမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။ အချိန်များမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွားသည်။ မကြာမီမှာပင် ကောင်းကင်ယံရှိ ရှေးဟောင်းစာလုံးများဖြင့် ရေးထိုးထားသော အချိန်တွက်ချက်မှုမှာ အဆုံးသို့ ရောက်ရှိလာတော့သည်။
အကဲဖြတ်ရန် ကျန်ရှိသော အချိန် - ဝ ရက်၊ ဝ နာရီ၊ ဝ မိနစ်၊ ဝ စက္ကန့်
"ရက်ပေါင်း ၆၀ ကြာ အကဲဖြတ်ပွဲ ပြီးဆုံးပါပြီ... စမ်းသပ်မှုကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြတဲ့ ထူးချွန်တဲ့ စစ်သည်တော်များအားလုံးကို ဂုဏ်ယူပါတယ် အခု အဓိက အခြေစိုက်စခန်းကို ဖွင့်လှစ်ပေးလိုက်ပါပြီ"
အချိန်တွက်ချက်မှု သုညသို့ ရောက်သည်နှင့် ရှေ့ရှိ အခြေစိုက်စခန်းအတွင်းမှ ခန့်ညားထည်ဝါသော အသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ အမြင့် ၁၀ မီတာကျော်နှင့် အနံ ၂၀ မီတာရှိသော အခြေစိုက်စခန်း၏ သတ္တုစပ် တံခါးကြီးမှာ ဖြည်းညင်းစွာ ပွင့်လာတော့သည်။ အပြင်ဘက်တွင် စောင့်နေကြသော စွမ်းရည်ပိုင်ရှင်များမှာလည်း အထဲသို့ အလုအယက် တိုးဝင်သွားကြသည်။
"အခြေစိုက်စခန်း ပွင့်ပြီ... အထဲဝင်ရအောင်"
ရှုကျင်းမင်က ချင်းကျိန့် ဦးဆောင်သော မိုးကြိုးအဖွဲ့နှင့်အတူ အခြေစိုက်စခန်းအတွင်းသို့ လိုက်ပါဝင်ရောက်ခဲ့သည်။
"ဒါက ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးရဲ့ အဓိက အခြေစိုက်စခန်းလား... သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တွေထဲကအတိုင်းပဲ"
"ဟုတ်တယ်... ပစ္စည်းတော်တော်များများမှာ ခေတ်သစ်နည်းပညာတွေရဲ့ အခြေခံပုံစံတွေကို မြင်နေရသလိုပဲ"
ရောက်လာသော စွမ်းရည်ပိုင်ရှင် အများစုမှာ ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးထဲသို့ ပထမဆုံးအကြိမ် ဝင်ဖူးခြင်း ဖြစ်သည်။ အထဲရောက်သည်နှင့် လူတိုင်းမှာ ရှုကျင်းမင်ကဲ့သို့ပင် စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေကြသည်။ ယခင်က သူက အပျက်အစီး နယ်မြေဆိုလျှင် ဟောင်းနွမ်းစုတ်ပြတ်နေသော နေရာတစ်ခုဟု ထင်ခဲ့သော်လည်း အမှန်တကယ်မှာမူ ဆန့်ကျင်ဘက်ပင် ဖြစ်နေသည်။
ခန်းမတစ်ခုလုံးမှာ ဟောင်းနွမ်းနေခြင်း မရှိဘဲ အလွန်ပင် သန့်ရှင်းနေ၏။ နံရံများနှင့် မျက်နှာကြက်များတွင် လင်းထိန်နေသော အလင်းတန်းများ ရှိနေပြီး အနက်ရောင် ကြိုးများကိုလည်း သေသေသပ်သပ် တပ်ဆင်ထားသည်။ ဤနေရာမှာ အာကာသယာဉ်တစ်စင်း၏ ထိန်းချုပ်ခန်းထဲသို့ ရောက်သွားသလိုမျိုး ခံစားရစေသည်။
"စမ်းသပ်မှုကို ပြီးဆုံးခဲ့တဲ့ စစ်သည်တော်များအားလုံးကို ဂုဏ်ယူပါတယ် အခု ရှေ့ကိုလာပြီး ဆုလာဘ်တွေကို ထုတ်ယူနိုင်ပါပြီ"
မျက်နှာကြက်မှ ပုံရိပ်ယောင် အလင်းတန်းများ ကျဆင်းလာပြီး ခန်းမ၏ အရှေ့ဘက်တွင် တောက်ပသော အလင်းလုံးကြီးတစ်ခုအဖြစ် စုစည်းသွားသည်။ တစ်ချိန်တည်းမှာပင် မြေပြင်မှ အချင်း ၅၀ စင်တီမီတာခန့်ရှိပြီး လူတစ်ယောက် ရပ်နိုင်လောက်သော စက်ဝိုင်းပုံစံ အောက်ခြေခုံ ၁၀ ခု ရုတ်တရက် ပေါ်ထွက်လာသည်။
"တစ်ကြိမ်မှာ လူ ၁၀ ယောက်စီ လာပါ... အကဲဖြတ် ခရစ္စတယ်ကို အောက်ခြေခုံထဲ ထည့်ပြီးရင် ဆုလာဘ်ကို လက်ခံဖို့ အပေါ်မှာ တက်ရပ်ပါ"
အလင်းလုံးအတွင်းမှ စက်ရုပ်သံကဲ့သို့ အီလက်ထရွန်နစ် အသံထွက်ပေါ်လာပြီး အီဗာက ဘာသာပြန်ပေးလိုက်သဖြင့် ရှုကျင်းမင်၏ နားထဲသို့ ရောက်လာသည်။
"နောက်ဆုံးတော့ ဆုလာဘ် ထုတ်ရမယ့် အချိန်ရောက်ပြီ"
"သွားစို့... ပြင်ဆင်ထားကြ"
"ဟားဟား... ငါတော့ ကောင်းတဲ့ ဆုလာဘ်တွေ ရဖို့ မျှော်လင့်တယ်"
စကားအဆုံးတွင် လူ ၁၀ ယောက်မှာ တန်းစီနေရာမှ ထွက်လာကြသည်။ သူတို့က အကဲဖြတ် ခရစ္စတယ်များကို အောက်ခြေခုံထဲ ထည့်လိုက်ပြီးနောက် အပေါ်တွင် တက်ရပ်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် အောက်ခြေခုံမှ အပြာနုရောင် ပုံရိပ်ယောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သူတို့၏ တစ်ကိုယ်လုံးကို ထိပ်ဆုံးမှ ခြေဖျားအထိ စကင်ဖတ်လိုက်တော့သည်။ ထို့နောက်တွင် စက်သံများ ထွက်ပေါ်လာသည်။
"စစ်သည်တော် နံပါတ် ၁ အကဲဖြတ် ခရစ္စတယ် စုစုပေါင်း ၁၂၄ ခု သုံးထားသည်။ ပါရမီ အသင့်အတင့်ရှိသည်။ အလုံးစုံ အဆင့်သတ်မှတ်ချက် - သာမန်။ ဆုလာဘ် - Aအဆင့် ကျင့်ကြံရေး အရင်းအမြစ် တစ်ခု"
"စစ်သည်တော် နံပါတ် ၂ အကဲဖြတ် ခရစ္စတယ် စုစုပေါင်း ၃၄၅ ခု သုံးထားသည်။ ပါရမီ အသင့်အတင့် ရှိသည်။ အလုံးစုံ အဆင့်သတ်မှတ်ချက် - သာမန်။ ဆုလာဘ် - Aအဆင့် တိုက်ခိုက်ရေးနည်းစနစ် တစ်ခု"
တက်သွားသော ၁၀ ယောက်လုံးမှာ သူတို့၏ ကိုယ်ပိုင် အကဲဖြတ်ချက်နှင့် ဆုလာဘ်များကို ရရှိခဲ့ကြသည်။ သတိပြုရမည့်အချက်မှာ လူတိုင်း၏ အဆင့်သတ်မှတ်ချက်မှာ သာမန် သာ ဖြစ်နေခြင်းပင်။ မှတ်တမ်းများအရ အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီး၏ အဆင့်သတ်မှတ်ချက်ကို သာမန်၊ ရှားပါး နှင့် ထူးကဲ ဟူ၍ သုံးမျိုး ခွဲခြားထားသည်။
"Sအဆင့်ရှင်ရေ... ရှင့်မှာ SSအဆင့် စွမ်းရည်ရှိတာဆိုတော့ မကြာခင် ထူးကဲ အဆင့် သတ်မှတ်ချက်ကို ရတော့မှာပါ" အီဗာ၏ အသံက ရှုကျင်းမင်၏ နားထဲတွင် ပျံ့လွင့်လာသည်။
တစ်ချိန်တည်းမှာပင် အခြားသော ကြည်လင်ပြတ်သားသည့် အသံတစ်ခုကလည်း သူ၏ စိတ်ထဲ၌ တိုက်ရိုက် ပေါ်လာသည်။
"သခင်... အကဲဖြတ် ခရစ္စတယ် ၅၀၀၀၀ နဲ့ SSအဆင့် စွမ်းရည်ဆိုရင် သခင်က ထူးကဲ အဆင့် သတ်မှတ်ချက်ကို ရမှာ သေချာပါတယ်"
ဒါက ဆာကူရာဂီ ရင်း၏ အသံပင် ဖြစ်သည်။ ပြောင်းပြန်စာချုပ် ချုပ်ဆိုပြီးကတည်းက သူမသည် ရှင်နီဂါမီ ဟင်းလင်းပြင်ထဲမှာ ရှိနေသော်လည်း ရှုကျင်းမင်မှတစ်ဆင့် ပြင်ပကမ္ဘာကို အာရုံခံနိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် ဆက်သွယ်နိုင်ခြင်း ဖြစ်သည်။ ထူးကဲအဆင့် သတ်မှတ်ချက်ဆိုရင် အနည်းဆုံးတော့ SSအဆင့် အရင်းအမြစ်တစ်ခု ရမှာပဲ ရှုကျင်းမင် တိတ်တဆိတ် တွေးလိုက်သည်။
သာမန်အဆင့်ဆိုလျှင် Aအဆင့် အရင်းအမြစ် ရှားပါးအဆင့်ဆိုလျှင် Sအဆင့် အရင်းအမြစ်နှင့် ထူးကဲအဆင့်ဆိုလျှင် SSအဆင့် အရင်းအမြစ်များ ရရှိတတ်ကြောင်း ယခင်နှစ်များက အပျက်အစီး နယ်မြေသို့ ရောက်ဖူးသူများ၏ အဆိုအရ သိရသည်။ ထူးကဲအဆင့် သတ်မှတ်ချက်မှာ အလွန်ပင် ရှားပါးလှပြီး အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးကို စတင်တွေ့ရှိကတည်းက လက်ချိုးရေတွက်၍ ရနိုင်လောက်အောင်သာ ပေါ်ထွက်ခဲ့ဖူးခြင်း ဖြစ်သည်။
ပထမအုပ်စု ဆုလာဘ်များ ထုတ်ယူပြီးနောက် နောက်တစ်အုပ်စုမှာလည်း လျင်မြန်စွာ ရှေ့သို့ တက်လာကြသည်။ ထိုစွမ်းရည်ပိုင်ရှင် အများစုမှာလည်း သာမန် အဆင့်သာ သတ်မှတ်ခံရပြီး ရှားပါး အဆင့်မှာမူ အလွန်ပင် နည်းပါးလှသည်။ မကြာမီမှာပင် လူဦးရေ၏ ထက်ဝက်ခန့်မှာ ဆုလာဘ်များ ရရှိသွားကြပြီ ဖြစ်သည်။
ဆုလာဘ်ရရှိသူ အများစုမှာ မျက်နှာတွင် အပြုံးများ ရှိနေကြသော်လည်း ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ လူများမှာမူ အလွန်ပင် တည်ငြိမ် လေးနက်နေကြသည်။ သူတို့က တစ်စုံတစ်ယောက် ရောက်လာမှာကို စောင့်နေသည့်အလား အခြေစိုက်စခန်း အပြင်ဘက်ကို ခဏခဏ လှည့်ကြည့်နေကြသည်။ ထိုထူးဆန်းသော မြင်ကွင်းကြောင့် အခြားစွမ်းရည်ပိုင်ရှင်များကြားတွင် ဆွေးနွေးမှုများ ပေါ်ထွက်လာတော့သည်။
"ထျန်းယွီ အဖွဲ့ကလူတွေ ဘာဖြစ်နေတာလဲ... သူတို့ကြည့်ရတာ တစ်မျိုးပဲ"
"မင်း မသိဘူးလား... သူတို့ရဲ့ Sအဆင့် စွမ်းရည်ပိုင်ရှင် နတ်ဘုရားမ ဆာကူရာဂီ ရင်း ပျောက်နေတာ ၁၀ ရက်ကျော်ပြီလေ"
"ပျောက်နေတာလား အဲဒါကြောင့် အခြေစိုက်စခန်းမှာ သူမကို မတွေ့တာကိုး"
"တောက်... ဒီလောက်ရက်တွေအထိ ပျောက်နေတာဆိုရင်တော့ သူမ အန္တရာယ်ရှိမှာ သေချာသလောက်ပဲ။ အဲဒီကောင်မလေးက တကယ်ကို လှတာဗျာ"
Sအဆင့် စွမ်းရည်ပိုင်ရှင်ဆိုသည်မှာ အလွန်ပင် ရှားပါးလှသည်။ အထူးသဖြင့် ဂျပန်ကဲ့သို့ လူဦးရေ သိပ်မများသော နိုင်ငံလေးအတွက်ဆိုလျှင် ၁၀ နှစ်မှ တစ်ယောက် ပေါ်ထွက်ရန်ပင် ခဲယဉ်းလှသည်။ သူတို့သာ အားကောင်းလာပါက ဆာကူရာနိုင်ငံကို ယခုထက် ပိုမို တိုးတက်လာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်သည်။ ထို့ကြောင့် ဆာကူရာဂီ ရင်း ပျောက်ဆုံးသွားမှုက ထျန်းယွီ အဖွဲ့အတွက်သာမက ဆာကူရာနိုင်ငံတစ်ခုလုံးအတွက်ပါ အလွန်အရေးကြီးလှသည်။
စွမ်းရည်ပိုင်ရှင် အများစုမှာ ထိုအကြောင်းကို တိုးတိုးတိတ်တိတ်သာ ပြောဆိုရဲကြသည်။ မိုးကြိုးသိုင်းသင်တန်းကျောင်းမှ လူအချို့ကလည်း ပါရမီရှင်တစ်ဦး ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားရသည့်အတွက် နှမြောတသဖြစ်မိကြသည်။
ရှုကျင်းမင်က ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို နားထောင်ရင်း သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ လူတိုင်း စိတ်ဝင်တစား ဖြစ်နေကြသော ဆာကူရာဂီ ရင်းမှာ သူ့နောက်မှာ အမြဲတမ်း ပါလာပြီး သူ့ရဲ့ အစေအပါး ဖြစ်နေပြီဆိုတာကို ဘယ်သူ သိမှာလဲ။
***