"စစ်သည်တော် နံပါတ် ၃ အကဲဖြတ် ခရစ္စတယ် စုစုပေါင်း ၁၁၄၄ ခု သုံးထားသည်။ ရှားပါးပါရမီ ရှိသည်။ အလုံးစုံ အဆင့်သတ်မှတ်ချက် - ရှားပါး။ ဆုလာဘ် - အမှတ် ၀၉၄ အမွေအနှစ် တစ်ခု"
ထိုအချိန်တွင် ခန်းမ၏ အရှေ့ဘက်မှ သိသိသာသာ ကျယ်လောင်သော စက်ရုပ်သံကြီး ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားတော့သည်။ ဆုလာဘ်များ ထုတ်ပေးနေသည့် တတိယမြောက် အောက်ခြေခုံပေါ်တွင် လူငယ်အမျိုးသမီးတစ်ဦးမှာ အစိမ်းရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းနေ၏။ ထို့နောက်တွင် ပုံရိပ်ယောင် အလင်းလုံးကြီးမှာ သူမ၏ ရှေ့သို့ ရောက်ရှိလာပြီး ဟင်းလင်းပြင် လက်စွပ်တစ်ခုကို ကမ်းပေးလိုက်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အခြားသူများထံမှ အံ့ဩတုန်လှုပ်သံများ ထွက်ပေါ်လာတော့သည်။
"ဝိုး... အမွေအနှစ် ဆုလာဘ်ကြီးပဲ"
"အမှတ်စဉ် ၀၉၄ ဆိုရင် ဒါက အနည်းဆုံးတော့ အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးတစ်ယောက်ရဲ့ အမွေအနှစ် ဖြစ်ရမယ်"
"အားကျလိုက်တာဗျာ... ငါလည်း အဲဒီလို အမွေအနှစ်မျိုး ရရင် သိပ်ကောင်းမှာပဲ"
အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးမှ ရရှိနိုင်သော ဆုလာဘ်များမှာ ကျင့်ကြံရေး အရင်းအမြစ်များ၊ တိုက်ပွဲဝင် သံချပ်ကာများနှင့် တိုက်ခိုက်ရေးနည်းစနစ် ကျမ်းစာများအထိ စုံလင်လှသည်။ ထိုအထဲတွင် အကောင်းဆုံး ဆုလာဘ်မှာ အစဉ်လိုက် အမွေအနှစ်ပင် ဖြစ်သည်။ ဤအမွေအနှစ်များမှာ များသောအားဖြင့် ရှေးဟောင်းယဉ်ကျေးမှုမှ အစွမ်းထက် ပုဂ္ဂိုလ်များ ချန်ထားရစ်ခဲ့ခြင်းဖြစ်ပြီး သူတို့၏ ကျော်ကြားသော တိုက်ခိုက်ရေး နည်းစနစ်များသာမက သူတို့ အသုံးပြုခဲ့သည့် လက်နက်များနှင့် တိုက်ပွဲဝင်ဝတ်စုံများပါ ပါဝင်လေ့ရှိသည်။
ဤကဲ့သို့ အမွေအနှစ် ချန်ထားရစ်ခဲ့သူများမှာ အနည်းဆုံး အဋ္ဌမအဆင့်မြင့် အထွတ်အထိပ် ဆရာကြီးများ ဖြစ်ကြပြီး ထိပ်တန်း အမှတ်စဉ် ၁၀၀ အတွင်းရှိ အမွေအနှစ်များမှာမူ အနည်းဆုံး အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးများ၏ အမွေအနှစ်များပင် ဖြစ်သည်။
"ဟေး... အဲဒါ စီနီယာရှန်ပဲ" ရှုကျင်းမင်၏ မျက်လုံးများက အရောင်တောက်သွားသည်။
ထိုမိန်းကလေးမှာ အခြားသူမဟုတ်ဘဲ ရှန်ဟိုင်း စွမ်းရည်ပိုင်ရှင် တက္ကသိုလ်မှ ကျောင်းသူတစ်ဦး ဖြစ်သည်။ သူမမှာ သူနှင့်အတူ တိုက်ပွဲဝင်ခဲ့ဖူးသည့် Aအဆင့် ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော သွေးလမြေခွေး စွမ်းရည်ပိုင်ရှင် ရှန်ဒုံလင်းပင် ဖြစ်သည်။
အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးတစ်ယောက်ရဲ့ အမွေအနှစ်ကိုသာ သေချာ သုံးနိုင်မယ်ဆိုရင် စီနီယာရှန် ရဲ့ အနာဂတ်ကတော့ တကယ့်ကို တောက်ပသွားမှာပဲ ရှုကျင်းမင် တိတ်တဆိတ် တွေးလိုက်သည်။
ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ် ပြောခဲ့သလိုပင် အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီး၌ ကြီးမားသော အခွင့်အရေးများ ဖုံးကွယ်နေသည်မှာ အမှန်ပင်။ ဤကဲ့သို့သော အမွေအနှစ်တစ်ခုကို ရရှိလိုက်ပါက သာမန်စွမ်းရည်ပိုင်ရှင်တစ်ဦးပင်လျှင် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပေသည်။ သူမကဲ့သို့ မဂျစ်စီးတီး တက္ကသိုလ်၏ ထိပ်တန်း ပါရမီရှင်တစ်ဦးအတွက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
လူတိုင်း အံ့ဩနေကြစဉ်မှာပင် ရှန်ဒုံလင်းမှာ အလွန်အမင်း ဝမ်းသာအားရဖြင့် မဂျစ်စီးတီး တက္ကသိုလ် အဖွဲ့ရှိရာသို့ ပြန်သွားသည်။ သူမက မဟာနွေရာသီတိုင်းပြည် အဖွဲ့မှဖြစ်ကြောင်း သိသွားကြသောအခါ အခြားနိုင်ငံများမှ စွမ်းရည်ပိုင်ရှင်များမှာ နှမြောတသဟန်ဖြင့် အကြည့်လွှဲသွားကြတော့သည်။ အကယ်၍ သူမသာ တစ်ကိုယ်တော်သမား ဖြစ်နေပါက ဤအမွေအနှစ်တစ်ခုတည်းနှင့်တင် သူမကို သတ်ပြီး လုယူချင်သူများမှာ အပျက်အစီး နယ်မြေအပြင်ဘက်အထိ တန်းစီနေပေလိမ့်မည်။
"အမှတ်စဉ် ၀၉၄ အမွေအနှစ်... အားကျလိုက်တာ... ငါ့အတွက်တော့ လိုချင်တာ သိပ်မများပါဘူး... စွမ်းရည်လက်နက်တစ်ခု ရရင်ကို ကျေနပ်ပါပြီ"
လင်းဟွေ၏ အားကျနေသော အသံကို ကြားသောအခါ ရှုကျင်းမင်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ဒီယဉ်ကျေးမှု အပျက်အစီး ဆုလာဘ်တွေထဲမှာ စွမ်းရည်လက်နက်တွေလည်း ပါတာလား"
မိုးကြိုးသိုင်းသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံမှ စွမ်းအင်ပညာရှင်များအကြောင်း သိခဲ့ရကတည်းက သူက ကျောင်း၏ Database ထဲတွင် စွမ်းအင်ပညာရှင်များနှင့် ပတ်သက်သည့် ဗဟုသုတများစွာကို ရှာဖွေ လေ့လာထားခဲ့သည်။ ထိုအထဲတွင် စွမ်းအင်ပညာရှင်များသာ သုံးနိုင်သည့် စွမ်းရည်လက်နက်များအကြောင်းလည်း ပါဝင်သည်။
အကယ်၍ စွမ်းအင်ပညာရှင်ကို ဂိမ်းထဲက မှော်ဆရာတစ်ယောက်နှင့် နှိုင်းယှဉ်မည်ဆိုပါက စွမ်းရည်လက်နက်မှာ ထိုမှော်ဆရာ၏ မှော်တုတ်တံနှင့် တူလှသည်။ ၎င်းက စွမ်းအင်ပညာရှင် ထုတ်သုံးလိုက်သည့် စွမ်းရည်များကို ပိုမို အားကောင်းလာစေနိုင်သည်။ စွမ်းရည်လက်နက်များမှာ မှော်တုတ်တံပုံစံမျိုးသာ မဟုတ်ဘဲ ဆွဲကြိုး၊ လက်ပတ် အစရှိသဖြင့် ပုံစံအမျိုးမျိုး ရှိကြသည်။ သတ္တုစပ်လက်နက်များနှင့် နှိုင်းယှဉ်ပါက စွမ်းရည်လက်နက်များမှာ အလွန်ပင် ရှားပါးလှပြီး အချိုသာဆုံး လက်နက်ပင်လျှင် သန်းရာဂဏန်းခန့် ပေးရတတ်သည်။
"ပါတာပေါ့"
လင်းဟွေက ခေါင်းညိတ်ပြလိုက်ပြီး ပြုံးလျက် မေးလိုက်သည်။ "ဒါနဲ့ စုချန်း... မင်း ဒီအကြောင်းကို မေးနေတာဆိုတော့ မင်းလည်း စွမ်းအင်ပညာရှင် လမ်းစဉ်ကို လိုက်ဖို့ စဉ်းစားနေတာလား"
သာမန်စွမ်းရည်ပိုင်ရှင်တွေ၊ ဒါမှမဟုတ် စွမ်းအင်ပညာရှင် မဟုတ်တဲ့သူတွေဆိုရင် ဒီလက်နက်တွေအကြောင်းကို ဘာမှ သိကြတာ မဟုတ်ပေ။
"အင်း" ရှုကျင်းမင်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
စွမ်းရည်တစ်ခု၏ စွမ်းအားမှာ ၎င်း၏ အဆင့်အတန်းပေါ်တွင်သာမက စွမ်းရည်ပိုင်ရှင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် စိတ်ဝိညာဉ်စွမ်းအား ဟူသော အခြေခံ အရည်အသွေးနှစ်ခုပေါ်တွင်လည်း မူတည်သည်။ လက်ရှိတွင် သူ၌ ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် မသေနိုင်သော မိုးကြိုးခန္ဓာ ရှိနေပြီဖြစ်ရာ စိတ်ဝိညာဉ်စွမ်းအားအတွက် စွမ်းအင်ပညာရှင်များ၏ ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်သာ လိုတော့သည်။ ထိုနှစ်မျိုး ပေါင်းစပ်သွားပါက သူ၏SSအဆင့် ဒုထျန်း နတ်ဘုရား မိုးကြိုးမှာ မယုံနိုင်လောက်အောင် အစွမ်းထက်လာမှာ ဖြစ်သည်။
"ဒါဆိုရင်တော့ မင်း ငါတို့ သင်တန်းကျောင်းထဲ ရောက်တဲ့အခါ တော်တော်လေး ကြိုးစားရလိမ့်မယ်... ဘာလို့လဲဆိုတော့ သင်တန်းကျောင်းက အခမဲ့ပေးတဲ့ ဝိညာဉ်သန့်စင်ရေး နည်းစနစ်က Bအဆင့်ပဲ ရှိတာလေ"
"ပိုမြင့်တဲ့ အဆင့်တွေကို ရဖို့ဆိုရင် သင်တန်းကျောင်းရဲ့ မစ်ရှင်တွေကို အောင်မြင်အောင် လုပ်ရမယ်... အခု ငါ ကျင့်နေတဲ့ Aအဆင့် ဝိညာဉ်သန့်စင်ရေး နည်းစနစ်ကို ရဖို့ဆိုရင် ငါ့မှာ မစ်ရှင်တွေ လုပ်ရင်းနဲ့ တစ်နှစ်ခွဲလောက် အချိန်ယူခဲ့ရတာ" လင်းဟွေက ထိတ်လန့်ဟန်ဖြင့် ပြောလိုက်သည်။ ထိုကာလမှာ သူ ဘယ်တော့မှ ပြန်မတွေးချင်ဆုံး အချိန်များပင်။ နေ့တိုင်း မစ်ရှင်တွေ လုပ်နေရတာနဲ့တင် အချိန်ကုန်နေခဲ့တာ ဖြစ်သည်။
သို့သော်လည်း သူက မညည်းညူခဲ့ပေ။ ဝိညာဉ်သန့်စင်ရေး နည်းစနစ်များမှာ အလွန်ရှားပါးလှရာ လူများစွာ သင်ချင်သော်လည်း သင်ခွင့်မရကြပေ။ တစ်နှစ်ခွဲလောက်နှင့် သင်ယူနိုင်ခြင်းကပင် တော်တော်လေး ဟန်ကျနေပြီ ဖြစ်သည်။ ရှုကျင်းမင်မှာမူ ထိုစကားကို ကြားသောအခါ ပြုံးရုံသာ ပြုံးနေခဲ့သည်။
“အားနာပါတယ်... ငါ့မှာ ကျောင်းအုပ်ကြီး ပေးထားတဲ့ SSအဆင့် ဝိညာဉ်သန့်စင်ရေး နည်းစနစ် ရှိနေတော့ ဘာမစ်ရှင်မှ လုပ်နေစရာ မလိုတော့ဘူး...”
"ဒါနဲ့ စုချန်း... မင်းဆီမှာ အကဲဖြတ် ခရစ္စတယ် သိပ်မရှိဘူး မဟုတ်လား"
"ငါ့ဆီမှာ ခရစ္စတယ် တစ်ထောင်ကျော် ကျန်သေးတယ်... မင်းယူလိုက်ပါ... အခု ဆုထုတ်တဲ့အခါ ပိုကောင်းတဲ့ ဆုလာဘ်တွေ ရတာပေါ့" ထိုစဉ် ချင်းကျိန့် ရောက်လာပြီး ပြုံးလျက် ပြောလိုက်သည်။
သူတို့အဖွဲ့အတွက် အကဲဖြတ် ခရစ္စတယ်များကို ခွဲဝေပြီးပြီဖြစ်သော်လည်း ဤခရစ္စတယ်များကို အခြားအဖွဲ့များထံမှ သူ တောင်းယူပေးထားခြင်း ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ရှုကျင်းမင်မှာ သင်တန်းကျောင်းထဲပင် မရောက်သေးသဖြင့် ဤမျှအထိ လုပ်ပေးစရာ မလိုပေ။ သို့သော်လည်း တစ်ဖက်လူမှာ ထူးခြားသော ပါရမီရှင် ဖြစ်နေသဖြင့် သူက အထူး အခွင့်အရေး ပေးချင်နေမိသည်။
"မလိုပါဘူး ဆရာ... ကျွန်တော့်ဆီမှာ အများကြီး ရှိပါတယ်" ရှုကျင်းမင်က ခေါင်းခါလျက် ငြင်းလိုက်သည်။
"ဟုတ်လား... အေးပါ ဒါဆိုလည်း ပြီးတာပါပဲ" ချင်းကျိန့်က ရှုကျင်းမင်ကို အားနာနေသည်ဟု ထင်လိုက်သဖြင့် ထပ်ပြီး မတိုက်တွန်းတော့ပေ။
"မင်းဆီမှာ ခရစ္စတယ်တွေ သိပ်မရှိတာကို သူများက အလကားပေးတာတောင် မယူဘူး... ဒါက မာနကြီးပြနေတာလား" မလှမ်းမကမ်းမှ ဝက်ဝံကြမ်း အဖွဲ့သား လော့ဟန်က တိုးတိုးလေး မကျေမနပ် ရေရွတ်လိုက်သည်။ အကယ်၍ သူသာဆိုလျှင် မာနအတွက်နှင့် ဘယ်တော့မှ ငြင်းမှာ မဟုတ်ပေ။ အလကားရတာကို အရင်ယူထားမှာပဲ မဟုတ်ပါလား။
မဂျစ်စီးတီး တက္ကသိုလ်အဖွဲ့ ဆုထုတ်ပြီးနောက် မိုးကြိုးသိုင်းသင်တန်းကျောင်းနှင့် ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်း အဖွဲ့များလည်း ဆုထုတ်ရန် ရှေ့သို့ တက်သွားကြသည်။ သို့သော်လည်း လူအများစုမှာ သာမန် အဆင့်သာ သတ်မှတ်ခံရပြီး လင်းဟွေ၊ ရှာလန်နှင့် လော့ဟန်တို့ သုံးယောက်သာ ရှားပါး အဆင့် သတ်မှတ်ချက်ကို ရရှိခဲ့ကြသည်။ သူတို့မှာ Sအဆင့် လက်နက်များ၊ ကျမ်းစာများနှင့် အရင်းအမြစ်များကို အသီးသီး ရရှိခဲ့ကြသည်။
"ငါ လိုချင်တဲ့ စွမ်းရည်လက်နက်တော့ မရခဲ့ပေမဲ့ ဒါလည်း မဆိုးပါဘူး" လင်းဟွေက သူရရှိတဲ့ လက်နက်ကို ကြည့်ပြီး ကျေနပ်နေပုံရသည်။
ဘာပဲဖြစ်ဖြစ် ဤအရာများမှာ ရှေးဟောင်းယဉ်ကျေးမှုမှ လာခြင်းဖြစ်ရာ လက်နက်၏ စွမ်းအားတစ်ခုတည်းသာမက ထိုအရာပေါ်တွင် ပါဝင်သော ရှေးဟောင်း လက်မှုပညာများကပင် လက်နက်ပညာရှင်ကြီးများကို ဆွဲဆောင်နိုင်ပေသည်။
"ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ဆေးလုံးလား... ဒါကို စားလို့ရသေးရဲ့လား" လော့ဟန်က သူရရှိတဲ့ Sအဆင့် ဆေးလုံးကို ကြည့်ပြီး သံသယဖြစ်နေသည်။ ရှာလန်မှာမူ ရှားပါးလှသော Sအဆင့် ဟင်းလင်းပြင် တိုက်ခိုက်ရေးနည်းစနစ်ကို ရရှိခဲ့သဖြင့် သူမ၏ လှပသော မျက်နှာလေးတွင် အပြုံးများ ဝေဆာနေတော့သည်။ တိုက်ခိုက်ရေး နည်းစနစ်များမှာ အချိန်ကြာသော်လည်း အသုံးမဝင် ဖြစ်သွားခြင်း မရှိပေ။
"ငါတို့ Aအဆင့်တွေတောင် Sအဆင့် ဆုလာဘ်တွေ ရတာဆိုတော့ ငါတို့ဆီက SSအဆင့် ရှုကျင်းမင် သာ ဒီကိုလာရင် ဘယ်လိုနေမလဲ"
"သူဆိုရင်တော့ သေချာပေါက် ထူးကဲ အဆင့် သတ်မှတ်ချက်ကို ရမှာပဲ... ဆုလာဘ်တွေကလည်း ပိုပြီး များမှာ သေချာတယ်... ဒီတစ်ခေါက် သူ မလာနိုင်တာ နှမြောစရာပဲ" လင်းဟွေက နှမြောတသဟန်ဖြင့် ပြောလိုက်ရာ လော့ဟန်ကလည်း ပခုံးတွန့်ပြလိုက်သည်။
"မတတ်နိုင်ဘူးလေ... သူက သူရဲဘောကြောင်တာကိုး"
သူတို့နှစ်ယောက် စကားပြောနေကြစဉ်မှာပင် ဘေးတွင်ရှိနေသော ရှုကျင်းမင်က ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေမိသည်။ သူတို့ပြောနေကြသည့် SSအဆင့်မှာ သူတို့ဘေးမှာတင် ရှိနေပြီဆိုတာကို သူတို့ ဘယ်လိုမှ ထင်ထားကြမှာ မဟုတ်ပေ။
"စုချန်း... သွားလေ မင်းအလှည့် ရောက်ပြီ" ချင်းကျိန့်က ဆုထုတ်ပြီး ပြန်လာသောအခါ ရှုကျင်းမင်ကို ပြောလိုက်သည်။
"ကောင်းပါပြီ"
ရှုကျင်းမင်က ခေါင်းညိတ်လိုက်ပြီး လွတ်သွားသော အမှတ် ၅ စမ်းသပ်စင်ဆီသို့ လျှောက်သွားလိုက်သည်။
"စုချန်းဆီမှာ အကဲဖြတ် ခရစ္စတယ် ဘယ်လောက်ရှိမယ် ထင်လဲ" ရှုကျင်းမင် ထွက်သွားသည်နှင့် လော့ဟန်က လင်းဟွေကို တံတောင်နှင့် တွတ်ကာ မေးလိုက်သည်။
"အနည်းဆုံးတော့ တစ်ထောင်လောက် ရှိမှာပါ... သားရဲတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း အကဲဖြတ် ခရစ္စတယ်တွေ ရှိတတ်တာပဲလေ ပြီးတော့ သူက ကိုရီးယားအဖွဲ့ကိုလည်း သတ်ခဲ့သေးတယ် မဟုတ်လား" လင်းဟွေက ခေတ္တစဉ်းစားပြီး ခန့်မှန်းလိုက်သည်။
"တစ်ထောင် မင်းက သူ့ကို အထင်ကြီးလွန်းနေပြီ" လော့ဟန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ "ဒီတစ်ခေါက် ထျန်းယွီ အဖွဲ့တွေ အများကြီး ဝင်လာတာလေ... ငါတို့တောင် သူတို့ကို ရှောင်နေရတာ စုချန်းမှာက ပဉ္စမအဆင့်လတ် တိုက်ခိုက်ရေးစွမ်းအားပဲ ရှိတာကို သူတို့ဆီက ဘယ်လိုလုပ် လုနိုင်မှာလဲ ငါ့အထင်တော့ ရှစ်ရာလောက်ပဲ ရှိမှာပါ"
သူတို့ စကားပြောနေကြစဉ်မှာပင် ရှုကျင်းမင်က စမ်းသပ်စင်ပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့နောက် သူ၏ ဟင်းလင်းပြင် လက်စွပ်မှာ လက်ခနဲ ဖြစ်သွားပြီး အကြည်ရောင် အကဲဖြတ် ခရစ္စတယ်များမှာ ရေစီးသလိုမျိုး အောက်ခြေခုံထဲသို့ စီးဝင်သွားတော့သည်။ စမ်းသပ်စင်ပေါ်တွင် ပြသနေသော ကိန်းဂဏန်းများမှာလည်း ချက်ချင်းပင် မြင့်တက်လာတော့သည်။
“၁၀၀၀”
“၂၀၀၀”
“၅၀၀၀”
“၁၀၀၀၀”
မျက်စိတစ်မှိတ်အတွင်းမှာပင် အကဲဖြတ် ခရစ္စတယ် အရေအတွက်မှာ သောင်းဂဏန်းအထိ ရောက်ရှိသွားပြီး ဆက်လက်၍လည်း တိုးပွားနေဆဲပင် ခရစ္စတယ်များ စီးကျလာသည့် အသံမှာ ခန်းမတစ်ခုလုံးရှိ စွမ်းရည်ပိုင်ရှင်များ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားတော့သည်။ ရှုကျင်းမင်ကို စောင့်ကြည့်နေကြသည့် လင်းဟွေနှင့် အဖွဲ့မှာလည်း ဆွံ့အသွားကြပြီး ဝက်ဝံကြမ်း အဖွဲ့မှ လော့ဟန်မှာမူ ပို၍ပင် ထိတ်လန့်သွားတော့သည်။
"ဟင်... စုချန်းဆီမှာ အကဲဖြတ် ခရစ္စတယ်တွေ ဒီလောက်တောင် များတာလား"
***