မြေခွေးမသည် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်အနေအထားဖြင့် ခန္ဓာကိုယ်ကို လှုပ်ရှားကာ မုန့်ဝမ်ထံသို့ ပေါ့ပါးသော တိုက်ကွက်တစ်ခု စတင်စေလွှတ်လိုက်သည်။
မုန့်ဝမ်သည်လည်း ပေါ့ဆရဲခြင်းမရှိပေ။ သူမ၏ ခန္ဓာကိုယ်သည် သွေးရိပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး မိစ္ဆာမြေခွေး၏ တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းလိုက်သည်။
လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားလျက် လက်ဟန်များ ဖော်ဆောင်ကာ ဂါထာများကို ခပ်တိုးတိုး ရွတ်ဆိုလိုက်ရာ သွေးရောင်မှော်စာလုံးများသည် သူမ၏ရှေ့တွင် သွေးလွှာချပ်ဝတ်များအဖြစ် အထပ်ထပ် ဖြစ်ပေါ်လာသည်။
ဤသည်မှာ ဆယ်မျက်နှာသွေးချပ်ဝတ်ကျင့်စဉ် ပင် ဖြစ်ချေသည်။
“ဘုန်း.........”
မိစ္ဆာမြေခွေး၏ ကြီးမားလှသော အမြီးသည် သွေးရောင်အလင်းဒိုင်းများကို ကြမ်းတမ်းစွာ ရိုက်ခတ်လိုက်ရာ နားကွဲမတတ် ဟိန်းသံကြီး ထွက်ပေါ်လာသည်။
သွေးရောင်ဒိုင်းများမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ပင့်ကူအိမ်သဏ္ဌာန် အက်ကြောင်းများ ထင်ကျန်ရစ်ကာ အလွှာပေါင်းများစွာ ခဏချင်းအတွင်း ကွဲကြေသွားသော်လည်း နောက်ဆုံးတွင်မူ မိစ္ဆာမြေခွေး၏ တိုက်ကွက်ကို တောင့်ခံနိုင်ခဲ့သည်။
“စိတ်ဝင်စားစရာပဲ......... ဒါပေမဲ့ ဒီလောက်ပါပဲ......”
ယောင်ဟန်က လှောင်ပြုံးပြုံးလိုက်ရာ သူမ၏ သွေးရောင်မျက်လုံးသုံးလုံးတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လွင်လာသည်။
နောက်ကျောရှိ အမြီးများကို ခါယမ်းလိုက်ရာ အမြီးတစ်ချက် အဝှေ့တွင် ပြင်းထန်သော မီးတောက်ကြီးသည် မီးတောင်ပေါက်ကွဲသကဲ့သို့ မုန့်ဝမ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
မီးတောက်များ ဖြတ်သန်းသွားရာ ဟင်းလင်းပြင်မှာ လောင်ကျွမ်းတွန့်လိမ်သွားပြီး ပြင်းထန်သော အပူရှိန်များဖြင့် လွှမ်းခြုံသွားသည်။
ပြင်းထန်လှသော ပေါက်ကွဲသံနှင့်အတူ နောက်ဆုံးကျန်ရှိသော သွေးချပ်ဝတ်အလွှာများသည် ဖိအားကို မတောင့်ခံနိုင်တော့ဘဲ တစ်စစီ ပျက်စီးသွားရသည်။ မီးတောက်မှာ ရပ်တန့်ခြင်းမရှိဘဲ မုန့်ဝမ်ရှိရာသို့ ဝါးမြိုရန် တိုးဝင်လာပြန်သည်။
အရေးကြီးသော အချိန်တွင် မုန့်ဝမ်၏ ပုံရိပ်သည် သွေးမြူအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး မူလနေရာမှ ပျောက်ကွယ်ကာ အဝေးသို့ ထွက်ပြေးလွတ်မြောက်သွားသည်။
“သွေးလွတ်မြောက်ခြင်းကျင့်စဉ်လား......... ဟမ့်......... မင်း ဘယ်လောက်ဝေးဝေး ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့”
ယောင်ဟန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း သူမ၏ ခန္ဓာကိုယ်ကို အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ မုန့်ဝမ် ပျောက်ကွယ်သွားရာ နောက်သို့ ထပ်ကြပ်မကွာ လိုက်လံတော့သည်။ နောက်ကျောဘက်မှ ပြင်းထန်သော လေတိုးသံကို ခံစားမိသောအခါ မုန့်ဝမ်သည် စကားမဆိုနိုင်လောက်အောင်ပင် စိတ်ပျက်သွားရသည်။
သူမ၏ ရည်မှန်းချက်မှာ ယောင်ဟန်နှင့် ကွေ့ရန်တို့က ရွှယ်ဝူယာကို ဒုက္ခပေးရန်ဖြစ်ပြီး ဖြစ်နိုင်လျှင် သူ့ကို ဒုက္ခိတဖြစ်သွားစေရန်ပင်ဖြစ်၏။ သို့သော် သူမ၏ ကံကြမ္မာမှာ အဆိုးဘက်သို့ ဦးတည်နေပြီး တစ်ယောက်တည်း ရှိနေစဉ် ယောင်ဟန်နှင့် လာတိုးနေသည်။ တစ်ဖက်လူမှာလည်း သူမကို သတ်ရန် အသေအလဲ လိုက်လံနေသည်။
မုန့်ဝမ်သည် သားတော်ဓားကို ထုတ်ယူကာ မိခင်ဓား၏ တည်နေရာကို အာရုံခံကြည့်လိုက်ရာ သူမ၏ မျက်တောင်များ တုန်ခါသွားရသည်။ ရွှယ်ဝူယာမှာ သူမနှင့် အလွန်ဝေးကွာသော နေရာတွင် ရှိနေသဖြင့် လက်ရှိဒုက္ခကို လွှဲပြောင်းရန်မှာ ခဲယဉ်းလှသည်။
“နှလုံးစားပိုးကောင်......... ပတ်ဝန်းကျင်မှာ တခြားလူရှိသေးလား အာရုံခံပေးစမ်း”
နှလုံးစားပိုးကောင်သည် အစွမ်းကုန် ကြိုးစားသော်လည်း ယောင်ဟန်နှင့် နှိုင်းယှဉ်လျှင် ထိုကျင့်ကြံသူများမှာ အလွန်ပင် အားနည်းလွန်းနေသည်။
“ကောင်းပြီလေ......... ပြေးလို့မလွတ်တော့မှတော့ တိုက်ရုံပဲ ရှိတော့တာပေါ့”
မုန့်ဝမ်၏ မျက်နှာမှာ မည်းမှောင်သွားပြီး သားတော်ဓားကို သိမ်းကာ လွတ်မြောက်ခြင်းအလင်းကို ရပ်တန့်လိုက်ပြီး ယောင်ဟန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
မုန့်ဝမ် ရပ်တန့်သွားသည်ကို မြင်သောအခါ ယောင်ဟန်က အံ့ဩတကြီး မျက်ခုံးပင့်လိုက်သည်။
“ကောင်မလေး......... ဘာလို့ ဆက်မပြေးတော့တာလဲ”
“တိုက်ချင်ရင်လည်း တိုက်လိုက်စမ်းပါ......... စကားတွေ အများကြီး ပြောမနေနဲ့တော့.........”
မုန့်ဝမ်က ဟိန်းဟောက်လိုက်ရင်း သွေးရောင်ဓားရှည်ကို ဝှေ့ယမ်းကာ ယောင်ဟန်ထံသို့ ပိုင်းချလိုက်သည်။ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပါဝင်နေသည့် သွေးရောင်ဓားအလင်းသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။
“ကိုယ့်အဆင့်ကို မသိတဲ့ကောင်မ.........”
ယောင်ဟန်က လှောင်ပြုံးပြုံးကာ သူမ၏ ထက်မြက်သော လက်သည်းများဖြင့် သွေးရောင်ဓားအလင်းကို ရင်ဆိုင်လိုက်သည်။
ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ သွေးရောင်ဓားအလင်းနှင့် မိစ္ဆာမြေခွေး၏ လက်သည်းများ ထိတွေ့ကာ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ မုန့်ဝမ်မှာ ညည်းတွားလိုက်ရင်း နောက်သို့ လွင့်စင်သွားကာ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။
“ဒီလောက် အစွမ်းလေးနဲ့ ငါ့ရှေ့မှာ မောက်မာရဲတယ်ပေါ့......... သေချင်နေတာပဲ”
ယောင်ဟန်က မုန့်ဝမ်ထံသို့ ခြေတစ်လှမ်းချင်း တိုးလာသည်။
“နေဦး.........”
ထိုစဉ် မုန့်ဝမ်က ရုတ်တရက် စကားဆိုလိုက်သည်။
“မသေခင် ဘာမှာချင်သေးလို့လဲ.........”
ယောင်ဟန်က သူမကို နှာခေါင်းရှုံ့ကာ ကြည့်လိုက်သည်။
“အဲဒီအရူး ရွှယ်ဝူယာနောက်ကို လိုက်နေရတာထက် ရှင်ကမှ တကယ့် ပညာရှိတဲ့ ခေါင်းဆောင်လို့ ကျွန်မ ခံစားမိသွားလို့ပါ.........”
မုန့်ဝမ်သည် ဒူးတစ်ဖက် ထောက်လိုက်ရင်း သူမ၏ မျက်ဝန်းများတွင် ခိုင်မာသော ယုံကြည်ချက်များ ပြည့်နှက်နေဟန် ပြုမူလိုက်သည်။ “ကျွန်မ သွေးလမ်းစဉ်ကို စွန့်လွှတ်ပြီး မိစ္ဆာလမ်းစဉ်ကို ပြောင်းလဲကျင့်ကြံချင်ပါတယ်......... နတ်သမီးအနေနဲ့ ကျွန်မကို အခွင့်အရေး ပေးပါဦး.........”
ယောင်ဟန်၏ မျက်လုံးများ ချက်ချင်း စူးရှသွားပြီး သူမ၏ မျက်လုံးအိမ်အတွင်းမှ ရွှေရောင်အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။
နောက်တစ်ခဏတွင် မြင်တွေ့၍မရသော လှိုင်းတစ်ခုသည် ယောင်ဟန်၏ မျက်လုံးများမှ ထွက်ပေါ်လာပြီး မုန့်ဝမ်ထံသို့ တိုက်ရိုက် ထိမှန်သွားသည်။
“ဖူး.........”
ဒူးထောက်နေသော မုန့်ဝမ်မှာ ထိမှန်သွားပြီး ခဏချင်းအတွင်း မြူခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။ သူမရှေ့မှ ပုံရိပ်ယောင်မှာ ချက်ချင်း ပြိုကွဲသွားပြီး တစ်ချိန်တည်းမှာပင် သွေးရိပ်တစ်ခုသည် အဝေးသို့ အလျင်အမြန် ထွက်ပြေးနေချေပြီ။
ယောင်ဟန်သည် ချက်ချင်း လိုက်လံခြင်းမပြုဘဲ သူမ၏ ပတ်ဝန်းကျင်ကို အမူအရာကင်းမဲ့စွာဖြင့် အကဲခတ်လိုက်သည်။ သူမ၏ နောက်ကျောရှိ ကြီးမားလှသော မြေခွေးမြီး သုံးချောင်းသည် ရုတ်တရက် ရိုက်ခတ်လိုက်သည်။
ပေတစ်ရာအတွင်းရှိ သစ်ပင်များ ကြေမွသွားပြီး ကျောက်ဆောင်များ ပေါက်ကွဲကာ စိမ်းလန်းစိုပြည်သော တောအုပ်မှာ ခဏချင်းအတွင်း ကန္တာရပမာ ဖြစ်သွားသည်။
သူမရှေ့မှ မြင်ကွင်းမှာ မှန်ကွဲတစ်ခုအလား ကွာကျသွားပြီး နောက်ထပ် တောအုပ်တစ်ခု ပေါ်လာပြန်သည်။ ထိုနေရာတွင် သွေးရိပ်တစ်ခုသည် ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးနေဆဲပင်။
ယောင်ဟန်သည် ထွက်ပြေးနေသော သွေးရိပ်ကို ကြည့်ရင်း ဒေါသတကြီး ရယ်မောလိုက်သည်။
“စိတ်ဝင်စားစရာပဲ......... တကယ်ကို စိတ်ဝင်စားစရာ ကောင်းလိုက်တာ.........”
ယောင်ဟန်၏ အမြီးသုံးချောင်းမှာ အသာအယာ လှုပ်ရှားနေသည်။ ယခုတစ်ကြိမ်တွင်မူ ပြင်းထန်သော ပေါက်ကွဲမှုမျိုး မရှိတော့ပေ။ ငြိမ်သက်စွာ ရပ်နေရင်း မျက်ဝန်းအတွင်း ရွှေရောင်အလင်းများ စီးဆင်းနေကာ ပုံရိပ်ယောင်အားလုံးကို ဖောက်ထွင်းမြင်နေသည့်အလား ရှိနေသည်။
ပတ်ဝန်းကျင် မြင်ကွင်းမှာ လိပ်စာလိပ်တစ်ခုအလား တစ်လွှာချင်း ကွာကျသွားပြီးနောက် နောက်ဆုံးတွင် တကယ့်မြင်ကွင်းဖြစ်သော ဟာလာဟင်းလင်း ဖြစ်နေသည့် တောင်ကြားတစ်ခု ပေါ်လာတော့သည်။
“ဟားဟား......... ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ လူမျိုးနဲ့ မတွေ့ရတာ ကြာပြီပဲ”
ယောင်ဟန်က ရယ်မောလိုက်ရင်း လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။ သူမသည် မြေခွေးမျိုးနွယ်၏ မွေးရာပါ ပါရမီရှိသူဖြစ်ပြီး ပုံရိပ်ယောင်များကို အလွန်အာရုံခံနိုင်စွမ်းရှိသော်လည်း တစ်ဖက်လူ၏ သုံးဆင့် ပုံရိပ်ယောင်ကို မသိမသာ ခံလိုက်ရသည်။ ဤသည်မှာ သူမကို အံ့ဩစေသလို စိတ်ဝင်စားမှုကိုလည်း ဖြစ်ပေါ်စေသည်။
ထိုလူ၏ လက်အောက်ငယ်သားလေးမှာ ဤမျှ စွမ်းဆောင်နိုင်သည်ကို ရွှယ်ဝူယာ သိနေသည်လော။
အကယ်၍ သူ မသိသေးဘူးဆိုလျှင် ရှေ့လျှောက် စောင့်ကြည့်ရသည်မှာ ပို၍ ပျော်စရာကောင်းလိမ့်မည်။ ယောင်ဟန်သည် လှည့်စားခံရခြင်းအတွက် စိတ်ဆိုးခြင်းမရှိဘဲ ထူးဆန်းသော မျှော်လင့်ချက်များဖြင့် စင်မြင့်ရှိရာသို့ ပြန်လှည့်လာခဲ့သည်။
တစ်ဖက်တွင်မူ မုန့်ဝမ်သည် မိုင်ပေါင်းများစွာ အကွာအဝေးသို့ ထွက်ပြေးလာခဲ့ပြီး ကျောက်ဆောင်ကြီးတစ်ခုနောက်တွင် ပုန်းကွယ်ကာ အသက်ရှူနှုန်းကို ထိန်းညှိနေသည်။
ယခု တိုက်ပွဲအသေးစားမှတစ်ဆင့် နတ်သားတော်အဆင့်ရှိသူများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သူမ ပိုမို နားလည်သွားခဲ့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ခုနစ် ရှိသော ရွှယ်ဝူယာသည် ယောင်ဟန်ထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။
သူမ၏ စွမ်းအားအားလုံးကို အသုံးချလျှင်ပင် အနိုင်ရရန် အခွင့်အရေးမှာ ထက်ဝက်ခန့်သာ ရှိသည်။ ထို့ကြောင့် သူမအနေဖြင့် ရာနှုန်းပြည့် အနိုင်ရနိုင်မည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရမည် ဖြစ်ချေသည်။ မုန့်ဝမ်သည် အသက်ပြင်းပြင်းရှူကာ ခရီးဆက်ရန် ပြင်လိုက်စဉ်မှာပင် သိမ်မွေ့လှသော ဆေးရနံ့တစ်ခုကို ရရှိလိုက်သည်။
သူမ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဆေးရနံ့ထွက်ပေါ်လာရာ အရပ်သို့ ကြည့်လိုက်သည်။ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် ထိုရနံ့နောက်သို့ လိုက်ပါသွားရာ ဖုံးကွယ်ထားသော တောင်ကြားတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသည့် ဝိညာဉ်ဆေးပင်အချို့ကို တွေ့လိုက်ရသည်။
ဤလျှို့ဝှက်နယ်မြေမှာ တုပေါင်းဆောင် ဖြစ်နေသဖြင့် ဤဝိညာဉ်ပင်များသည် ရတနာများထဲမှ တစ်ခု ဖြစ်ရပေမည်။ မုန့်ဝမ်သည် ထိုအပင်များကို တစ်ချက်ကြည့်ကာ လျစ်လျူရှုလိုက်ပြီး ဖန်ရှုံနှင့် ပြန်ဆုံရန်သာ ခရီးဆက်လိုက်သည်။
ဝိညာဉ်ပင်များကို တူးဖော်ခြင်းမှာ အပင်၏ အမြစ်၊ ပင်စည်နှင့် အရွက်များကို မပျက်စီးအောင် အထူးဂရုစိုက်ရသဖြင့် လက်ဝင်လှသည်။ ထို့အပြင် ဤဝိညာဉ်ပင်များ၏ အဆင့်မှာ မြင့်မားလှသည်မဟုတ်သဖြင့် သူမအတွက် အချိန်ဖြုန်းရန် မလိုအပ်ချေ။
သူမ၏ ဖန်ရှုံရုပ်သေးနှင့် ပြန်လည်ပူးပေါင်းပြီးနောက် မုန့်ဝမ်သည် တစ်ဦးက နောက်ကွယ်တွင်နေ၍ တစ်ဦးက ပေါ်ပေါ်ထင်ထင် စင်မြင့်ရှိရာသို့ ဆက်လက် ရွေ့လျားခဲ့သည်။ တစ်ရက်အကြာတွင် မုန့်ဝမ်သည် ဝေးကွာသော နေရာမှ စင်မြင့်ကို မြင်တွေ့လိုက်ရသည်။
ပထမထပ်မှ စင်မြင့်နှင့် နှိုင်းယှဉ်လျှင် ဤထပ်မှ စင်မြင့်မှာ ပိုမို မြင့်မားလှပြီး ပိုမို ရှုပ်ထွေးသော မှော်စာလုံးပုံစံများ ရှိနေသည်။ စင်မြင့်ပတ်ဝန်းကျင်တွင် လူအများအပြား စုဝေးနေကြပြီး ယောင်ဟန်မှာလည်း ထိုအထဲတွင် ပါဝင်နေသည်။
ပထမထပ်တွင် သတ်ဖြတ်ရန် လိုအပ်ခဲ့သော်လည်း ယခုအခါတွင်မူ အချင်းချင်း သတိထားနေကြသော်လည်း မည်သည့် ပဋိပက္ခမျှ မဖြစ်ပွားကြပေ။
ကျင့်ကြံသူများမှာ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် စင်မြင့်အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသော်လည်း နတ်သားတော်များနှင့် နတ်သားတော်အလျောင်းအလျာများ၏ အနားသို့မူ မကပ်ရဲကြချေ။ မုန့်ဝမ်သည် နောက်ထပ် နှစ်နာရီခန့် စိတ်ရှည်စွာ စောင့်ဆိုင်းနေပြီးနောက် ကောင်းကင်ယံတွင် ရွှယ်ဝူယာ၏ ပုံရိပ် ပေါ်လာသောအခါတွင်မူ ဝမ်းသာအားရဟန်ဖြင့် သူ့ကို သွားရောက် ဆီးကြိုလိုက်သည်။
***