ခွမ်းဖုန်းမှာ မှင်တက်သွားရသည်။ နတ်သားတော်က သူ့ကို ဘာကြောင့် ရုတ်တရက် တိုက်ခိုက်ရသလဲဆိုသည်ကို စဉ်းစားရန်ပင် အချိန်မရလိုက်ဘဲ နောက်သို့ အမြန်ဆုတ်ခွာလိုက်ရ၏။
သို့သော် မုန့်ဝမ်၏ ရုတ်တရက်တိုက်ကွက်မှာ လျင်မြန်လှသဖြင့် ခွမ်းဖုန်း၏ တုံ့ပြန်မှုမှာ တစ်လှမ်း နောက်ကျသွားချေပြီ။ မုန့်ဝမ်၏ လက်သီးသည် ဥက္ကာခဲတစ်ခုအလား သူ၏မျက်နှာတည့်တည့်သို့ အားပါပါ ကျရောက်သွားသည်။
“ဂျွတ်.........”
ခွမ်းဖုန်း၏ နှာရိုးမှာ ကျိုးအက်သွားပြီး သွေးများ ပန်းထွက်ကာ နောက်သို့ လွင့်စင်သွားတော့သည်။ မုန့်ဝမ်သည် ထိုမျှနှင့် ရပ်တန့်မသွားပေ။ သူမ၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်အလား ထပ်ကြပ်မကွာ လိုက်ပါသွားပြီး လွင့်စင်နေသော ခွမ်းဖုန်း၏ ရင်ဘတ်ကို အရှိန်အဟုန်ဖြင့် ကန်သွင်းလိုက်ပြန်သည်။
ဤကန်ချက်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် ခွမ်းဖုန်း၏ ရင်ညွန့်ရိုးမှာ ကြေမွသွားပြီး သွေးများကို မြောက်မြားစွာ အန်ထုတ်လိုက်ရချေသည်။
“ဘာ... ဘာလို့လဲ.........”
ခွမ်းဖုန်းသည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ရုန်းကန်နေရသည်။ “နတ်သမီး... ကျွန်တော်မျိုး ဘာအမှားလုပ်မိလို့လဲ.........”
မုန့်ဝမ်မှာ ဘာစကားမျှ မဆိုဘဲ တိုက်ခိုက်မှုကိုသာ ဆက်လက်ပြုလုပ်နေသည်။ လက်သီးချက်များမှာ မိုးသီးမိုးပေါက်များအလား ခွမ်းဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေချေပြီ။
ခွမ်းဖုန်း၏ မျက်ဝန်းတွင် မကျေနပ်မှုများ ပြည့်နှက်လာသည်။ သူသည် နာကျင်မှုများကို အံတုလျက် အဝေးသို့ ယိုင်တိယိုင်တိုင် ထွက်ပြေးရန် ကြိုးစားတော့သည်။
လီဖော်ထျန်း၏ အစွမ်းအစအပေါ် ကြောက်ရွံ့စိတ်ကြောင့် သူသည် ပြန်လည်ခုခံရန် စိတ်ကူးပင်မရှိတော့ဘဲ လွတ်မြောက်ရန်သာ တစ်ခုတည်းသော အတွေး ရှိတော့သည်။ မုန့်ဝမ်က လှောင်ပြုံးပြုံးလျက် လက်ကို မြှောက်ကာ သူ့ကို လှမ်းဖမ်းလိုက်သည်။
ရွှယ်ဝူယာကို သူမ မထိန်းထားနိုင်ခဲ့သော်လည်း ခွန်အားလမ်းစဉ်မှ နတ်သားတော်အလျောင်းအလျာ တစ်ယောက်ကိုတော့ လွှတ်မပေးနိုင်ပေ။
ခွမ်းဖုန်းမှာ အားကိုးရာမဲ့စွာဖြင့် “နတ်သမီး” ကို ပြန်လည်တိုက်ခိုက်ရန် ပြင်ရတော့သည်။ သို့သော် ပြင်းထန်သော ကြောက်ရွံ့စိတ်ကြောင့် သူ၏ စွမ်းအားများကို အပြည့်အဝ မထုတ်နိုင်ဘဲ ခုနစ်ပုံ၊ ရှစ်ပုံခန့်သာ အသုံးချနိုင်ချေသည်။
ထို့အပြင် သူသည် မူလကတည်းက မုန့်ဝမ်၏ ပြိုင်ဘက်မဟုတ်ရာ အချီအနည်းငယ်အတွင်းမှာပင် ရှုံးနိမ့်သွားရတော့သည်။
ခွမ်းဖုန်းသည် အံကို ကြိတ်ကာ အစိမ်းရောင် ထီးပုံစံ ဝိညာဉ်လက်နက် တစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် ဂါထာမန္တရားများကို ရွတ်ဆိုလျက် ထိုထီးရှိရာသို့ မှော်အစွမ်းများ ပို့လွှတ်လိုက်သည်။
“ကောင်းကင်မှာ အဝိုင်း... မြေပြင်မှာ အနားလေးဖက်......... အမိန့်တော်အတိုင်း ဖြစ်စေစမ်း....”
အစိမ်းရောင်ထီးမှာ ချက်ချင်း ပွင့်သွားပြီး သူ့ကို လုံခြုံစွာ ကာကွယ်ထားတော့သည်။ မုန့်ဝမ်၏ လက်သီးချက်များကိုပင် လျင်မြန်စွာ လည်ပတ်နေသော ထီးမျက်နှာပြင်က တားဆီးထားနိုင်ချေသည်။
“စိတ်ဝင်စားစရာပဲ......... တကယ့် ဝိညာဉ်လက်နက်ပဲကိုး.........”
မုန့်ဝမ်သည် ထိုထီးကို ကြည့်ကာ စိတ်ဝင်တစားရှိလှသဖြင့် လည်ပတ်နေသော ထီးမျက်နှာပြင်ကို လက်ဖြင့် လှမ်းဖမ်းလိုက်သည်။
ခွမ်းဖုန်းသည် မုန့်ဝမ်က လက်ဗလာဖြင့် လှမ်းဖမ်းသည်ကို မြင်သောအခါ ပထမတော့ ထိတ်လန့်သွားသော်လည်း အကြိမ်ကြိမ် ကြိုးစားသော်လည်း ထီး၏ ကာကွယ်မှုကို မဖောက်နိုင်သည်ကို မြင်မှသာ စိတ်အနည်းငယ် အေးသွားတော့သည်။ သူက မကျေနပ်မှုကို မြိုသိပ်လျက် “လီဖော်ထျန်း” ကို လေသံအေးအေးဖြင့် ဖျောင်းဖျလိုက်သည်။
“နတ်သမီး......... တစ္ဆေတွေကို သတ်ချင်တယ်ဆိုရင် ကျွန်တော်မျိုး ကူညီဖမ်းပေးပါ့မယ်......... ဘာလို့ ကျွန်တော့်ကို ဒုက္ခပေးနေရတာလဲ.........”
“ဒီထီးက တကယ့်ကို ထူးခြားတာပဲ......... နင် အရင်က သုံးတာ မတွေ့ဖူးပါဘူး.........”
မုန့်ဝမ်က ပြုံးလျက် ထိုထီးကို စစ်ဆေးနေသည်။ ခွမ်းဖုန်းက ခေါင်းငုံ့ကာ နှုတ်ဆိတ်နေ၏။ ဤထီးမှာ သူ၏ အသက်ကယ်ရတနာ ဖြစ်သည်။
ယခု နတ်သမီးက ဘာကြောင့်မှန်းမသိ သူ့ကို အသေသတ်ရန် ကြိုးစားနေသဖြင့် သူ၏ နောက်ဆုံးလက်နက်ကို ထုတ်သုံးရခြင်း ဖြစ်ချေသည်။
“မပြောချင်ဘူးလား......... ဒါဆိုလည်း ထားလိုက်ပါတော့.........”
မုန့်ဝမ်သည် နှမြောတသဟန်ဖြင့် ခေါင်းခါလိုက်ပြီး ပုံရိပ်ယောင်စွမ်းအားများကို မသိမသာ ဖြန့်ကျက်လိုက်သည်။ ထို့နောက် အစိမ်းရောင်ထီးမျက်နှာပြင်ပေါ်သို့ သူမ၏လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
ထီးမျက်နှာပြင်မှာ ချိုင့်ဝင်သွားပြီး “ခရက်.........” ဟူသော အသံနှင့်အတူ ထီးတိုင်များမှာ ကျိုးအက်သွားတော့သည်။
ခွမ်းဖုန်းမှာ မယုံကြည်နိုင်စွာဖြင့် ကျိုးပဲ့သွားသော ထီးတိုင်များကို ကြည့်ကာ ထီးကို အမြန်သိမ်း၍ အဝေးသို့ ထွက်ပြေးတော့သည်။ မုန့်ဝမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေသော ခွမ်းဖုန်း၏ အသက်ကို အသာအယာ ရိတ်သိမ်းလိုက်တော့သည်။
ခွမ်းဖုန်း သေဆုံးသွားသောအခါ သူ၏ ခန္ဓာကိုယ်အတွင်းမှ သန့်စင်လှသော ဝိညာဉ်စွမ်းအား များ ထွက်ပေါ်လာပြီး မုန့်ဝမ်က အလွယ်တကူ စုပ်ယူလိုက်သည်။
ဝိညာဉ်အမြုတေမှ ပေးပို့လာသော ကျေနပ်မှုကို ခံစားမိသောအခါ မုန့်ဝမ်သည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။ တစ္ဆေများကို သတ်ခြင်းမှ ရရှိသော အကျိုးကျေးဇူးမှာ လူများကို သတ်ခြင်းထက် ပို၍ များပြားလှချေပြီ....
ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ဦး သေဆုံးလျှင် သူတို့၏ ဝိညာဉ်စွမ်းအားများသည် ကောင်းကင်နှင့် မြေပြင်အတွင်းသို့ ပျံ့နှံ့သွားတတ်သည်။ လျှို့ဝှက်နည်းလမ်းများ သုံးလျှင်ပင် ထိန်းသိမ်းနိုင်စွမ်းမှာ အကန့်အသတ် ရှိလှသည်။
သို့သော် ယခုမူ စင်မြင့်၏ စည်းမျဉ်းများကြောင့် ခွမ်းဖုန်းမှာ “တစ္ဆေ” အဆင့်ရရှိထားရာ သူ သေဆုံးသော်လည်း ဝိညာဉ်စွမ်းအားများမှာ ပျံ့လွင့်မသွားဘဲ မုန့်ဝမ်၏ ဆုလာဘ် ဖြစ်လာရချေသည်။
မုန့်ဝမ်သည် ခွမ်းဖုန်း၏ သိုလှောင်လက်စွပ်ကို ထုတ်ကာ အစိမ်းရောင်ထီးကို ထုတ်ယူကြည့်လိုက်သည်။ ထီးကို ဖွင့်လိုက်သောအခါ ထီးတိုင် ၂၄ ချောင်းစလုံးမှာ မူလအတိုင်း စနစ်တကျ ရှိနေသည်ကို တွေ့လိုက်ရ၏။ အမှန်စင်စစ် ထီးတိုင်များမှာ တစ်ခါမျှ ကျိုးပဲ့ခဲ့ခြင်းမရှိပေ။ ခွမ်းဖုန်းမှာ ပုံရိပ်ယောင်အတတ်ကြောင့် ထီးတိုင်များ ကျိုးသွားပြီဟု အထင်မှားကာ ထွက်ပြေးခဲ့ခြင်းသာ ဖြစ်ချေသည်။
မုန့်ဝမ်သည် ထိုထီးကို သိမ်းဆည်းလိုက်ပြီး နှလုံးသားစားပိုးကောင်ကို နောက်ထပ် တစ္ဆေများကို ဆက်လက်ရှာဖွေခိုင်းလိုက်သည်။ ကျန်ရှိနေသော အချိန်အတွင်း မုန့်ဝမ်သည် ဖန်ရှုံကို ခေါ်ဆောင်လျက် လျှို့ဝှက်နယ်မြေအတွင်း လှည့်လည်ကာ နောက်ထပ် တစ္ဆေနှစ်ကောင်ကိုပါ အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သည်။
စမ်းသပ်မှုအချိန်ကုန်ဆုံးကာ တတိယထပ်သို့ တယ်လီပို့ခံရမှသာ သူမ၏ အမဲလိုက်ပွဲမှာ ရပ်တန့်သွားတော့သည်။
မုန့်ဝမ်သည် သူမ ရောက်ရှိနေသော ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့ဩသွားရသည်။ ယခင်ကကဲ့သို့ တောအုပ်ထဲသို့ မဟုတ်ဘဲ သီးခြား ပိတ်လှောင်ထားသော အခန်းငယ်လေးတစ်ခုအတွင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ထိုအခန်းမှာ အခန်းထက် အကျဉ်းထောင်နှင့် ပိုတူလှသည်။ တံခါးလည်းမရှိ၊ ပြတင်းပေါက်လည်း မရှိဘဲ အပေါ်ဘက်တွင် တစ်ပေပတ်လည်ခန့်သာ ရှိသော အပေါက်ငယ်လေးတစ်ခုသာ ရှိချေသည်။
ထိုစဉ် ဝိညာဉ်အသံကြီး ထပ်မံ ထွက်ပေါ်လာပြန်သည်။
“ပြီးခဲ့တဲ့ စမ်းသပ်မှုနှစ်ခုမှာ လူသေဆုံးမှု များပြားခဲ့တာကြောင့် တတိယအဆင့် စမ်းသပ်မှုကို အခုပဲ စတင်ပါပြီ......... အခန်းရဲ့ ထွက်ပေါက်ကို ရှာဖွေပြီး လွတ်မြောက်အောင် ကြိုးစားကြပါ.........”
ထွက်ပေါက်ကို ရှာဖွေရမည်ဟု ဆိုသော်လည်း အပေါ်ဘက်မှ အပေါက်ငယ်လေးမှာ ထွက်ပေါက်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ချေသည်။
သို့သော် မုန့်ဝမ် အပေါ်သို့ မော့ကြည့်လိုက်စဉ်မှာပင် အပေါ်ဘက်မှ ပြင်းထန်သော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး တစ်ခန်းလုံး တုန်ခါသွားတော့သည်။
ချက်ချင်းဆိုသလိုပင် အပေါ်ဘက် ကောင်းကင်ပေါက်မှနေ၍ ရှည်လျားလှသော လျှာကြီးတစ်ချောင်းမှာ အခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး မုန့်ဝမ်ရှိရာသို့ ရစ်ပတ်ရန် ဝှေ့ယမ်းလာတော့သည်။ ထိုလျှာကြီးနှင့်အတူ ပုပ်စပ်ညှီနံ့များကလည်း လေထုထဲတွင် ပျံ့နှံ့သွားပြီဖြစ်၏။
‘ဒါ ဘာကြီးလဲ.........’
မုန့်ဝမ်သည် အသက်ကို အောင့်ထားရင်း ထိုလျှာကြီးကို အမြန် ရှောင်တိမ်းလိုက်ရသည်။ သူမကို မဖမ်းမိသောအခါ ထိုလျှာကြီးမှာ ဒေါသထွက်နေဟန်ဖြင့် အခန်းအတွင်းရှိ ကုတင်နှင့် စားပွဲ၊ ကုလားထိုင်များကို ရိုက်ခတ်ဖျက်ဆီးတော့သည်။
မုန့်ဝမ် ရှောင်တိမ်းနေစဉ်မှာပင် ကုတင်နှင့် စားပွဲများမှာ ထိုလျှာမှ ထွက်လာသော တံတွေးများကြောင့် မည်းနက်ကာ ပုပ်ပွပျက်စီးသွားသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲမှ ထိတ်လန့်သွားရသည်။
ပို၍ ဆိုးသည်မှာ ထိုစက်ဆုပ်ဖွယ် တံတွေးများသည် ကြမ်းပြင်ပေါ်တွင် တစ်စစ များပြားလာပြီး သူမ ပုန်းနေသော နေရာအထိ ပျံ့နှံ့လာနေခြင်းပင် ဖြစ်သည်။
***