ခေတ္တမျှ အကဲခတ်ပြီးနောက် မုန့်ဝမ် သည် သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် အေးစက်လှသော သံတိုင်များကို အသာအယာ ထိတွေ့လိုက်ရာ ထိုအပေါ်ရှိ ကျန်ရှိနေသော တားမြစ်ချက် စွမ်းအားကို ခံစားလိုက်ရသည်။ ဤလှောင်အိမ်ပေါ်ရှိ တားမြစ်ချက်မှာ သူမအတွက်မူ ချိုးဖောက်ရန် မခက်ခဲလှပေ။
မုန့်ဝမ်သည် လက်ကို မြှောက်လိုက်ရာ လက်ချောင်းထိပ်များတွင် သွေးရောင်အလင်းတန်းများ ဝဲပျံလာပြီး သွေးရောင်လိပ်ပြာလေးများအလား တားမြစ်ချက်အပေါ်သို့ ကျရောက်သွားသည်။
တားမြစ်ချက်မှ ပြာလဲ့လဲ့အလင်းများ ထွက်ပေါ်လာပြီး ပြင်ပအားကို ခုခံသည့်အနေဖြင့် တဝီဝီအသံများ ထွက်ပေါ်လာချေသည်။
မုန့်ဝမ်က စွမ်းအားကို မြှင့်တင်ကာ သွေးရောင်အလင်းများဖြင့် တားမြစ်ချက်ကို တိုက်စားလိုက်ရာ နောက်ဆုံးတွင် “ခရက်” ဟူသော အသံနှင့်အတူ တားမြစ်ချက် ပျက်စီးသွားပြီး သံလှောင်အိမ်မှာ ပွင့်ထွက်သွားတော့သည်။
လွတ်မြောက်သွားသော မြရောင်ရိပ် မိစ္ဆာပုတ်သင် ကြီးသည် နားကွဲမတတ် ဟိန်းဟောက်လိုက်ပြီး လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား မုန့်ဝမ်ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာတော့သည်။
မုန့်ဝမ်ကမူ အသင့်ပြင်ထားပြီးဖြစ်ရာ သူမ၏နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာလှသော သွေးရောင်ဝတ်စုံချပ်ဝတ်မှာ သူမ၏ တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ထူးဆန်းသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။
မိစ္ဆာပုတ်သင်ကြီး၏ ချွန်ထက်လှသော လက်သည်းများသည် သွေးရောင်ချပ်ဝတ်ပေါ်သို့ ပြင်းထန်စွာ ကုတ်ခြစ်လိုက်သော်လည်း သတ္တုချင်း ထိခိုက်သံသာ ထွက်ပေါ်လာပြီး မုန့်ဝမ်ကို အနာအဆာမျှပင် မဖြစ်စေနိုင်ပေ။
သားရဲကြီးက ပို၍ ဒေါသထွက်ကာ ၎င်း၏ ကြီးမားလှသော အမြီးဖြင့် မုန့်ဝမ်၏ မျက်နှာကို ဝှေ့ယမ်းတိုက်ခိုက်လာသော်လည်း သူမက ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်သည်။
ပိတ်လှောင်ထားသော အခန်းကျယ်အတွင်း လူနှင့် မိစ္ဆာသားရဲတို့၏ ရင်သပ်ရှုမောဖွယ် အနီးကပ်တိုက်ပွဲ စတင်တော့သည်။ မုန့်ဝမ်၏ ပုံရိပ်မှာ ရေပြင်ပေါ်မှ ပုစဉ်းပျံသကဲ့သို့ ဖမ်းရခက်လှပြီး သူမ၏ တိုက်ကွက်တိုင်းမှာ မိစ္ဆာပုတ်သင်၏ အရေးပါသော အဓိကနေရာများကိုသာ တိတိကျကျ ထိုးနှက်နေချေသည်။
မိစ္ဆာပုတ်သင်မှာ အင်အားချည့်နဲ့နေသော်လည်း ၎င်း၏ သန်မာလှသော ခန္ဓာကိုယ်နှင့် ရိုင်းစိုင်းသော သဘာဝကြောင့် ပြင်းထန်သော စွမ်းအားများကို ထုတ်ဖော်နေဆဲပင်။
၎င်းသည် ရံဖန်ရံခါ အစိမ်းရင့်ရောင် အဆိပ်များကို ထွေးထုတ်ကာ ပတ်ဝန်းကျင်ကို တိုက်စားစေသော်လည်း မုန့်ဝမ်က အလွယ်တကူပင် ရှောင်တိမ်းနိုင်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ မိစ္ဆာပုတ်သင်ကြီး၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာသည်။ မုန့်ဝမ်က အခွင့်အရေးကို အရယူကာ ၎င်း၏ ဦးခေါင်းကို လက်သီးဖြင့် အားပါပါ ထိုးနှက်လိုက်ရာ သားရဲကြီးမှာ မျက်စိလည်လမ်းမှား ဖြစ်သွားတော့သည်။
ထိုမျှနှင့် မပြီးသေးဘဲ သားရဲကြီး နာကျင်နေစဉ်မှာပင် မုန့်ဝမ်က ၎င်း၏ ဘေးဘက်သို့ ချက်ချင်း ရောက်ရှိသွားပြီး ဝမ်းဗိုက်ကို ပြင်းထန်သော နံဘေးကန်ချက်ဖြင့် ကန်သွင်းလိုက်ပြန်သည်။
“ဖူး.........”
သားရဲကြီး၏ ခန္ဓာကိုယ်မှာ လွင့်စင်သွားပြီး နံရံနှင့် ပြင်းထန်စွာ ရိုက်မိကာ နက်ရှိုင်းသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။
“ဒါပဲလား.........”
မုန့်ဝမ်က ခပ်ဖွဖွ ပြုံးလိုက်သည်။ သူမ၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်ပမာ သားရဲကြီး၏ နောက်ကျောသို့ ရောက်ရှိသွားပြီး သွေးမိစ္ဆာကောင်းကင်ဘုံကျင့်စဉ် ကို အသက်သွင်းလျက် လက်ဝါးဖြင့် ၎င်း၏ နောက်ကျောကို ရိုက်နှက်လိုက်သည်။
“ငါ့အတွက် သေလိုက်တော့....”
မိစ္ဆာပုတ်သင်ကြီးသည် မုန့်ဝမ်၏ လက်ဝါးမှ ထွက်ပေါ်လာသော စုပ်ယူမှုအားကို ခုခံရန် အစွမ်းကုန် ကြိုးစားသော်လည်း ၎င်း၏ အနှစ်သာရသွေးများသည် မုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းသို့ အထိန်းအကွပ်မဲ့စွာ စီးဝင်သွားတော့သည်။
သားရဲကြီး၏ နာကျင်စွာ ဟိန်းဟောက်သံများမှာ တဖြည်းဖြည်း တိုးညင်းသွားပြီး မျက်ဝန်းမှ ရက်စက်သော အလင်းများမှာလည်း မှိန်ဖျော့သွားသည်။
မိနစ်သုံးဆယ်မပြည့်မီမှာပင် ၎င်း၏ အနှစ်သာရသွေး အားလုံးနီးပါးကို မုန့်ဝမ်က စုပ်ယူလိုက်သဖြင့် အစိမ်းရောင် အကြေးခွံများမှာ အရောင်အဝါ ကင်းမဲ့သွားတော့သည်။ နောက်ဆုံးတွင်မူ သားရဲကြီးသည် မြေပြင်ပေါ်သို့ ပြိုလဲကျကာ အသက်ပျောက်သွားရတော့သည်။
မုန့်ဝမ်သည် သူမ၏ ချပ်ဝတ်ကို သွေးပင်လယ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ ရွှေအမြုတေအဆင့် မိစ္ဆာသားရဲ၏ အနှစ်သာရသွေးများကို သန့်စင်လိုက်ပြီးနောက် သူမ၏ သွေးပင်လယ်အတွင်းရှိ သွေးဝိညာဉ်ရေစင်များမှာ ပိုမို ပျစ်ခဲလာပြီး အခြေခံတည်ဆောက်ခြင်းအဆင့် (၆) ကျင့်ကြံမှုမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
ဤ တုပေါင်းဆောင်(လျှို့ဝှက်နယ်မြေ) ထဲသို့ ရောက်လာပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် တကယ့် အကျိုးအမြတ်ကို ရရှိခဲ့ခြင်းပင်။
မုန့်ဝမ်သည် သွေးစက်ဝန်းမျက်လုံး ကို အသုံးပြု၍ သားရဲကြီး၏ ဝမ်းဗိုက်ကို ခွဲလိုက်ရာ ပုပ်စပ်ညှီနံ့များနှင့်အတူ ပျက်စီးနေသော အင်္ဂါများကြားတွင် တောက်ပနေသော ကျောက်စိမ်းအဆောင် တစ်ခုကို တွေ့ရှိလိုက်ရသည်။
သူမသည် ထိုအဆောင်အတွင်းသို့ ဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်ရာ အလင်းများ ထွက်ပေါ်လာပြီးနောက် အခန်းနံရံတွင် မုခ်ဦးတံခါးတစ်ခု ပေါ်လာတော့သည်။ သူမသည် မဆိုင်းမတွဘဲ ထိုတံခါးအတွင်းသို့ ဝင်ရောက်လိုက်ရာ ဟာလာဟင်းလင်းဖြစ်နေသော ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားတော့သည်။
ထိုစဉ် ဝိညာဉ်အသံကြီး ထွက်ပေါ်လာပြန်သည်။
“ဂုဏ်ယူပါတယ်......... သင်ဟာ တတိယအဆင့် စမ်းသပ်မှုကို အောင်မြင်သွားပါပြီ......... သင်ဟာ ဆဋ္ဌမမြောက် အောင်မြင်သူ ဖြစ်ပါတယ်......... ပထမ သုံးဆင့်အတွက် ဆုလာဘ်တွေကို ထုတ်ပေးပြီးပါပြီ......... ဆက်လက် ကြိုးစားပါ.........”
မုန့်ဝမ်က မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ခန်းမကြီးထဲတွင် ဘာဆုလာဘ်မျှ မရှိပေ။
“ဆုလာဘ်က ဘယ်မှာလဲ....” သူမက အေးစက်စွာ မေးလိုက်သည်။
ဝိညာဉ်အသံကြီးက မကျေမနပ်ဖြစ်ဟန်ဖြင့် ပြန်လည် ဖြေကြားလာသည်။ “သင် ဆုလာဘ်ကို ယူပြီးသားပါ......... အဲဒီအခန်းထဲက မပျက်စီးနိုင်သော ဝိညာဉ်ရွှေ တွေဟာ သင့်အတွက် ဆုလာဘ်ပါပဲ.........”
‘ဩော်... အဲဒီအရာကို မပျက်စီးနိုင်သော ဝိညာဉ်ရွှေ လို့ ခေါ်တာကိုး’
မုန့်ဝမ်က ထိုအမည်ကို မှတ်သားထားလိုက်သော်လည်း အလျှော့မပေးဘဲ ပြန်ပြောလိုက်သည်။ “ကျွန်မ ယူလိုက်တာက ကျွန်မ ကြိုးစားပြီး ရလာတဲ့ တိုက်ပွဲရလဒ်လေ......... အဲဒါကို ဘယ်လိုလုပ် ဆုလာဘ်လို့ သတ်မှတ်လို့ ရမှာလဲ....”
သို့သော် ထိုအသံကြီးမှာ နောက်ထပ် ဘာမှပြန်မပြောတော့ဘဲ မုန့်ဝမ် နှုတ်ပိတ်သွားမှသာ “နောက်ထပ် စမ်းသပ်မှုကို ဆက်လုပ်ချင်သလား....” ဟု မေးလာသည်။
မုန့်ဝမ်က ခေါင်းညိတ်ပြလိုက်ရာ အဖြူရောင်အလင်းတန်းတစ်ခုက သူမကို လွှမ်းခြုံသွားပြီး ပိုမို ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားတော့သည်။
ထိုခန်းမကြီးမှာ ရွှေရောင်ဝင်းပနေပြီး ဝိညာဉ်စွမ်းအားများ အလွန်ပင် ပေါကြွယ်ဝလှသည်။ အလယ်တွင် ကျောက်စိမ်းဖြူဖြင့် ထွင်းထုထားသော ကြာပန်းစင်မြင့်တစ်ခု ရှိပြီး ဘေးပတ်လည်တွင် တရားထိုင်ရန် ဖျာငယ်များ ရှိနေသည်။
ထိုနေရာတွင် လူငါးဦး ထိုင်နေကြပြီးဖြစ်ရာ ၎င်းတို့မှာ ခွန်အားလမ်းစဉ်မှ လီဖော်ထျန်း၊ မိစ္ဆာလမ်းစဉ်မှ ယောင်ဟန်၊ ဝိညာဉ်လမ်းစဉ်မှ ကွေ့ရန် (ဝိညာဉ်ဓား)၊ သူမ၏ အထက်လူကြီး ရွှယ်ဝူယာ နှင့် အဆိပ်လမ်းစဉ်မှ လုရှောက် တို့ပင် ဖြစ်ကြသည်။
မုန့်ဝမ် ပေါ်လာသည်ကို မြင်သောအခါ ငါးယောက်စလုံး၏ မျက်လုံးများတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။ ဆဋ္ဌမမြောက် အောင်မြင်သူမှာ ကျင်းချန်း မဟုတ်ဘဲ ရွှယ်ဝူယာ၏ လက်အောက်ငယ်သား ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
ရွှယ်ဝူယာက ပြုံးလိုက်ရင်း—
“မုန့်ဝမ်... မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ......... ပထမတန်းမှာ ထိုင်ခုံတွေ အများကြီး ရှိသေးတယ်......... မြန်မြန် လာထိုင်.........”
“ဟုတ်ကဲ့ နတ်သားတော်.........”
မုန့်ဝမ်သည် ရွှယ်ဝူယာကို ရိုသေစွာ ဦးညွှတ်လိုက်ပြီး ကျန်သူများ၏ ရှုပ်ထွေးသော အကြည့်များကြားမှ လုရှောက်၏ ညာဘက်ရှိ ပထမတန်း ထိုင်ခုံသို့ သွားရန် ပြင်လိုက်သည်။
“နေဦး....”
ကွေ့ရန် (ဝိညာဉ်ဓား) က ရုတ်တရက် စကားပြောလာသည်။ သူ၏ အကြည့်များမှာ မုန့်ဝမ်အပေါ်တွင် မရင်းနှီးသလို စူးစိုက်ကြည့်နေ၏။ “သူမ ဒီနေရာမှာ ထိုင်ဖို့ကတော့ မသင့်တော်ဘူး ထင်တယ်.........”
“အရင်ရောက်တဲ့သူက အရင်ထိုင်ရတာပဲလေ......... သူမက ဆဋ္ဌမမြောက် လွတ်မြောက်လာသူပဲ......... ဒီမှာ ထိုင်တာ ဘာများ မသင့်တော်စရာ ရှိလို့လဲ....” ဟု ရွှယ်ဝူယာက ချက်ချင်း တုံ့ပြန်လိုက်သည်။
ကွေ့ရန်က လှောင်ပြုံးပြုံးလျက် ဆိုလိုက်သည်။ “ရွှယ်ဝူယာ... ကျင်းချန်း တောင် ရောက်မလာသေးဘူး......... သူက အေးအေးဆေးဆေး နေတတ်ပေမဲ့ ဘယ်သူမဆို သူ့ရှေ့မှာ လာထိုင်လို့ ရတာမဟုတ်ဘူး......... မင်းရဲ့ လက်အောက်ငယ်သားကို ဒီမှာ ထိုင်ခိုင်းချင်တာလား......... အဲ့လောက် အဆင့်ရှိလို့လား”
***