မိစ္ဆာအင်မော်တယ် ၏ အရှိန်အဝါမှာ တကယ့်ကို တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။ သူမ၏ ညှို့ယူခြင်း ကို အနည်းငယ် ထုတ်ဖော်လိုက်ရုံဖြင့် နတ်သားတော်များနှင့် နတ်သားတော်အလျောင်းအလျာများမှာ ကိုယ့်နာမည်ကိုယ်ပင် မေ့လျော့ကာ မိန်းမောတွေဝေသွားကြရသည်။
မိစ္ဆာအင်မော်တယ်သည် မုန့်ဝမ် ကို အံ့ဩသလို တစ်ချက်ကြည့်ပြီးနောက် သတိမလွတ်ဘဲ ကျန်ရှိနေသည့် ကျင်းချန်း နှင့် အလတ်တန်းစား အမျိုးသားကျင့်ကြံသူ တို့ကို ပြုံး၍ ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက်ကတော့ မဆိုးဘူးပဲ......... ငါ့ကိုကြည့်ပြီး စိတ်မလွတ်သွားတာကြောင့် ငါ့ရဲ့ တာအိုကို နားထောင်ဖို့ အဆင့် နည်းနည်းတော့ မှီတယ်လို့ ပြောရမှာပဲ.........”
မိစ္ဆာအင်မော်တယ်မ၏ အပြုံးမှာ ပိုမို ကျယ်ပြန့်လာပြီး တာအိုဟောကြားမှုကို စတင်တော့သည်။
“မိစ္ဆာလမ်းစဉ်ဆိုတာ မိစ္ဆာလည်းမဟုတ်သလို အထက်လမ်းစဉ် လည်း မဟုတ်ဘူး......... အဲဒါက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ကိုယ့်နှလုံးသားရဲ့ အလိုအတိုင်း လုပ်ဆောင်တာပဲ.........”
သူမ၏ အသံမှာ ထူးခြားသော ဆွဲဆောင်မှုရှိနေပြီး လူများကို မသိစိတ်မှ နာခံချင်စိတ် ဖြစ်ပေါ်စေသည်။ သို့သော် ထိုစကားတစ်ခွန်းကို ကြားလိုက်ရုံဖြင့် ကျင်းချန်း မှာ မျက်နှာဖြူလျော်သွားပြီး သွေးတစ်လုပ် အန်ထုတ်ကာ သတိလစ် မေ့မြောသွားတော့သည်။
မိစ္ဆာအင်မော်တယ်မက သတိလစ်သွားသော ကျင်းချန်းကို ဂရုမစိုက်ဘဲ ဆက်လက် ဟောကြားနေသည်။
“လောကကြီးက မိစ္ဆာလမ်းစဉ်ဟာ မကောင်းမှု လို့ ပြောကြပေမဲ့ မိစ္ဆာဆိုတာလည်း လမ်းစဉ်တစ်ခုပဲဆိုတာ သူတို့မသိကြဘူး......... ကောင်းမှုနဲ့ မကောင်းမှုဆိုတာ အသေသတ်မှတ်ထားတာ မဟုတ်ဘူး......... အတွေးတစ်ချက်ပေါ်မှာပဲ မူတည်နေတာ.........”
“အဟွတ်.........”
ထိုအလတ်တန်းစား အမျိုးသားကျင့်ကြံသူမှာလည်း သွေးအန်ကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး သူ၏ ဝိညာဉ်အသိမှာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။
မိစ္ဆာအင်မော်တယ်မက သူ့ကို တစ်ချက်ကြည့်ပြီးနောက် ကွင်းပြင်တွင် တစ်ဦးတည်း သတိရှိကျန်ရစ်သည့် မုန့်ဝမ်ကို စိုက်ကြည့်ကာ ဆက်လက် ပြောဆိုလိုက်သည်။
“မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံရာမှာ အကြွင်းမဲ့ ကောင်းခြင်း၊ ဆိုးခြင်း မရှိဘူး......... အကြွင်းမဲ့ အစွမ်းနဲ့ စိတ်ဆန္ဒပဲ ရှိတယ်......... မိစ္ဆာဆိုတာ မကောင်းမှု လုပ်ရမယ်လို့ ဘယ်သူပြောလဲ.....
အကယ်၍ ကောင်းမှုကုသိုလ်နဲ့ ကြင်နာတဲ့ နှလုံးသားက မိစ္ဆာတစ်ဦး ဖြစ်လာစေတယ်ဆိုရင် အဲဒီမိစ္ဆာဟာ ဒီလောကမှာ အစင်ကြယ်ဆုံးနဲ့ အမွန်မြတ်ဆုံး ဖြစ်နိုင်တာပဲ.........”
“ဝီ.........”
မုန့်ဝမ် ထိုစကားကို ကြားလိုက်ရချိန်တွင် နားထဲ၌ တဝီဝီ မြည်ဟည်းသွားပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ချက်ချင်း စီးကျလာတော့သည်။ သူမ၏ မျက်နှာရှိ အပေါက်ခုနစ်ပေါက်မှ မီးခိုးများပင် ထွက်ပေါ်လာချေပြီ။
ကိုယ်တွင်းရှိ သွေးပင်လယ်မှာလည်း ခန္ဓာကိုယ်ထဲမှ ပေါက်ကွက်ထွက်တော့မည့်အလား ရူးသွပ်စွာ လှိုင်းထန်နေသည်။
‘တောက်....... ဒါက ငါ့အဆင့်နဲ့ မယှဉ်နိုင်တာပဲ.......’
မိစ္ဆာအင်မော်တယ်၏ တာအိုမှာ သာမန်လူတစ်ဦး တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။ သို့သော် အန္တရာယ်ကြားတွင် အခွင့်အရေးကြီး ရှိနေသည် မဟုတ်ပါလား။
မုန့်ဝမ်သည် နားထဲမှ မြည်သံများကို အတင်းအဓမ္မ လျစ်လျူရှုကာ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအတတ် ကို အသက်သွင်း၍ ဒဏ်ရာများကို အပြင်းအထန် ကုသလိုက်သည်။
ဒဏ်ရာများ အနည်းငယ် သက်သာသွားသည်နှင့် မိစ္ဆာအင်မော်တယ်၏ အသံမှာ သူမ၏ နားထဲသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။
“မိစ္ဆာဆိုတာ လူသားတွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်သွားတာပဲ......... လူအချင်းချင်း စားတာဟာ မကောင်းမှုလို့ လူတွေ သိကြတယ်......... ဒါပေမဲ့ မိစ္ဆာတစ်ယောက်က လူသားကို စားတာဟာ လူသားတွေက ကျွဲ၊ နွား၊ သိုးတွေကို စားသလိုမျိုး အစားအစာ စားတာသက်သက်ပဲ.........
မိစ္ဆာလမ်းစဉ်ဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ကန့်သတ်ချက်တွေကို စိန်ခေါ်ပြီး မိမိကိုယ်ကိုယ်ရဲ့ နက်ရှိုင်းတဲ့ အနက်ပိုင်းကို ရှာဖွေတာပဲ......... အဲဒါက မင်းရဲ့ မျိုးရိုးကို မမေးဘူး၊ ပုံသဏ္ဌာန်အပေါ်မှာလည်း မမူတည်ဘူး......... စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ စွမ်းအားကို ရှာဖွေဖို့ မင်းမှာ သတ္တိအလုံအလောက် ရှိ၊ မရှိပဲ ကြည့်တယ်.........”
“ဘုန်း.......”
ဤတစ်ကြိမ်တွင်မူ မုန့်ဝမ်၏ နားထဲတွင် မြည်ဟည်းရုံတင်မကဘဲ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ပြောင်းပြန် စီးဆင်းသွားတော့သည်။
မုန့်ဝမ်၏ နဖူးမှ ချွေးစေးများ စီးကျလာပြီး သတိများပင် ဝေဝါးလာချေပြီ။ သို့သော် သူမသည် သွားကို တင်းတင်းကြိတ်ကာ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအတတ် ကို ဆက်လက် အသုံးပြုနေခဲ့သည်။
ဒဏ်ရာဟောင်း ပျောက်သည်နှင့် ဒဏ်ရာသစ်က ချက်ချင်း ပေါ်လာသည်။ ဤသို့ဖြင့် အကြိမ်ကြိမ် အဖန်ဖန် ဖြစ်ပျက်နေတော့သည်။
မုန့်ဝမ်မှာ မိစ္ဆာအင်မော်တယ် ဘာပြောနေသည်ကိုပင် မကြားနိုင်တော့ဘဲ စိတ်ဓာတ်ခွန်အားနှင့် ဗီဇကိုသာ အားကိုး၍ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်နေရသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူမ မသိပေ။ သတိပြန်ဝင်လာချိန်တွင် သူမသည် မြေပြင်ပေါ်၌ လဲလျောင်းနေပြီး သူမ၏ ရှေ့တွင် အမျိုးသမီးတစ်ဦးက အထက်စီးမှ ငုံ့ကြည့်နေသည်။
“နင်က မိနစ်သုံးဆယ်လောက် တောင့်ခံနိုင်ခဲ့တာပဲ......... ငါ့အမြင်မှာတော့ ဒါဟာ အောင်မှတ် ရတယ်လို့ ပြောလို့ရပါတယ်.........”
မိစ္ဆာအင်မော်တယ်မသည် မုန့်ဝမ်၏ နဖူး သို့ လက်ညှိုးဖြင့် ညွှန်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မည်းနက်နေသော မိစ္ဆာစွမ်းအား တစ်ခုသည် မုန့်ဝမ်၏ နဖူးတည့်တည့်သို့ ပြေးဝင်လာတော့သည်။
မုန့်ဝမ်က ရှောင်ရှားရန် ကြိုးစားသော်လည်း အေးစက်သော နှာခေါင်းရှုံ့သံတစ်ခုကြောင့် သူမ၏ ခန္ဓာကိုယ်မှာ လှုပ်မရတော့ပေ။
ထိုမိစ္ဆာစွမ်းအားမှာ သက်ရှိတစ်ခုအလား သူမ၏ အရေပြားထဲသို့ တိုးဝင်သွားပြီး ခန္ဓာကိုယ်အနှံ့ လှည့်လည်သွားတော့သည်။
မုန့်ဝမ်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရင်နေပြီး သူမ၏ သွေးကြောများမှာ ပေါက်ထွက်တော့မည့်အလား စွမ်းအားကြီးမားလှသည်။
မိစ္ဆာစွမ်းအား ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သူမ၏ အသား၊ အရေ၊ အရိုးနှင့် ဝိညာဉ်အမြုတေ တို့မှာ ပြင်းထန်သော အပြောင်းအလဲများကို ကြုံတွေ့နေရသည်။ နာကျင်မှုများမှာ လှိုင်းလုံးကြီးများအလား သူမ၏ သတိအသိကို ဝါးမြိုနေချေပြီ။
ခန္ဓာကိုယ်ထဲတွင် ဓားပေါင်း ထောင်သောင်းဖြင့် မွှန်းနေသကဲ့သို့လည်းကောင်း၊ မီးလျှံများက အသားတိုင်းကို လောင်မြိုက်နေသကဲ့သို့လည်းကောင်း ခံစားနေရသည်။
“ဘာကို ကြောက်နေတာလဲ....... ဒါက နင်အောင်မြင်လို့ ရတဲ့ ဆုလာဘ် စစ်မှန်သော မိစ္ဆာစွမ်းအား အပ်နှင်းခြင်း ပဲ......... သာမန်လူတွေဆိုရင် ဒူးထောက်တောင်းပန်ရင်တောင် မရနိုင်ဘူး.........” မိစ္ဆာအင်မော်တယ်မက မုန့်ဝမ်၏ ရုန်းကန်မှုကို စိတ်ဝင်တစား ကြည့်နေသည်။
“ဒါကို မတွန်းလှန်နဲ့......... လက်ခံလိုက်စမ်းပါ......... အဲဒါက နင့်ကို ပိုသန်မာစေလိမ့်မယ်.........”
‘လက်ခံရမယ် ဟုတ်လား.......’
မုန့်ဝမ်၏ မျက်ဝန်းတွင် ရက်စက်မှုများ ထင်ဟပ်သွားသည်။ သူမသည် မိစ္ဆာအင်မော်တယ်မ၏ စကားကို မယုံကြည်ဘဲ သွေးပင်လယ်ကို အသက်သွင်းကာ ထိုမိစ္ဆာစွမ်းအားကို ဆက်လက် ခုခံနေခဲ့သည်။
သူမ၏ ထိန်းချုပ်မှုအောက်တွင် မရှိသော စွမ်းအားတစ်ခုသည် သူမကို ဖျက်ဆီးနိုင်သော်လည်း သူမကို အညံ့ခံခိုင်း၍ မရပေ။
အချိန်ကြာလာသည်နှင့်အမျှ မုန့်ဝမ်၏ ခန္ဓာကိုယ်မှာ ထိုမိစ္ဆာစွမ်းအားနှင့် နေသားတကျ ဖြစ်လာပြီး ၎င်းကို စုပ်ယူနိုင်လာသည်။ သူမ၏ အရေပြားမှ ထူးဆန်းသော အလင်းများ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး၏ အရှိန်အဝါမှာ ပြောင်းလဲသွားတော့သည်။
သူမ၏ အရေပြားမှာ ပိုမို မာကျောလာပြီး ခွန်အားနှင့် အရှိန်မှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ အရေးကြီးဆုံးအချက်မှာ သူမ၏ သွေးပင်လယ်မှာ ဆယ်ဆခန့် ကျုံ့သွားခြင်းပင်။
သွေးပင်လယ် ကျုံ့သွားသော်လည်း အတွင်းရှိ သွေးဝိညာဉ်ရေစင် များမှာ ပိုမိုသိပ်သည်းလာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေသည်။
နောက်ဆုံးတွင် မုန့်ဝမ်သည် သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူမ၏ လက်ချောင်းထိပ်များမှ မိစ္ဆာစွမ်းအား အနည်းငယ် ထွက်ပေါ်နေချေပြီ။
စစ်မှန်သော မိစ္ဆာစွမ်းအား အပ်နှင်းခြင်း
သာမန် မိစ္ဆာကျင့်ကြံသူများသည် ရွှေအမြုတေအဆင့် ရောက်မှသာ မိစ္ဆာစွမ်းအား အနည်းငယ်ကို ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။ သို့သော် သူမမှာမူ အခြေခံတည်ဆောက်ခြင်းအဆင့် ၌ပင် လူသားခန္ဓာကိုယ်မှ မိစ္ဆာခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ....... ယခုအခါ သူမ၏ ခန္ဓာကိုယ် သန်မာမှုမှာ လီဖော်ထျန်း နှင့် ဖန်ရှုံ (ဝက်ဝံကြီး) တို့ နှစ်ယောက်ပေါင်း တိုက်ခိုက်လျှင်ပင် သူမကို အနိုင်ရရန် မလွယ်ကူတော့ပေ။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ခံစားရင်း ကျေနပ်နေစဉ် အသံတစ်ခုကို ကြားလိုက်ရသည်။
***