“စတုတ္ထအဆင့် စမ်းသပ်မှု ပြီးဆုံးပါပြီ။ တုပေါင်ဆောင် ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်ရင် အားလုံးကို တုပေါင်ဆောင်အပြင်ဘက်ကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်”
“စမ်းသပ်မှု ပြီးသွားပြီ ဟုတ်လား.....”
မုန့်ဝမ် က မျက်မှောင်ကြုတ်လိုက်ပြီး ဝိညာဉ်အသံကြီးကို ကျယ်လောင်စွာ မေးလိုက်သည်။ “ကျွန်မ စမ်းသပ်မှုကို အောင်မြင်ခဲ့တာ မဟုတ်ဘူးလား..... ဘာလို့ ကျွန်မကိုပါ တုပေါင်ဆောင်အပြင်ဘက်ကို ထုတ်ရတာလဲ.....”
ဝိညာဉ်အသံကြီးက ရှင်းပြသည်မှာ - “ပဉ္စမအဆင့် စမ်းသပ်မှုကို စတင်ဖို့အတွက် အနည်းဆုံး လူဆယ်ယောက် စတုတ္ထအဆင့်ကို အောင်မြင်ဖို့ လိုပါတယ်။ အောင်မြင်သူ အရေအတွက် မပြည့်မီတဲ့အတွက် နောက်ဆက်တွဲ စမ်းသပ်မှုတွေကို အလိုအလျောက် ဖျက်သိမ်းလိုက်တာပဲ။ နင် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အားလုံးကို အပြင်ကို ပြန်ပို့မှာပါ”
ဝိညာဉ်အသံကြီး ပြောအပြီးတွင် မုန့်ဝမ်သည် သူမအပေါ်သို့ တယ်လီပို့စွမ်းအားတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
ခက်ခဲလှသည့် အခြေအနေတစ်ခုအပြီးတွင် မုန့်ဝမ်သည် တုပေါင်ဆောင်အတွင်းမှ ထွက်ခွာလာပြီး သူမ မဝင်ခင်ကရှိခဲ့သည့် တယ်လီပို့အစီအရင်ပေါ်သို့ ပြန်ရောက်သွားတော့သည်။
သူမသည် မျက်လုံးကို အသာအယာဖွင့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ စတုတ္ထအဆင့် စမ်းသပ်မှုတွင် ပါဝင်ခဲ့သူအားလုံးမှာ မြေပြင်ပေါ်၌ မျက်လုံးမှိတ်လျက် သတိလစ်နေကြသည်ကို တွေ့ရသည်။ သူတို့မှာ စမ်းသပ်မှု၏ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုဒဏ်မှ မသက်သာကြသေးပုံရပေသည်။
မုန့်ဝမ်၏ မျက်လုံးများ လျှပ်ခနဲ ဖြစ်သွားသည်။ သူမမှလွဲ၍ ကျန်သူအားလုံး၏ အရှိန်အဝါ များမှာ အလွန်ပင် အားနည်းနေပြီး နာတာရှည်ဖျားနာထားသူများအလား ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
သူမသည် အကြံတစ်ခုရကာ မြေပြင်ပေါ်တွင် ပြန်လှဲချလိုက်ပြီး ကိုယ်တွင်းရှိ သွေးများကို အလိုအလျောက် လှိုင်းထန်စေကာ ကိုယ်တွင်းဒဏ်ရာ အနည်းငယ်ဖြစ်အောင် ဖန်တီးလိုက်သဖြင့် မုန့်ဝမ်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားပြီး သူမ၏ အရှိန်အဝါမှာလည်း အားနည်းသွားတော့သည်။
အမွှေးတိုင်တစ်ဝက်ခန့် အချိန်ကြာအောင် သတိလစ်ချင်ယောင်ဆောင်နေပြီးနောက် လူအုပ်ထဲမှ တစ်ဦး စတင်နိုးလာသည်။ ထိုသူမှာ အမှန်စင်စစ် ကာမလမ်းစဉ်မှ နတ်သားတော် ဖြစ်သည့် ရုပ်ရည်သာမန်နှင့် အမျိုးသားကျင့်ကြံသူ ပင် ဖြစ်သည်။
သူသည် နိုးလာသော်လည်း မထလာသေးဘဲ မျက်တောင်ကိုသာ အသာအယာ ပင့်ကြည့်လိုက်ရာ မုန့်ဝမ်ထံသို့ သူ၏ ကြည်လင်သော အကြည့်များ ရောက်ရှိသွားသည်။ သူ၏ မျက်ဝန်းနက်ထဲတွင် အံ့ဩမှုအချို့ ထင်ဟပ်သွား၏။
သူ သတိမလစ်ခင်က ဤအမျိုးသမီးသည် သတိမလွတ်စေရန် အပြင်းအထန် ရုန်းကန်ရင်း မိစ္ဆာအင်မော်တယ် ၏ တာအိုကို နာကြားနေသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိသည်။
‘သူမက ငါ့ထက် ဘယ်နှခွန်းလောက် ပိုကြားခဲ့တာလဲ..... မိစ္ဆာအင်မော်တယ်ရဲ့ အသိအမှတ်ပြုမှုကိုရော ရခဲ့ရဲ့လား.....’ ဟု သူ တွေးနေမိသည်။ သူသည် မုန့်ဝမ်ကို စိုက်ကြည့်နေရင်း တစ်စုံတစ်ခုကို ကြံစည်နေပုံရသည်။
ထို့နောက် သူ၏ ကျင့်စဉ်အားထုတ်သုံးကာ.....
“မုန့်ဝမ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သင်ခဲ့တဲ့ ကျင့်စဉ် ကို မှတ်မိပြီလား.....”
မုန့်ဝမ်နှင့် ရုပ်ချင်းဆင်သော်လည်း မျက်ခုံးမျက်လုံးများတွင် မတူညီသည့် အမျိုးသမီးတစ်ဦးက မေးနေခြင်းဖြစ်သည်။ သူမ၏ မျက်နှာတွင် အနည်းငယ် ဖြူဖျော့သောအရောင်အသွေး ရှိနေသည်။ သူမ၏ ရှေ့တွင် ရပ်နေသော မိန်းကလေးငယ်မှာ မုန့်ဝမ်ပင် ဖြစ်သည်။
“အန်တီ... ကျွန်မ မှတ်မိပါပြီ”
“ပြစမ်း”
မိန်းကလေးငယ်သည် လက်ကွက်များကို ဖော်လိုက်ရာ ဝိညာဉ်စွမ်းအားများ လှိုင်းထန်လာပြီး မကြာမီမှာပင် သူမ၏ လက်ချောင်းထိပ်များမှ ပြာလဲ့လဲ့ လိပ်ပြာတစ်ကောင်နှင့် အရောင်အသွေးစုံသော ပန်းတစ်ပွင့် ထွက်ပေါ်လာသည်။ လိပ်ပြာလေးမှာ ပန်းများကြားတွင် ဝဲပျံနေပြီး တကယ့် သက်ရှိလေးအလား လှပလွန်းလှသည်။
ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် ဤမျှ လက်ရာမြောက်သော ပုံရိပ်ယောင်အတတ် ကို ပြသနိုင်ခြင်းမှာ အလွန်ပင် ရှားပါးလှသည်။ သို့သော် ထိုအမျိုးသမီး၏ မျက်နှာမှာ ပျော့ပြောင်းမသွားဘဲ အေးစက်စွာ မှတ်ချက်ပေးလိုက်သည်။
“လိပ်ပြာရဲ့ အတောင်ပံတွေ ခတ်နေပေမဲ့ လေတိုက်ခတ်မှု မရှိဘူး။ ပန်းတွေ ပွင့်နေပေမဲ့ အနံ့အသက် မရှိဘူး။ နင့်ရဲ့ ပုံရိပ်ယောင်အတတ်က အဆင့်မမှီသေးဘူး”
မိန်းကလေးငယ်မှာ အားမလိုအားမရ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သော်လည်း ချက်ချင်း ပြန်လွှတ်လိုက်ကာ တည်ငြိမ်စွာပင် - “နားလည်ပါပြီ၊ ကျွန်မ ဆက်ပြီး ကျင့်ကြံပါ့မယ်” ဟု ဆိုသည်။
ထိုမိန်းကလေးငယ် ထွက်လာပြီးနောက် ထောင့်တစ်နေရာတွင် တစ်ကိုယ်တည်း ပုံရိပ်ယောင်အတတ်ကို ကျင့်ကြံနေစဉ် သူမ၏ အသက်အရွယ်နှင့် မကွာသော ကောင်လေးတစ်ဦး ပေါ်လာသည်။
“ဟေး..... မင်းရဲ့ ပုံရိပ်ယောင်အတတ်က တော်တော်လေး စွမ်းနေပါပြီ။ စောစောက အမျိုးသမီးက ဘယ်သူလဲ..... မင်းရဲ့ အမေလား.....”
မိန်းကလေးငယ် (မုန့်ဝမ်ငယ်) က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ဆက်လက် ကျင့်ကြံနေသည်။ ကောင်လေးက မျက်နှာစူလိုက်ပြီးမှ နည်းဗျူဟာပြောင်းလိုက်ကာ.....
“တကယ်တော့ မင်းသုံးနေတဲ့ ပုံရိပ်ယောင်အတတ်ကို ငါလည်း သုံးတတ်တယ်။ ငါ မင်းကို သင်ပေးရမလား.....”
မုန့်ဝမ်ငယ်က သူ့ကို အံ့ဩသလို ကြည့်ကာ - “တကယ်လား.....”
“တကယ်ပေါ့” ကောင်လေးက ပြုံးလိုက်ပြီး သူ၏ လက်ချောင်းထိပ်မှ ဝိညာဉ်စွမ်းအားကို ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲလိုက်သည်။
လိပ်ပြာလေးတစ်ကောင် ဝဲပျံလာချိန်တွင် မုန့်ဝမ်ငယ်၏ နှာခေါင်းထဲသို့ ပန်းရနံ့ သင်းသင်းလေးနှင့်အတူ လေညင်းလေးတစ်ချက် ဝင်ရောက်လာသည်။
“ငါ မင်းကို မညာဘူးမလား..... အရမ်းလွယ်ပါတယ်။ သင်မလား.....”
သို့သော် မုန့်ဝမ်ငယ်မှာ သူထင်သလို စိတ်မလှုပ်ရှားဘဲ တည်ငြိမ်စွာပင် မေးလိုက်သည်။ “ငါ့ကို သင်ပေးဖို့ မင်းရဲ့ သတ်မှတ်ချက်က ဘာလဲ.....”
ကောင်လေး၏ အပြုံးမှာ တောင့်ခဲသွားပြီး - “ဘာသတ်မှတ်ချက်မှ မရှိပါဘူး။ ငါ သင်ပေးချင်လို့ သင်ပေးတာပါ”
မုန့်ဝမ်ငယ်က ခေါင်းခါလိုက်ပြီး သံသယမျက်လုံးများဖြင့် ကြည့်ကာ - “အခမဲ့ရတဲ့အရာတွေက တကယ်တော့ တန်ဖိုးအကြီးဆုံးပဲ။ ငါ အလကား မလိုချင်ဘူး”
ကောင်လေးမှာ သက်ပြင်းချလိုက်ပြီး - “ကောင်းပြီလေ... အဲဒါဆိုရင် အရောင်းအဝယ် လုပ်ကြစို့။ ငါ မင်းကို ပုံရိပ်ယောင်အတတ် တစ်ခုသင်ပေးမယ်၊ မင်းက ငါ့မေးခွန်း တစ်ခုကို ပြန်ဖြေရမယ်။ ဘယ်လိုလဲ.....”
မုန့်ဝမ်ငယ်က ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်၏။ ကောင်လေး၏ လမ်းညွှန်မှုအောက်တွင် မုန့်ဝမ်ငယ်မှာ ကျင့်စဉ်၏ အနှစ်သာရကို ချက်ချင်းနားလည်သွားသည်။
“ကဲ... အခု ငါ့မေးခွန်းကို ဖြေဖို့ အချိန်တန်ပြီ” ကောင်လေးက ပြုံးရင်း သူ ကြာမြင့်စွာ စဉ်းစားထားသည့် မေးခွန်းကို မေးလိုက်သည်။ “ဖြေစမ်း... မုန့်ဝမ်... မိစ္ဆာအင်မော်တယ် တာအိုဟောပြောတုန်းက နင် တကယ်ပဲ ဘာတွေ ကြားခဲ့ရတာလဲ.....”
“မိစ္ဆာအင်မော်တယ် တာအိုဟောတာ.....”
မုန့်ဝမ်ငယ်က ထိုစကားကို ရေရွတ်ရင်း မျက်ဝန်းထဲတွင် ဝေဝါးမှုများ ပေါ်လာကာ မှတ်ဉာဏ်ထဲ နစ်ဝင်သွားပုံရ၏။ ကောင်လေးက သူမ၏ မျက်လုံးကို စိုက်ကြည့်ရင်း အသာအယာ တိုက်တွန်းနေသည်။
“မိစ္ဆာအင်မော်တယ်က ‘လောကကြီးက မိစ္ဆာလမ်းစဉ်ဟာ မကောင်းမှုလို့ ပြောကြပေမဲ့ မိစ္ဆာဆိုတာလည်း လမ်းစဉ်တစ်ခုပဲဆိုတာ သူတို့မသိကြဘူး။
ကောင်းမှုနဲ့ မကောင်းမှုဆိုတာ အသေသတ်မှတ်ထားတာ မဟုတ်ဘူး၊ အတွေးတစ်ချက်ပေါ်မှာပဲ မူတည်နေတာ...’ လို့ ပြောပြီးတဲ့နောက် နင် ဘာတွေ ထပ်ကြားခဲ့သေးလဲ.....”
“ကောင်းမှုနဲ့ မကောင်းမှု... အတွေးတစ်ချက်...”
မုန့်ဝမ်ငယ်၏ မျက်ဝန်းထဲတွင် အသိတရား ပြန်ဝင်လာဟန်ဖြင့် မသိစိတ်မှ ပြန်ဖြေလိုက်သည်။ “မိစ္ဆာဖြစ်ဖို့ဆိုရင် အရင်ဆုံး ရူးသွပ်ရမယ် .”
ကောင်လေးက ထိုစကားကို အသေအချာ စဉ်းစားပြီး မျက်မှောင်ကြုတ်လိုက်သည်။ “နောက်ထပ်ရော ရှိသေးလား.....”
မုန့်ဝမ်ငယ်က ခေါင်းခါလိုက်ပြီး မျက်ဝန်းများမှာ ပြန်လည် ဝေဝါးသွားကာ - “မသိတော့ဘူး၊ အဲဒီအထိပဲ ကြားလိုက်ရပြီး ကျန်တာ ဘာမှ မမှတ်မိတော့ဘူး”
‘ဒီတစ်ခွန်းတည်းပဲ ကြားခဲ့တာလား.....’ ကောင်လေးက သံသယရှိသော်လည်း ထိုအချိန်က အခြေအနေကို ပြန်စဉ်းစားကြည့်ပြီး ယုံကြည်သွားပုံရသည်။
မုန့်ဝမ်က သူ့ထက် အနည်းငယ် ပိုတောင့်ခံနိုင်ခဲ့လျှင်ပင် ထိုတစ်ခွန်းခန့်သာ ပိုကြားနိုင်မည်ဟု သူ ယူဆလိုက်ခြင်းပင်။
“ကျေးဇူးပဲ။ ငါတို့ရဲ့ အရောင်းအဝယ် ပြီးဆုံးပါပြီ။ ဒါပေမဲ့... ဒါက ငါတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်မို့လို့ ဘယ်သူ့ကိုမှ မပြောနဲ့နော်”
လေတစ်ချက် တိုက်ခတ်သွားပြီးနောက် ကောင်လေး၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။
မိန်းကလေးငယ် (မုန့်ဝမ်) က ခေါင်းမော့လိုက်ပြီး မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူမ၏ မျက်ဝန်းမှ ဝေဝါးမှုများမှာ ပျောက်ကွယ်သွားပြီး တည်ငြိမ်သော အကြည့်များဖြင့် အစားထိုးသွားသည်။
ဤ ကာမလမ်းစဉ်မှ နတ်သားတော် မှာ တကယ်ပင် လှည့်ကွက်များ ရှိလှသည်။ တစ်ပါးသူ၏ မှတ်ဉာဏ်ထဲသို့ ဝင်ရောက်ကာ အချက်အလက်များကို ခိုးယူနိုင်စွမ်းရှိသည် မဟုတ်ပါလော။ အကယ်၍ သူမသာ စောစောနိုးမနေဘဲ တကယ် သတိလစ်နေခဲ့လျှင် သူ့အကွက်ထဲတွင် တကယ်ပဲ မိသွားနိုင်ပေသည်။
သို့သော် ယခုမူ ထိုသူမှာ သူမ စိတ်ကူးပေါက်ရာ လုပ်ကြံပြောဆိုလိုက်သည့် “စစ်မှန်သောစကားလုံးရှစ်လုံး” ကို တကယ့် ရတနာပမာ ယူဆောင်သွားချေပြီ။ ထိုစကားအတိုင်း သူသာ ကျင့်ကြံကြည့်မည်ဆိုလျှင် ဘယ်လို ရလဒ်မျိုး ထွက်ပေါ်လာမည်ကို မည်သူ သိနိုင်ပါမည်နည်း။
***