မပျက်စီးနိုင်သော ဝိညာဉ်ရွှေ သည် ရေနှင့်မီးဒဏ်ကို ခံနိုင်ရည်ရှိရုံသာမက မိမိကိုယ်ကိုယ် ပြန်လည်ပြုပြင်နိုင်စွမ်းလည်း ရှိပေသည်။ ၎င်းကို အကာအကွယ် ချပ်ဝတ်တစ်ခုအဖြစ် သွန်းလုပ်နိုင်ပြီး သူမ၏ မိစ္ဆာခန္ဓာ နှင့် ပေါင်းစပ်လိုက်ပါက ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦး၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိပေလိမ့်မည်။
“ဒါဆို ဆုံးဖြတ်လိုက်ပြီ.........”
မုန့်ဝမ်သည် ဟော့လျန်ကျိ ကို ငုံ့ကြည့်ကာ အမိန့်ပေးလိုက်သည်။ “ဟော့လျန်ကျိ... နင်က မပျက်စီးနိုင်တဲ့ ဝိညာဉ်ရွှေကို အရည်ကျိုရမယ်။ အညစ်အကြေး တစ်စက်မှမပါအောင် သန့်စင်ဖို့ ဂရုစိုက်ချေ”
ဟော့လျန်ကျိက လျင်မြန်စွာပင် တုံ့ပြန်သည်။ “ဟုတ်ကဲ့ပါ အကြီးအကဲ....” ပြောကာ စိတ်ထဲမှ ဝမ်းသာနေမိသည်။ ပစ္စည်းများကို အရည်ကျိုခြင်းမှာ ရှုပ်ထွေးသော်လည်း သူ ကျွမ်းကျင်သော အလုပ်ဖြစ်ရာ တစ်ရာခိုင်နှုန်းတွင် ကိုးဆယ်ခန့် ယုံကြည်မှု ရှိနေပေသည်။
“တာအိုဆရာ ကျင့်ရှီ... နင်ကတော့ အနက်ရောင် လိပ်အနှစ်သာရ သံရိုင်းကို ပြင်ဆင်ရမယ်။ အပြစ်အနာအဆာ မရှိစေရဘူး”
တာအိုဆရာ ကျင့်ရှီက သူ၏ မုတ်ဆိတ်ဖြူကို သပ်လျက် ရိုသေစွာ ဆိုသည်။ “အကြီးအကဲ စိတ်ချပါ... ဒီအဖိုးကြီး အစွမ်းကုန် ကြိုးစားပါ့မယ်” သူလည်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ပစ္စည်းများ ပြင်ဆင်ခြင်းမှာ အချိန်ကုန်သော်လည်း အဓိက အစိတ်အပိုင်းများ သွန်းလုပ်ခြင်းထက် များစွာ ပိုလွယ်ကူပေသည်။
“ရွှယ်လျန်ကျိ... နင်ကတော့ ချပ်ဝတ်ရဲ့ ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်အတွက် လိုအပ်တဲ့ ဆေးရည်တွေကို ပြင်ဆင်ရမယ်”
ရွှယ်လျန်ကျိ၏ နှလုံးသားမှာ တင်းခနဲ ဖြစ်သွားသည်။ ဤအလုပ်မှာ အလွန်သိမ်မွေ့လှပြီး အမှားအယွင်း အနည်းငယ်ရှိရုံဖြင့် အရာအားလုံး ပျက်စီးသွားနိုင်ပေသည်။ သို့သော် သူမ ငြင်းဆန်ရန် မဝံ့ဘဲ အားတင်းကာ သဘောတူလိုက်ရသည်။
ကျန်ရှိသော သုံးဦးကိုလည်း အသီးသီး တာဝန်များ ပေးအပ်လိုက်၏။ မုန့်ဝမ်သည် ချပ်ဝတ်သွန်းလုပ်ခြင်း၏ အဆင့်များနှင့် သတိထားရမည့် အချက်များကို အသေးစိတ် ရှင်းပြပြီးနောက် နောက်ဆုံးအနေဖြင့် အလေးအနက် မှာကြားလိုက်သည်။
“ဒီကိစ္စက အရမ်းအရေးကြီးတယ်။ နင်တို့အားလုံး အစွမ်းကုန် ကြိုးစားကြပြီး အပျင်းမခိုကြနဲ့။ လက်နက်သွန်းလုပ်နေစဉ်အတွင်း နင်တို့အားလုံး ဖီးနစ်တောင်ကြား မှာပဲ နေရမယ်၊ အပြင်ထွက်ခွင့် မရှိဘူး”
“ဟုတ်ကဲ့ပါ အကြီးအကဲ....” ခြောက်ဦးသား ပြိုင်တူ အော်လိုက်ကြသည်။
မုန့်ဝမ်က လက်နက်သွန်းလုပ်ရန် စီစဉ်နေချိန်တွင် ရွှယ်ဝူယာ မှာမူ ယောင်ဟန် တောင်းဆိုသော အချက်များကြောင့် ဒေါသထွက်လွန်း၍ လဲကျမတတ် ဖြစ်နေရသည်။
“နင် တကယ်ပဲ ဒီလောက်တောင် လောဘကြီးတာလား.............” ရွှယ်ဝူယာက ယောင်ဟန်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
ယောင်ဟန်က ဆိုဖာပေါ်တွင် ပျင်းရိစွာ မှီလျက် သူမ၏ လက်သည်းနီများကို ကြည့်ရင်း ပြောလိုက်သည်။ “ရွှယ်ဝူယာ... ဒါက မိစ္ဆာအင်မော်တယ်ရဲ့ တာအိုလေ၊ တန်ဖိုးဖြတ်လို့မရဘူး။ ငါတောင်းတဲ့ ဈေးက မများပါဘူး မဟုတ်လား.............”
“မများဘူး ဟုတ်လား.... နင်လည်း သတိမေ့နေတာလေ... ဘာတွေ ကြားနိုင်မှာလဲ....” ရွှယ်ဝူယာက မျက်မှောင်ကြုတ်လိုက်သည်။ ယောင်ဟန်သည် တကယ်တမ်း ဘာမှမကြားဘဲ အခွင့်ကောင်းယူနေခြင်း ဖြစ်မည်ဟု သူ သံသယဝင်နေ၏။
ယောင်ဟန်က သာယာစွာ ရယ်မောလိုက်သည်။ “ငါ့မှာ ကိုယ်ပိုင် နည်းလမ်းတွေ ရှိပါတယ်။ နင် မယုံရင်လည်း ထွက်သွားနိုင်တယ်လေ”
ကွေ့ရန် (ဝိညာဉ်ဓား) ကလည်း ရွှယ်ဝူယာကို လှောင်ပြောင်လိုက်သည်။ “ရွှယ်ဝူယာ... မင်း မတတ်နိုင်ရင်လည်း စောစောစီးစီး ထွက်သွားလိုက်......။ ဒီမှာ လာပြီး အရှက်မရှိ လာမလုပ်နဲ့.......”
လီဖော်ထျန်း ကလည်း ပါးစပ်ကလေးပိတ်ကာ တခိခိ ရယ်မောနေ၏။ ကျင်းချန်း တစ်ဦးတည်းသာ ဘာကိုမှ စိတ်မဝင်စားသည့်အလား တည်ငြိမ်နေပေသည်။
ရွှယ်ဝူယာသည် ဒေါသကို ထိန်းကာ ကွေ့ရန်ကို တစ်ချက်စိုက်ကြည့်ပြီးနောက် ယောင်ဟန်ထံသို့ သိုလှောင်အိတ် တစ်လုံး ပစ်ပေးလိုက်သည်။ ယောင်ဟန်က အိတ်အတွင်းကို စစ်ဆေးပြီးနောက် ပြုံးလျက် စတင် ပြောပြတော့သည်။
“မိစ္ဆာအင်မော်တယ် တရားဟောနေတုန်းက ငါ သတိလစ်နေခဲ့တာ မှန်ပေမဲ့ ငါ့ခန္ဓာကိုယ်ထဲက မိစ္ဆာဝိညာဉ် ကတော့ အကုန်လုံးကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရတယ်.........”
ယောင်ဟန်သည် သူမ ကြားခဲ့ရသမျှကို အားလုံးအား ပြောပြလိုက်ပြီးနောက် “ဒါကတော့ ငါကြားခဲ့ရသမျှ အကုန်ပါပဲ။ နင်တို့ ဘာတွေ နားလည်သွားမလဲ ဆိုတာကတော့ နင်တို့ရဲ့ ဉာဏ်အပေါ်မှာပဲ မူတည်လိမ့်မယ်” ဟု ဆိုကာ နိဂုံးချုပ်လိုက်သည်။
ရွှယ်ဝူယာသည် သတင်းရသည်နှင့် မည်သည့် နှုတ်ဆက်စကားမှ မပြောဘဲ သွေးရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ အခြားသော နတ်သားတော်၊ နတ်သမီးတော်များလည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြ၏။
ဧရာမ လေသင်္ဘောကြီးပေါ်တွင် ယောင်ဟန်နှင့် ကွေ့ရန် နှစ်ဦးတည်းသာ ကျန်ရစ်သည်။
“ငါသိသလောက်တော့ နင့်ရဲ့ မိစ္ဆာဝိညာဉ်မှာ ပုံရိပ်ယောင်အတတ်ကို ခုခံနိုင်စွမ်း မရှိဘူး မဟုတ်လား.............” ကွေ့ရန်က ပြုံးစစဖြင့် မေးလိုက်သည်။
ယောင်ဟန်က အောင်နိုင်သူတစ်ဦးအလား ပြုံးလိုက်သည်။ “မှန်တာပေါ့... ငါ ပြောပြခဲ့သမျှ အကုန်လုံးက အလိမ်အညာတွေပဲ”
ကွေ့ရန်က မျက်မှောင်ကြုတ်လိုက်သည်။ “ဒါဆို ဒီလိုလုပ်ရတဲ့ အဓိပ္ပာယ်က ဘာလဲ.... ရွှယ်ဝူယာဆီက ပစ္စည်းအချို့ကို လိမ်ယူဖို့သက်သက်ပဲလား....”
“အဲဒါက ဒုတိယအချက်ပါ” ယောင်ဟန်က ရယ်မောလိုက်သည်။ “ငါ့ရဲ့ မိစ္ဆာဝိညာဉ်က တစ်ချိန်လုံး သတိမေ့နေခဲ့တာ... ဘာမှမကြားခဲ့ရဘူး။ ဒါပေမဲ့.........” သူမက စိတ်ဝင်တစားဖြင့် ဆက်ပြောသည်။ “ဘယ်သူ တာအိုတွေကို ကြားခဲ့ရလဲဆိုတာ ငါ အခု သိသွားပြီ”
“ဘယ်သူလဲ....” ကွေ့ရန်က စိတ်လှုပ်ရှားစွာ မေးလိုက်၏။
ယောင်ဟန်က လက်ညှိုးသွယ်သွယ်လေးဖြင့် လမ်းကြောင်းတစ်ခုကို ညွှန်ပြကာ “ကျင်းချန်း ” ဟု တိုးတိုးလေး ပြောလိုက်သည်။
ကွေ့ရန်က မျက်မှောင်ကြုတ်လိုက်သည်။ ကျင်းချန်းသည် ဂူ လမ်းစဉ်၏ နတ်သားတော် ဖြစ်ကာ အလွန်ကောက်ကျစ်စဉ်းလဲသူ ဖြစ်ပေသည်။ သူသည် တာအိုများကို တိတ်တဆိတ် ကြားခဲ့ရခြင်းမှာ ဖြစ်နိုင်ချေ ရှိပေသည်။ သူတို့နှစ်ဦးသည် ကျင်းချန်းဆီသို့ သွားရောက်ကာ အမှန်တရားကို မေးမြန်းရန် ဆုံးဖြတ်လိုက်ကြသည်။
ကျင်းချန်း၏ နေအိမ်မှာ နက်ရှိုင်းသော တောင်ကြားတစ်ခုတွင် တည်ရှိပြီး ပတ်ဝန်းကျင်တွင် အဆိပ်ငွေ့များ ဖုံးလွှမ်းနေသည်။ ယောင်ဟန်နှင့် ကွေ့ရန်တို့သည် ကိုယ်ရောင်ဖျောက်ကာ ကျင်းချန်း၏ ဂူအနီးသို့ ချဉ်းကပ်သွားကြ၏။
သို့သော် သူတို့ ရှေ့သို့ မတိုးမီမှာပင် ဂူတံခါးမှာ ပွင့်သွားပြီး ကျင်းချန်း၏ အသံ ထွက်ပေါ်လာသည်။ “နင်တို့နှစ်ယောက် ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ....”
ယောင်ဟန်က သာယာစွာ ရယ်မောလျက် “စီနီယာကျင်းနဲ့ အတည်ပြုစရာလေးအချို့ ရှိလို့ပါ” ဟု ပြောကာ အတွင်းသို့ ဝင်လာကြသည်။ အတွင်း၌ အလင်းရောင်မှာ မှိန်ဖျော့နေပြီး ရွံရှာဖွယ်ကောင်းသော အနံ့ဆိုးများ ဖုံးလွှမ်းနေသည်။
ကျင်းချန်းသည် ဧရာမ ဝှိုက်ဂျိတ်ပိုးအိမ်ကြီးအတွင်း၌ တရားထိုင်နေ၏။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။ “ဒီလောက် နောက်ကျမှ ဘာကိစ္စရှိလို့လဲ....”
“စကားတွေကို လှည့်ပတ်မနေတော့ဘူး” ကွေ့ရန်က အေးစက်စွာ ဆိုသည်။ “မိစ္ဆာအင်မော်တယ်ရဲ့ တာအိုကို နင် ဘယ်လောက်အထိ ကြားခဲ့ရလဲဆိုတာ ငါတို့ သိချင်တယ်”
ကျင်းချန်း၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီးနောက် ချက်ချင်းပင် တည်ငြိမ်သွားကာ ဟန်ဆောင်လျက် မေးလိုက်သည်။ “မိစ္ဆာအင်မော်တယ်ရဲ့ တာအို.... နင်တို့ နောက်နေတာလား။ ငါလည်း သတိမေ့သွားတာပဲလေ... ဘာတရားမှ မကြားလိုက်ရပါဘူး”
“ဟုတ်လို့လား.............”
ယောင်ဟန်က သာယာစွာ ရယ်မောလျက် သူမ၏ ပုံရိပ်မှာ မြေခွေးဖြူလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ “ဒီ မြေခွေးဖြူလေးက လူတွေရဲ့ အလိမ်အညာတွေကို ခွဲခြားနိုင်စွမ်း ရှိတယ်။ နင်က အခုထိ ဇွတ်ငြင်းနေဦးမှာလား.............”
***