ရွှယ်ဝူယာ ၏ စကားကြောင့် မုန့်ဝမ် ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။ ရွှယ်ဝူယာသည် ဤမျှလွယ်လွယ်နှင့် သေမည်မဟုတ်ကြောင်း သူမ ကြိုတင်တွေးဆထားသော်လည်း သူက သူမ၏ မိစ္ဆာခန္ဓာ ကိုပင် လောဘတက်ကာ သိမ်းပိုက်ရန် ကြိုးစားလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ပေ။
သူ၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့ခြင်းမှာ ဝိညာဉ်သိမ်းပိုက်ခြင်း ပြုလုပ်ရန်အတွက် အကွက်ဆင်ခဲ့ခြင်းသာ ဖြစ်ချေသည်။ ရွှယ်ဝူယာ၏ ဝိညာဉ်စွမ်းအားမှာ သူမထံသို့ တိုးဝင်လာသည်ကို မြင်သောအခါ မုန့်ဝမ်သည် ကြောက်ရွံ့ခြင်း မရှိဘဲ လှောင်ပြောင်သော အပြုံးတစ်ခုဖြင့် ရင်ဆိုင်လိုက်သည်။
“ရွှယ်ဝူယာ... နင်သာ တကယ် ထွက်ပြေးသွားရင် ငါ နင့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နင်က ငါ့အိမ်တံခါးဝအထိ ကိုယ်တိုင်လာပို့မှတော့ ငါ့ကို အပြစ်မတင်နဲ့တော့........”
“ကြွားလှချည်လား........” ရွှယ်ဝူယာက တုံ့ပြန်လိုက်သည်။
စကားမဆုံးမီမှာပင် သူ၏ သွေးဝိညာဉ်မှာ သွေးနီရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မုန့်ဝမ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ မုန့်ဝမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူမ၏ ဝိညာဉ်စွမ်းအား ကို ချက်ချင်း ပေါက်ကွဲစေသည်။
သူမ၏ မျက်ခုံးအလယ်မှ ထွက်ပေါ်လာသော ပြင်းထန်သော ဝိညာဉ်လှိုင်းများသည် ရွှယ်ဝူယာ၏ ဝိညာဉ်နှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားသည်။
“ဝုန်း.................”
ဝိညာဉ်အချင်းချင်း တိုက်ခိုက်မှုမှာ အသံမထွက်သော်လည်း အလွန်ပြင်းထန်လှသည်။ တစ်ကန်လုံးရှိ သွေးများမှာ လှိုင်းထန်သွားပြီး ပတ်ဝန်းကျင်ရှိ လေထုပင် တုန်ခါသွားရသည်။ ဤသည်မှာ အစပြုရုံမျှသာ ရှိသေးသည်။
မုန့်ဝမ်၏ ဝိညာဉ်စွမ်းအားမှာ မုန်တိုင်းပမာ တရစပ် ရိုက်ခတ်နေသဖြင့် ရွှယ်ဝူယာမှာ ထိတ်လန့်သွားရသည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ မုန့်ဝမ်၏ ဝါးမြိုခြင်းကို ခံနေရသည် မဟုတ်ပါလား........
“မဖြစ်နိုင်တာ................. နင့်မှာ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအား ရှိနေရတာလဲ........”
ရွှယ်ဝူယာ၏ မျက်ဝန်းတွင် အစစ်အမှန် ကြောက်ရွံ့မှုများ ပေါ်လာသည်။ မုန့်ဝမ်သည် သူ၏ အကွက်ကို ကြိုသိနေရုံသာမက သူမကိုယ်တိုင်ကပင် သူ့ကို ဝါးမြိုရန် ထောင်ချောက်ဆင်ထားခြင်း ဖြစ်သည်။
“မုန့်ဝမ်... တောင်းပန်ပါတယ်.........ငါ နင့်ရဲ့ သွေးကျွန် အဖြစ် အစေခံပါ့မယ်... ငါ့အသက်ကို ချမ်းသာပေးပါ... အား.................”
ရွှယ်ဝူယာ၏ ဝိညာဉ်အကြွင်းအကျန်မှာ နာကျင်စွာ အော်ဟစ်လျက် မုန့်ဝမ်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး လုံးဝ ဥဿုံ ပျောက်ကွယ်သွားတော့သည်။
ရွှယ်ဝူယာ၏ ဝိညာဉ်ကို ဝါးမြိုပြီးနောက် မုန့်ဝမ်သည် သူမ၏ ဝိညာဉ်စွမ်းအားမှာ သိသိသာသာ တိုးတက်လာပြီး အဆင့်တက်ရန် အခြေအနေသို့ ရောက်ရှိလာကြောင်း ခံစားလိုက်ရသည်။
ရွှယ်ဝူယာ လုံးဝ သေဆုံးသွားကြောင်း အတည်ပြုပြီးနောက် မုန့်ဝမ်သည် သွေးကန်အတွင်း ကျန်ရှိသော အန္တရာယ်များကို စစ်ဆေးလိုက်သည်။ ထို့နောက် အပြင်တွင် စောင့်နေသော တပည့်ကို ခေါ်ကာ မှာကြားလိုက်သည်။
“ငါ အခု ကျင့်ကြံခြင်းဝင်တော့မယ်။ ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးစေနဲ့။ သွေးလမ်းစဉ်ဂိုဏ်းရဲ့ အရေးကိစ္စတွေကို ယွဲ့ချန်း ကို ယာယီ ကိုင်တွယ်ခိုင်းလိုက်”
မုန့်ဝမ်သည် သွေးကန်အတွင်း တရားထိုင်လျက် စွမ်းအားများကို စုပ်ယူနေစဉ်အတွင်း သူမ၏ နာမည်မှာ ရွှမ်ယင်ဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။ အသစ်တက်လာသော နတ်သမီးတော်မှာ ရက်စက်ပြီး စွမ်းအားကြီးလွန်းသည်ဟု လူတိုင်းက ပြောဆိုနေကြတော့သည်။
ဤသတင်းမှာ မုန့်ဝမ်၏ ဆရာဖြစ်သူ စီထျန့်ချီ၏ နားထဲသို့လည်း ရောက်ရှိသွားသည်။ သူသည် ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် ထိုသတင်းကို ကြားလိုက်ရသဖြင့် ဝမ်းသာအားရ ရယ်မောလိုက်၏။
“ဟားဟားဟား........ ငါ့မျက်လုံးက တကယ်ကို စူးရှတာပဲ........ ဒီကလေးမက ရွှယ်ဝူယာကို သတ်ပြီး နေရာလုလိုက်တာပဲ........”
သူသည် မုန့်ဝမ်အား ပေးခဲ့သော အကြွေးစာချုပ် ကို သတိရသွားပြီး မျက်လုံးများ အရောင်တောက်လာသည်။ သူသည် မုန့်ဝမ် ကျင့်ကြံနေသည်ကိုပင် ဂရုမစိုက်ဘဲ ဆဋ္ဌမတောင်ထိပ်ရှိ သွေးကန်အတွင်းသို့ ဇွတ်အတင်း ဝင်ရောက်လာတော့သည်။
“တပည့်လေး... နင့်ဆရာ လာတယ်ဟေ့........” စီထျန့်ချီ၏ အသံမှာ အောင်နိုင်သူတစ်ဦးပမာ ဟိန်းထွက်လာသည်။
မုန့်ဝမ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် မကျေနပ်မှုများ အရိပ်အယောင် ပေါ်လာသည်။ ဤအဖိုးကြီးမှာ တကယ်ပင် အချိန်ရွေးတတ်လွန်းလှသည်။
“ဆရာ... တပည့် အခု ကျင့်ကြံနေတာပါ။ ဘယ်လို အရေးကြီးကိစ္စရှိလို့ ကိုယ်တိုင် ကြွလာရတာလဲ........”
စီထျန့်ချီက လက်ကို ပွတ်သပ်လျက် ပြုံးဖြီးဖြီးဖြင့် ဆိုသည်။ “တပည့်လေး... နင် နတ်သမီးတော် ဖြစ်သွားတာ တကယ် ဂုဏ်ယူဖို့ကောင်းပါတယ်။ အရင်က ငါသာ နင့်ကို တပည့်အဖြစ် လက်မခံဘဲ တိမ်ကမ္ဗည်းပိုးစကို မပေးခဲ့ရင် နင် အခုလို နေရာမျိုး ရပါ့မလား.................”
မုန့်ဝမ် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိသည်။ စီထျန့်ချီ ပေးခဲ့သော အကြွေးစာချုပ်မှာ တိမ်ကမ္ဗည်းပိုးစဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကာ ၎င်းမှာ ဓားနှင့်မီးဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် တိုက်ပွဲတစ်ခုတွင် သူမကို ကာကွယ်ပေးခဲ့ဖူးသည်။ သို့သော် ထိုပစ္စည်းကို သုံး၍ ဝိညာဉ်ကျောက်တုံး သန်း ၂၀ အကြွေးတင်အောင် လုပ်ခဲ့သည်မှာတော့ များလွန်းလှပေသည်။
မုန့်ဝမ်က စိတ်ထဲမှ ဆဲရေးနေသော်လည်း အပြင်ပန်းတွင်မူ ကျေးဇူးတင်ဟန် ပြလိုက်သည်။ “ဆရာ့ရဲ့ ကျေးဇူးတွေကို တပည့် ဘယ်တော့မှ မမေ့ပါဘူး”
စီထျန့်ချီက ပို၍ ဂုဏ်ယူသွားကာ မုန့်ဝမ်ကို စိုက်ကြည့်လျက် ပြောလိုက်သည်။ “တပည့်လေး... အခုတော့ နင်က နတ်သမီးတော် ဖြစ်သွားပြီဆိုတော့ အဆင့်အတန်းက မတူတော့ဘူး။ ဆရာက နင့်အတွက် အများကြီး အပင်ပန်းခံခဲ့ရတာဆိုတော့ အခု ဆရာ့ကို ပြန်ပေးသင့်ပြီ မဟုတ်လား........”
“ဆရာက ဘယ်လိုမျိုး ပြန်ပေးစေချင်တာလဲ........”
စီထျန့်ချီက လည်ချောင်းတစ်ချက်ရှင်းကာ အတည်ပေါက် ပြောလိုက်သည်။ “ဆရာ စဉ်းစားပြီးပြီ... အရင်းကိုတော့ လောလောဆယ် အလျင်မလိုပါဘူး။ အခုအတွက်တော့ အတိုးအနေနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် လောက်ပဲ အရင် လာယူတာပါ”
မုန့်ဝမ်၏ မျက်လုံးများ အေးစက်သွားသည်။ ဤအဖိုးကြီးမှာ တကယ်ကို လောဘကြီးလွန်းလှသည်။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်မှာ အဆင့်နိမ့်ကျောက်တုံးနှင့် တွက်လျှင် ၁၀ သန်း တိတိ ရှိပေသည်။ သန်း ၂၀ အကြွေးတင်ထားရုံနှင့် မကျေနပ်ဘဲ အတိုးကိုပင် ဤမျှ တောင်းရဲသည်မှာ တကယ်ပင် အံ့ဩစရာ ကောင်းလှတော့သည်။
***