မုန့်ဝမ် သည် စိတ်ထဲမှ အတွေးများကို ဖိနှိပ်လိုက်ပြီး တွေဝေဟန်ဖြင့် ပြောလိုက်သည်။ “ဆရာ... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ဆိုတာ တော်တော်များတဲ့ ပမာဏပါပဲ.........”
စီထျန့်ချီ က သူမစကားကို ချက်ချင်းဖြတ်ပြောလိုက်ပြီး လေသံမှာ မကျေမနပ် ဖြစ်သွားသည်။
“ဘာလဲ........ နင်က အခု နတ်သမီးတော် ဖြစ်နေပြီပဲ... ဒီလောက် ကျောက်တုံးလေးတောင် မထုတ်နိုင်ဘူးလား........ နင်က ငါ့ကို အထင်သေးနေတာလား........”
သူ၏ စကားအဆုံးတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ ထူးခြားသော ဖိအားများမှာ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး သွေးကန်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။
မုန့်ဝမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆရာဖြစ်သူကို ကြည့်ကာ ဖားယားသော အပြုံးမျိုး ပြောင်းလဲလိုက်သည်။ အကယ်၍ သူမသည် ထိပ်တိုက်ရင်ဆိုင်လျှင် ရှုံးနိမ့်မည်မဟုတ်သော်လည်း အကြီးအကျယ် နစ်နာပေလိမ့်မည်။ နောင်တွင် အခွင့်အရေးများစွာ ရှိသေးသဖြင့် လက်ရှိ ဤအဖိုးကြီးနှင့် ရန်ဖြစ်ရန် မလိုအပ်ပေ။
“ဆရာကလည်း... ဘာတွေပြောနေတာလဲ........ ဆရာ့ကို လုပ်ကျွေးပြုစုရတာ တပည့်တစ်ယောက်ရဲ့ တာဝန်ပဲလေ။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ဆရာ ခဏစောင့်ပါ... တပည့် အခုသွားယူပေးပါ့မယ်”
စီထျန့်ချီက ဝမ်းသာအားရ ရယ်မောလိုက်သည်။ “မြန်မြန်သွား၊ မြန်မြန်သွား........ ဒါမှ ငါ့ရဲ့ တပည့်လိမ္မာလေး.......”
မုန့်ဝမ်သည် သွေးကန်မှ ထွက်လာပြီး ရွှယ်ဝူယာ ၏ နန်းတော်ဆီသို့ လျှောက်လှမ်းသွားသည်။ ရွှယ်ဝူယာ၏ ဘဏ္ဍာတိုက်အတွင်းတွင် သိုလှောင်အိတ်များနှင့် သိုလှောင်လက်စွပ်များမှာ မျက်စိကျိန်းမတတ် ပြည့်နှက်နေ၏။
မုန့်ဝမ်သည် အားနာခြင်းမရှိဘဲ လက်ကို ဝှေ့ယမ်းကာ သိုလှောင်ပစ္စည်း အများစုကို သူမအပိုင် သိမ်းဆည်းလိုက်တော့သည်။
ဘဏ္ဍာတိုက် စောင့်နေသော တပည့်က ထိုမြင်ကွင်းကို ကြည့်ကာ စကားပြောချင်သော်လည်း တွေဝေနေမိသည်။
“နတ်သမီးတော်... အကြီးအကဲ စွန်း ဆီကို ပေးရမဲ့ အချိန်ကလည်း နီးနေပြီဆိုတော့... အခုလို အကုန်ယူသွားရင် အကြီးအကဲ စွန်းအတွက် ပေးစရာ ကျန်မှာမဟုတ်ဘူး။ အဲဒါဆိုရင် ဂိုဏ်းကနေ သွေးလမ်းစဉ်ကို ပေးမယ့် အရင်းအမြစ်တွေ၊ သွေးနတ်ဘုရား နန်းတော်က ကျင့်စဉ်တွေနဲ့ သွေးကန်အသုံးပြုခွင့်တွေကို ပိတ်ပင်ခံရနိုင်ပါတယ်.........”
မုန့်ဝမ်က သူမ၏ လှုပ်ရှားမှုများကို ရပ်တန့်ကာ ထိုတပည့်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ရာ တပည့်မှာ တုန်လှုပ်သွားပြီး ချက်ချင်းပင် နှုတ်ဆိတ်သွားတော့သည်။ သူမက အရေးမစိုက်ဟန်ဖြင့် “ဒီနတ်သမီးတော်ရဲ့ အလုပ်ကို ဝင်စွက်ဖက်ဖို့ နင့်မှာ နေရာမရှိဘူး” ဟု ဆိုကာ တပည့်ဖြစ်သူအား ဒူးထောက် တောင်းပန်ခိုင်းလိုက်သည်။
မုန့်ဝမ်သည် သိုလှောင်အိတ် ဆယ်လုံးကျော်ကို ယူဆောင်လာပြီး စီထျန့်ချီအား လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။ ဝိညာဉ်ကျောက်တုံးများအပြင် ရှားပါးဆေးသစ်ပင်များ၊ သတ္တုရိုင်းများနှင့် အခြားသော ကျင့်ကြံရေး အရင်းအမြစ်များကိုပါ ထည့်သွင်းပေးလိုက်သဖြင့် စီထျန့်ချီမှာ ပါးစပ်မစိနိုင်အောင် ပျော်ရွှင်သွား၏။
“ဝမ်အာ... နင်က တကယ်ပဲ လိမ္မာလွန်းတယ်........” စီထျန့်ချီက မုတ်ဆိတ်ကို သပ်လျက် ချီးကျူးပြန်သည်။ “ဆရာ နင့်ကို ရွေးခဲ့တာ တကယ်မမှားဘူး။ နင်က ဟိုအသုံးမကျတဲ့ စီနီယာတွေထက် အများကြီး သာပါတယ်........”
စီထျန့်ချီသည် စိတ်ကြည်လင်နေသဖြင့် မုန့်ဝမ်ကို ဘေးသို့ဆွဲကာ စကားစမြည် ပြောနေတော့သည်။ မုန့်ဝမ်ကလည်း အခွင့်ကောင်းကို အသုံးချကာ လေသံကို ဝမ်းနည်းဟန် ပြောင်းလိုက်၏။
“ဆရာ... ဆဋ္ဌမတောင်ထိပ်က သွေးကန်က သေးလွန်းနေတယ်လို့ တပည့် ခံစားရတယ်။ တပည့် ကျင့်ကြံရတာ အဆင်မပြေဘူး ဖြစ်နေတယ်။ ဒီသွေးကန်လေးကို နည်းနည်းလောက် ချဲ့ပေးလို့ ရမလားရှင်........”
စီထျန့်ချီက ရယ်မောလျက် “ဒါကတော့ ငါ့ကို လာပြောတာ အမှန်ဆုံးပဲ” ဟု ဆိုကာ သူ၏ အစွမ်းဖြင့် ဆဋ္ဌမတောင်ထိပ်ရှိ သွေးကန်ကို အဆပေါင်းများစွာ ကြီးမားသွားအောင် ချဲ့ထွင်ပေးလိုက်ရုံသာမက သတ္တမတောင်ထိပ်မှ သွေးများကို စီးဆင်းလာစေရန် အစီအရင်တစ်ခုကိုပါ ပြုလုပ်ပေးလိုက်သည်။ ရေကန်ငယ်လေးမှာ တစ်ခဏအတွင်း အိုင်ငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
မုန့်ဝမ်သည် ဝမ်းသာအားရ ဖြစ်သွားသည်။ ဝိညာဉ်ကျောက်တုံးများမှာ အရေးကြီးသော်လည်း ကျင့်ကြံရေး အရင်းအမြစ်များလောက် လက်တွေ့မကျပေ။ စီထျန့်ချီအား ပေးလိုက်ရသော ကျောက်တုံးများမှာ အလဟဿ မဖြစ်သွားကြောင်း သူမ သိလိုက်ရသည်။
စီထျန့်ချီသည် ထွက်ခွာခါနီးတွင် မုန့်ဝမ်အား တံဆိပ်ပြားအသစ်တစ်ခု ပစ်ပေးလိုက်သည်။ “ဒါက နတ်သမီးတော် တံဆိပ်ပြားအသစ်ပဲ။ ဒါရဲ့ လုပ်ပိုင်ခွင့်က အရင်တစ်ခုထက် အများကြီး သာတယ်။ ကြိုးစားပြီး ကျင့်ကြံဦး” ဟု ဆိုကာ ပြုံးစစဖြင့် ထွက်ခွာသွားတော့သည်။
ထိုအပြုံးမှာ မုန့်ဝမ်၏ လှည့်ကွက်များကို သူ သိနေသော်လည်း ထုတ်မပြောသည့် အဓိပ္ပာယ်မျိုး ဆောင်နေ၏။
စီထျန့်ချီ ထွက်သွားပြီးနောက် မုန့်ဝမ်သည် တံဆိပ်ပြားအတွင်းသို့ ဝိညာဉ်အာရုံ သွင်းကြည့်လိုက်ရာ ယောင်ဟန်၊ ကွေ့ရန် နှင့် ကျင်းချန်း တို့ထံမှ သတင်းစကားများ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ယောင်ဟန်က သူမကို ပြန်လည် တောင်းပန်ကာ ဝိညာဉ်ကြောများ ပြည့်နှက်နေသော တောင်ကုန်း နှစ်ခုကို လျော်ကြေးအဖြစ် ပေးလိုကြောင်း ပြောထားသည်။
ကွေ့ရန်ကလည်း တောင်ကုန်း နှစ်ခု ပေးမည်ဟု ဆိုကာ ကျင်းချန်းကမူ တောင်ကုန်း သုံးခုအထိ ပေးမည်ဟု ကမ်းလှမ်းထားကြသည်။
မုန့်ဝမ်က ထိုသတင်းစကားများကို ကြည့်ကာ အေးစက်စွာ ရေရွတ်လိုက်သည်။ သူမသည် တံဆိပ်ပြားပေါ်သို့ လက်ချောင်းဖြင့် တို့လိုက်ကာ ပြန်စာ ပို့လိုက်၏။
“နတ်သားတော်၊ နတ်သမီးတော်တို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲဒီတောင်ကုန်းတွေက ငါ့အတွက် ဘာမှ အသုံးမဝင်ဘူး။ အဲဒီအစား ဝိညာဉ်ကျောက်တုံးတွေနဲ့ ကျင့်ကြံရေး ပစ္စည်းတွေပဲ ပြောင်းပေးလိုက်ပါ။ နင်တို့ တစ်ယောက်ချင်းစီ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး လေးရာစီ ပေးရမယ်။ ဪ... ပြောဖို့ မေ့လို့... ကျင်းချန်း ကတော့ နှစ်ဆ ပေးရမယ်”
သတင်းပို့ပြီးနောက် မုန့်ဝမ်သည် အေးအေးဆေးဆေး လက်ဖက်ရည် သောက်ရင်း သူတို့၏ တုံ့ပြန်မှုကို စောင့်နေလိုက်သည်။
ယောင်ဟန်သည် သတင်းကို ဖတ်လိုက်ရသည်နှင့် သွေးအန်မတတ် ဒေါသထွက်သွားသည်။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး လေးရာဆိုသည်မှာ ဓားပြတိုက်နေခြင်းသာ ဖြစ်ချေသည်။ ကွေ့ရန်လည်း ဒေါသကြောင့် လက်ထဲမှ လက်ဖက်ရည်ခွက်မှာ “ဂွမ်း” ခနဲ ကွဲအက်သွားရသည်။
အဆိုးဆုံးမှာ ကျင်းချန်း ပင် ဖြစ်သည်။ “နှစ်ဆ........” ဟု သူက ဟိန်းဟောက်လိုက်သည်။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး လေးရာမှာပင် မနည်းလှသည်ကို မုန့်ဝမ်က သူ့ကို ရှစ်ရာ တောင်းဆိုရဲသည် မဟုတ်ပါလော.....။
သုံးဦးသားသည် မုန့်ဝမ်ထံသို့ ဒေါသတကြီး ပြန်စာများ ပို့လိုက်ကြတော့သည်။
“မုန့်ဝမ်... နင်က အရမ်း လောဘကြီးလွန်းနေပြီ........ အဆင့်မြင့် ကျောက်တုံး လေးရာ ပေးရအောင် နင်က ဘယ်သူမို့လို့လဲ........ ရွှေအမြုတေအဆင့် စီနီယာမို့လို့လား................” ယောင်ဟန်က ဒေါသတကြီး ပြန်ပြောလိုက်သည်။
“နင် တကယ်ပဲ အခွင့်အရေးကို အသုံးချနေတာပဲ........” ကွေ့ရန်က အေးစက်စွာ ဆိုသည်။
“မကောင်းတာကိုမှ ရွေးချင်တယ်ဆိုရင်လည်း နောင်မှ ငါ့ကို အပြစ်မတင်နဲ့တော့........” ကျင်းချန်း၏ လေသံမှာ အဆုံးအဖြတ်တစ်ခုကို ပြုလုပ်လိုက်သည့်အလား အေးစက်စက်နှင့် တည်ငြိမ်နေသည်။
***