မုန့်ဝမ်သည် ဈေးတန်းတလျှောက် လျှောက်လှမ်းလာရင်း ဘေးပတ်ဝန်းကျင်မှ ပြောဆိုသံများကို ဂရုမစိုက်ဟန်ဖြင့် နားထောင်နေသည်။ ထိုစကားများသည် သူမနှင့် ဘာမှမသက်ဆိုင်သကဲ့သို့ပင်။
သို့သော် သူမက ဂရုမစိုက်သော်လည်း တရားမျှတမှုကို လိုလားသယောင် ဟန်ဆောင်နေကြသူများသည် သူမ၏ မျက်နှာကို မြင်လိုက်ရသည်နှင့် တစ်ယောက်ပြီးတစ်ယောက် မျက်နှာပျက်သွားကြသည်။
မမြင်ရသော လက်တစ်ဖက်က သူတို့၏ လည်ပင်းကို ညှစ်ထားသကဲ့သို့ စကားသံများ ချက်ချင်း ရပ်တန့်သွားကြတော့သည်။
သူတို့သည် ရှေ့မှရောက်နေသူမှာ ရွှမ်ယင်ဂိုဏ်း၏ အသစ်ခန့်အပ်ထားသော သွေးလမ်းစဉ် နတ်သားတော် မုန့်ဝမ် ဖြစ်ကြောင်း မှတ်မိသွားကြသည်။
စောစောက သူတို့ပြောနေသည်များကို သူမ ကြားသွားမည်ကို စိုးရိမ်သဖြင့် လက်စားချေခံရမည်ကို ကြောက်ကာ ခေါင်းငုံ့ပြီး ရှောင်ထွက်သွားကြသည်။
မုန့်ဝမ်က ထိုအမူအရာများကို မြင်သော်လည်း အရေးမပါသော ကိစ္စများအတွက် အချိန်မဖြုန်းချင်ပေ။ သူမသည် နှုတ်ခမ်းထောင့်တွင် မသိမသာ ပြုံးယောင်သန်းလျက် ဈေးတန်းထဲရှိ ရွှမ်ယင်ဂိုဏ်းပိုင်ဆိုင်သော ဆိုင်သို့ တိုက်ရိုက် လျှောက်လှမ်းသွားသည်။
ဆိုင်အတွင်း၌ အခြေခံတည်ဆောက်ခြင်းအဆင့် ပြည့်ဝသူ ပုပုအုံ့အုံ့ ကျင့်ကြံသူတစ်ဦးသည် စင်ပေါ်ရှိ ဆေးလုံး များကို စီရီနေသည်။
မုန့်ဝမ် ဝင်လာသည်ကို မြင်သောအခါ သူသည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း သူမ၏ အဆင့်အတန်းကို မှတ်မိသွားသည်နှင့် လက်ရှိအလုပ်ကို ချထားကာ ပျာပျာသလဲ ကြိုဆိုလေတော့သည်။
"သွေးလမ်းစဉ် နတ်သားတော်... ကြွလာတာ ဂုဏ်ယူမိပါတယ်ခင်ဗျာ........ စောစောစီးစီး မကြိုဆိုနိုင်တာ တောင်းပန်ပါတယ်........"
ထိုကျင့်ကြံသူသည် မျက်နှာတစ်ခုလုံး ပြုံးဖြီးနေပြီး ဖားလိုဖားငြား အမူအရာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်နေသည်။
"ငါ ချင်းရှာစီရင်စုက မုန့်မိသားစုနဲ့ ပတ်သက်တဲ့ သတင်းအချို့ သိချင်လို့"
မုန့်ဝမ်က လေသံအေးအေးဖြင့် တိုက်ရိုက်ပင် မေးလိုက်သည်။ မုန့်မိသားစုအကြောင်း ကြားလိုက်ရသဖြင့် ကျင့်ကြံသူ၏ မျက်နှာတွင် တစ်စုံတစ်ခုကို သိနားလည်သွားသည့် အရိပ်အယောင် လက်ခနဲ ပေါ်လာသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"နတ်သားတော်... သိချင်တာမှန်သမျှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော် သိသမျှ အကုန်လုံးကို ဖြေကြားပေးပါ့မယ်........"
မုန့်ဝမ်က အသာအယာ ခေါင်းညိတ်ပြီး "မကြာသေးခင်က မုန့်မိသားစု ဘာတွေလုပ်နေလဲ........" ဟု မေးလိုက်သည်။
ကျင့်ကြံသူက ချက်ချင်းပြန်ဖြေသည်။ "မုန့်မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် မုန့်ဖင်းချွမ်းက အခုဆိုရင် ရွှေအမြုတေအဆင့် အလယ်အလတ်ကို ရောက်နေပါပြီ။ သူက လက်ရှိ မုန့်မိသားစုမှာ ကျင့်ကြံမှုအမြင့်ဆုံးသူပါ။ ဒါပေမဲ့ နတ်သားတော်နဲ့ ပတ်သက်တဲ့ သတင်းတွေ မုန့်မိသားစုဆီ ရောက်သွားကတည်းက သူတို့တွေ တော်တော်လေး... စိုးရိမ်ထိတ်လန့်နေပုံရပါတယ်"
သူက ခဏမျှ တုံ့ဆိုင်းသွားပြီး မုန့်ဝမ်၏ မျက်နှာကို အကဲခတ်လိုက်သည်။ သူမ၏ အမူအရာက တည်ငြိမ်နေသည်ကို မြင်မှ ဆက်ပြောသည်။
"မကြာသေးခင်က မုန့်မိသားစုဟာ ရွှေတိမ်တိုက်ဂိုဏ်းနဲ့ ခပ်စိပ်စိပ် ဆက်သွယ်လာပါတယ်။ သူတို့အတွက် အားကိုးရမယ့် နောက်ခံအင်အားအဖြစ် ရွှေတိမ်တိုက်ဂိုဏ်းကို မှီခိုချင်နေပုံရတယ်။ အခုဆိုရင် နက်နဲသော ဝိညာဉ်အဆင့် ရှိတဲ့ ဘိုးဘေးတစ်ယောက်ရဲ့ မျက်နှာသာပေးမှုကိုတောင် ရရှိထားပြီလို့ သတင်းထွက်နေပါတယ်"
"ရွှေတိမ်တိုက်ဂိုဏ်းကို မှီခိုတာလား........ နက်နဲသော ဝိညာဉ်အဆင့် ဘိုးဘေးရဲ့ မျက်နှာသာပေးမှုကို ရထားတယ် ဟုတ်လား........"
မုန့်ဝမ်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ "နောက်ထပ် ဘာရှိသေးလဲ........"
"ပြီးတော့ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ မုန့်မိသားစုမှာ ကလေးမွေးဖွားနှုန်းက သိသိသာသာ များလာပါတယ်။ သူတို့မျိုးနွယ်စုဟာ ဝိညာဉ်မြစ် ငါးခုပါတဲ့ ကလေးတွေ အများကြီးမွေးဖွားလာအောင် လုပ်ပြီး သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ချင်နေကြပုံရတယ်"
ဤသတင်းများကို နားထောင်ပြီးနောက် မုန့်ဝမ်သည် စိတ်ထဲမှ ကဲ့ရဲ့လှောင်ပြောင်လိုက်မိသည်။ မုန့်မိသားစုသည် မျှော်လင့်ထားသည့်အတိုင်း စတင်စိုးရိမ်လာပြီဖြစ်သည်။ သူမ ငယ်ငယ်ကတည်းက သိရှိထားသော အမှန်တရားတစ်ခု ရှိသည်။
နင်ကသာ လုံလောက်အောင် သန်မာမယ်ဆိုရင် တစ်ကမ္ဘာလုံးက နင့်အတွက် လမ်းဖယ်ပေးလိမ့်မယ်။
နင်က ပုရွက်ဆိတ်တစ်ကောင်လို အရေးမပါရင်တောင်၊ အဆက်မပြတ် ကြိုးစားရုန်းကန်ပြီး နင့်ဘဝအဆင့်အတန်းကို မြှင့်တင်နိုင်မယ်ဆိုရင် တစ်နေ့မှာ နင်ဟာ ကိုယ်ပိုင်အတောင်ပံတွေနဲ့ ကောင်းကင်ယံအထိ ပျံသန်းနိုင်မှာ ဖြစ်သည်။
"ကောင်းပြီ... နင် ကောင်းကောင်းလုပ်ခဲ့တယ်။ ဒါကို ဆုလာဘ်အဖြစ် ယူထားလိုက်"
ပုပုအုံ့အုံ့ ကျင့်ကြံသူသည် အားနာဟန်ဖြင့် လက်ယမ်းပြသည်။ "ဒါက သေးငယ်တဲ့ ကိစ္စလေးပါ၊ ကျွန်တော့်အနေနဲ့ နတ်သားတော်ဆီက ဝိညာဉ်ကျောက်တုံးတွေကို ဘယ်လိုလုပ် ယူရဲပါ့မလဲ........"
မုန့်ဝမ်သည် ထိုသူကို ခဏမျှ စိုက်ကြည့်နေသည်။ ထိုကျင့်ကြံသူမှာ ချွေးများ ပြန်လာပြီး ခြေထောက်များ တုန်ယင်လာသည့်တိုင်အောင် စိုက်ကြည့်နေပြီးမှ မုန့်ဝမ်က အေးစက်စွာ ပြောလိုက်သည်။
"ငါယူဆိုရင် ယူလိုက်စမ်းပါ။ ဘာလို့ စကားတွေ အများကြီး ပြောနေတာလဲ........"
ထိုအခါမှ ကျင့်ကြံသူသည် ဆုလာဘ်ကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး "ကျေးဇူးတင်ပါတယ် နတ်သားတော်" ဟု ဆိုသည်။
"နင့်နာမည် ဘယ်သူလဲ........"
"ကျွန်တော့်နာမည် ဝူတာဟိန် ပါ"
မုန့်ဝမ်က စားပွဲကို အသာအယာ တောက်လိုက်ပြီး - "နင့်ကို ငါမှတ်ထားမယ်။ နောင်မှာ မုန့်မိသားစုနဲ့ ပတ်သက်တဲ့ သတင်းတွေ ထပ်ရှိရင် ငါ့ကို ချက်ချင်း အကြောင်းကြားဖို့ မမေ့နဲ့"
"ဟုတ်ကဲ့ပါ နတ်သားတော်"
ဆိုင်ထဲမှ ထွက်လာပြီးနောက် မုန့်ဝမ်သည် သူမ၏ လျှို့ဝှက်ကျင့်စဉ်ကို ဆက်လက်ဆင်ခြင်ရန် အိမ်ပြန်ဖို့ စဉ်းစားကာ ဈေးလမ်းတလျှောက် လျှောက်လာခဲ့သည်။ သို့သော် ခြေလှမ်းအနည်းငယ်အတွင်းမှာပင် လူတစ်ဦးက သူမ၏ လမ်းကို ပိတ်ဆို့လိုက်သည်။
ထိုသူသည် လရောင်ကဲ့သို့ ဖြူဖွေးသော သင်္ကန်းကို ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့် တည့်တည့်မတ်မတ်နှင့် ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာရှိသည်။
ပထမဆုံး မြင်လိုက်ရသည်နှင့် မြင့်မြတ်သန့်စင်သော အရှိန်အဝါတစ်ခုကို ခံစားရစေသည်။ သူသည် လက်ထဲတွင် ပုတီးကို ကိုင်ထားပြီး သူမကို ပြုံးလျက် ကြည့်နေသည်။
"ဒကာမလေး... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး။ ကိုယ်တော် မြင်တာကတော့ ဒကာမမှာ ကံကြမ္မာ အနှောင်အဖွဲ့ တွေ များပြားနေပြီး မိစ္ဆာစွမ်းအားတွေ လွှမ်းမိုးနေတယ်။ အဆုံးသတ် မကောင်းမှာကို စိုးရိမ်မိပါတယ်"
ထိုဘုန်းကြီး၏ အသံမှာ ကြည်လင်ပြီး ကရုဏာအရိပ်အယောင်များ ပါရှိသည်။ မုန့်ဝမ် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ သူမသည် ထိုသူကို မြင်ရုံနှင့် မှတ်မိလိုက်သည်။ သူသည် ရွှမ်ဟူကျောင်းတော် မှ ဗုဒ္ဓလမ်းစဉ် နတ်သားတော် ရွှမ်ကျီ ပင် ဖြစ်သည်။
သူသည် မင်္ဂလာရှိသော နိမိတ်များနှင့် မွေးဖွားလာသူဖြစ်ပြီး ရွှမ်ဟူကျောင်းတော်၏ နှစ်ပေါင်းရာချီအတွင်း သဒ္ဓါတရား အကောင်းဆုံးသူဟု သတင်းကြီးသည်။
ရွှမ်ဟူကျောင်းတော်၏ အင်အားမှာ ရွှမ်ယင်ဂိုဏ်းကို မယှဉ်နိုင်သော်လည်း ဗုဒ္ဓတရားတော်များသည် မိစ္ဆာကျင့်ကြံသူများကို သဘာဝအတိုင်း ထိန်းချုပ်နိုင်စွမ်းရှိသဖြင့် သူတို့နှင့် ရင်ဆိုင်ရလျှင် အလွန် ခေါင်းခဲရသည်။
မုန့်ဝမ်သည် ဗုဒ္ဓဘာသာဂိုဏ်းမှ လူများကို နဂိုကတည်းက သဘောမကျသလို၊ အခုလည်း ရွှမ်ကျီက သူမကို အဆုံးသတ်မကောင်းဟု ဆဲဆိုနေသဖြင့် သူမက ပြန်လည်ပြီး အလေးထားစရာ မရှိပေ။
"ဆရာကြီး... လူမှားနေပြီထင်တယ်"
မုန့်ဝမ်၏ လေသံက အေးစက်လှသည်။ ပြောပြီးသည်နှင့် သူမသည် သူ့ကို ကျော်ဖြတ်ကာ ဈေးထဲမှ ထွက်ခွာသွားသည်။ သို့သော် ရွှမ်ကျီမှာ ဇွဲကောင်းလှသဖြင့် သူမနောက်မှ လိုက်လာကာ ကရုဏာသက်သော မျက်နှာဖြင့် အကြံပေးပြန်သည်။
"ဒကာမမုန့်... ဒုက္ခပင်လယ်က အတိုင်းအဆမရှိ ကျယ်ပြောလှပေမဲ့ လှည့်ပြန်လိုက်ရင်တော့ ကမ်းခြေကို ရောက်နိုင်ပါတယ်။ ကိုယ်တော် ဒကာမလေးကို ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ကူညီပေးချင်ပါတယ်"
မုန့်ဝမ်၏ စိတ်ထဲတွင် စိတ်မရှည်မှုများ စတင်လာသည်။ "ဆရာကြီး... ရှင်နဲ့ ကျွန်မက မသိကြဘူး၊ ဘာလို့ ကျွန်မနောက်ကို တကောက်ကောက် လိုက်နေတာလဲ........ လောကမှာ မိစ္ဆာကျင့်ကြံသူတွေ အများကြီးရှိတာပဲ၊ သူတို့ကို သွားပြီး တရားပြပါလား"
ရွှမ်ကျီက အသာအယာ ပြုံးပြီး မုန့်ဝမ်ကို တည်ငြိမ်စွာ ကြည့်နေသည်။ "ဒကာမုန့်... ဒကာရဲ့ ကိုယ်ပေါ်က ကံကြမ္မာ အနှောင်အဖွဲ့တွေက သိပ်ကို ထူပြောလွန်းတယ်။ ငါတို့ ဆုံတွေ့တာဟာ ရေစက်ပဲ၊ ဒီတော့ ကိုယ်တော်က ဘာလို့ ဝေးဝေးလံလံမှာ လိုက်ရှာနေရဦးမှာလဲ........"
မုန့်ဝမ်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး သူမ၏ အင်္ကျီလက်ထဲမှ လက်ချောင်းများ အသာအယာ ကွေးညွတ်သွားသည်။ နောက်တစ်ခဏတွင် သူမ၏ သွေးနီရောင် ဓားရှည်သည် ထွက်ပေါ်လာပြီး ရွှမ်ကျီ၏ ကျောဘက်သို့ တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။
ရွှမ်ကျီက ကြိုတင်သိနေသကဲ့သို့ပင် သူ၏ ကိုယ်ဟန်ကို ဖျတ်ခနဲ ရွှေ့လိုက်ကာ မုန့်ဝမ်၏ တိုက်စစ်ကို ရှောင်တိမ်းလိုက်သည်။ သူ၏ လက်ထဲမှ ပုတီးစေ့များသည် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မုန့်ဝမ်၏ ဓားအရှိန်အဝါ ကို တားဆီးရန် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။
"ဒကာမမုန့်... ကိုယ်တော်က စကားစမြည် ပြောနေရုံတင်ပါ၊ ဘာလို့ လက်ပါရတာလဲ........"
ရွှမ်ကျီ၏ အသံမှာ တည်ငြိမ်မြဲဖြစ်သော်လည်း အားမလိုအားမရ ဖြစ်သည့်ဟန် ပါဝင်နေသည်။ မုန့်ဝမ်က နှာခေါင်းရှုံ့ကာ ထပ်မံတိုက်ခိုက်ပြန်သည်။
ဓားအလင်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်လှပြီး သွေးနီရောင် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲကာ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါ များနှင့်အတူ ရွှမ်ကျီ၏ မျက်နှာသို့ ထိုးနှက်လိုက်သည်။
သို့သော် ဓားဦးဖျားသည် ရွှမ်ကျီ၏ မျက်နှာနှင့် သုံးပေအကွာသို့ ရောက်သောအခါ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သွေးနီရောင် ဓားရှည်သည် မမြင်ရသော နံရံတစ်ခုကို တိုက်မိသကဲ့သို့ ရုတ်တရက် တန့်သွားပြီး ရှေ့သို့ တစ်လက်မမျှပင် ဆက်မတိုးနိုင်တော့ပေ။
ရွှမ်ကျီသည် မျက်လွှာချကာ လက်ထဲမှ ပုတီးစေ့များကို အရှိန်အဟုန်ဖြင့် လှည့်ပတ်ရင်း ကျမ်းစာများကို ရွတ်ဖတ်တော့သည်။ မကြာမီမှာပင် သွေးနီရောင် ဓားရှည်သည် တုန်ယင်လာပြီး ဓားပေါ်ရှိ သွေးရောင်အလင်းများသည်လည်း အချိန်မရွေး ငြိမ်းသတ်သွားနိုင်သကဲ့သို့ တဖျပ်ဖျပ် ဖြစ်လာသည်။
မုန့်ဝမ်သည် စိတ်ထဲမှ မျက်မှောင်ကြုတ်လိုက်မိသည်။ ရွှမ်ဟူကျောင်းတော်က ဘုန်းကြီးတွေက တကယ်ကို ထူးဆန်းတာပဲ........ သူတို့၏ ဗုဒ္ဓတရားတော်များသည် သူမ၏ မိစ္ဆာအတတ် ကို အမှန်တကယ်ပင် တားဆီးနိုင်စွမ်း ရှိနေသည်။
သူမသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ သွေးနီရောင် ဓားရှည်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လက်ချောင်းလေးများဖြင့် လက်ဟန်တစ်ခု ဖော်ဆောင်လိုက်သဖြင့် မမြင်နိုင်သော ပုံရိပ်ယောင် တစ်ခုသည် ပတ်ဝန်းကျင်သို့ တိတ်တဆိတ် ပျံ့နှံ့သွားသည်။
ရွှမ်ကျီသည် စကားဆက်ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ ရှေ့မှ မြင်ကွင်းများ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ စည်ကားနေသော ဈေးတန်းကြီး ပျောက်ကွယ်သွားပြီး လှပခမ်းနားသော နန်းတော်ကြီးတစ်ခု ပေါ်လာသည်။
နန်းတော်အတွင်း၌ သီချင်းသံ၊ ကသံများ လွှမ်းမိုးနေပြီး မွှေးရနံ့များ သင်းပျံ့နေသည်။ ပါးလွှာသော အဝတ်အစားများ ဝတ်ဆင်ထားသော ကချေသည်များက လှပစွာ ကပြနေကြပြီး ကောင်းမွန်သော ဝိုင်များနှင့် အရသာရှိသော အစားအစာများသည် တောင်ပုံရာပုံ ရှိနေသည်။
ညို့ယူဖျားယောင်းသော အသံတစ်ခုက သူ၏ နားထဲတွင် တိုးတိုးလေး ကပ်ပြောလာသည်။ "ဆရာကြီး... ဘာလို့ ဒီလောက် ခက်ခဲတဲ့ ကျင့်ကြံခြင်းလမ်းကို လျှောက်နေမှာလဲ........ ဒီလို လောကီစည်းစိမ်တွေကို ခံစားရတာက ပိုပြီး ပျော်စရာမကောင်းဘူးလား........"
ရွှမ်ကျီသည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး စိတ်ထဲမှ ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်နေသည်။ သူသည် ထိုဖျားယောင်းမှုများတွင် စိတ်မပါဘဲ မကြာမီမှာပင် ပုံရိပ်ယောင်ကို ခွဲခြားမြင်နိုင်ခဲ့သည်။
သူ့ရှေ့မှ မြင်ကွင်းမှာ ထပ်မံပြောင်းလဲသွားပြန်သည်။ ယခုမူ အလောင်းတောင်နှင့် သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော ငိုကြွေးသံများ ထွက်ပေါ်လာသည်။ သွေးအလိမ်းလိမ်းနှင့် လူရိပ်တစ်ခု သူ၏ရှေ့တွင် ပေါ်လာပြီး ဝမ်းနည်းပန်းနည်း ငိုကြွေးကာ အော်ဟစ်လိုက်သည်။
"ဆရာကြီး... ကျွန်မကို ကူညီပါဦး..."
***