လီဖော်ထျန်း၏ စိတ်ထဲတွင် ပို၍ လေးလံသွားစေသည့်အချက်မှာ ထိုသူနှစ်ဦးအား သူမ တိုက်ခိုက်နေစဉ် ရွှေတိမ်တိုက်ဂိုဏ်းမှ ချင်ရှောက်ယန်နှင့် မုရွှယ်ယန်တို့ကလည်း နောက်ကြောင်းပြန်လှည့်ကာ သူမထံသို့ ပျံသန်းလာကြခြင်းပင်။
ရွှေတိမ်တိုက်ဂိုဏ်းနှင့် ထာဝရစိတ်ဝိညာဉ်ဂိုဏ်းတို့ ပူးပေါင်းသွားပြီဖြစ်၏။
လီဖော်ထျန်းသည် မျက်မှောင်ကြုတ်ကာ ရန်သူ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း မုန့်ဝမ်နှင့် ချင်းယွီတို့ကို အလျင်အမြန် သတိပေးလိုက်သည်။
"သူတို့လူများနေတယ်... အရင်ဆုံး ဖောက်ထွက်ကြစို့..."
သူမ စကားမဆုံးမီမှာပင် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားပြီး သူမ၏ ပုဆိန်ကြီးကို မုန့်ဝမ်နှင့် ချင်းယွီ၏ ပုံရိပ်များဆီသို့ ပြင်းထန်စွာ လွှဲယမ်းလိုက်သည်။
ပုဆိန်နှင့် ထိတွေ့လိုက်သည်နှင့် ထိုပုံရိပ်နှစ်ခုမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားတော့သည်။
လီဖော်ထျန်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ သူမ အလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း အခုမှ သိလိုက်ရသည်။
ဤလူနှစ်ယောက်သည် ပုံရိပ်ယောင်အတတ် ကိုသုံးပြီး သူမကို အာရုံလွှဲစရာအဖြစ် အသုံးချကာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြခြင်းပင်။
"ဟားဟားဟားဟား..."
ဟွာလီသည် ခဏမျှ အံ့အားသင့်သွားပြီးနောက် မျက်ရည်ထွက်မတတ် ရယ်မောလေတော့သည်။
"နင်တို့ ရွှမ်ယင်ဂိုဏ်းက လူတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ အင်အားကြီးတဲ့ ရန်သူနဲ့ ထိပ်တိုက်တွေ့နေချိန်မှာ အတူတူ ခုခံရမယ့်အစား ကိုယ့်အသင်းဖော်ကို အမြောက်စာလုပ်ပြီး ထွက်ပြေးသွားကြတယ်ပေါ့"
ရှောင်ရိကလည်း နှာခေါင်းရှုံ့ကာ လှောင်ပြုံးဖြင့် - "မိစ္ဆာကျင့်ကြံသူတွေက ဒီလိုပါပဲ... ယုတ်မာတဲ့ လူတစ်စုပဲ၊ ဒါကြောင့် သူတို့က သေသင့်နေတာ"
သူတို့စကားပြောနေစဉ်မှာပင် မုရွှယ်ယန် ရောက်ရှိလာသည်။ သူမသည် လီဖော်ထျန်းကို အေးစက်စွာ တစ်ချက်ကြည့်ကာ သူမ အထူးကျွမ်းကျင်သော အသံလှိုင်းတိုက်ကွက်ဖြင့် တိုက်ခိုက်လိုက်တော့သည်။
"ကျန်တဲ့ နှစ်ယောက်က ပြေးသွားပြီဆိုတော့ ဒီတစ်ယောက်ကိုပဲ အရင်သတ်ကြတာပေါ့......"
အားမကိုးရသော အသင်းဖော်များ၏ သစ္စာဖောက်မှုနှင့် နတ်သားတော်၊ နတ်သမီးတော် လေးဦး၏ ဝိုင်းရံမှုကို ခံလိုက်ရသဖြင့် လီဖော်ထျန်း၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသည်။
သူမသည် ဟိန်းဟောက်လိုက်ပြီး သူမ၏ ဝိညာဉ်စွမ်းအင်အားလုံးကို ပုဆိန်ကြီးထဲသို့ ထည့်သွင်းကာ ရန်သူများနှင့် အသက်စွန့်တိုက်ခိုက်လေတော့သည်။
လီဖော်ထျန်း တိုက်ပွဲဝင်နေချိန်တွင် မုန့်ဝမ်သည် သူမ၏ သွေးလွတ်မြောက်ခြင်းကျင့်စဉ်ဖြင့် တိုက်ပွဲမြေပြင်မှ ဝေးရာသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုစဉ် အစိမ်းရောင်ပုံရိပ်တစ်ခု သူမဘေးသို့ ဆင်းသက်လာသည်။
၎င်းမှာ ချင်းယွီပင် ဖြစ်သည်။
"ညီမလေးမုန့်... နင့်ရဲ့ ပုံရိယောင်အတတ်က တကယ်ကို အထင်ကြီးစရာပဲ" ချင်းယွီက နူးညံ့သော အပြုံးဖြင့် နှုတ်ဆက်သည်။
"အစ်ကိုချင်းယွီလည်း အတူတူပါပဲ" မုန့်ဝမ်က အရှိန်မလျှော့ဘဲ အေးစက်စွာ ပြန်ပြောလိုက်သည်။ သူမ သူ့ကို တစ်ချက်ပင် လှည့်မကြည့်ပေ။
ချင်းယွီက စိတ်မဆိုးဘဲ ရိုးသားဟန်ဖြင့် အကြံပြုလာသည်။ "ဒီပါရမီရှင်တွေက အားလုံး အစွမ်းထက်ကြတယ်။ တစ်ယောက်တည်း လှုပ်ရှားတာက အရမ်းအန္တရာယ်များတယ်၊ ငါတို့ နှစ်ယောက် ပူးပေါင်းကြရင် ဘယ်လိုလဲ......"
မုန့်ဝမ်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသော်လည်း မျက်လုံးထဲတွင် အေးစက်သော အလင်းများ လက်သွားသည်။
ချင်းယွီသည် အပြင်ပန်းတွင် ယဉ်ကျေးပုံရသော်လည်း အတွင်း၌ အလွန်ဉာဏ်များသူဖြစ်သည်။ သူနှင့် ပူးပေါင်းခြင်းသည် နောက်ကျောမှ ဓားနှင့် အထိုးခံရမည်ကို အမြဲစိုးရိမ်နေရမည်ဖြစ်သည်။
"အစ်ကိုချင်းယွီရဲ့ စေတနာကို မုန့်ဝမ်က ကျေးဇူးတင်ပါတယ်" မုန့်ဝမ်၏ လေသံမှာ အေးစက်လှသည်။ "ဒါပေမဲ့ ကျွန်မက တစ်ယောက်တည်း လှုပ်ရှားရတာ ပိုပြီး အသားကျနေလို့ပါ။ အစ်ကို... တခြားလူကိုပဲ သွားရှာကြည့်ပါဦး"
ချင်းယွီသည် ထိုစကားကို ကြားသော်လည်း စိတ်မဆိုးဘဲ အားမလိုအားမရ ဖြစ်ဟန်ဖြင့် ပြုံးသည်။ "ဒါဆိုလည်း ဒီမှာပဲ လမ်းခွဲကြတာပေါ့။ မုန့်ညီမလေး ခရီးလမ်း ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်"
ထိုသို့ပြောပြီးနောက် သူသည် အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မုန့်ဝမ်ဘေးမှ ပျောက်ကွယ်သွားတော့သည်။ ချင်းယွီ လုံးဝထွက်သွားမှသာ မုန့်ဝမ်သည် အရှိန်ကို လျှော့လိုက်ပြီး အကြီးအကဲ ရှီ ပြောခဲ့သည်ကို ပြန်စဉ်းစားသည်။
နတ်သားတော် သို့မဟုတ် နတ်သမီးတော် တစ်ယောက်ကို အမဲလိုက်နိုင်လျှင် သတ်မှတ်ချက် တစ်ခုပြည့်သည်။ အခြား တပည့်များကိုမူ သုံးယောက် သတ်မှ တစ်ခုပြည့်မည်ဖြစ်၏။
နတ်သားတော်အဆင့်ရှိသူများကို အမဲလိုက်ခြင်းက အမှတ်အမြန်ရသော်လည်း အန္တရာယ် အလွန်များသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်များကို တစ်ယောက်ချင်းစီ စုဆောင်းခြင်းက ပို၍ တည်ငြိမ်သော နည်းဗျူဟာဖြစ်သည်။
မုန့်ဝမ်သည် သူမ၏ သွေးစက်ဝန်းမျက်လုံးကို အသုံးပြုကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ မကြာမီမှာပင် ပစ်မှတ်တစ်ခုကို သူမ တွေ့ရှိသွားသည်။
၎င်းမှာ အင်အားစုငယ်တစ်ခုမှ ကျင့်ကြံသူ လေးဦးပါသော အဖွဲ့ဖြစ်သည်။ နတ်သားတော်အဆင့်ရှိသူ တစ်ဦးပါဝင်ပြီး ကျန်သုံးဦးမှာ သာမန်တပည့်များ ဖြစ်သဖြင့် ကိုင်တွယ်ရ လွယ်ကူသည်။ မုန့်ဝမ်သည် ထိုအဖွဲ့နောက်သို့ တိတ်တဆိတ် လိုက်ပါသွားသည်။ သူတို့သည် အခြား တစ်ကိုယ်တော်ကျင့်ကြံသူ အဖွဲ့တစ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး ရှုပ်ထွေးနေချိန်မှသာ မုန့်ဝမ် စတင်လှုပ်ရှားလိုက်သည်။
လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် မုန့်ဝမ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာပြီး ပြင်းထန်သော မိစ္ဆာအရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။ သူမ၏ သွေးနီရောင် ဓားရှည်သည် လေထုကို ဖြတ်သန်းကာ တပည့်တစ်ဦး၏ ကျောပြင်သို့ ထိုးနှက်လိုက်သည်။
ထိုသူမှာ မည်သို့မျှ မတုံ့ပြန်နိုင်မီမှာပင် မုန့်ဝမ်၏ ပြင်းထန်သော ဓားအရှိန်အဝါကြောင့် ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။ ထို့နောက် လူတိုင်း မှင်သက်နေစဉ်မှာပင် မုန့်ဝမ်သည် သူမ၏ ဓားကို ထပ်မံစေခိုင်းကာ ကျန်ရှိသော တပည့်နှစ်ဦးကို ဆက်တိုက် တိုက်ခိုက်ပြန်သည်။
တပည့်နှစ်ဦးမှာ သတိပြန်ဝင်လာပြီး သူတို့၏ ဝိညာဉ်လက်နက်များကို ထုတ်ဖော်ကာ ကာကွယ်ရန် ကြိုးစားသော်လည်း မုန့်ဝမ်၏ သွေးလမ်းစဉ် အရှိန်အဝါမှာ အလွန်ပြင်းထန်လွန်းလှသည်။ ဓားချက်တစ်ချက်ချင်းစီမှာ အလွန်လေးလံလှသည်။
ခဏအတွင်းမှာပင် ဒုတိယမြောက် တပည့်၏ ခုခံမှုကို ချိုးဖျက်ကာ နှလုံးသားကို ဖောက်ထွင်းလိုက်သဖြင့် ထိုသူမှာ အသက်ပျောက်သွားရပြန်သည်။ နောက်ဆုံးကျန်ရစ်သူမှာ ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏လက်နက်ကိုပင် ပြန်မသိမ်းနိုင်ဘဲ ထွက်ပြေးရန် ကြိုးစားသည်။
သို့သော် မုန့်ဝမ်က ပို၍ မြန်ဆန်သည်။ သူမ၏ ပုံရိပ်သည် ထိုသူ၏နောက်သို့ ချက်ချင်း ရောက်ရှိသွားသည်။ သွေးရောင်အလင်းတစ်ချက် လက်သွားပြီးနောက် ထိုတပည့်၏ ဦးခေါင်းမှာ အမြင့်သို့ လွင့်ပျံသွားကာ သွေးများ ပန်းထွက်ကုန်တော့သည်။
ဤဖြစ်ရပ်အားလုံးမှာ အလွန်မြန်ဆန်လှသည်။ ပထမလူ သေဆုံးချိန်မှ နောက်ဆုံးလူ၏ ဦးခေါင်း မြေခချိန်အထိ နှစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့သည်။ မုန့်ဝမ်သည် လူသုံးယောက်ကို သတ်ပြီးနောက် သွေးမိစ္ဆာကောင်းကင်ဘုံကျင့်စဉ် ကို သုံးကာ လေထဲရှိ သွေးအရှိန်အဝါများကို ဝါးမြိုလိုက်သည်။
ကျန်ရှိနေသော နတ်သားတော်မှာ သူ၏ အပေါင်းအဖော်များ သေဆုံးသည်ကို မြင်သော်လည်း တိုက်ပွဲအတွင်း ပိတ်မိနေသဖြင့် လာရောက် မကူညီနိုင်ခဲ့ပေ။ သူသည် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို အမြန်ရှင်းလင်းပြီးနောက် မုန့်ဝမ်ကို ဒေါသတကြီး ကြည့်လိုက်သည်။
"ရွှမ်ယင်ဂိုဏ်းက မိစ္ဆာမ... နင် တော်တော် ယုတ်မာတာပဲ...... ငါ့ရဲ့ ဂျူနီယာတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် နင်နဲ့ ငါ အသေအလဲ တိုက်မယ်......"
သူသည် မုန့်ဝမ်၏ အဆင့်အတန်းကို မှတ်မိသွားပြီး ထိတ်လန့်ဒေါသဖြစ်ကာ တိုက်ခိုက်ရန် ပြင်သည်။ မုန့်ဝမ်၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို မြင်ထားသဖြင့် သူသည် အနီးကပ်တိုက်ခိုက်ရန် မဝံ့ဘဲ အဝေးသို့ ဆုတ်ခွာလိုက်သည်။
တစ်ချိန်တည်းမှာပင် မိုးကြိုးများ ဝန်းရံနေသော လှံရှည်ကို ဖန်တီးကာ မုန့်ဝမ်ထံသို့ ချိန်ရွယ်လိုက်သည်။
"ငါက ကောင်းကင်မိုးကြိုးဂိုဏ်း နတ်သားတော် လီကျန့် ပဲ...... ဒီနေ့ ဒဏ်ရာရရင်တောင် နင့်ကို တန်ဖိုးတစ်ခု ပေးစေရမယ်......"
လီကျန့်သည် ဟိန်းဟောက်ကာ သူ၏ လှံရှည်ကို ဝေ့ယမ်းလိုက်ရာ ပြင်းထန်သော မိုးကြိုးတန်းများသည် နဂါးများကဲ့သို့ မုန့်ဝမ်ထံသို့ ပြေးဝင်သွားသည်။
"ငါ့ကို သတ်ချင်တာလား...... နင့်မှာ အစွမ်းရှိမရှိ ကြည့်ကြသေးတာပေါ့......"
မုန့်ဝမ်သည် သူ၏ လှံရှည်ကို စိတ်ဝင်တစား ကြည့်ကာ သူမ၏ လက်ချောင်းထိပ်မှ သွေးနီရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းတန်းမှာ လခြမ်းပုံစံဖြစ်ပြီး ပြင်းထန်သော မိုးကြိုးများကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဤသည်ကား သွေးလဓားချက်ပင် ဖြစ်သည်။
ဘုန်း......
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးရောင်အလင်းနှင့် မိုးကြိုးများ ရောယှက်သွားပြီး မိုးကြိုးအားလုံးမှာ ပျောက်ကွယ်သွားတော့သည်။ လီကျန့်သည် မခံမရပ်နိုင်သော အင်အားကြောင့် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ရပြီး မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
မိုးကြိုးလမ်းစဉ်သည် အပြင်းထန်ဆုံးဖြစ်ပြီး သွေးလမ်းစဉ်ကို သဘာဝအတိုင်း နှိမ်နင်းနိုင်စွမ်းရှိသည်။ သို့သော် အခုမူ တစ်ချက်တည်းနှင့် သူ၏ မိုးကြိုးစွမ်းအင်မှာ အပြည့်အဝ နှိမ်နင်းခြင်း ခံလိုက်ရသည်။
ဒီအခြေအနေအတွက် အဖြေတစ်ခုပဲ ရှိသည်။ ရန်သူ၏ ကျင့်ကြံမှုနှင့် အစွမ်းမှာ သူ့ထက် အဆပေါင်းများစွာ သာလွန်နေခြင်းပင်ဖြစ်၏......။
***