လီကျန့်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေသည်ကို မြင်သောအခါ မုန့်ဝမ်သည် သူမ၏ မျက်ဝန်းအစုံကို အသာအယာ ပင့်ကြည့်လိုက်ရင်း သွေးအေးသော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
မိမိကိုယ်ကို ဒဏ်ရာရအောင်လုပ်ပြီး သူမကို တန်ဖိုးတစ်ခု ပေးဆပ်စေမည်ဆိုသည့် လီကျန့်၏ စကားမှာ သူတို့နှစ်ဦးကြားရှိ အစွမ်းချင်း ကွာခြားမှုကို သတိမမူမိ၍သာ ဖြစ်ပေလိမ့်မည်။
သူမသည် လက်ချောင်းထိပ်များမှ ထက်ရှလှသော သွေးလဓားချက် အချို့ကို ထပ်မံ စုစည်းကာ သူ့ထံသို့ ဆက်တိုက် ပစ်လွှတ်လိုက်သည်။
လီကျန့်သည် အစွမ်းထက်သူ ဖြစ်သော်လည်း မုန့်ဝမ်၏ မုန်တိုင်းကဲ့သို့ ပြင်းထန်သော တိုက်စစ်အောက်တွင် အကာအကွယ်ယူရန်သာ အာရုံစိုက်နေရပြီး အသက်ဘေးမှ သီသီလေး ရှောင်ရှားနေရသည်။ သူ၏ ဝတ်ရုံများမှာ နေရာအနှံ့ စုတ်ပြဲနေပြီး တစ်ကိုယ်လုံးလည်း သွေးများဖြင့် စိုရွှဲနေသည်။
“မိုးကြိုးနဂါး သက်ဆင်းခြင်း.........”
လီကျန့်က ဟိန်းဟောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာပြီး လက်ထဲရှိ လှံရှည်ကြီးမှာ တောက်ပသော မိုးကြိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ မုန့်ဝမ်ထံသို့ အငြိုးတကြီး ပြေးဝင်သွားသည်။
ထိုကဲ့သို့ အင်အားကြီးသော ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ်မျှ ပေါ့ဆခြင်းမရှိဘဲ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။
မုန့်ဝမ်၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ကြောက်ရွံ့ခြင်းမူ မရှိချေ။ သူမ၏ လက်ဖဝါးထဲတွင် စိမ်းပုပ်ရောင် ထီးငယ်တစ်လက် ပေါ်လာပြီး အေးဆေးတည်ငြိမ်စွာပင် ၎င်းကို ဖွင့်လိုက်သည်။
ထိုထီးမှာ တစ်ချက်ထိရုံနှင့် ကျိုးသွားတော့မည့်အလား နုနယ်လှသော်လည်း မိုးကြိုးနဂါး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ချိန်တွင်မူ လေပြင်းနှင့် မိုးစက်များကို အကာအကွယ်ပေးသည့်အလား မိုးကြိုးအားလုံးကို လွယ်ကူစွာပင် တားဆီးပေးထားသည်။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.........”
လီကျန့်သည် ထိုစိမ်းပုပ်ရောင်ထီးကို ကြည့်ရင်း မျက်လုံးများ ပြူးထွက်မတတ် အံ့အားသင့်နေသည်။ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို မုန့်ဝမ်က ဤမျှ လွယ်ကူစွာ ချေဖျက်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ သူ မှင်သက်နေစဉ်မှာပင် မျှော်လင့်မထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပြန်သည်။
လီကျန့်၏ အရိပ်မှာ ရုတ်တရက် ထရပ်လာပြီး သူနှင့် တစ်ပုံစံတည်း တူညီသော သွေးရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ သူ့ကို အတင်းအကျပ် ဖမ်းချုပ်ထားလိုက်သည်။
“မလုပ်နဲ့.........”
အန္တရာယ်ကို အာရုံခံမိလိုက်သဖြင့် လီကျန့်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ ထိုသွေးရောင်အရိပ်၏ ဖက်တွယ်မှုကို ရှောင်ရှားရန် ကြိုးစားသည်။ သို့သော် နောက်ကျသွားပြီဖြစ်၏။
သွေးရောင်အရိပ်၏ တင်းကျပ်စွာ ဖက်တွယ်ခြင်းကို ခံလိုက်ရသဖြင့် လီကျန့်မှာ တုန်ရီသွားရသည်။ သူ၏ ခန္ဓာကိုယ်အနှံ့ ချည်နှောင်မှု အင်အားများ ပျံ့နှံ့သွားသည်နှင့်အမျှ သူ၏ ရင်ထဲတွင် မကြုံစဖူးသော ထိတ်လန့်မှုများ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။
သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်သုံးခဲ့သည့်တိုင်အောင် ဤ ရွှမ်ယင်ဂိုဏ်း မိစ္ဆာကျင့်ကြံသူကို သူ မယှဉ်နိုင်ခဲ့ပေ။ ယနေ့တွင် သူ ဤနေရာ၌ သေဆုံးရတော့မည် ဖြစ်၏။
လီကျန့်သည် ရုန်းကန်ရင်း မုန့်ဝမ်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။
“အကြီးအကဲက... ကိုယ့်လူအချင်းချင်း တိုက်ခိုက်တာကို တားမြစ်ထားတယ်...... နင် စည်းကမ်းကို ဖောက်ဖျက်နေပြီ......”
မုန့်ဝမ်က နှာခေါင်းရှုံ့လိုက်ပြီး မျက်ဝန်းထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။
“စည်းကမ်း ဟုတ်လား......... စည်းကမ်းက ဂိုဏ်းတူတပည့်အချင်းချင်း အန္တရာယ်မပြုဖို့ တားမြစ်ထားတာ၊ ဒါပေမဲ့ ငါတို့က ဂိုဏ်းတူတပည့်တွေ မဟုတ်ကြဘူးလေ”
စကားမဆုံးမီမှာပင် မုန့်ဝမ်သည် သွေးမိစ္ဆာကောင်းကင်ဘုံကျင့်စဉ် ကို လှည့်ပတ်လိုက်ရာ ပြင်းထန်သော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာပြီး လီကျန့်ကို လွှမ်းခြုံသွားသည်။
“ဒါ... ဒါက ဘယ်လို မိစ္ဆာအတတ်မျိုးလဲ.........”
လီကျန့်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ နှလုံးသွေး များမှာ လျင်မြန်စွာ စုပ်ယူခံနေရပြီး အသက်စွမ်းအားများလည်း အရှိန်အဟုန်ဖြင့် ကုန်ဆုံးနေချေပြီ။
ဤကြောက်မက်ဖွယ် စုပ်ယူမှုအားကို ခုခံရန် အသည်းအသန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်သည်။
“ဟင့်အင်း... ငါ့ကိုမသတ်ပါနဲ့၊ ငါက ကောင်းကင်မိုးကြိုးဂိုဏ်းရဲ့ နတ်သားတော်ပါ.........”
လီကျန့်၏ အသံမှာ တဖြည်းဖြည်း တိုးသထက် တိုးလာပြီး မျက်ဝန်းများမှာလည်း ဝေဝါးလာသည်။ မုန့်ဝမ်က သေအံ့ဆဲဆဲ လီကျန့်ကို ကြည့်ကာ အေးစက်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
“ငါကလည်း နတ်သားတော်ကိုမှ ရွေးပြီး သတ်တာပဲလေ......”
လီကျန့်၏ မျက်ဝန်းထဲရှိ အလင်းရောင်များမှာ လျင်မြန်စွာ မှိန်ဖျော့သွားပြီး ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ပိန်ချုံးလာသည်။
သေမင်း၏ အရိပ်အယောင်က သူ့ကို လွှမ်းမိုးထားသဖြင့် လွတ်မြောက်ရန် လမ်းစမရှိတော့ကြောင်း သူ နားလည်လိုက်သည်။ သူသည် မျှော်လင့်ချက်မဲ့စွာဖြင့် ကျိန်ဆဲလေတော့သည်။
“မုန့်ဝမ်...... နင်က ရက်စက်တဲ့ မိစ္ဆာမပဲ...... အပြစ်မဲ့တဲ့သူတွေကို နင် လိုက်သတ်နေတာ၊ နင်လည်း အဆုံးသတ် ကောင်းမှာမဟုတ်ဘူး......”
မုန့်ဝမ်၏ အမူအရာမှာ တည်ငြိမ်လှပြီး သွေးနီရောင် မျက်ဝန်းများထဲတွင် မည်သည့် လှိုင်းကြက်ခွပ်မျှ မရှိချေ။ သူမက အေးဆေးစွာပင် ပြန်လည် တုံ့ပြန်လိုက်သည်။
“နင်ကကော... သိပ်ပြီး အပြစ်ကင်းနေလို့လား...... နင်တို့ လိုက်သတ်ခဲ့တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကကော သေသင့်လို့လား......”
လီကျန့်မှာ မှင်သက်သွားသည်။ လွန်ခဲ့သော နာရီဝက်ခန့်က သူနှင့် သူ၏ အပေါင်းအဖော်များ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ပုံရိပ်မှာ သူ၏ အာရုံထဲတွင် ပေါ်လာသည်။
ထိုသူများ မသေဆုံးခင်တွင် ဤကဲ့သို့ မျှော်လင့်ချက်မဲ့သော မျက်ဝန်းများဖြင့် ဒူးထောက် အသနားခံခဲ့ကြသည်၊ သို့မဟုတ် အသည်းအသန် ကျိန်ဆဲခဲ့ကြသည်။ လီကျန့်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။
သူသည် မိမိကိုယ်မိမိ မှန်ကန်သော လမ်းစဉ်ကို လျှောက်လှမ်းသည့် ဂိုဏ်းဝင်တစ်ဦးဟု အမြဲယုံကြည်ခဲ့ပြီး သူသတ်ခဲ့သူများမှာ သေသင့်သူများဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခုမူ မုန့်ဝမ်၏ စကားများမှာ သူ၏ နှလုံးသားထဲတွင် မိုးကြိုးသံကဲ့သို့ ဟိန်းထွက်သွားချေပြီ။
သတ္တုတွင်းကို လိုချင်တက်မက်ကြသော ထိုတစ်ကိုယ်တော်ကျင့်ကြံသူများမှာ တကယ်ပင် သေသင့်ကြသလော။ အဆုံးသတ်တွင်မူ သူတို့မှာ မည်သည့်အမှားမျှ မလုပ်ခဲ့ကြဘဲ အစွမ်းအားနည်းလွန်းခဲ့ကြခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤအချိန်တွင် လီကျန့်သည် သူ၏ လုပ်ရပ်များမှာ မိစ္ဆာကျင့်ကြံသူများနှင့် မည်သို့မျှ မခြားနားကြောင်း... မှန်ကန်သော လမ်းစဉ်ဟူသည့် ဟန်ပြမျက်နှာဖုံးကိုသာ စွပ်ထားခြင်းဖြစ်ကြောင်း နောက်ဆုံး၌ နားလည်သွားသည်။
သူ မိန်းမောနေစဉ်မှာပင် မုန့်ဝမ်သည် သူမ၏ ကျင့်စဉ်လည်ပတ်မှုကို အရှိန်မြှင့်လိုက်ပြီး လီကျန့်၏ ခန္ဓာကိုယ်ထဲရှိ နှလုံးသွေးများကို လျင်မြန်စွာ စုပ်ယူကာ သန့်စင်ပစ်လိုက်သည်။ လီကျန့်သည် သူ၏ သွေးများ ခန္ဓာကိုယ်ထဲမှ လျင်မြန်စွာ ဆုံးရှုံးနေသည်ကို ခံစားနေရသော်လည်း ခုခံရန် အင်အား အစအနမျှပင် မရှိတော့ချေ။
နောက်ဆုံးတွင် သူ၏ ပိန်ချုံးနေသော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခြောက်ကပ်နေသော အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
မုန့်ဝမ်သည် အမူအရာ ကင်းမဲ့စွာဖြင့် ဂိုဏ်းမှ ထုတ်ပေးထားသော အထူး ဝိညာဉ်လက်နက်ကို ထုတ်ယူကာ သူတို့၏ ဝိညာဉ်အကြွင်းအကျန်များကို တစ်ခုပြီးတစ်ခု သိမ်းဆည်းလိုက်သည်။ ဤဝိညာဉ်အကြွင်းအကျန်များမှာ မစ်ရှင်ပြီးမြောက်ကြောင်း ဆုံးဖြတ်ရန် အရေးကြီးသော သက်သေများ ဖြစ်ပေသည်။
ဝိညာဉ်အကြွင်းအကျန်များကို သိမ်းဆည်းပြီးနောက် သူမသည် စစ်မြေပြင်ရှိ ပစ္စည်းများကို အလျင်အမြန် သိမ်းယူလိုက်ပြီး လက်ဖဝါးဖြင့် အနည်းငယ် ဝေ့ယမ်းကာ တိုက်ပွဲခြေရာလက်ရာများကို ဖျောက်ပစ်လိုက်သည်။
မည်သည့်ခြေရာလက်ရာမျှ မကျန်တော့ကြောင်း အတည်ပြုပြီးနောက် မုန့်ဝမ်သည် သူမ၏ သွေးစက်ဝန်းမျက်လုံး ကို ထပ်မံ အသုံးပြုကာ နောက်ထပ် ပစ်မှတ်တစ်ခုကို ရှာဖွေပြန်သည်။
ပစ်မှတ်အသစ်ကို ရှာတွေ့ပြီးနောက် မုန့်ဝမ် လိုက်သွားရန် ပြင်လိုက်သော်လည်း ရုတ်တရက် လမ်းပိတ်ဆို့ခြင်း ခံလိုက်ရပြန်သည်။
“အောမိတောဖော... ဒကာမုန့်၊ ငါတို့ ပြန်ဆုံကြပြန်ပြီပေါ့”
လရောင်ကဲ့သို့ ဖြူဖွေးသော သင်္ကန်းကို ဝတ်ဆင်ထားသည့် ဘုန်းကြီးငယ်တစ်ပါး မုန့်ဝမ်ရှေ့တွင် ပေါ်လာသည်။ ၎င်းမှာ ရွှမ်ဟူကျောင်းတော်၏ ဗုဒ္ဓလမ်းစဉ် နတ်သားတော် ရွှမ်ကျီ ပင် ဖြစ်သည်။
မုန့်ဝမ်သည် ဦးနှောက်ထဲတွင် တဆစ်ဆစ် နာကျင်သွားသလို ခံစားလိုက်ရသည်။ ဤကပ်စေးနှဲလို လိုက်ကပ်နေသည့် အနှောင့်အယှက်ကြီး နောက်တစ်ကြိမ် ပြန်ရောက်လာပြန်ချေပြီ။
“ရှင် ကိုယ့်ကိုယ်ကိုယ် သိရင် အမြန်ဆုံး ထွက်သွားစမ်းပါ။ ရှင့်ကို အချိန်ပေးပြီး စကားများနေဖို့ ကျွန်မမှာ အချိန်မရှိဘူး”
“ဒကာ... ဒကာရဲ့ ခန္ဓာကိုယ်မှာ မိစ္ဆာအရှိန်အဝါတွေ သိပ်များနေတယ်။ ကိုယ်တော်အနေနဲ့ ဒကာကို အကြံပေးချင်တာကတော့ သတ်ဖြတ်ခြင်း ဓားကို ချထားလိုက်ပြီး အကုသိုလ်ကံတွေကို ထပ်မဖန်တီးပါနဲ့တော့”
ရွှမ်ကျီ၏ မျက်နှာတွင် ကရုဏာများ ပြည့်နှက်နေပြီး သူ၏ လေသံမှာ ငြိမ်းချမ်းလှသော်လည်း ငြင်းပယ်၍မရသော ပြတ်သားမှုများ ပါဝင်နေသည်။ မုန့်ဝမ်သည် စိတ်ထဲမှ လှောင်ပြောင်လိုက်ပြီး ရွှမ်ကျီနှင့် အချိန်ဖြုန်းမနေတော့ဘဲ သူမ၏ သွေးလွတ်မြောက်ခြင်းကျင့်စဉ်ဖြင့် တိုက်ရိုက် ထွက်ပြေးလိုက်သည်။
သို့သော် ရွှမ်ကျီ၏ အရှိန်မှာလည်း မနှေးလှချေ။ သူသည် မုန့်ဝမ်၏ နောက်မှ ခပ်လှမ်းလှမ်းတွင် လိုက်ပါလာရင်း ကျမ်းစာများကို ဆက်တိုက် ရွတ်ဖတ်နေဆဲ ဖြစ်သည်။
“ဒကာမုန့်... ကိုယ်တော်ရဲ့ စေတနာကို နားလည်မှာပါ........ ဒကာက အပြင်ပန်း အပေါ်ယံတွေအပေါ်မှာပဲ အစွဲအလမ်း ကြီးနေတာပါ.........”
မုန့်ဝမ်၏ စိတ်အနှောင့်အယှက်ဖြစ်မှုမှာ ပိုမို ပြင်းထန်လာပြီး ဤအနှောင့်အယှက်ကြီးကို ခါချ၍ မရနိုင်ကြောင်း မြင်သောအခါ သူမက ရုတ်တရက် ရပ်လိုက်သည်။
ထို့နောက် လှည့်ကြည့်ကာ ရွှမ်ကျီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ဆရာကြီး... ရှင်က ဒီလောက်တောင် ဇွဲကောင်းနေမှတော့ ကျွန်မဘက်က ရိုင်းသလို ဖြစ်သွားတာကို အပြစ်မတင်ပါနဲ့......”
ထိုသို့ပြောပြီးနောက် သူမက ရုတ်တရက် တိုက်ခိုက်လိုက်ရာ ပုံရိပ်ယောင် အင်အားတစ်ခုမှာ ရွှမ်ကျီ၏ မျက်နှာသို့ တိုက်ရိုက် ဦးတည်သွားသည်။
ရွှမ်ကျီသည် ကျမ်းစာများကို ရွတ်ဖတ်ရန် ပြင်လိုက်သော်လည်း သူ၏ စိတ်မှာ ခဏမျှ ယိမ်းယိုင်သွားပြီး ပေါ့ဆမှုကြောင့် ထိုပုံရိပ်ယောင်အင်အား၏ ထိမှန်ခြင်းကို ခံလိုက်ရသည်။
တစ်ခဏချင်းမှာပင် သူ၏ မြင်ကွင်းမှာ အမှောင်အတိ ကျသွားပြီး ဝေဝါးသော အခြေအနေသို့ ကျရောက်သွားတော့သည်။ မုန့်ဝမ် ဖန်တီးထားသော ပုံရိပ်ယောင်အတွင်း၌ သူသည် ရွှမ်ဟူကျောင်းတော်၏ လေးစားဖွယ် နတ်သားတော် မဟုတ်တော့ဘဲ ကျင့်ကြံခြင်း ပါရမီမရှိသော သာမန်ကလေးငယ်တစ်ဦးသာ ဖြစ်နေသည်။
ပျက်စီးနေသော သက်ကယ်မိုး အိမ်ခေါင်မိုးမှ မိုးရေများ ယိုစီးနေပြီး ရေစက်ကျသံမှာ သေမင်း၏ ခေါင်းလောင်းသံကဲ့သို့ ရွှမ်ကျီ၏ နှလုံးသားကို ထပ်ခါတလဲလဲ ရိုက်ခတ်နေသည်။ သူသည် ထောင့်တစ်နေရာတွင် ကွေးကွေးလေး ဝပ်နေပြီး ပိန်လှီသော ခန္ဓာကိုယ်မှာ တုန်ရီနေကာ မျက်ဝန်းထဲတွင်လည်း ထိတ်လန့်မှုနှင့် အားကိုးရာမဲ့မှုများ ပြည့်နှက်နေသည်။
“အသုံးမကျတဲ့ကောင်...... မင်းကိုယ်မင်း ကြည့်စမ်း၊ ဒီလောက်ကြာအောင် ကျင့်ကြံနေတာတောင် ဝိညာဉ်စွမ်းအင် အစအနလေးတောင် အာရုံမခံနိုင်ဘူး...... မင်း ငါတို့ မိသားစုကို အရှက်ခွဲနေတာပဲ......”
ယောကျ်ားတစ်ဦး၏ ကြမ်းတမ်းသော အသံမှာ အခန်းထဲတွင် ပဲ့တင်ထပ်သွားပြီး ကြွေပန်းကန်လုံးတစ်လုံး ကွဲအက်သွားသည့် ကျယ်လောင်သော အသံလည်း ထွက်ပေါ်လာသည်။
ရွှမ်ကျီသည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မည်သည့်အသံမျှ မထွက်ရဲဘဲ ရှိနေပေတော့သည်။
***