မုန့်ဝမ် ညွှန်ပြရာဘက်သို့ ရွှမ်ကျီ လှမ်းကြည့်လိုက်ပေသည်။ ၎င်းမှာ ဂိုဏ်းပေါင်းစုံမှ တပည့်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ငယ်လေးတစ်ခုဖြစ်ပြီး အားလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
သူသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သော်လည်း မုန့်ဝမ်က ထိုသူများရှိရာသို့ ပျံသန်းသွားသဖြင့် ရွှမ်ကျီမှာ အားကိုးရာမဲ့စွာ သက်ပြင်းချရင်း သူမနောက်သို့သာ လိုက်သွားရတော့ပေသည်။
ထိုအဖွဲ့မှာ တိုက်ပွဲတစ်ခုတွင် အနိုင်ရထားသဖြင့် ပျော်ရွှင်စွာ စကားပြောနေကြစဉ် ရုတ်တရက် လူနှစ်ယောက် တစ်ယောက်နောက်တစ်ယောက် ပျံသန်းလာသည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားကြ၏။
ရောက်လာသူများမှာ ရွှမ်ယင်ဂိုဏ်းမှ မုန့်ဝမ်နှင့် ရွှမ်ဟူကျောင်းတော်မှ နတ်သားတော် ရွှမ်ကျီ ဖြစ်နေသည်ကို အတိုင်းသား မြင်လိုက်ရသောအခါ သူတို့မှာ ပို၍ပင် အံ့ဩသွားကြပေသည်။
“ဆရာတော် ရွှမ်ကျီ......... ကိုယ်တော်က......... ကိုယ်တော်က ဘာလို့ မိစ္ဆာကျင့်ကြံသူတစ်ယောက်နဲ့ အတူရှိနေရတာလဲ” အဖွဲ့ဝင်တစ်ဦးက အားတင်း၍ မေးလိုက်၏။
ရွှမ်ကျီမှာ မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်ပေသည်။ “ငါနဲ့ ရွှမ်ဟူကျောင်းတော်နဲ့ ဘာပတ်သက်မှုမှ မရှိတော့ဘူး။ အခု ငါက ရွှမ်ယင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ”
ထိုစကားကို ကြားသည်နှင့် အဖွဲ့ဝင်အားလုံး၏ မျက်နှာများ ပျက်သွားပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာကြတော့သည်။ “ပြေးကြ......... ဆရာတော် ရွှမ်ကျီက ဗုဒ္ဓတရားတော်ကို စွန့်ပြီး မိစ္ဆာလမ်းစဉ်ထဲ ဝင်သွားပြီ” ဟု တစ်ဦးက အော်ဟစ်လိုက်ပေသည်။
သူ၏ စကားမဆုံးခင်မှာပင် လူအားလုံးမှာ ပျံကျငှက်များအလား အရပ်ရပ်သို့ ထွက်ပြေးကြတော့၏။ မုန့်ဝမ်က ၎င်းကို မြင်သော်လည်းနှာခေါင်းရှုံ့လိုက်ပေသည်။ သူမ၏ ပုံရိပ်မှာ လျှပ်စီးပမာ တစ်ဦးနောက်သို့ ချက်ချင်းလိုက်မီသွားပြီး လက်ထဲတွင် သွေးအရှိန်အဝါများ စုစည်းကာ သွေးနီရောင် တံစဉ်တစ်ခုကို ဖန်တီးလိုက်၏။
“အား.........”
မကြာမီမှာပင် အော်ဟစ်သံများနှင့်အတူ သွေးများမှာ မြေပြင်ပေါ်သို့ ပန်းထွက်ကုန်ပေသည်။ မုန့်ဝမ်သည် တံစဉ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဒုတိယလူကို ဆက်လက် သတ်ဖြတ်နေပြန်၏။
ရွှမ်ကျီသည် ဘေးမှရပ်၍ ထိုသွေးစွန်းသော မြင်ကွင်းကို ကြည့်နေရပေသည်။ သူ၏ မျက်မှောင်များမှာ အနည်းငယ် ကြုတ်နေပြီး လက်သီးကိုလည်း မသိမသာ ဆုပ်ထားမိ၏။
သူမကို တားဆီးရန် ပြောလိုသော်လည်း သူ၏ လက်ရှိ အခြေအနေကို သတိရသွားသဖြင့် နောက်ဆုံးတွင် နှုတ်ဆိတ်နေလိုက်ရတော့သည်။
လတ်ဆတ်သော အသက်ဝိညာဉ်များ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်ကို ကြည့်နေရုံမှတစ်ပါး သူ ဘာမျှ မတတ်နိုင်ချေ။
မုန့်ဝမ်မှာ လုပ်ဆောင်ချက်တိုင်းတွင် ရက်စက်လှသော်လည်း သူမ၏ သတိကိုမူ မည်သည့်အခါမျှ လျှော့ချခြင်း မရှိပေ။ ရန်သူကို သတ်နေစဉ်မှာပင် ရွှမ်ကျီ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပြီး သူက သူမကို ရုတ်တရက် ပြန်လည် တိုက်ခိုက်လာမည်ကိုလည်း ကြိုတင်ကာကွယ်ထား၏။
မုန့်ဝမ်၏ သံသယကို ရွှမ်ကျီ သတိထားမိရာ သူက ခါးသီးစွာ ပြုံးလျက် မိမိကိုယ်ကိုယ် လှောင်ပြောင်သရော်လိုက်ပေသည်။
“မုန့်ဝမ်......... ဘာလို့ ဒီလောက်အထိ သတိထားနေရတာလဲ။ ရဟန်းဆိုတာ မုသားမပြောပါဘူး.........”
စကားအဆုံးမှာပင် သူသည် ရွှမ်ဟူကျောင်းတော်၏ နတ်သားတော် မဟုတ်တော့ဘဲ မိစ္ဆာလမ်းစဉ်မှ လူတစ်ဦး ဖြစ်နေပြီကို သတိရသွား၏။ “ရဟန်းဆိုတာ မုသားမပြောဘူး” ဆိုသည့် စကားမှာ သူ့အတွက် ဟာသ ဖြစ်နေပေသည်။
ရွှမ်ကျီသည် ရှုပ်ထွေးသော ခံစားချက်များကို ဖုံးကွယ်ရန် မျက်လွှာကို အသာချလိုက်၏။
မုန့်ဝမ်ကမူ ၎င်းကို ဂရုမစိုက်ချေ။ သူမသည် ကျန်ရှိနေသော ကျင့်ကြံသူများကို လျင်မြန်စွာ ရှင်းလင်းလိုက်ပြီးနောက် တိုက်ပွဲမှရသော ပစ္စည်းများကို ကျွမ်းကျင်စွာဖြင့် သိမ်းဆည်းလေသည်။
စစ်တလင်းကို ရှင်းလင်းပြီးနောက် သူမက ရွှမ်ကျီကို စိတ်ဝင်တစား ကြည့်လိုက်ပေသည်။
“ကြည့်ရတာ မင်း တကယ်ပဲ မိစ္ဆာလမ်းစဉ်ထဲ ဝင်သွားပြီပဲ”
အကယ်၍ ရွှမ်ကျီသာ ရွှမ်ဟူကျောင်းတော်၏ နတ်သားတော် ဖြစ်နေသေးပါက အခြားဂိုဏ်းမှ တပည့်များကို သူမ အဆင်အခြင်မဲ့ သတ်ဖြတ်နေသည်ကို ဘယ်တော့မှ လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။
ရွှမ်ကျီ နှုတ်ဆိတ်နေသော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ မခံမရပ်နိုင်သော ဝမ်းနည်းမှုများ ရှိနေပေသည်။
မုန့်ဝမ်က သူ ဘာတွေးနေသည်ကို ရိပ်မိသဖြင့် နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာ၏။ “ကျင့်ကြံခြင်းလောကဆိုတာ ဒီလိုပဲ၊ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်စမြဲပဲ။ မင်းက မိစ္ဆာတစ်ယောက် ဖြစ်ချင်မှတော့ ဒီသဘောတရားကို ပိုပြီး နားလည်ထားသင့်တယ်”
ရွှမ်ကျီ၏ အမူအရာမှာ ရှုပ်ထွေးနေပြီး သူက ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပေသည်။ “မိစ္ဆာကျင့်ကြံသူတိုင်းက သတ်ဖြတ်ခြင်းကနေ ခွန်အားယူရမယ်လို့ မဆိုလိုပါဘူး။ ငါ ကျင့်ကြံတာက မိစ္ဆာနှလုံးသား ပါ။ သတ်ဖြတ်ခြင်း ကံကြမ္မာတွေကို ထပ်ပြီး မစုဆောင်းချင်ဘူး”
သူသည် လက်နှစ်ဖက်ကို ယှက်လိုက်ပေသည်။ ၎င်းမှာ ဆုံးရှုံးသွားသော အသက်များအတွက် ဝမ်းနည်းခြင်း ဖြစ်သလို သူ၏ ယခင် ယုံကြည်ချက်များအတွက် တိတ်တဆိတ် ပူဆွေးခြင်းလည်း ဖြစ်ပေသည်။
“မိစ္ဆာနှလုံးသား ဟုတ်လား......... ဟက်”
မုန့်ဝမ်က လှောင်လိုက်၏။ “သတ်ဖြတ်ခြင်း မရှိဘဲ မင်းရဲ့ မိစ္ဆာနှလုံးသားကို ဘယ်လို သက်သေပြမှာလဲ။ ကရုဏာတရားဆိုတာ ဗုဒ္ဓကျင့်ကြံသူတွေရဲ့ လမ်းစဉ်ပဲ။ အခု မင်း မိစ္ဆာလမ်းစဉ်ထဲ ရောက်နေပြီဆိုမှတော့ အဲဒီ ရှေးရိုးစွဲ အယူအဆတွေကို စွန့်လွှတ်လိုက်သင့်ပြီ”
သူမသည် ရွှမ်ကျီ၏ အနားသို့ တစ်လှမ်းချင်း ချဉ်းကပ်ကာ သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပေသည်။ “ငါတို့နှစ်ယောက် ပူးပေါင်းရင် ပိုပြီး အကျိုးရှိနိုင်တယ်။ အသုံးမဝင်တဲ့ စေတနာတွေကို ဘာလို့ ဖက်တွယ်ထားမှာလဲ”
ရွှမ်ကျီက ခေါင်းခါလျက် တည်ငြိမ်စွာ ဆိုလိုက်၏။ “ငါ မိစ္ဆာလမ်းစဉ်ထဲ ဝင်ခဲ့ပေမဲ့ ငါ့မှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိပါတယ်။ သတ်ဖြတ်ခြင်းက ငါ အလိုရှိတဲ့အရာ မဟုတ်ဘူး။ မုန့်ဝမ်......... ငါ့ကို ထပ်ပြီး နားမချပါနဲ့တော့”
မုန့်ဝမ်၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး အေးစက်သော စစ်ဆေးမှုများဖြင့် အစားထိုးလိုက်ပေသည်။ “ဒါဆို မင်းက ငါ့ရဲ့ စေတနာကို ငြင်းပယ်တာပေါ့လေ”
သူမ၏ လက်ထဲတွင် သွေးနီရောင် တံစဉ် ပြန်လည် ပေါ်လာပြီး အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်လာ၏။ “ဒီလောက်အထိ ခေါင်းမာနေရင် မင်းကို ငါ စံနမူနာပြအနေနဲ့ သတ်ပစ်မှာကို မကြောက်ဘူးလား”
“မင်း ငါ့ကို သတ်မှာ မဟုတ်ပါဘူး”
တံစဉ်မှာ သူ၏အနားသို့ ရောက်နေသော်လည်း ရွှမ်ကျီမှာ မည်သည့် ကြောက်ရွံ့မှုမျှ မရှိချေ။ ထိုအစား သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး ယုံကြည်ချက်ရှိသော အပြုံးတစ်ခု ပေါ်လာပေသည်။
“ဒါ့အပြင် ငါ့မှာ မွေးရာပါ ရွှေရောင်အလင်း အမြုတေ ရှိနေပြီး အဲဒါက ငါ့ခန္ဓာကိုယ်ကို အလိုအလျောက် ကာကွယ်ပေးနိုင်တယ်။ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ယောက်တောင် ငါ့ကို အပြတ်အသတ် သတ်ဖို့ မလွယ်ဘူး”
၎င်းမှာ ဦးလေး ယွမ်စီ သူ့ကို မသတ်ခဲ့သည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်ပေသည်။ ရွှမ်ဟူကျောင်းတော်နှင့် နှစ်ပေါင်းများစွာ သံယောဇဉ်ရှိသည်ကို ထည့်တွက်ခြင်းအပြင် ရွှေရောင်အလင်း အမြုတေ၏ အကာအကွယ်ကို ဖောက်ထွက်ပြီး ရွှမ်ကျီကို အတင်းအဓမ္မ သတ်နိုင်လိမ့်မည်ဟု ယွမ်စီက ယုံကြည်မှု မရှိခဲ့ချေ။
မုန့်ဝမ်သည် ရွှမ်ကျီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်ခဲ့သော ရွှေရောင်အလင်းကို သတိရသွားပြီး စိတ်ထဲမှ တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်ပေသည်။ ရွှေရောင်အလင်း အမြုတေကို လုယူရန် စဉ်းစားမိသော်လည်း ချက်ချင်းပင် ထိုအတွေးကို ဖျောက်လိုက်၏။
မကြာခင်ကမှ သူမသည် ရွှမ်ကျီထံမှ ပုတီးစေ့များကို လုယူခဲ့ပေသည်။ ထိုပုတီးစေ့များကို သွေးပင်လယ်ထဲ၌ ဖိနှိပ်ထားသော်လည်း ၎င်းတို့ရှိ ဗုဒ္ဓအလင်းတန်းများမှာ ကွယ်ပျောက်သွားမည့် အရိပ်အယောင် မရှိချေ။
ထို့ကြောင့် ရွှေရောင်အလင်း အမြုတေကို နှိမ်နင်းရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ကြောင်း သူမ သိလိုက်၏။
မုန့်ဝမ်သည် သွေးနီရောင် တံစဉ်ကို ပြန်သိမ်းလိုက်ပြီး သူမ၏ မျက်နှာတွင် အပြုံးများ ပြန်လည် ပေါ်လာပေသည်။ ရွှမ်ကျီကို အကျပ်ကိုင်နေ၍လည်း အကျိုးမရှိချေ။
အကယ်၍ သူသာ ရွှမ်ယင်ဂိုဏ်းမှ အခြား နတ်သားတော်များဘက်သို့ ပါသွားပါက သူမအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဤကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားကို အလကား ထားပစ်ရန်မှာလည်း မဖြစ်နိုင်ချေ။
“ရွှမ်ကျီ......... မင်း ငါ့နောက်ကို လိုက်ချင်တယ်ဆိုရင် ကတိတစ်ခု ပေးရမယ်”
၎င်းကို ကြားသောအခါ ရွှမ်ကျီ အနည်းငယ် အံ့ဩသွား၏။ “ကတိ...............”
“ဟုတ်တယ်။ မင်း ငါ့နောက်ကို လိုက်နေတာ မဟုတ်လား။ အလကား လိုက်လို့တော့ မရဘူး၊ ငါ့အတွက် အလုပ်လုပ်ပေးရမယ်” မုန့်ဝမ်က ဟန်ပါပါဖြင့် ဆိုလိုက်ပေသည်။
ရွှမ်ကျီ နှုတ်ဆိတ်နေပြီး မုန့်ဝမ်၏ ကမ်းလှမ်းချက်ကို စဉ်းစားနေပုံရ၏။ မုန့်ဝမ်ကလည်း သူ့ကို အတင်းအကျပ် မလုပ်ဘဲ သူ၏ အဖြေကို တိတ်ဆိတ်စွာ စောင့်နေပေသည်။
အချိန်အတော်ကြာမှ ရွှမ်ကျီက ပြောလိုက်၏။ “ငါ့အတွက် အလုပ်လုပ်ပေးရမယ် ဆိုတာက ဘာကို ဆိုလိုတာလဲ။ ကြိုပြောထားမယ်......... ငါ မင်းကို လူသတ်ဖို့တော့ ကူညီမှာ မဟုတ်ဘူး”
“စကားကို အပိုင်မပြောပါနဲ့ဦး။ မင်း အပြစ်မဲ့သူတွေကို မသတ်ချင်ဘူး ဆိုပေမဲ့ မင်း သတ်ရမယ့်သူက အပြစ်မဲ့သူ မဟုတ်ရင်ကော.........”
မုန့်ဝမ်က ဖြားယောင်းလိုက်ပေသည်။ “အကယ်၍ ငါတို့ရဲ့ ပြိုင်ဘက်က လူဆိုးတွေ ဖြစ်နေရင် ဒါမှမဟုတ် မိစ္ဆာကျင့်ကြံသူတွေ ကိုယ်တိုင် ဖြစ်နေရင် မင်း ငါ့အတွက် ဘာမှ မတောင်းဆိုဘဲ လုပ်ပေးရမယ်”
ရွှမ်ကျီ ခဏမျှ စဉ်းစားလိုက်သော်လည်း မိမိကိုယ်ကို နှိုင်းယှဉ်ကာ ခေါင်းခါလိုက်၏။ “မိစ္ဆာကျင့်ကြံသူတိုင်းက လူဆိုး မဟုတ်ပါဘူး.........”
မုန့်ဝမ်က သူ၏စကားကို ဖြတ်ပြောလိုက်ပေသည်။ “ဒီလိုလုပ်ရင်ကော......... အကယ်၍ ပြိုင်ဘက်က တကယ် လူဆိုးဖြစ်နေရင် ဒါမှမဟုတ် မကောင်းမှုတွေ ကျူးလွန်ထားတဲ့ မိစ္ဆာကျင့်ကြံသူ ဖြစ်နေရင် မင်း ငါ့အတွက် လုပ်ပေးရမယ်။ ဘယ်လိုလဲ”
ရွှမ်ကျီ စဉ်းစားကြည့်လိုက်၏။ မကောင်းမှုကို နှိမ်နင်းခြင်းမှာ ကုသိုလ်ရစေသလို သူ၏ တာအိုနှလုံးသားကိုလည်း ထိခိုက်မည်မဟုတ်သဖြင့် သူ သဘောတူလိုက်သည်။
“ကောင်းပြီလေ......... ငါ သဘောတူတယ်။ ဒါပေမဲ့ တစ်ဖက်လူက မကောင်းမှု လုပ်ထားတယ်ဆိုတာကို မင်း ဘယ်လို သိမှာလဲ”
မုန့်ဝမ်က နှုတ်ခမ်းကလေးကို ကွေးညွတ်လျက် လျှို့ဝှက်စွာ ပြုံးလိုက်ပေသည်။ “မစိုးရိမ်ပါနဲ့၊ အဲဒါတွေကို အတည်ပြုဖို့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်။ မင်းကို အပြစ်မဲ့သူတွေကို အကြောင်းမဲ့ သတ်ခိုင်းမှာ မဟုတ်ပါဘူး”
ရွှမ်ကျီနှင့် သဘောတူညီမှု ရပြီးနောက် မုန့်ဝမ်သည် သူမ၏ သွေးစက်ဝန်းမျက်လုံး ကို အသုံးပြုကာ ပစ်မှတ်အသစ်ကို ရှာဖွေလိုက်ပေသည်။ မကြာမီမှာပင် သူမသည် အရေးကြီးသော ပစ်မှတ်တစ်ခုကို တွေ့လိုက်၏။
“သွားကြစို့ ရွှမ်ကျီ။ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေဖို့ မျှော်လင့်ပါတယ်”
သူမသည် ပြုံးလျက် တစ်စုံတစ်ရာသော ဘက်သို့ ပျံသန်းသွားတော့သည်။ ရွှမ်ကျီသည်လည်း မုန့်ဝမ်၏ နောက်လိုက်တစ်ဦးအဖြစ် အသေအချာ လိုက်ပါသွားပေသည်။
မျောလွင့်နန်းတော်မှ လင်းဝူ နတ်သားတော်သည် သူတို့နှစ်ဦးကို အဝေးမှ လှမ်းမြင်လိုက်၏။ မုန့်ဝမ်၏ နောက်က လိုက်လာသူကို အသေအချာ မြင်လိုက်ရသောအခါ သူမ မှင်တက်သွားပေသည်။
ဘာကြောင့် ရွှမ်ဟူကျောင်းတော်ရဲ့ နတ်သားတော်က ရွှမ်ယင်ဂိုဏ်းက လူနဲ့ အတူရှိနေရတာလဲ။
***