သို့သော်လည်း ချင်းယွီသည် ပုံရိပ်ယောင်အတတ်ကို မထုတ်ဖော်နိုင်မီမှာပင် ရှောင်ရိ၏ အော်ဟစ်သံကို ကြားလိုက်ရပြီး တားမြစ်ကျင့်စဉ်တစ်ခု ဖြစ်သော “ကောင်းကင်နှင့် မြေပြင် ပိုက်ကွန်” ကို အသက်သွင်းလိုက်ပေသည်။
မရေမတွက်နိုင်သော အလင်းတန်းများမှာ ကြီးမားသော ပိုက်ကွန်တစ်ခုအဖြစ် ရောယှက်သွားပြီး ချင်းယွီကို လွှမ်းခြုံထားလိုက်၏။
၎င်းကို မြင်သော် မုရွှယ်ယန် သည်လည်း သူမ၏ အသံလှိုင်းတိုက်ကွက်ကို အရှိန်မြှင့်လိုက်ကာ ချင်းယွီကို အဆက်မပြတ် နှောင့်ယှက်နေတော့သည်။ ချင်းယွီ၏ အမူအရာ ပျက်သွားပြီး သူ မလွတ်မြောက်နိုင်တော့မှန်း သိလိုက်၏။
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်ဝန်းထဲ၌ ရက်စက်သော အရိပ်အယောင်တစ်ခု ပြတ်ပြေးသွားကာ အသေခံတိုက်ရန် ပြင်လိုက်ပေသည်။
ထိုစဉ်မှာပင် အနက်ရောင် အရိပ်တစ်ခု ဖြတ်သန်းလာပြီး သူ့ရှေ့မှ အတင်းအဓမ္မ ကာကွယ်ပေးလိုက်၏။ ရောက်လာသူမှာ ရွှမ်ကျီ ဖြစ်ပေသည်။
သူသည် လက်အုပ်ချီလျက် ဗုဒ္ဓဂါထာကို အသာအယာ ရွတ်ဆိုလိုက်ရာ သူ၏ပတ်ဝန်းကျင်တွင် ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာ၏။ သူသည် မုရွှယ်ယန် ၏ အသံလှိုင်းတိုက်ကွက်ကို တောင့်ခံပေးလိုက်သဖြင့် ချင်းယွီမှာ အသက်ရှူချောင်ရန် အချိန်ရသွားတော့သည်။
“ရွှမ်ကျီ...... မင်းက သစ္စာဖောက်ပဲ......”
ရှောင်ရိသည် ဒေါသကြောင့် မျက်လုံးများ ပြူးသွား၏။ တစ်ချိန်က မကောင်းမှုကို မုန်းတီးလှသော ရွှမ်ဟူကျောင်းတော်၏ နတ်သားတော်မှာ ယခုအခါ မိစ္ဆာကျင့်ကြံသူများ၏ လက်ပါးစေ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ရွှမ်ကျီမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေဆဲပင်။ သူက အေးဆေးစွာ ပြန်ပြောလိုက်၏။ “သစ္စာဖောက် ဟုတ်လား......... ငါ ငါ့ရဲ့ ယုံကြည်ချက်တွေကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ပါဘူး။ ငါနဲ့ ပိုပြီး သင့်တော်တဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့တာပါပဲ”
သူ့ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းများမှာ တဖြည်းဖြည်း သွေးနီရောင် သန်းလာပေသည်။ ဗုဒ္ဓတရားတော်နှင့် မိစ္ဆာအတွေးများမှာ ရောနေပြီး ပိုမိုပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေ၏။
ရှောင်ရိ၏ ရင်ထဲ၌ တင်းကျပ်သွားပြီး ရွှမ်ကျီမှာ ယခင်ကထက် ပို၍ပင် ကိုင်တွယ်ရ ခက်ခဲလာကြောင်း သိလိုက်ရပေသည်။
သူသည် မုရွှယ်ယန် ကို သတိထားရန် ပြောရန် ပြင်လိုက်စဉ်မှာပင် ကျောရိုးတစ်လျှောက် အေးစက်သွားပြီး ဦးရေပြားများပါ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ရှောင်ရိ အမြန်လှည့်ကြည့်လိုက်သော်လည်း သွေးရောင် ပုံရိပ်ယောင်တစ်ခုကိုသာ မြင်လိုက်ရပေသည်။ သူ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီး ရှောင်တိမ်းရန် ကြိုးစားသော်လည်း နောက်ကျသွားချေပြီ။
ဖြူစင်သော လက်တစ်ဖက်က သူ၏ ရင်ဘတ်ကို အသာအယာ ဖိလိုက်ရာ ပြင်းထန်သော စွမ်းအားတစ်ခုက သူ၏ သွေးကြောများအတွင်းသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။ သူသည် ညည်းညူရင်း နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာ၏။
“ရှောင်ရိ......”
မုရွှယ်ယန် က အော်ဟစ်လိုက်ပြီး ရွှမ်ကျီနှင့် ဆက်လက် တိုက်ခိုက်မနေတော့ဘဲ ရှောင်ရိ၏ ဒဏ်ရာကို စစ်ဆေးရန် အမြန် ပျံသန်းသွားပေသည်။
“သွားကြစို့......”
ရှောင်ရိသည် ပြင်းထန်သော နာကျင်မှုကို အောင့်ခံရင်း ပြတ်သားစွာ ဆုံးဖြတ်လိုက်၏။ ချင်းယွီကို လုပ်ကြံရန် အခွင့်ကောင်း လက်လွတ်သွားရသဖြင့် နောက်တစ်ကြိမ်ကိုသာ စောင့်ရတော့မည် ဖြစ်ပေသည်။ မုရွှယ်ယန် သည် ရှောင်ရိကို ထူမလိုက်ပြီး ထိုနှစ်ဦးမှာ လှည့်၍ ထွက်ပြေးကြတော့၏။
သူတို့ ထွက်ပြေးရန် ပြင်သည်ကို မြင်သောအခါ အဖိနှိပ်ခံထားရသော ချင်းယွီသည် ဤအခွင့်အရေးကို လက်လွတ်မခံတော့ချေ။ သူ၏ မျက်ဝန်းထဲ၌ ရက်စက်မှုများ ဖြတ်ပြေးသွားပြီး လက်ဟန်တစ်ခု ဖော်လိုက်ရာ အလင်းဓား သုံးစင်းမှာ ရှောင်ရိ၏ ကျောပြင်ဆီသို့ တည့်တည့်မတ်မတ် ပြေးထွက်သွားပေသည်။
“ထွက်ပြေးချင်တာလား......... အဲလောက် မလွယ်ဘူး......”
အလင်းဓားများမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို သယ်ဆောင်ထားပြီး ရှောင်ရိ၏ ကျောကို ဖောက်ထွက်တော့မည့်ဆဲဆဲမှာပင် အပြာနုရောင် အသံလှိုင်းတစ်ခု လေဟာနယ်ထဲမှ ပေါ်လာပြီး ထိုဓားချက်များကို တားဆီးလိုက်ပေသည်။
“သူ့ကို သတ်ချင်တယ် ဟုတ်လား......... ငါ့ကို အရင် မေးပြီးပြီလား”
မုရွှယ်ယန် က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ လက်ချောင်းများဖြင့် စောင်းကို အဆက်မပြတ် တီးခတ်လိုက်ရာ အသံလှိုင်းများစွာ ထွက်ပေါ်လာပြီး အလင်းဓားများ၏ ခြိမ်းခြောက်မှုကို ချေဖျက်လိုက်ပေသည်။
“ရွှမ်ကျီ......... သူမကို တားစမ်း......”
မုန့်ဝမ်၏ အမိန့်ကို ကြားသည်နှင့် ရွှမ်ကျီသည် ချက်ချင်း ရှေ့သို့ ပျံသန်းသွားပေသည်။ သူသည် လက်နှစ်ဖက်ကို ယှက်လိုက်ရာ ဗုဒ္ဓနှင့် မိစ္ဆာစွမ်းအားများမှာ သူ့ပတ်ဝန်းကျင်တွင် ရောယှက်နေပြီး မုရွှယ်ယန် ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသော ရွှေရောင် အကာအကွယ်နံရံတစ်ခု ဖြစ်ပေါ်လာ၏။
“ဒကာမလေး......... ဒီနေ့တော့ ထွက်သွားလို့ ရမယ် မထင်ဘူး”
မုရွှယ်ယန် ၏ မျက်နှာမှာ တင်းမာနေပြီး သူမ၏ စောင်းမှ ပြတ်သားသော အသံလှိုင်းများ ထွက်ပေါ်လာကာ ရွှမ်ကျီ၏ ခုခံမှုကို ဖောက်ထွက်ရန် ကြိုးစားပေသည်။
သို့သော် ရွှမ်ကျီ၏ ဗုဒ္ဓ-မိစ္ဆာ စွမ်းအားမှာ မလှုပ်မယှက်နိုင်သော ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ ခိုင်မာလှပေသည်။ မုရွှယ်ယန် ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ တစ်ချိန်က ဗုဒ္ဓတပည့်ဖြစ်သူမှာ မိစ္ဆာဖြစ်သွားပြီးနောက် ဤမျှအထိ ဒုက္ခပေးနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
ရွှမ်ကျီက မုရွှယ်ယန် ကို တားဆီးနေစဉ်မှာပင် ချင်းယွီသည် ရှောင်ရိကို တန်ပြန်တိုက်စစ် ဆင်နွှဲလေတော့သည်။ စောစောက ထိုနှစ်ဦး၏ ဖိနှိပ်မှုကို ခံထားရသဖြင့် သူသည် ဒေါသများဖြင့် ပြည့်နှက်နေရာ ယခု အသာစီးရလာသောအခါတွင်မူ အငြိုးတကြီးဖြင့် ပြန်လည် တိုက်ခိုက်တော့၏။
မုန့်ဝမ်ကလည်း ဘေးမှ စောင့်ကြည့်နေပြီး သူတို့ ထွက်မပြေးနိုင်အောင် ကာကွယ်ပေးထားသလို ရှောင်ရိကိုလည်း အခွင့်သာလျှင်သာသလို ချောင်းမြောင်း တိုက်ခိုက်နေပေသည်။
ရှောင်ရိမှာ နတ်မျက်စိ ရှိနေသဖြင့် ချင်းယွီ၏ ကျင့်စဉ်ကို များစွာ ထိန်းချုပ်ထားနိုင်သော်လည်း ဘေးမှ စောင့်ကြည့်နေသော မုန့်ဝမ်က သူ့အပေါ် ကြီးမားသော ဖိအားများ ပေးနေသဖြင့် ချင်းယွီကို အာရုံစိုက်၍ မတိုက်ခိုက်နိုင်တော့ချေ။ ရလဒ်အနေဖြင့် သူသည် အရေးနိမ့်လာတော့သည်။
ရှောင်ရိမှာ မုန့်ဝမ်၏ ဖိနှိပ်မှုကို ခံနေရသည်ကို မြင်သောအခါ မုရွှယ်ယန် မှာ စိုးရိမ်မကင်း ဖြစ်လာ၏။ ဤအတိုင်း ဆက်သွားပါက အခြေအနေမှာ ပိုမို ဆိုးရွားလာပေလိမ့်မည်။
သူမသည် အံကြိတ်ကာ အချိန်ဆွဲမနေတော့ဘဲ လက်ဟန်တစ်ခု လုပ်လိုက်ရာ တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး တစ်လောကလုံးကို တုန်ခါသွားစေပေသည်။
“မကောင်းတော့ဘူး......... သူမ တခြားသူတွေကို အကြောင်းကြားလိုက်ပြီ......”
ချင်းယွီ၏ မျက်နှာ ပျက်သွား၏။ အကယ်၍ အခြားဂိုဏ်းများမှ နတ်သား၊ နတ်သမီးတော်များ ရောက်လာပါက သူတို့မှာ အန္တရာယ်အသစ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
“တခြားသူတွေ မရောက်ခင် ရှောင်ရိကို အရင် အပြတ်ရှင်းကြစို့......”
မုန့်ဝမ်က အသံနိမ့်နိမ့်ဖြင့် အော်လိုက်ပြီး သူမ၏ ပုံရိပ်မှာ သွေးရောင်အရိပ်အဖြစ် ပြောင်းလဲကာ ရှောင်ရိဆီသို့ တည့်တည့် ပြေးဝင်သွားပေသည်။ ချင်းယွီသည်လည်း မည်သည့်အစွမ်းကိုမျှ ချန်မထားတော့ဘဲ သူ၏ စွမ်းအားအပြည့်ဖြင့် ရှောင်ရိကို ဆက်လက် ဖိအားပေးလိုက်၏။
မုန့်ဝမ်သည် သွေးနီရောင် လျှပ်စီးပမာ ရှောင်ရိ၏ အနားသို့ ချက်ချင်း ရောက်သွားပေသည်။ သူမ၏ လက်ထဲမှ ဓားရှည်မှာ အေးစက်သော အလင်းတန်းများဖြင့် တောက်ပနေပြီး ရှောင်ရိ၏ နှလုံးသားဆီသို့ ဦးတည်နေ၏။
မုန့်ဝမ်၏ ပြင်းထန်သော ဖိအားကြောင့် ရှောင်ရိ၏ ရင်ထဲ၌ တင်းကျပ်သွားပြီး သူ အစွမ်းကုန် ခုခံရတော့မည်ကို သိလိုက်၏။ သူသည် အော်ဟစ်လိုက်ရာ သူ၏ မျက်လုံးများမှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဟာကွက်တစ်ခုကို လျင်မြန်စွာ ရှာတွေ့သွားပေသည်။
သူ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် ချင်းယွီက ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး သူ၏ လက်ထဲ၌ မှန်တစ်ချပ် ပေါ်လာကာ ရှောင်ရိ၏ မျက်လုံးများဆီသို့ ပို၍ တောက်ပသော အဖြူရောင်အလင်းကို ပြန်ဟပ်လိုက်ပေသည်။
ထိုအဖြူရောင်အလင်းမှာ ရှောင်ရိကို ထိမှန်သွားသောအခါ သူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများကို လက်ဖြင့် အုပ်လိုက်ပေသည်။ သူ၏ လက်ချောင်းများကြားမှ သွေးခဲနှစ်ခုမှာ စီးကျလာ၏။
“အား......... ငါ့မျက်လုံးတွေ............”
တစ်ချိန်တည်းမှာပင် “ခရက်” ဟူသော အသံနှင့်အတူ ချင်းယွီ၏ လက်ထဲရှိ မှန်မှာ အပိုင်းပိုင်း ကွဲအက်သွားတော့သည်။ သူ၏ မျက်နှာမှာ ဖြူလျော်သွားပြီး သွေးတစ်လုတ် အန်လိုက်ရ၏။
၎င်းကို မြင်သော် မုရွှယ်ယန် ၏ ရင်ထဲ၌ စိုးရိမ်မှုများ ပြည့်သွားပြီး သူ့ကို ကယ်တင်ရန် အသည်းအသန် ပြေးသွားပေသည်။ သို့သော် ရွှမ်ကျီမှာ တောင်ကြီးတစ်လုံးအလား သူမကို ခိုင်မာစွာ ပိတ်ဆို့ထားဆဲပင်။
သူမသည် ဒေါသနှင့် စိုးရိမ်မှုကြောင့် မအောင့်နိုင်ဘဲ အော်ဟစ်လိုက်တော့သည်။ “ဖယ်စမ်း......... ဒီရွံစရာကောင်းတဲ့ ကတုံး၊ ရွှမ်ယင်ဂိုဏ်းက မင်းကို ဘာတွေများ ပေးထားလို့လဲ”
ရွှမ်ကျီမှာမူ ဘာမှမကြားသကဲ့သို့ပင်။ မုရွှယ်ယန် က သူ့ကို မည်မျှပင် ဆဲဆိုနေပါစေ သူ၏ ပိတ်ဆို့မှုကို သူမ ဖောက်ထွက်နိုင်ခြင်း မရှိချေ။ ချင်းယွီသည် ရှောင်ရိ၏ မျက်လုံးများကို ဖျက်ဆီးလိုက်နိုင်သဖြင့် ကျေနပ်အားရနေပြီး ဆက်လက် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် မုန့်ဝမ်၏ အသံကို ကြားလိုက်ရပေသည်။
“လူတွေ လာနေပြီ......... အရင် ဆုတ်ကြစို့”
ချင်းယွီသည် အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း ဆက်တိုက်နေလျှင်လည်း သူတို့အတွက် အကျိုးမရှိနိုင်မှန်း သိ၏။ ထို့ကြောင့် သူသည် ပြတ်သားစွာပင် ဆုတ်ခွာလိုက်ပြီး မုန့်ဝမ်၏ နောက်မှ လိုက်ကာ အဝေးသို့ ထွက်ပြေးသွားတော့သည်။
“ပြေးချင်တာလား......... အဲလောက် မလွယ်ဘူး......”
မုရွှယ်ယန် ၏ လက်ဖဝါးအတွင်းမှ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အေးစက်လှသော ရေခဲလက်ဝါး လေလှိုင်းမှာ ရွှမ်ကျီ၏ ကျောပြင်ဆီသို့ တည့်တည့် ရိုက်ခတ်သွားပေသည်။
သို့သော် ရွှမ်ကျီမှာ သူ၏ ကျောဘက်၌ မျက်လုံးပါသကဲ့သို့ပင် ရှောင်တိမ်းလိုက်ပြီး ပုံရိပ်ယောင်များကိုသာ ချန်ထားခဲ့၏။
“ကတုံးကောင်......... မင်း မလွတ်နိုင်ပါဘူး......” မုရွှယ်ယန် က အသည်းအသန် လိုက်လံတိုက်ခိုက်သော်လည်း ရွှမ်ကျီ၏ လှုပ်ရှားမှုမှာ တစ္ဆေတစ်ကောင်အလား ဖမ်းရခက်လှသဖြင့် သူမ၏ တိုက်ကွက်များမှာ လွဲချော်ကုန်ပေသည်။
ရှောင်ရိ၏ အခြေအနေကို စိုးရိမ်သဖြင့် သူမ အဝေးအထိ မလိုက်ရဲတော့ဘဲ ရွှမ်ကျီ ပျောက်ကွယ်သွားသည်ကိုသာ သွားကြိတ်ကြည့်နေရတော့သည်။ မကြာမီမှာပင် ပုံရိပ်သုံးခု လေထဲမှ ဆင်းသက်လာပေသည်။
“ဘာဖြစ်တာလဲ” ပန်းရိပ်မိစ္ဆာမင်းသမီးဟွာလီ ၏ အကြည့်မှာ ရှောင်ရိ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်သွားပြီး သူမ၏ မျက်ခုံးများမှာ စိုးရိမ်မှုကြောင့် တွန့်ချိုးသွား၏။ “ဘယ်သူက ငါ့ဆရာတူမောင်လေး ရှောင်ရိကို ဒဏ်ရာရအောင် လုပ်တာလဲ”
“ဘယ်သူရှိဦးမှာလဲ......... ရွှမ်ယင်ဂိုဏ်းက မိစ္ဆာတွေပေါ့......” မုရွှယ်ယန် က သွားကြိတ်လျက် မုန့်ဝမ်တို့ ပျောက်ကွယ်သွားရာဘက်သို့ ညွှန်ပြလိုက်ပေသည်။ “ကျွန်မတို့ ရွှမ်ယင်ဂိုဏ်းက ချင်းယွီနဲ့ တိုက်နေတာ အနိုင်ရခါနီးမှ မုန့်ဝမ်က ရွှမ်ကျီနဲ့အတူ ရုတ်တရက် ပေါ်လာပြီး ချောင်းတိုက်တာပဲ......”
သူတို့ သုံးဦးစလုံး၏ မျက်နှာများ ပျက်သွားကြ၏။ လင်းဝူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း မကျေမနပ် ဖြစ်နေပေသည်။ “တောက်......... သူတို့ လွတ်သွားပြန်ပြီ......”
ချင်ရှောက်ယန်က မျက်မှောင်အနည်းငယ်ကြုတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တည်ကြည်သော အသံဖြင့် ဆိုလိုက်၏။ “အရင်ဆုံး ရှောင်ရိရဲ့ ဒဏ်ရာကို ကြည့်ကြရအောင်”
***