အရေးပေါ်သတိပေးချက်များကို အဆင့်အမျိုးမျိုး ခွဲခြားထားသည်။ ပထမအဆင့်မှာ လိမ္မော်ရောင် ဖြစ်၏။
လွန်ခဲ့သော နှစ်နှစ်ခန့်က ပိုမြို့တွင် လိမ္မော်ရောင်သတိပေးချက် ထုတ်ပြန်ခဲ့ဖူးသည်။ ထိုစဉ်က တောင်ကုန်းနောက်ဘက်မှ တော်ဝင်အလင်းတစ်လုံး ပျံတက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဘေးကင်းလုံခြုံရေး နယ်နိမိတ်အနီးတွင် ပျံ့နှံ့နေသော မှော်သားရဲ အရေအတွက်မှာ အနည်းဆုံး သုံးရာခန့် ရှိခဲ့သည်။
ယနေ့တွင်မူ တော်ဝင်အလင်းနှစ်ခုကို တစ်ပြိုင်နက် မြင်တွေ့လိုက်ရပြီ ဖြစ်ရာ ၎င်းသည် အပြာရောင် အဆင့်သတိပေးချက်ကို ဆိုလိုခြင်းပင်။
ဤသတိပေးချက် ထွက်ပေါ်လာပြီဆိုလျှင် မြို့အတွင်း၌ ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများနှင့် ကြီးမားသော အန္တရာယ်များ ရှိနေပြီအဓိပ္ပာယ်ရသည်။
လွန်ခဲ့သော နှစ်နှစ်က လိမ္မော်ရောင်သတိပေးချက်ကို အကြီးအကဲ ကျန့်ခုံးက အချိန်တိုအတွင်း ဖြေရှင်းနိုင်ခဲ့သော်လည်း၊ ယနေ့ အပြာရောင်သတိပေးချက် ပေါ်ပေါက်လာခြင်းမှာ လုံခြုံရေးနယ်နိမိတ် တစ်ဝိုက်တွင် အနည်းဆုံး မှော်သားရဲ ထောင်ဂဏန်းခန့် လှည့်လည်နေပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ပိုမြို့တွင် အပြာရောင်သတိပေးချက် မကြားရသည်မှာ ဆယ်စုနှစ်တစ်ခုပင် ရှိတော့မည် မဟုတ်ပါလား။
တီ...တီ
အားလုံးက ဤအခြေအနေကို နောက်ပြောင်မှုတစ်ခု ထင်မှတ်နေကြစဉ်မှာပင် ဝမ်သွမ့်ဖုန်း၏ အိတ်ကပ်ထဲမှ ဖုန်းမြည်သံ ထွက်ပေါ်လာသည်။
စစ်မှော်ဆရာ ရာပေါင်းများစွာ၏ မျက်နှာပေါ်သို့ မိုးရေများ တဖွဲဖွဲကျနေပြီး အားလုံးမှာ မှင်သက်နေကြ၏။ သည်းထန်စွာ ရွာသွန်းနေသော မိုးသံနှင့် တပ်မှူး ဝမ်သွမ့်ဖုန်း၏ ဖုန်းမြည်သံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ခြောက်ကပ်နေတော့သည်။
ဝမ်သွမ့်ဖုန်းသည် မိုးရေထဲတွင် ဖုန်းကို ထုတ်ယူကာ နားတွင် ကပ်လိုက်သည်။ "ဟဲလို..."
"တပ်မှူးဝမ်... ကျွန်တော်တို့ သားရဲအုပ်စုရဲ့ တိုက်ခိုက်တာကို ခံလိုက်ရပြီ၊ ကျွန်တော်တို့ရဲ့ အလင်းဒြပ်စင်မှော်ဆရာ...သေသွားပြီ၊ ကျွန်တော်တို့ နောက်ထပ် အချက်ပြအလင်းတွေ မပစ်နိုင်တော့ဘူး" အဖွဲ့ခေါင်းဆောင် ကျိုးကျင်း၏ အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာသည်။
ဝမ်သွမ့်ဖုန်း တစ်ကိုယ်လုံး စိမ့်ခနဲ ခံစားလိုက်ရပြီး ဖုန်းကို ကိုင်ထားသော လက်များမှာ စတင် တုန်ယင်လာတော့သည်။
"အကယ်၍ ပိုမြို့သာ ဒီဘေးဒုက္ခကနေ လွတ်မြောက်ခဲ့ရင်... အကြီးအကဲ ကျန့်ခုံးနဲ့ ဖန်းလီကျွင်းကို ကျွန်တော့်ကိုယ်စား တောင်းပန်ပေးပါဦး" ကျိုးကျင်း၏ အသံမှာ အားပြတ်နေပြီး မခွဲခွာလိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
ဝမ်သွမ့်ဖုန်း၏ မျက်နှာမှာ တစ်ဆတ်ဆတ် တုန်ယင်နေပြီး သူ၏ မျက်ဝန်းများတွင် နက်ရှိုင်းသော ဝမ်းနည်းမှုနှင့် ဒေါသတို့ ယှဉ်တွဲနေတော့သည်။
တီ... တီ... တီ...
ထိုစကားကို ပြောပြီးနောက် ဖုန်းကျသွားတော့သည်။ ဖုန်းပြောနေစဉ်အတွင်းမှာပင် ဝမ်သွမ့်ဖုန်းသည် ဆူညံလှသော ဟိန်းဟောက်သံများကို ကြားခဲ့ရ၏။ ထိုအသံများမှာ သူ၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိလာသည့်အလား ရှိနေသဖြင့် သူ၏ ရင်ထဲတွင် တထိတ်ထိတ် တုန်နေတော့သည်။
ဝမ်သွမ့်ဖုန်းသည် မျှော်လင့်ချက်မဲ့စွာ ဖုန်းကို ချလိုက်မိသည်။ သူ မျက်လုံးများကို တင်းတင်းပိတ်ထားလိုက်၏။ သည်းထန်သော မိုးရေများမှာ သူ၏ ခန္ဓာကိုယ်ကို နာကျင်စေရုံသာမက ဓားပေါင်းများစွာနှင့် သူ၏ နှလုံးသားကို ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဖုန်းကျသွားပြီ ဖြစ်သော်လည်း နောက်တစ်စက္ကန့်တွင် အဖွဲ့ခေါင်းဆောင် ကျိုးကျင်း တစ်ယောက် မည်ကဲ့သို့ အော်ဟစ်ကာ အသတ်ခံလိုက်ရမည်ကို သူ မြင်ယောင်နေမိသည်။ ထိုအခြေအနေမျိုးတွင် ဖုန်းပြောနိုင်သူမှာ အသက်ရှင်ရန် အခွင့်အရေး မရှိတော့သည်ကို ဝမ်သွမ့်ဖုန်း အသိဆုံး ဖြစ်ပေသည်။
“အနီရောင်အဆင့်သတိပေးချက်ကို ထုတ်ပြန်လိုက်တော့..." ဝမ်သွမ့်ဖုန်း အသက်ကို ပြင်းပြင်းရှူကာ အမိန့်ပေးလိုက်သည်။ သူ၏ မျက်ဝန်းတွင် ဝမ်းနည်းမှုများ မရှိတော့ဘဲ စစ်သားတစ်ဦး၏ ပြတ်သားမှုများဖြင့် အစားထိုးလိုက်ပြီ ဖြစ်သည်။
"အနီ...အနီရောင်အဆင့်သတိပေးချက် ဟုတ်လား...တပ်မှူးဝမ်... နောက်နေတာ မဟုတ်ဘူးမလား...” စစ်မှော်ဆရာများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။
မိုးရေထဲတွင် ကင်းစောင့်နေသော စစ်သားအားလုံး ဆွံ့အသွားကြ၏။ သူတို့အတွက် အပြာရောင်အဆင့် သတိပေးချက်မှာပင် အကြီးအကျယ် ပရမ်းပတာ ဖြစ်နေပြီဖြစ်သည်။ အနီရောင်အဆင့်သတိပေးချက်မှာမူ ကပ်ဘေးဖြစ်တော့မည်ကို သတိပေးခြင်း ဖြစ်သည်။
အနီရောင်အဆင့် သတိပေးချက်မှာ အကြောက်မက်ဖွယ်အကောင်းဆုံး ကပ်ဘေးတစ်ခု ဖြစ်သည်။ လူအချို့မှာ တစ်ဘဝလုံး ဤသတိပေးချက်ကို မမြင်ဖူးဘဲ နေသွားနိုင်သော်လည်း၊ ဤဘေးဒုက္ခကို ကြုံတွေ့ခဲ့ရသူများမှာမူ သူတို့၏ ဘဝတစ်လျှောက်လုံး ထိုအရိပ်မည်းကြီးထဲမှ ရုန်းထွက်နိုင်ကြမည် မဟုတ်ပါပေ။
"ဘာတွေ ကြောင်နေကြတာလဲ...ငါ ခိုင်းတာကို အခုချက်ချင်း လုပ်ကြစမ်း" ဝမ်သွမ့်ဖုန်း အော်ဟစ်လိုက်သည်။
“ဒီငတုံးတွေကတော့... အနီရောင်အဆင့်သတိပေးချက် ထုတ်ပြန်ဖို့ တစ်စက္ကန့် နောက်ကျတိုင်း လူပေါင်း ရာနဲ့ချီပြီး သေသွားနိုင်တယ် ဆိုတာမသိဘူးလား...”
ဝူး... ဝူး...
ဝူး... ဝူး... ဝူး...
ဂါး...
ရုတ်တရက် လူတိုင်း၏ ရင်ကို တုန်လှုပ်စေသော ဟိန်းဟောက်သံများစွာ တောင်ကုန်းနောက်ဘက်မှ ထွက်ပေါ်လာသည်။ တောင်ကုန်းနောက်ဘက်သို့ လျှပ်စီးများစွာ ပစ်ချလိုက်သည့်အလား တစ်တောင်လုံး တုန်ခါသွားတော့သည်။ ထိုတုန်ခါမှုမှာ ကင်းစခန်းရှိ ကျောက်တုံးခံတပ်ကြီးကိုပင် အနည်းငယ် လှုပ်ယမ်းသွားစေ၏။
သည်းထန်သော မိုးရေထဲတွင် ဝိုးတဝါး ပုံရိပ်တစ်ခု ရုတ်တရက် ခုန်ထွက်လာသည်။ ၎င်းမှာ ထောင်မတ်နေသော ထင်းရှူးပင်ကြီး၏ ထိပ်ဖျားပေါ်တွင် ပေါ်လာခြင်း ဖြစ်သည်။
မိုးရေအောက်တွင် ဝံပုလွေတစ်ကောင်၏ ခန္ဓာကိုယ်နှင့် တူသော်လည်း ကျောကုန်းကို ကွေးကာ မတ်တပ်ရပ်နေသည့် ထိုဘုရင်တစ်ပါးကဲ့သို့သော သတ္တဝါမှာ အလွန် မာန်ဝံ့လှပေသည်။ သူ၏ ကြောက်မက်ဖွယ် ဦးခေါင်းခွံပေါ်ရှိ မျက်လုံးသုံးလုံးမှာ အလွန် သွေးဆာလှသော အနီရောင်အလင်းများကို ထုတ်လွှတ်နေသည်။
ထိုမှော်သားရဲသည် လူသားတို့၏ ကင်းစခန်းကို အဝေးမှနေ၍ ငုံ့ကြည့်နေ၏။ ၎င်းမှာ ခြံထဲက သိုးအုပ်ကို ကြည့်နေသည့်အလား ရှိနေတော့သည်။
"မျက်လုံးသုံးလုံး မှော်ဝံပုလွေ...”
ဘေးနားရှိ လူငယ်စစ်မှော်ဆရာတစ်ဦးမှာ တုန်ယင်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။
သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထင်းရှူးပင်ထိပ်တွင် ရပ်နေသော မျက်လုံးသုံးလုံးရှိ မှော်ဝံပုလွေ၏ နောက်ကွယ်မှ အရိပ်များစွာ ရုတ်တရက် ပြေးထွက်လာကြသည်။ ထိုအရိပ်များသည် မြင့်မားသော သစ်ပင်များပေါ်တွင် နေရာယူလိုက်ကြပြီး မျက်လုံးသုံးလုံးရှိ ဝံပုလွေ၏ ဘေးနားတွင် စစ်ဗိုလ်စစ်သားများကဲ့သို့ ဝန်းရံလိုက်ကြ၏။
အရိပ်များမှာ တစ်စထက်တစ်စ ပို၍ ပို၍ များလာသည်။ သူတို့၏ ကြောက်မက်ဖွယ် အနီရောင်မျက်လုံးများမှာ မှောင်မိုက်နေသော မိုးရေထဲတွင် ကြယ်ပွင့်များကဲ့သို့ ပြန့်ကျဲနေ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ခန္ဓာကိုယ်တစ်ခုလုံး စိမ့်သွားပြီး ဦးရေပြားများ ထုံကျင်သွားစေသည်။
"ဒါ... ဒါတွေ သားရဲတွေ... အများကြီးပါလား..."
တောင်ကုန်းပေါ်တွင် မှော်ဝံပုလွေအုပ်စုများစွာ ထွက်ပေါ်လာသည်။ သူတို့သည် တစ်ပြိုင်နက်တည်း ခေါင်းမော့ကာ မိုးကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်ကြရာ တစ်တောင်လုံး သူတို့၏ အသံများဖြင့် ဖုံးလွှမ်းသွားတော့သည်။
"သူတို့တွေ သူတို့ရဲ့ အပေါင်းအသင်းတွေကို ဆက်တိုက် ခေါ်နေကြတာပဲ..."
သားရဲဘာသာစကားကို လေ့လာထားသော ဆင့်ခေါ်မှော်ဆရာတစ်ဦးက မှင်သက်စွာ ပြောလိုက်သည်။
ထိုနေရာတွင် မျက်လုံးသုံးလုံး မှော်ဝံပုလွေ သုံးရာကျော် ရှိနေပြီ ဖြစ်သည်။ ထိုမျှများပြားသော ဝံပုလွေများက တစ်ပြိုင်နက် ဟိန်းဟောက်နေကြသည်ဆိုလျှင် သူတို့ ဘယ်နှစ်ကောင်တောင် ထပ်ခေါ်နေကြသနည်း။
ထိုခဏတွင် ကင်းစခန်းရှိ စစ်မှော်ဆရာများ အားလုံးမှာ အဘယ်ကြောင့် အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ရသနည်း ဆိုသည်ကို သဘောပေါက်သွားကြတော့သည်။
“မှော်သားရဲတွေ တိုက်ခိုက်နေပြီ...”
“မှော်သားရဲ အုပ်စုပေါင်းများစွာ တိုက်ခိုက်နေပြီ...”
၎င်းမှာ ကြိုတင်မမြင်နိုင်သော ကပ်ဘေးတစ်ခု ဖြစ်ပေသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးနှင့်အတူ အရှိန်ပြင်းစွာ ပြေးဝင်လာသော မှော်သားရဲ ထောင်ပေါင်းများစွာရှိနေသည်။
ပိုမြို့သည် မှော်ဝံပုလွေများနှင့် တိုက်ခိုက်လာသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင်မူ ထိုဝံပုလွေများသည် သူတို့၏ ငတ်မွတ်မှုများကို ဆက်လက် မထိန်းချုပ်နိုင်တော့သည့်အလား ရှိနေတော့သည်။ သူတို့သည် အဆင့်မြင့် ဝံပုလွေများ၏ အမိန့်အောက်တွင် စုရုံးကာ ပိုမြို့၏ ခံစစ်မျဉ်းကို တိုက်ခိုက်နေကြပြီ ဖြစ်သည်။
နက်မှောင်သော အစိမ်းရောင် ဒီရေလှိုင်းကြီး တစ်ခုကဲ့သို့ ဝံပုလွေများစွာမှာ တောင်ကုန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ သူတို့သည် ဟိန်းဟောက်ရင်း ပြေးဝင်လာကြရာ တောင်ထိပ်စခန်းလေးမှာ ပြင်းထန်စွာ တုန်ခါနေတော့သည်။
ဝံပုလွေများစွာ၏ မျက်လုံးများတွင် လူသားများအပေါ် နာကျည်းမှုနှင့် ရက်စက်မှုများ ပြည့်နှက်နေ၏။ သူတို့သည် မြင်မြင်သမျှသော လူသားအားလုံးကို စားပစ်ရန် ကြံစည်နေကြသည်။
ဤကဲ့သို့သော ကြောက်မက်ဖွယ် အသံများအောက်တွင် မှော်ဆရာများသည်ပင် အလွန်သေးငယ်သွားသည့်အလား ရှိနေတော့သည်။
စစ်မှော်ဆရာ အများအပြားအတွက်မူ ဝံပုလွေအုပ်စုကြီး ပြေးဝင်လာသော ထိုမြင်ကွင်းကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါပေ။ မေ့ပစ်ဖို့ အခွင့်အရေး မရှိတော့တာလည်း ဖြစ်နိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် အသက်ရှင်ကျန်ရစ်မည့်သူမှာ အလွန်နည်းပါးလိမ့်မည် ဖြစ်သောကြောင့်ပင်။
အခန်း (၉၁) ပြီး
***