တော်ဝင်ငရဲစမ်းရေ အတွင်းဝယ် လူငယ်လေးတစ်ဦးမှာ အလေးအနက် ထိုင်နေ၏။ သူ၏ မျက်နှာတွင် တစ်ခါတစ်ရံ စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်နေပြီး တစ်ခါတစ်ရံတွင်မူ မျက်မှောင်များ ကြုတ်နေတတ်ပေသည်။
စာသင်ကြားခြင်း ဖြစ်စေ၊ ကျင့်ကြံခြင်း ဖြစ်စေ ၎င်းတို့မှာ နှေးကွေးပြီး ခြောက်ကပ်လှသည့် ကိစ္စများ ဖြစ်သည်။ မိုဖန်သည် ဤအချက်ကို ကောင်းကောင်းကြီး နားလည်ထားပြီး ဖြစ်၏။ သို့သော် သူ၏ အံ့သြဖွယ် မှော်ဆရာဘဝအတွက်မူ ထိုကဲ့သို့သော နေထိုင်မှုပုံစံကို သူ သည်းခံရန် အသင့်ရှိနေခဲ့သည်။
"ဘယ်နှစ်ရက် ရှိသွားပြီလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ ပိုပြီး မြင့်မားတဲ့ နယ်ပယ်တစ်ခုရဲ့ တံခါးဝကို ငါ ထိတွေ့နေရပြီဆိုတာတော့ ခံစားလို့ရတယ်..." မိုဖန် ကျင့်ကြံခြင်းကို ရပ်တန့်ကာ တွေးတောလိုက်သည်။
အခြေခံအဆင့် နှင့် အလယ်အလတ်အဆင့်တို့၏ အဓိက ကွဲပြားချက်မှာ မှော်ဆရာတစ်ဦး၏ စိတ်ဝိညာဉ်လောကအတွင်းရှိ ကြယ်အစုအဝေးများမှာ နဗျူလာအဖြစ် ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။
သူ၏ ကျင့်ကြံမှုကို အရှိန်မြှင့်တင်ပေးသော အထူးအခွင့်အရေး ရရှိနေစဉ်အတွင်း မိုဖန်သည် ဂရုတစိုက်ကျင့်ကြံခဲ့သည်။ သူ၏ ကျင့်ကြံချိန်မှာ အခြားသူများထက် နှစ်ဆကျော် ပိုမိုများပြားရုံသာမက၊ တော်ဝင်ငရဲစမ်းရေ၏ စွမ်းအင်ကိုပါ ရရှိထားသဖြင့် ၂၄ နာရီပတ်လုံး မနားတမ်း ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်၏။
အမှန်စင်စစ် ကျင့်ကြံခြင်းသည် ကြယ်အစုအဝေးထဲရှိ ကြယ်မှုန်များကို အားကောင်းစေသော တွန်းအားတစ်ခု ပေးစွမ်းသည်။ မိုဖန်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ ကြယ်မှုန်များ ပြောင်းလဲလာမှုကို ရှင်းလင်းစွာ ခံစားမိနေပြီ ဖြစ်သည်။
မူလက အဆင့်မြင့် နဗျူလာဆိုသည်မှာ သူ့အတွက် ထူးဆန်းအံ့သြဖွယ် အရာတစ်ခု ဖြစ်ခဲ့သည်။ သို့သော် သူ၏ ကြယ်မှုန်များထံမှ တောက်ပမှုများ ထွက်ပေါ်လာပြီးနောက်တွင်မူ ၎င်းမှာ အဆင့်တက်တော့မည့် နိမိတ်လက္ခဏာ ဖြစ်နိုင်သည်ကို မိုဖန် ဝေဝါးစွာ ခံစားလိုက်ရသည်။
ပုံမှန်အားဖြင့် ကြယ်မှုန်များသည် အလွန် တည်ငြိမ်ကြ၏။ ယခုမူ သူ၏ ကြယ်မှုန်မှာ ဝင်ရိုးစွန်းအလင်းတန်းကဲ့သို့ ထူးဆန်းသော အလင်းမြူများဖြင့် ဖုံးလွှမ်းနေသည်။ ဤတိုတောင်းသော အချိန်အတွင်း ကျင့်ကြံပြီးနောက်တွင်မူ ကြယ်မှုန်များမှာ ထင်ရှားသော ပြောင်းလဲမှုများနှင့် လှုပ်ရှားမှုများ ထွက်ပေါ်လာတော့သည်။ ၎င်းမှာ ဥခွံအတွင်းရှိ သက်ရှိလေးတစ်ကောင်က အပြင်ဘက်ရှိ မြူအလင်းခွံကို အသည်းအသန် ခွဲထွက်ရန် ကြိုးစားနေသည့်အလား ရှိနေ၏။
ကြယ်မှုန်ထံမှ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာတိုင်း ၎င်းမှာ အခွံ၏ ချုပ်နှောင်မှုကို ဖောက်ထွက်ရန် ကြိုးစားခြင်း ဖြစ်သည်။ အလင်းရောင် မှေးမှိန်သွားတိုင်းမှာမူ ကြယ်မှုန်မှာ စွမ်းအင်များကို ပြန်လည် စုဆောင်းနေခြင်း ဖြစ်ပေလိမ့်မည်။
လျှပ်စီးဒြပ်စင်မှာ သူ ပထမဆုံး နိုးထခဲ့သော ဒြပ်စင်ဖြစ်သည်။ ထို့ကြောင့် လျှပ်စီးကြယ်မှုန်မှာ အခွံကိုဖောက်၍ အဆင့်တက်တော့မည် မိုဖန် ခံစားနေရ၏။ ကြယ်လေးများမှာ ထင်ရှားသော ပြောင်းလဲမှုအချို့ ရှိနေပြီ ဖြစ်သည်။
"မလုံလောက်သေးဘူး၊ ကြယ်မှုန်တွေ ပိုပြီး ကျယ်ပြန့်လာအောင် ဆက်ပြီး ကျင့်ကြံရမယ်။ အဲဒါမှ ကြယ်အစုအဝေးက နဗျူလာအဖြစ် ပြောင်းလဲနိုင်မှာ" မိုဖန် အနည်းငယ် အနားယူပြီးနောက် နောက်ထပ် နယ်ပယ်တစ်ခု ကျင့်ကြံရန် ပြင်ဆင်လိုက်ပြန်သည်။
ဝုန်း... ဝုန်း..
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။ အားသွန်ခွန်စိုက် ကျင့်ကြံရန် ပြင်နေသော မိုဖန်သည် ချက်ချင်းပင် မျက်လုံးဖွင့်လိုက်ကာ တုန်ခါနေသော နံရံများကို လှည့်ကြည့်လိုက်၏။
“ဒါ ဘယ်လို အခြေအနေမျိုးလဲ၊ ငလျင်လှုပ်တာလား...”
မိုဖန် မတ်တပ်ရပ်လိုက်ပြီး တံခါးကြီးဆီသို့ လျှောက်သွားကာ အပြင်ဘက်ကို နားစွင့်လိုက်သည်။ သူ နားထောင်ရန် ပြင်လိုက်စဉ်မှာပင် ကန့်သတ်ထားသော တံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။
"တစ်ပတ်တောင် ပြည့်သွားပြီလား...မြန်လိုက်တာ..." မိုဖန် အံ့သြသွား၏။
တံခါးပွင့်သွားသောအခါ နို့နှစ်ရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးအား မိုဖန်မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် မြေအောက်ခန်းမ တစ်ခုလုံးမှာ သွေးစက် သွေးကွက်များဖြင့် ဖုံးလွှမ်းနေသည်ကို မိုဖန် တွေ့လိုက်ရ၏။
အစောင့်များမှာ နေရာအနှံ့တွင် လဲကျနေကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ အပိုင်းပိုင်းအစစ ဆွဲဖြဲခံထားရသည်။ သွေးခဲများနှင့် အင်္ဂါအစိတ်အပိုင်းများမှာ သွေးအိုင်များထဲတွင် ရောထွေးနေ၏။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မိုဖန် တစ်ကိုယ်လုံး မှင်သက်သွားတော့သည်။
“အလောင်းတွေ... အလောင်းတွေ အများကြီးပါလား...တော်ဝင်ငရဲစမ်းရေရဲ့ အစောင့်တွေ ဘာဖြစ်ကုန်ကြတာလဲ...ဘာတွေက သူတို့ကို ဒီလောက်အထိ ရက်ရက်စက်စက် သတ်ပစ်လိုက်တာလဲ...”
"အဖွဲ့ခေါင်းဆောင်လျန်" ဝတ်စုံဝတ် အမျိုးသမီးငယ်က အော်ဟစ်လိုက်သည်။
သူအော်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်တွင် လှုပ်ရှားမှုတစ်ခုကို မိုဖန် တွေ့လိုက်ရ၏။ အလယ်အလတ်အဆင့် မှော်ဆရာလျန်မှာ သဲအိတ်တစ်ခုကဲ့သို့ မြေအောက်ခန်းမ၏ ကျောက်တိုင်ကြီးဆီသို့ အပြင်းအထန် လွင့်ထွက်သွား၍ ကျောက်တိုင်မှာ နှစ်ပိုင်း ပြတ်ထွက်သွားတော့သည်။
ကံကောင်းသည်မှာ သူ၏ ခန္ဓာကိုယ်တွင် ရေအကာအကွယ်တစ်လွှာ ရှိနေသဖြင့်သာ ဖြစ်၏။ သို့မဟုတ်ပါက ထိုတိုက်မိမှုကြောင့် သူ အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ...”
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် မိုဖန် ကြောက်လန့်တုန်ယင်သွားတော့သည်။ အဆင့်မြင့်လှသော အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦးကိုပင် သဲအိတ်တစ်ခုလို ပစ်ပေါက်နိုင်သည့် အရာတစ်ခု ရှိနေသည် မဟုတ်ပါလား။
မိုဖန်သည် ကျောက်တံခါးကြောင့် ကွယ်နေသော အခြားတစ်ဖက်ကို မြင်နိုင်ရန် ဘေးသို့ တိုးကြည့်လိုက်သည်။ ထိုအခါ မိုဖန် တစ်ကိုယ်လုံး ထုံကျင်သွားစေသော အရာကို တွေ့လိုက်ရ၏။ ၎င်းမှာ ထရပ်ကား အသေးစားတစ်စီးထက်ပင် ပိုကြီးသော သတ္တဝါကြီးတစ်ကောင် ထိုနေရာတွင် ရပ်နေခြင်း ဖြစ်ပေသည်။
ထိုသတ္တဝါ၏ လည်ပင်းနှင့် ဦးခေါင်းကို ခွဲခြား၍ မရပေ။ သို့သော် ဧရာမကြွက်ကြီး၏ ခန္ဓာကိုယ်မှာမူ အလွန် ထင်ရှားလှပေသည်။ ၎င်းမှာ မျက်လုံးကြီး ကြွက်လူဝံ နှင့် မတူပေ။ ထိုသတ္တဝါ၏ ခန္ဓာကိုယ်တွင် အလွန် ထင်ရှားပီး လိမ်ရှုပ်နေသော အနီစင်းကျားများစွာ ရှိနေ၏။ ၎င်းမှာ ထိုကြွက်ကြီးကို ပို၍ ကြောက်မက်ဖွယ်ကောင်းအောင် ပြုလုပ်နေသကဲ့သို့ ရှိနေတော့သည်။
မိုဖန်သည် မုဆိုးအဖွဲ့တွင် တစ်နှစ်ခန့် ရှိနေခဲ့သော်လည်း ဤကဲ့သို့သော ခန္ဓာကိုယ်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ အနီစင်းကျားများ ပြည့်နှက်နေသော မျက်လုံးကြီး ကြွက်လူဝံမျိုးကို သူ တစ်ခါမျှ မမြင်ဖူးပေ။ ၎င်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ မိုဖန်ကို ရေခဲလိုဏ်ဂူထဲ ကျသွားသည့်အလား တုန်ယင်သွားစေတော့သည်။
"ဒါ... ဒါက အနီစင်းကျားပါတဲ့ ဧရာမကြွက်ပဲ..." မိုဖန်သည် သူ၏ မှော်သားရဲ ဘာသာရပ်တွင် သင်ယူခဲ့သော ဗဟုသုတများကို ပြန်လည်စဥ်းစားလိုက်ပြီးနောက် ထိုသတ္တဝါ၏ အမည်ကို နောက်ဆုံးတွင် မှတ်မိသွားတော့သည်။
စာအုပ်ထဲတွင် အနီစင်းကျား ဧရာမကြွက်၏ ပုံစံမှာ ရယ်စရာကောင်းသလို ရှိသော်လည်း၊ လက်တွေ့အပြင်ကမူ တကယ့်သတ္တဝါကြီး၏ ကြောက်မက်ဖွယ် ပုံစံမှာ အကြည့်နဲ့တင် တိုက်ခိုက်နိုင်စွမ်း ရှိနေသကဲ့သို့ပင်။
“ဒီအရာကြီးက မြေအောက်ခန်းမထဲကို ဘာလို့ ရောက်လာတာလဲ...အစောင့်တွေ အကုန်လုံးက ဒီကြွက်ကြီး လက်ချက်နဲ့ သေကုန်ကြတာလား...”
ဂူး... ဂူး... ဂူး...
အနီစင်းကျားပါသော ဧရာမကြွက်ကြီးသည် တော်ဝင်ငရဲစမ်းရေထံမှ ထွက်ပေါ်လာသော အနံ့ကို ရသွားပုံရသည်။ ၎င်း၏ မီးအိမ်ကြီးကဲ့သို့ မျက်လုံးကြီးမှာ မိုဖန်နှင့် အစောင့်အမျိုးသမီးတို့ ရှိရာနေရာသို့ ချက်ချင်း အကြည့်ရောက်လာတော့သည်။
၎င်း၏ ထက်လှသော လက်သည်းများမှာ မြေအောက်ခန်းမ၏ ကျောက်ပြားများထဲသို့ အလွယ်တကူ စိုက်ဝင်သွား၏။ ထိုကြွက်ကြီးမှာ ထရပ်ကားတစ်စီး အရှိန်မြှင့်နေသည့်အလား သူ၏ စွမ်းအားများကို စုဆောင်းနေသည်ကို ခံစားလိုက်ရသည်။
"တံခါးပိတ်လိုက်..." ကျောက်တုံးအပိုင်းအစများအကြားမှ ခေါင်းဆောင်လျန်က အစောင့်အမျိုးသမီးထံသို့ လှမ်းအော်လိုက်သည်။
လင်းယွီရှင်းက အံကိုတင်းတင်းကြိတ်ကာ တံခါးကြီးကို တွန်းလိုက်၍ ကန့်သတ်တံခါးနှစ်ချပ်မှာ ပြန်လည် စေ့လာတော့သည်။ တံခါးဝမှာ အပေါက်ငယ်လေးတစ်ခုသာသာ ကျန်တော့သည့် အချိန်တွင် အနီစင်းကျားပါသော ဧရာမကြွက်ကြီး၏ လက်သည်းမှာ ထိုးဝင်လာသည်ကို မိုဖန် ထိတ်လန့်ဖွယ် တွေ့လိုက်ရသဖြင့် သူ နောက်သို့ ချက်ချင်း လဲကျသွားတော့သည်။
“မြန်လိုက်တာ...”
တံခါးပိတ်နှုန်းမှာ အလွန် မြန်လှပေသည်။ အနီစင်းကျားပါသော ဧရာမကြွက်ကြီးမှာ ပေ ၃၀ ကျော် ဝေးသော နေရာတွင် ရှိနေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြေးဝင်လာခဲ့ခြင်း ဖြစ်၏။
ဒုန်း...
ကျောက်တံခါးကြီး တုန်ခါသွားသည်။ ဧရာမကြွက်ကြီးမှာ ၎င်းကို အရှိန်နှင့် ဝင်တိုက်လိုက်ခြင်း ဖြစ်ပေသည်။ လင်းယွီရှင်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး ထိုနေရာတွင် ကျင့်ကြံနေသော ကျောင်းသားလေးကို လှည့်ကြည့်လိုက်၏။
"ဘာတွေ ဖြစ်နေတာလဲ..." မိုဖန်က ထိတ်လန့်စွာ မေးလိုက်သည်။
စောစောက မြင်ကွင်းမှာ အလွန် ကြောက်စရာကောင်းလှပေသည်။ တံခါးပိတ်ရန် တစ်လှမ်း နောက်ကျခဲ့မည်ဆိုပါက သူတို့၏ အသက်မှာ ချက်ချင်းပင် ပျောက်ဆုံးသွားပေလိမ့်မည်။ အနီစင်းကျားပါသော ဧရာမကြွက်ကြီးမှာ အဆင့်တက်ခါနီး မျက်လုံးတစ်လုံး မှော်ဝံပုလွေထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းလှသည်။ ၎င်းမှာ အခြေခံအဆင့် မှော်ဆရာတစ်ဦး တိုက်ခိုက်နိုင်သော အရာမျိုး မဟုတ်ပေ။
"ဒီမှာ မသေချင်ရင် ငါနဲ့ လိုက်ခဲ့..." လင်းယွီရှင်းမှာ ရှင်းပြနေရန် အချိန်မရှိပေ။
ပိုမြို့တစ်ခုလုံး အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ရေမြောင်းများမှာလည်း မှော်သားရဲများနှင့် ပြည့်နှက်နေ၏။ သူတို့မှာ ကြိုတင်စီစဉ်ထားပုံရပြီး တော်ဝင်ငရဲစမ်းရေအား ရရှိရန်အသည်းအသန် တိုက်ခိုက်နေကြခြင်း ဖြစ်ပေသည်။
အပြင်ဘက်တွင်မူ မှော်ဆရာများအားလုံးမှာ မှော်သားရဲများ၏ ကျူးကျော်မှုကို တိုက်ထုတ်နေကြရသည်။ အငိုက်ဖမ်း တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် မည်သည့် စစ်ကူမျှ ရောက်ရှိလာမည် မဟုတ်ပေ။ လက်ရှိတွင်မူ တော်ဝင်ငရဲစမ်းရေကို ကာကွယ်ရန် သူတို့ကိုယ်တိုင်သာ အားကိုးရတော့မည် ဖြစ်ပေသည်။
အခန်း (၉၂) ပြီး
***