"ဘယ်လို ထွက်ကြမလဲ... ဒီနေရာက တကယ့် အကျဉ်းခန်းတစ်ခုလိုပဲလေ" မိုဖန်က ချွေးများ ရွှဲနစ်နေသော အစောင့်အမျိုးသမီးကို ကြည့်ကာ မေးလိုက်သည်။
"ငါ့နောက်ကိုပဲ လိုက်ခဲ့" လင်းယွီရှင်းသည် မိုဖန်နှင့် ဆက်မပြောလိုတော့ဘဲ ယဇ်ပလ္လင်ဆီသို့ အမြန်လျှောက်သွားသည်။
သူသည် ယဇ်ပလ္လင်၏ အနားသတ်အောက်သို့ လက်ချောင်းဖြင့် စမ်းသပ်ရှာဖွေလိုက်ပြီးနောက် ဝှက်ထားသော ခလုတ်တစ်ခုကို တွေ့ရှိသွားသည်။ သူသည် ထိုခလုတ်ကို နှိပ်လိုက်ရာ သူတို့နောက်ဘက်မှ ရေစီးသံများ ထွက်ပေါ်လာတော့သည်။ မည်သည့်ခလုတ်ကို နှိပ်လိုက်သည်မသိ၊ မူလက လည်ပတ်နေသော တော်ဝင်ငရဲစမ်းရေများသည် ယခုအခါ အပေါက်ငယ်တစ်ခုအတွင်းသို့ အဆက်မပြတ် စီးဝင်သွားတော့သည်။
ကလောက်... ကလောက်...
စက္ကန့်အနည်းငယ်အကြာတွင် တော်ဝင်ငရဲစမ်းရေအားလုံး ပျောက်ကွယ်သွား၏။ ကျောက်သားမြောင်းငယ်လေးထဲတွင် ရေတစ်စက်ပင် မကျန်တော့ပေ။ လင်းယွီရှင်းသည် ယဇ်ပလ္လင်၏ အပေါ်ဆုံးသို့ လှမ်းတက်သွားပြီး မိုဖန် ထိုင်ခဲ့သဖြင့် နွေးနေဆဲဖြစ်သော သားရေဖျာကို ဆွဲခွာလိုက်သည်။
ဖျာအောက်ရှိ အပြားကို ဖွင့်လိုက်သောအခါ အတွင်း၌ အပြာရောင် ပုလင်းငယ်တစ်လုံး ရှိနေ၏။ ထိုပုလင်းထဲတွင် အလွန်တရာ ကြည်လင်လှသော တော်ဝင်ငရဲစမ်းရေများ ရှိနေပုံရသည်။
မိုဖန်မှာ အလွန်တရာ အံ့သြသွားရသည်။ ထိုမျှလောက်များပြားလှသော တော်ဝင်ငရဲစမ်းရေများကို အအေးဘူးအရွယ်အစားသာ ရှိသော ပုလင်းထဲတွင် မည်သို့ ထည့်ထားနိုင်သနည်း။
လင်းယွီရှင်းသည် စမ်းရေပုလင်းကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် မှော်အထက်တန်းကျောင်း အောင်မြင်ခါနီး ကျောင်းသားလေးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ဒါက တော်ဝင်ငရဲစမ်းရေအတွက် အရေးပေါ် ကာကွယ်ရေးအစီအစဉ်ပဲ။ ဒီအခန်းထဲမှာ နောက်ထပ် လမ်းကြောင်းတစ်ခု ရှိသေးတယ်၊ အဲဒါက မင်းတို့ရဲ့ တန်လန်မှော်အထက်တန်းကျောင်းရဲ့ အနောက်ဖက်တောင်ကုန်းကို ရောက်လိမ့်မယ်..."
"ကျောင်းနောက်ဖက် တောင်ကုန်းကို ရောက်မှာလား အမ... အပြင်မှာ တကယ် ဘာတွေဖြစ်နေတာလဲဆိုတာ အရင်ပြောပြလို့ မရဘူးလား..." မိုဖန်က စိုးရိမ်တကြီး မေးလိုက်သည်။
"အပြင်ရောက်ရင် မင်း သိပါလိမ့်မယ်။ အခုတော့ ငါ့နောက်ကို အရင်လိုက်ခဲ့၊ သူတို့ရဲ့ ရည်ရွယ်ချက်က တော်ဝင်ငရဲစမ်းရေပဲ၊ ဒါကို သူတို့လက်ထဲ အရောက်မခံနိုင်ဘူး..." လင်းယွီရှင်းမှာ အများကြီး မပြောလိုပေ။ မိုဖန်မှာ ပို၍ ဇဝေဇဝါ ဖြစ်သွားရသည်။
လင်းယွီရှင်းသည် နံရံတစ်လျှောက် လျှောက်သွားရင်း သာမန်နံရံနှင့် မခြားနားလှသော နေရာတစ်ခုတွင် လျှို့ဝှက်နံပါတ်များကို ရိုက်ထည့်လိုက်သည်။ မိုဖန်မှာ ဤမြင်ကွင်းကို ကြည့်ရင်း မှင်သက်နေမိ၏။ သူသည် ဤအခန်းထဲတွင် အသည်းအသန် ကျင့်ကြံနေခဲ့သော်လည်း တော်ဝင်ငရဲစမ်းရေ ခန်းမထဲတွင် ဤမျှလောက် များပြားသော လျှို့ဝှက်ယန္တရားများ ရှိနေသည်ကို သတိမထားမိခဲ့ချေ။
ဂျိ... ဂျိ...
ကျောက်နံရံကြီး ဘေးသို့ ရွေ့လျားသွားပြီး မှောင်မည်းနေသော လိုဏ်ခေါင်းတစ်ခု ပေါ်လာတော့သည်။ ဤလိုဏ်ခေါင်းက ဘယ်ကို ဦးတည်နေသနည်း မိုဖန် တကယ်ပင် သိချင်မိသည်။
"ဒီနေရာကနေ အမြန်ဆုံး ထွက်သွားဖို့က အဓိကပဲ" လင်းယွီရှင်းက ထပ်မပြောတော့ဘဲ မိုဖန်ကို ဆွဲကာ မှောင်မည်းနေသော လိုဏ်ခေါင်းထဲသို့ ဝင်သွားတော့သည်။
မိုဖန်သည်လည်း အပြင်ဘက်တွင် ကြီးမားသော ကိစ္စရပ်များ ဖြစ်ပွားနေပြီကို သိနားလည်သဖြင့် တွန့်ဆုတ်မနေတော့ပေ။
လိုဏ်ခေါင်းထဲသို့ အနည်းငယ် ရောက်သောအခါ လင်းယွီရှင်းက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူ၏ ထက်မြက်သော မျက်ဝန်းများဖြင့် မိုဖန်ကို ကြည့်လိုက်သည်။
"ဒီလျှို့ဝှက်လမ်းကြောင်းကလည်း ဘေးကင်းချင်မှ ဘေးကင်းလိမ့်မယ်။ အနက်ရောင် ဗာတီကန်ကလူတွေနဲ့ လဲတိုးနိုင်တယ်...ဒါကြောင့် တော်ဝင်ငရဲစမ်းရေကို မင်းပဲ သယ်ထားပါ၊ မင်း ဒါကို အသေအချာ ကာကွယ်ရမယ်..." လင်းယွီရှင်းသည် ရုတ်တရက်ဆန်လှသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ခြင်း ဖြစ်သည်။ သို့သော် သူ့တွင် အခြားရွေးချယ်စရာ မရှိပါပေ။
အကယ်၍ ထွက်ပြေးနေစဉ်အတွင်း အနက်ရောင် ဗာတီကန်ကလူများ ဖမ်းမိခဲ့လျှင်လည်း ထိုသူတို့၏ အဓိကပစ်မှတ်မှာ ဒုတိယအဖွဲ့ခေါင်းဆောင်ဖြစ်သူ လင်းယွီရှင်းသာ ဖြစ်ပေလိမ့်မည်။ မိုဖန်ကဲ့သို့ ကျောင်းသားတစ်ဦးကိုမူ သူတို့ ဂရုထားမည် မဟုတ်ပေ။
တော်ဝင်ငရဲစမ်းရေကိုသာ ကာကွယ်နိုင်ခဲ့လျှင် မျှော်လင့်ချက် ရှိသေးသည် မဟုတ်ပါလား။
"ဘာတွေဖြစ်နေလဲဆိုတာ ပြောပြပါဦးလို့..." မိုဖန် စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။ လင်းယွီရှင်း၏ စိတ်ဓာတ်ကျနေသော ပုံစံကို ကြည့်ရုံနှင့်ပင် ပိုမြို့တွင် ကြီးမားသော ဆူညံပွက်လောရိုက်မှုတစ်ခု ဖြစ်နေသည်မှာ သိသာလှပေသည်။
“အနီရောင်အဆင့်သတိပေးချက်ပဲ" လင်းယွီရှင်းက တိုတိုတုတ်တုတ် ဖြေလိုက်သည်။ အပြင်ကမ္ဘာနှင့် အဆက်ပြတ်နေသော ကျောင်းသားတစ်ဦးကို အချိန်တိုအတွင်း အကျယ်တဝင့် ရှင်းပြရန်မှာ မလွယ်ကူပေ။
“အနီရောင်အဆင့်သတိပေးချက် ဟုတ်လား...”
ထိုစကားလုံးသည် မိုဖန်၏ နှလုံးသားကို ဧရာမကျောက်တုံးကြီးနှင့် ထုလိုက်သည့်အလား ပြင်းထန်သော တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် မိုဖန် သိထားသော အချက်တစ်ခုမှာ ဤမှော်ကမ္ဘာတွင် လူသားများသည် အသာစီးရသော မျိုးနွယ်စု မဟုတ်ပေ။ မြို့ပြင်ဘက်တွင် လူသားများထက် အဆပေါင်း ထောင်ချီ၍ များပြားသော မှော်သားရဲများ နေထိုင်ကြသည်။
မှော်သားရဲများသည် လူသားတို့ ပိုင်ဆိုင်ထားသော အရင်းအမြစ်များကို အမြဲတမ်း ချောင်းမြောင်းနေကြ၏။ ဘုရင်များကဲ့သို့သော အဆင့်မြင့်သားရဲများ၏ အမိန့်အောက်တွင် မှော်သားရဲများသည် စစ်တပ်ကြီးတစ်ခုကဲ့သို့ လူသားမြို့ပြများကို အလုံးအရင်းနှင့် တိုက်ခိုက်တတ်ကြသည်။ အချို့သော အားနည်းသည့် မြို့ငယ်လေးများမှာ တစ်ညတည်းနှင့် ပျောက်ကွယ်သွားရသည့် သာဓကများလည်း ရှိခဲ့ဖူးသည်။
ထို့ကြောင့် ကမ္ဘာ့အင်အားကြီး မှော်အစည်းအရုံးများက ဤကဲ့သို့သော တိုက်ခိုက်မှုများကို သတိပေးချက်အဆင့်များ ခွဲခြားထားခြင်း ဖြစ်သည်။
သတိပေးချက်များမှာ လိမ္မော်ရောင်သည် ဘေးကင်းလုံခြုံရေး နယ်နိမိတ်အနီးတွင် သားရဲ ၃၀၀ ကျော် တွေ့ရှိခြင်းဖြစ်သည်။
အပြာရောင်သည် မြို့အတွင်းသို့ သားရဲများ ကျူးကျော် ဝင်ရောက်လာခြင်း ဖြစ်ပီး သေကျေပျက်စီးမှုများ ရှိနိုင်ခြင်းဖြစ်သည်။ အနီရောင်သည် မြို့ပြိုလဲခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းနှင့် မြို့တစ်မြို့လုံး ကပ်ဘေးဆိုက်ရောက်ခြင်းပင်။
အနီရောင်အဆင့် သတိပေးချက်မှာ စစ်မှော်ဆရာများပင် မတားဆီးနိုင်တော့ဘဲ မှော်သားရဲများမြို့ထဲသို့ ဝင်ရောက်ကာ လူသားများကို စိတ်ကြိုက် သတ်ဖြတ်နေပြီ ဆိုလိုခြင်း ဖြစ်သည်။ ၎င်းမှာ သားရဲ အနည်းငယ် မဟုတ်ဘဲ ထောင်နှင့်ချီသော သားရဲများ ဖြစ်ပေသည်။
သာမန်ပြည်သူများသာမက မှော်ဆရာများပင် ကြက်ကလေး ငှက်ကလေးများကဲ့သို့ အသတ်ခံရပေလိမ့်မည်။ မြို့တစ်ခုလုံး သွေးချောင်းစီးကာ အလောင်းများ ပြန့်ကျဲနေလိမ့်မည်။ စာအုပ်ထဲတွင် ဖတ်ဖူးသည့် ဖော်ပြချက်များကပင် လူကို တုန်လှုပ်စေခဲ့ရာ၊ ယခု မျက်ဝါးထင်ထင် ကြုံတွေ့ရမည်ဆိုပါက မည်မျှလောက် ငရဲခန်းဆန်လိုက်မည်နည်း။
လျှို့ဝှက်လမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် မိုဖန်နှင့် လင်းယွီရှင်းတို့သည် မြို့အတွင်းရှိ တောင်ကုန်း၏ မြောက်ဘက်ခြမ်းသို့ ရောက်ရှိလာခဲ့သည်။
သည်းထန်စွာ မိုးရွာနေဆဲ ဖြစ်ပြီး မှောင်မှောက်နေသော ရာသီဥတုက ပိုမြို့တစ်ခုလုံးအား ဖိစီးပူပန်မှုများဖြင့် လွှမ်းမိုးထားသည်။ အဝေးမှနေ၍ လူကို တုန်လှုပ်စေသော ဟိန်းဟောက်သံများ ထွက်ပေါ်လာရာ ချက်ချင်းပင် တစ်ကိုယ်လုံး ကြောက်စိတ်ဖြင့် တုန်ယင်သွားရသည်။
မိုဖန်သည် ထိုအသံထွက်ပေါ်ရာ ဆီသို့ လှမ်းကြည့်လိုက်၏။
“အဲဒါ... အဲဒါလူနေရပ်ကွက် မဟုတ်လား...”
မြေညီအိမ်များ၊ ကွန်ကရစ် လမ်းမဟောင်းများ၊ အရာအားလုံးမှာ သွေးချင်းချင်းနီနေသော သားသတ်ရုံတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ ထိုသွေးများမှာ ကြက်သွေးများ မဟုတ်ပေ။ ၎င်းမှာ တစ်ချိန်က အသက်ရှင်ခဲ့သော လူသားတို့၏ သွေးများဖြစ်ပြီး၊ မိုးရေများနှင့်အတူ ရေမြောင်းများထဲသို့ စီးဝင်နေခြင်း ဖြစ်ပေသည်။
မြို့လယ်ရှိ တောင်ကုန်းပေါ်မှ ကြည့်လိုက်လျှင် ပိုမြို့၏ နေရာအနှံ့တွင် သွေးကွက်များကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ပိုမြို့သည် မူလက ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော မြို့လေး ဖြစ်သော်လည်း၊ ယနေ့တွင်မူ မိုဖန် မြင်တွေ့နေရသည်မှာ သွေးအလိမ်းလိမ်းနှင့် အိပ်မက်ဆိုးတစ်ခုသာ ဖြစ်တော့သည်။
ဝူး... ဝူး... ဝူး...
တုန်လှုပ်ဖွယ်ရာ ဟိန်းဟောက်သံကြီးတစ်ခု ပိုမြို့အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။
မိုဖန်သည် ထိုအသံရှိရာဆီသို့ လှည့်ကြည့်လိုက်ရာ၊ သူ၏ အမြင်အာရုံထဲသို့ အသည်းယားကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဝင်ရောက်လာတော့သည်။
မီးခိုးရောင် ကောင်းကင်ယံအောက်ရှိ ပိုမြို့၏ အထိမ်းအမှတ် အဆောက်အအုံဖြစ်သော ငွေရောင်ကုန်သွယ်ရေးမျှော်စင်ကြီး၏ ထိပ်ဖျားတွင် ဧရာမ အရိပ်မည်းကြီးတစ်ခု ရှိနေခြင်း ဖြစ်ပေသည်။
၎င်း၏ အမြီးမှာ မျှော်စင်အမိုးခုံး၏ အရှည်နီးပါး ရှိလှ၏။ ၎င်း၏ အတောင်ပံတစ်ဝက်မှာ ပွင့်ဟနေပြီး မိုးရေထဲတွင် ဝိုးတဝါး မြင်နေရကာ ကျန်တစ်ဝက်မှာမူ အဆောက်အအုံ၏ အထပ်ပေါင်းများစွာကို ဖုံးလွှမ်းထားသည်။
၎င်းသည် ဦးခေါင်းကို မော့ကာ ဟိန်းဟောက်လိုက်ရာ၊ တစ်မြို့လုံးကို တုန်ခါသွားစေသော ထိုအသံမှာ တိမ်တိုက်များကိုပင် ဝါးမြိုနိုင်သည့်အလား ထင်ရသော ထိုသတ္တဝါကြီး၏ ပါးစပ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
အခန်း (၉၃) ပြီး
***