ထိုဧရာမ သတ္တဝါကြီးသည် ပိုမြို့၏ အမြင့်ဆုံးနေရာတွင် ဝပ်စမ်းနေခြင်း ဖြစ်သည်။ ပိုမြို့၏ မည်သည့်နေရာမှမဆို ငွေရောင်ကုန်သွယ်ရေးမျှော်စင်၏ အမိုးခုံးကို လှမ်းမြင်နိုင်ရာ၊ မြို့နေလူထုအားလုံးမှာ ထိုကြောက်မက်ဖွယ် ကောင်းလှသော အမှောင်သတ္တဝါကြီးကို မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ ဖြစ်သည်။
ဤမြင်ကွင်းကြောင့် မိုဖန်မှာ အသက်ရှူပင် မှားသွားရပြီး အချိန်အတော်ကြာအောင် သတိပြန်မဝင်နိုင်ဘဲ ဖြစ်နေခဲ့သည်။ ၎င်းမှာ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းလှသဖြင့် မိုဖန်၏ စိတ်အာရုံမှာ လက်ခံနိုင်စွမ်းထက် ကျော်လွန်နေတော့သည်။
ဝိညာဉ်ဝံပုလွေ၊ မျက်လုံးတစ်လုံး မှော်ဝံပုလွေ သို့မဟုတ် အနီစင်းကျားပါသော ဧရာမကြွက်တို့မှာ ဤငွေရောင်ကုန်သွယ်ရေး မျှော်စင်ထိပ်တွင် ဝပ်စင်းနေသော သတ္တဝါကြီးနှင့် ယှဉ်လိုက်လျှင် စစ်တပ်တစ်ခုထဲက သင်တန်းဆင်းလေးများကဲ့သို့ပင်။ မိုဖန်၏ မှော်သားရဲများအပေါ် ထားရှိသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဤခဏ၌ပင် အကြီးအကျယ် ပြိုလဲသွားခဲ့ရပြီ ဖြစ်သည်။
၎င်းသည် လူသားတို့၏ နယ်မြေထဲတွင် ရှိနေသော်လည်း မိမိ၏ ကိုယ်ပိုင်နယ်မြေထဲ ရောက်နေသကဲ့သို့ မာန်ဝံ့နေ၏။ လူသားများမှာမူ ၎င်းတို့ သတ်မှတ်ထားသော နေရာ၌ ပိတ်လှောင်မွေးမြူခံထားရသည့် အစားအစာများသာ ဖြစ်နေတော့သည်။
“တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ...ဒါ ငါသိခဲ့တဲ့ ပိုမြို့ကောဟုတ်ရဲ့လား... မှော်သားရဲတွေကို တောနက်တွေထဲ မောင်းထုတ်ထားတာ မဟုတ်ဘူးလား.... ဒါမှမဟုတ် စာအုပ်တွေကပဲ အမြဲတမ်း လူတွေကို လှည့်စားခဲ့တာလား... ဒီကမ္ဘာကို အုပ်စိုးနေသူတွေက လူသားတွေမဟုတ်ဘဲ၊ ပိုမြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ဒီ မှော်သားရဲတွေ ဖြစ်နေတာလား...”
၎င်းမှာ ငရဲပြည် ရောက်နေသကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်ကို အမှန်တကယ် ခံစားနေရသည်။
"အဲဒါ... အဲဒါက ဘာကြီးလဲ..." အချိန်အတော်ကြာမှ မိုဖန် သတိပြန်ဝင်လာသည်။
မကြာသေးမီကပင် သူသည် ထိုကြောက်မက်ဖွယ် သတ္တဝါကြီး၏ အောက်တည့်တည့်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ငွေရောင်ကုန်သွယ်ရေးမျှော်စင်မှ ထွက်မလာခဲ့ပါက ၎င်း၏လက်ထဲတွင် အသက်ပျောက်သွားပေလိမ့်မည်။
“တောင်ပံနက် ဝံပုလွေပဲ၊ တပ်မှူးအဆင့် ရှိတဲ့ မှော်သားရဲပေါ့...ဟိန်းဟောက်သံ တစ်ချက်တည်းနဲ့ မှော်သားရဲ ရာပေါင်းများစွာကို စုစည်းနိုင်စွမ်းရှိတယ်။ ပိုမြို့မှာ သူ့ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တဲ့ တစ်ဦးတည်းသောသူက စစ်တပ်ရဲ့ အကြီးအကဲကျန့်ခုံးပဲ ရှိတယ်" လင်းယွီရှင်းက တုန်ယင်သောအသံဖြင့် ဖြေလိုက်သည်။
"တပ်... တပ်မှူးအဆင့်လား" မိုဖန်က အားနည်းသောအသံဖြင့် ထပ်မံမေးမြန်းလိုက်သည်။
မုဆိုးအဖွဲ့တွင် ရှိနေစဉ်က မိုဖန်သည် ကျောင်းသင်ခန်းစာများတွင် မပါရှိသော ဗဟုသုတများစွာကို လေ့လာခဲ့ဖူးသည်။ ၎င်းမှာ မှော်သားရဲများကို ၎င်းတို့၏ ဆင့်ကဲပြောင်းလဲမှု အဆင့်အတန်းပေါ် မူတည်၍ အဆင့်အမျိူးမျိူး ခွဲခြားထားခြင်း ဖြစ်၏။
အစေခံအဆင့်သည် လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့ငယ်ကို အန္တရာယ်ပြုနိုင်ခြင်းဖြစ်သည်။ စစ်သည်အဆင့်သည် မှော်ဆရာအဖွဲ့များကို ဒုက္ခပေးနိုင်သည်။ တပ်မှူးအဆင့်သည် မြို့တစ်မြို့လုံးကို ဖျက်ဆီးနိုင်သော စွမ်းအားရှိ၏။ မိုဖန် ယခင်က တွေ့ခဲ့ဖူးသော သတ္တဝါများမှာ အနိမ့်ဆုံးအဆင့်ဖြစ်သည့် အစေခံအဆင့်သာ ရှိကြသေးသည်။ ထိုအစေခံအဆင့် သတ္တဝါများမှာပင် မှော်ဆရာ မဟုတ်သူများအတွက်မူ သားသတ်သမားများကဲ့သို့ ကြောက်စရာကောင်းလှပေသည်။
“မြေအောက်ခန်းမမှာ မင်းတွေ့ခဲ့တဲ့ အနီစင်းကျားပါတဲ့ ဧရာမကြွက်က 'စစ်သည်အဆင့်ရှိတဲ့ သတ္တဝါပဲ... အခု ဒီတောင်ပံနက် ဝံပုလွေကတော့ အဲဒီထက် ပိုမြင့်တဲ့ တပ်မှူးအဆင့် ဖြစ်ပြီး အနီရောင်အဆင့်သတိပေးချက်ရဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်တယ်။ ဒါတင်မကသေးဘူး၊ လုံခြုံရေးနယ်နိမိတ် အပြင်ဘက်မှာ မျက်လုံးသုံးလုံး မှော်ဝံပုလွေ ရာပေါင်းများစွာက မျက်လုံးတစ်လုံး ဝံပုလွေတွေကို ဦးဆောင်ပြီး စစ်တပ်ကို တိုက်ခိုက်နေကြတယ်။ စစ်တပ်က ကာကွယ်ပေးနိုင်တဲ့ နယ်ပယ်က အကန့်အသတ်ရှိနေတယ်၊ အခု ပိုမြို့ထဲကို မှော်သားရဲ ထောင်နဲ့ချီပြီး ကျူးကျော်ဝင်ရောက်နေပြီ။ မုဆိုးအစည်းအရုံးက တျန်းခိုင်ကလည်း မုဆိုးမှော်ဆရာတွေကို စုစည်းပြီး မြို့ထဲက သားရဲတွေကို သတ်ဖို့ ကြိုးစားနေတယ်" လင်းယွီရှင်းက တစ်ကိုယ်လုံး တုန်ယင်ရင်း ပြောပြလိုက်သည်။
"ဘာလို့ ရုတ်တရက်ကြီး ဒီလောက်များတဲ့ မှော်သားရဲတွေ ပိုမြို့ကို တိုက်ခိုက်ရတာလဲ..." မိုဖန်မှာ လက်ခံနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
"အနက်ရောင် ဗာတီကန်... ဒါတွေအားလုံးက အနက်ရောင် ဗာတီကန်က လူတွေရဲ့ လက်ချက်ပဲ"
“အနက်ရောင် ဗာတီကန်...” ထိုအဖွဲ့အစည်းအကြောင်းကို မိုဖန် ကြားဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
"သူတို့က ရူးသွပ်စမ်းရေဆိုတဲ့ ဆေးတစ်မျိုးကို ထုတ်လုပ်ခဲ့တယ်။ အဲဒါက တော်ဝင်ငရဲစမ်းရေနဲ့ အရမ်းတူပေမဲ့ အာနိသင်ကတော့ လုံးဝခြားနားတယ်။ အဲဒီ ရူးသွပ်စမ်းရေက မှော်သားရဲတွေရဲ့ ရိုင်းစိုင်းတဲ့ သဘာဝကို နှိုးဆွပေးပြီး သူတို့ကို ထိန်းချုပ်မရအောင် ရူးသွပ်သွားစေတာပဲ။ အနက်ရောင် ဗာတီကန်က ဝံပုလွေမျိုးနွယ်တွေကို ပိုမြို့ဆီ ဘယ်လို ဆွဲဆောင်ခဲ့လဲဆိုတာ အခုထိ မသိရသေးပေမဲ့... သူတို့က အဲဒီရူးသွပ်စမ်းရေကို တိမ်တိုက်တွေထဲမှာ ဖြန့်ကြဲခဲ့ကြတယ်။ သည်းထန်စွာ မိုးရွာချလာတဲ့အခါ အဲဒီရေတွေက မှော်ဝံပုလွေတွေကို ရူးသွပ်သွားစေပြီး ပိုမြို့ကို အသည်းအသန် တိုက်ခိုက်စေဖို့အတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ အထောက်အကူပြုပစ္စည်း ဖြစ်သွားခဲ့တာပဲ"
လင်းယွီရှင်းသည် ရူးသွပ်စမ်းရေကို ပထမဆုံး တွေ့ရှိစဉ်က ဤအချက်ကို သတိမထားမိခဲ့ပေ။ ကပ်ဘေးဆိုက်ရောက်လာမှသာ သူ ရုတ်တရက် သဘောပေါက်သွားပြီး ကျောပြင်မှ ချွေးစေးများ ထွက်လာခဲ့ခြင်း ဖြစ်သည်။
သူ၏ အမြင်အရ ၎င်းမှာ အချိန်အတော်ကြာအောင် ကြိုတင်စီစဉ်ထားခြင်း ဖြစ်ပေလိမ့်မည်။ တစ်စုံတစ်ယောက်က မှော်သားရဲများကို အသုံးချ၍ ပိုမြို့ကို အမြစ်ပြတ် သတ်ဖြတ်ရန် ကြံစည်နေခြင်း ဖြစ်၏။ ဤကဲ့သို့ ရက်စက်လှသော ကိစ္စမျိုးကို အနက်ရောင် ဗာတီကန်မှလွဲ၍ မည်သူမျှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။
"အဲဒီတော့... အခု ဘာဆက်လုပ်ကြမလဲ..." မိုဖန်က တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းကာ မေးလိုက်သည်။
"အနက်ရောင် ဗာတီကန်ရဲ့ ရည်ရွယ်ချက်က ပိုမြို့ကို လုံးဝ ဖျက်ဆီးပစ်ဖို့နဲ့ ဒီနေရာကို ငရဲခန်း ဖြစ်အောင် လုပ်ဖို့ပဲ။ တောင်ပံနက် ဝံပုလွေက တကယ့်ကို အင်အားကြီးတယ်ဆိုပေမဲ့ ပိုမြို့တစ်ခုလုံးကို တစ်ရက်နှစ်ရက်အတွင်း သားသတ်ရုံဖြစ်အောင် လုပ်ဖို့တော့ မလုံလောက်သေးဘူး။ ဒါပေမဲ့... အဲဒီလို အဆင့်တူ သားရဲတွေသာ ထပ်ပေါ်လာမယ်ဆိုရင်တော့ ငါတို့ ပိုမြို့ဆီ စစ်ကူတွေ ရောက်လာရင်တောင် ဘာမှ ကျန်တော့မှာ မဟုတ်ဘူး" လင်းယွီရှင်း၏ အကြည့်မှာ ရေခဲကဲ့သို့ အေးစက်နေသည်။
မိုဖန်မှာ အလွန်တရာ တိတ်ဆိတ်သွား၏။ ဤကပ်ဘေးကြီးနှင့် ရင်ဆိုင်ရသောအခါ သူကိုယ်တိုင်မှာလည်း ထွက်ပြေးရသူတစ်ဦးသာ ဖြစ်နေသည် မဟုတ်ပါလား။ သူ ဘာမျှ မတတ်နိုင်ချေ။
"မိုဖန်... အခု မင်း လုပ်ရမှာအရေးကြီးတဲ့ အချက် နှစ်ချက် ရှိတယ်။ တစ်ခုက တော်ဝင်ငရဲစမ်းရေကို ကာကွယ်ဖို့ပဲ။ ဘယ်လို အခြေအနေမျိုးမှာမဆို ဒါကို သူတစ်ပါး လက်ထဲ အကျမခံပါနဲ့... အနက်ရောင် ဗာတီကန်က ဒီစမ်းရေကို အသည်းအသန် ရယူချင်နေတယ်လို့ ငါ ခံစားနေရတယ်" လင်းယွီရှင်း၏ အမူအရာမှာ အလွန် တည်ကြည်နေသည်။
"ဒုတိယ အချက်ကရော..."
"ဒီကပ်ဘေးကနေ မင်း အသက်ရှင်အောင် ကြိုးစားဖို့ပဲ၊ အနက်ရောင် ဗာတီကန်က ငါ့ဆီမှာ တော်ဝင်ငရဲစမ်းရေ ရှိနေတယ်လို့ပဲ ထင်ကြမှာ။ ဒါကြောင့် ငါက သူတို့ရဲ့ အာရုံစိုက်မှုကို ဆွဲယူသွားမယ်။ မင်းကတော့ တော်ဝင်ငရဲစမ်းရေကို သယ်ပြီး အကြာနိုင်ဆုံး ပုန်းနေပါ၊ သူတို့ လက်ထဲ အရောက်မခံပါနဲ့"
ထိုခဏတွင် မိုဖန်၏ ရင်ထဲတွင် ဆဲဆိုသံများစွာဖြင့် ပြည့်နှက်သွားတော့သည်။
“ချီးပဲ...ဒီလောက် ပူလောင်လှတဲ့ အရာကြီးကို ငါ့လက်ထဲ ဘာလို့ ထည့်ပေးရတာလဲ...”
မိုဖန်၏ တုံ့ဆိုင်းမှုကို လင်းယွီရှင်း မြင်သောအခါ သူ၏ မျက်နှာတွင် နာကျင်သော အမူအရာတစ်ခု ပေါ်လာသော်လည်း ဘာမျှ မပြောခဲ့ပေ။
လင်းယွီရှင်းသည် သူ၏ သွေးစွန်းနေသော အဖြူရောင် ဝတ်စုံကို ပြန်လည် ပြင်ဆင်လိုက်ပြီး ရှုပ်ပွနေသော ဆံပင်များကို ဖြတ်ထုတ်ပစ်လိုက်သည်။ ရဲရင့်ပြတ်သားသော စိတ်ဓာတ်နှင့်အတူ လင်းယွီရှင်းသည် မှော်သားရဲများ ပြည့်နှက်နေသော သွေးစွန်းသည့် မြို့အတွင်းသို့ စတင် ပြေးဝင်သွားတော့သည်။ ပြေးနေရင်းမှာပင် သူက မိုဖန်ကို လှည့်မကြည့်ဘဲ အမိန့်ပေးခဲ့၏။
"ငါ သားရဲ အားလုံးကို ဆွဲခေါ်သွားမယ်။ မင်းသာ မအဘူးဆိုရင်၊ သူတို့နဲ့ မတွေ့အောင် ရှောင်ပြီး သတ်မှတ်ထားတဲ့ ဘေးကင်းဇုန်ကို အရောက်သွားနိုင်ရင် မင်း အဆင်ပြေမှာပါ"
ပြောပြီးနောက် လင်းယွီရှင်းသည် သည်းထန်စွာ ရွာသွန်းနေသော မိုးထဲတွင် ပျောက်ကွယ်သွားတော့သည်။ ပြေးနေစဉ်အတွင်း သူသည် နောက်သို့ တစ်ခါမျှ လှည့်မကြည့်ခဲ့ပေ။
လူတိုင်းတွင် တရားမျှတသော နှလုံးသား ရှိချင်မှ ရှိမည်ဖြစ်သော်လည်း လူတိုင်းတွင် မိမိအသက်နှင့်လဲ၍ ကာကွယ်လိုသော အရာတစ်ခုခု ရှိလိမ့်မည်ကို လင်းယွီရှင်း ယုံကြည်နေခဲ့သည်။ သူချစ်ရသော ညီမလေးမှာ ဤလုပ်ကြံမှု၏ ပထမဆုံး သားကောင် ဖြစ်ခဲ့ရ၏။ ထို့ကြောင့် သူ ကာကွယ်ရန် ကျန်ရှိနေသော တစ်ခုတည်းသော အရာမှာ ဤ တော်ဝင်ငရဲစမ်းရေပင် ဖြစ်တော့သည်။ မိုဖန်သည် ထိုနေရာတွင် မှင်သက်စွာ ရပ်ကျန်ရစ်ခဲ့သည်။ လင်းယွီရှင်း၏ နောက်ကျောကို ငေးကြည့်ရင်း သူ ဘာပြောရမည် မသိတော့ပေ။
ကံဆိုးစွာပင် မိုဖန်မှာ တွေးတောနေရန် အချိန်မရှိပေ။ သူ ရပ်နေသော နေရာ၏ နောက်ဘက် တန်လန်မှော်အထက်တန်းကျောင်း၏ တောင်ကုန်းပေါ်မှ တစ်စုံတစ်ခုသော အုပ်စုကြီး ပြေးဆင်းလာသည်ကို သူ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ထိုသတ္တဝါများ၏ ခန္ဓာကိုယ်မှာ အလွန် သန်မာလှပြီး သစ်ပင်များကိုပင် အလွယ်တကူ တိုက်ဖြိုလာကြ၏။
၎င်းတို့မှာ ခြံစည်းရိုး မရှိသော သိုးခြံထဲသို့ ပြေးဝင်လာသည့် တောရိုင်းဝံပုလွေအုပ်ကြီးနှင့် တူလှသည်။ သူတို့၏ လောဘဇောကို သူတို့၏ အရှိန်အဟုန်တွင် မြင်တွေ့နိုင်ပေသည်။
“အမလေး... ကျောင်းထဲမှာလည်း မှော်သားရဲတွေ ရောက်နေတာပဲ၊ နည်းတာ မဟုတ်ဘူး...”
အခန်း (၉၄) ပြီး
***