ဘေးကင်းဇုန်ကို မှော်အစည်းအရုံးနှင့် မုဆိုးအစည်းအရုံးတို့ ပူးပေါင်း၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုနေရာတွင် အကာအကွယ်ပေးမည့် မှော်ဆရာများနှင့် ခိုလှုံရာနေရာများ ရှိ၏။ ၎င်းမှာ မိုဖန် လက်ရှိရှိနေသော တောင်ကုန်းမှ သုံးကီလိုမီတာခန့် ကွာဝေးသည်။ သို့သော် မှော်သားရဲများ ပြည့်နှက်နေသော မြို့ထဲတွင် သုံးကီလိုမီတာခရီးကို မိမိတစ်ကိုယ်တော် အင်အားဖြင့် ဘေးကင်းအောင် ဖြတ်သန်းနိုင်မည် မဟုတ်ကြောင်း မိုဖန် သိထားသည်။
အကယ်၍ မှော်သားရဲတစ်ကောင်နှင့် တွေ့ခဲ့လျှင် မိုဖန်သည် လျှပ်စီးနှင့် မီးဒြပ်စင်တို့ကို တစ်ပြိုင်နက် အသုံးပြုနိုင်သည်။ ၎င်းကို အပြတ်အသတ် မသတ်နိုင်ခဲ့လျှင်တောင် သူကိုယ်တိုင် အသတ်ခံရမည် တော့မဟုတ်ပေ။ သို့သော် အမြင့်ပိုင်းမှ ကြည့်လိုက်ရာ မျက်လုံးတစ်လုံး မှော်ဝံပုလွေများသည် တစ်ကောင်တည်း တိုက်ခိုက်နေကြခြင်း မဟုတ်သည်မှာ ထင်ရှားလှသည်။ မျက်လုံးတစ်လုံး မှော်ဝံပုလွေ နှစ်ကောင်သာ တစ်ပြိုင်နက် ပေါ်လာခဲ့လျှင် မိုဖန် ဘာမျှလုပ်နိုင်တော့မည် မဟုတ်ပေ။
“ဘာပဲဖြစ်ဖြစ် အရင်ဆုံး ကျောင်းက ကျောင်းသားတွေနဲ့ သွားပူးပေါင်းရမယ်... ဒီလို ကပ်ဘေးမျိုးမှာ လူတစ်ယောက်တည်းရဲ့ အင်အားက အရမ်းကို သေးငယ်လွန်းတယ်၊ အကြီးအကဲ ကျန့်ခုံးတို့လို နယ်ပယ်မျိုးကို ရောက်နေရင် တစ်မျိုးပေါ့...”
မိုဖန်သည် တန်လန်မှော်အထက်တန်းကျောင်းဆီသို့ အမြန် ပြေးသွားတော့သည်။ ထိုတောင်အောက်ခြေရှိ ချိုင့်ဝှမ်းအချို့ကို ဖြတ်ကျော်လိုက်လျှင် တန်လန်ကျောင်း၏ နောက်ဖက်တံခါးသို့ ရောက်ရှိမည် ဖြစ်သည်။
သူဝမ်းသာမိသည့်အချက်မှာ မြို့၏ ထိုအပိုင်းသို့ မှော်သားရဲ အမြောက်အမြား ကျူးကျော်ခြင်း မရှိသေးခြင်းပင်။ အနီးနားရှိ ပြည်သူများမှာလည်း မြေအောက်ခန်းများတွင် ပုန်းနေကြသလို၊ ဘေးကင်းရာ ခိုလှုံရာစခန်းများသို့ ထွက်ပြေးနေကြပြီ ဖြစ်သည်။ ကပ်ဘေးကျရောက်မှုမှာ ရုတ်တရက် ဆန်လွန်းလှသဖြင့် လှပသော အိပ်မက်များထဲမှ နိုးထလာသူများစွာ ရှိနေ၏။ ထိုလူများ မျက်လုံးဖွင့်လိုက်သည်နှင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော လက်တွေ့ဘဝထဲသို့ နစ်မြုပ်သွားကြရတော့သည်။
ကျောင်းသားများမှာ ယနေ့တွင် တစ်သက်မှာ တစ်ခါသာ ကြုံရမည့် မှော်အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲအတွက် ကျောင်းသို့ ရောက်နေကြခြင်း ဖြစ်သည်။ သူတို့သည် သွေးထွက်သံယို တိုက်ပွဲများအတွက် ပြင်ဆင်ထားခြင်း မရှိသေးသော်လည်း မမျှော်လင့်ဘဲ အနီရောင်အဆင့်ကပ်ဘေးကို ကြိုဆိုလိုက်ရပြီ ဖြစ်သည်။ မှော်သားရဲကို ပထမဆုံးအကြိမ် မြင်ဖူးရုံနှင့်ပင် ဘောင်းဘီထဲ ဆီးထွက်မတတ် ကြောက်လန့်ခဲ့သော ကျောင်းသားများသည် မှော်သားရဲများ ပြည့်နှက်နေသော မြို့ကြီးကို မြင်လျှင် မည်ကဲ့သို့ တုံ့ပြန်ကြမည်နည်း။ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။
"ဆုတ်ခွာရမယ်၊ မင်းတို့ အမြန်ဆုံး ဆုတ်ခွာမှဖြစ်မယ်။ ဒီနေရာက လုံးဝ မလုံခြုံတော့ဘူး..." ရုံးခန်းအတွင်း၌ ရွှဲမူရှိန်းက တရားမျှတသော ဒေါသများဖြင့် စားပွဲကို ရိုက်ကာ ပြောလိုက်သည်။
ကျောင်းအုပ်ကြီး ကျူးနှင့် အခြား ကျောင်းဒါရိုက်တာများမှာ ကျောင်းတွင် မရှိကြပေ။ ကျောင်း၏ ဆုံးဖြတ်ချက်များမှာ စည်းကမ်းထိန်းသိမ်းရေး ဆရာကြီး ချန်ဝေလျန်၏ လက်ထဲတွင် ရှိနေသည်။ သို့သော် ချန်ဝေလျန်က ကျောင်းသားများကို ကျောင်းမှာပဲ ထားရှိပြီး ဆရာများနှင့်အတူ မှော်သားရဲများ၏ ကျူးကျော်မှုကို ခုခံရန် ခံစစ်မျဉ်း တည်ဆောက်လိုနေသည်။
ရွှဲမူရှိန်းကမူ ဤသည်မှာ မမှန်ကန်ခြင်း ဖြစ်မည်ကိုယုံကြည်နေသည်။ ကျောင်းသားနှင့် ဆရာအရေအတွက်မှာ လုံလောက်သည်ဆိုနိုင်သော်လည်း၊ မှော်သားရဲများ ပိုမိုပေါ်ပေါက်လာပါက မိမိကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။ တန်လန်ကျောင်း၏ တကယ့် အင်အားကြီး မှော်ဆရာများမှာ ယခုအခါ ပိုမြို့အတွင်း လှည့်လည်တိုက်ခိုက်နေကြပြီ ဖြစ်သည်။ လက်ရှိရှိနေသော ကျောင်းသားများနှင့် ဆရာများမှာ မိမိကိုယ်ကိုယ်သာ အားကိုးရမည် ဖြစ်သည်။
"ဒါရိုက်တာ... ဒါရိုက်တာ... တောင်ကုန်းနောက်ဘက်ကနေ မျက်လုံးတစ်လုံး မှော်ဝံပုလွေ အမြောက်အမြား လာနေကြပြီ၊ ဆရာလန်... ဆွဲဖြဲအသတ်ခံလိုက်ရပြီ" ဆရာကျိုး၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့နေတော့သည်။
ရုံးခန်းအတွင်းရှိ ဆရာများအားလုံး မျက်နှာပျက်ကုန်ကြ၏။ အမှန်စင်စစ် သူတို့သည် ရင့်ကျက်သော မှော်ဆရာများ ဖြစ်ကြသော်လည်း ဤကဲ့သို့သော ကပ်ဘေးမျိုးကို တစ်ခါမျှ မကြုံဖူးကြပေ။ ယခုအခါ မှော်သားရဲများသည် မြို့ထဲတွင် လှည့်လည်နေကြပြီး မြင်မြင်သမျှလူကို စားသောက်ကာ ဆွဲဖြဲနေကြသည်။ မှော်သားရဲများကို ရင်ဆိုင်နိုင်စွမ်း မရှိသော ဆရာများမှာလည်း ကြောက်လန့်လွန်းသဖြင့် ခြေထောက်များ တုန်ယင်နေကြတော့သည်။
"ကျောင်းမှာ ခိုလှုံရာနေရာ မရှိဘူး... အကယ်၍ မှော်သားရဲပေါင်းများစွာ တစ်ပြိုင်နက် ပေါ်လာရင် ငါတို့ အားလုံး ဘေးဒုက္ခကြုံရလိမ့်မယ်။ ဒါက အနီရောင်အဆင့်သတိပေးချက်ပဲ၊ အနီရောင်အဆင့်သတိပေးချက် ထုတ်ပြန်ချိန်မှာ ဘေးကင်းရာ ခိုလှုံရာစခန်းကို ရောက်တဲ့လူပဲ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိမှာ" ရွှဲမူရှိန်းက စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။
ထိုဆရာများသည် မှော်စာပေများ သင်ကြားရင်းနှင့် ထုံထိုင်းသွားကြသည်လား။ အနီရောင်အဆင့် သတိပေးချက်နှင့် ပတ်သက်သော မှတ်တမ်းများ ရှိပေသည်။ ထိုမှတ်တမ်းများက နောက်မျိုးဆက်များကို သတိပေးထားသည်မှာ ခိုလှုံရာစခန်းများ၏ အပြင်ဘက်တွင် မှော်သားရဲများကို မိမိအင်အားနှင့် ခုခံရန် မကြိုးစားပါနှင့်၊ အသက်ရှင်သန်နိုင်ခြေမှာ ၃၀ ရာခိုင်နှုန်းပင် မရှိချေဟု သတိပေးထားသည်။
ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားများမှာ ကျောင်းပိတ်ရက် ဖြစ်သဖြင့် အိမ်တွင် ရှိနေကြသည်။ တတိယနှစ် ကျောင်းသားများသာ စာမေးပွဲပြင်ဆင်ရန် ကျောင်းသို့ ခေါ်ယူခြင်း ခံထားရသည်။
ကံကောင်းသည်မှာ ယခုတစ်ခေါက် ကျောင်းတွင် ရှိနေသူများမှာ တတိယနှစ် ကျောင်းသားများသာ ဖြစ်နေခြင်းပင်။ ဤကျောင်းသားများ အားလုံးမှာ လက်တွေ့လေ့ကျင့်ရေးများ လုပ်ဆောင်ဖူးကြ၍ မှော်သားရဲနှင့်လည်း ရင်ဆိုင်ဖူးကြသူများ ဖြစ်သည်။ သူတို့၏ မှော်အခြေခံမှာ အလွန် ခိုင်မာလှပေသည်၊ အကယ်၍ ကျောင်းသား တစ်ထောင့်ငါးရာနှင့် ဆရာ တစ်ရာကျော်သာ စုပေါင်းလုပ်ဆောင်မည်ဆိုပါက သုံးကီလိုမီတာဝေးသော ခိုလှုံရာစခန်းသို့ မရောက်နိုင်စရာ အကြောင်းမရှိပေ။
"ဆုတ်ခွာမယ်၊ ဆုတ်ခွာမယ်...အတန်းပိုင်ဆရာတွေ အားလုံး မိမိအတန်းကို ဦးဆောင်ပါ၊ ကျန်တဲ့ ဆရာတွေကိုတော့ အတန်းတွေမှာ အချိုးကျ ခွဲဝေလိုက်မယ်... ငါတို့ အဖွဲ့လိုက် ခိုလှုံရာဇုန်ကို အရောက်သွားရမယ်" ချန်ဝေလျန်က နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ကျောင်းတွင် စုစုပေါင်း လူတစ်ထောင်ခုနစ်ရာ ရှိသည်။ အကယ်၍ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ချိန်တွင် အပြင်၌ ရှိနေခြင်းက အသက်ရှင်နှုန်း ၃၀ ရာခိုင်နှုန်းသာ ရှိသည်ဆိုလျှင်၊ ကျောင်းမှာ ဆက်နေခြင်းက လူတစ်ထောင်ကျော်၏ အသက်ကို ဆုံးရှုံးစေပေလိမ့်မည်။ ၎င်းမှာ မည်မျှ ကြောက်စရာ ကောင်းလိုက်မည်နည်း။
ဆရာများ၏ ဆောင်ရွက်မှုမှာ အလွန် မြန်ဆန်လှသည်။ သူတို့သည် မိမိတို့ အတန်းများဆီသို့ အမြန်သွားကာ ကျောင်းသားအားလုံးကို ကျောင်းဝင်းထဲတွင် စုဝေးစေပြီး ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။
ဆုံးဖြတ်ချက် ချပြီး ငါးမိနစ်ပင် မပြည့်သေးမီမှာပင် လေဒြပ်စင်ဆရာတစ်ဦးမှာ အားပျက်နေသော ပုံစံဖြင့် ပြေးဝင်လာပြီး ချန်ဝေလျန်ကို ပြောလိုက်သည်။
"တောင်ကုန်းနောက်ဘက်မှာ နောက်ထပ် မျက်လုံးတစ်လုံး မှော်ဝံပုလွေ လေးဆယ်ခန့် ထပ်ပေါ်လာပြန်ပြီ”
"ဆုတ်ခွာ၊ အမြန်ဆုတ်ခွာ... လက်တွေ့ပြဆရာတွေက သူတို့ကို ဘယ်လိုပဲဖြစ်ဖြစ် တားထားပါ... မှော်သားရဲတစ်ကောင်မှ ကျောင်းထဲ ဝင်မလာပါစေနဲ့..." ချန်ဝေလျန် မျက်နှာ ဖြူလျော့သွားတော့သည်။
လက်တွေ့ပြဆရာများ၏မျက်နှာတွင် နာကျင်မှုများ ပြည့်နှက်နေ၏။ မျက်လုံးတစ်လုံး မှော်ဝံပုလွေ ငါးဆယ်ခန့်ကို လက်တွေ့ပြဆရာ အနည်းငယ်နှင့် တားဆီးရန် ဆိုသည်မှာမည်သို့မျှ မဖြစ်နိုင်သည့် ကိစ္စပင်။
ရွှဲမူရှိန်းသည် သူ၏ ထူးချွန်အတန်းဆီသို့ အပြေးအလွှား သွားလိုက်သည်။ ထူးချွန်အတန်း၏ အင်အားမှာ မြင့်မားသော်လည်း အခြားအတန်းများတွင်မူ မှော်မသုံးနိုင်သေးသော ကျောင်းသားများစွာ ရှိနေဆဲ ဖြစ်သည်။ မှော်ဆရာ တစ်ထောင့်ငါးရာ၏ တိုက်ခိုက်ရေးစွမ်းအား ရှိသည်ဆိုသော်လည်း အမှန်တကယ်တွင်မူ မှော်သားရဲကို ရင်ဆိုင်နိုင်သူမှာ ရာဂဏန်းသာ ရှိပေလိမ့်မည်။ အမှန်စင်စစ်မှာ သူတို့သည် မိမိတို့၏ အင်အားကို ပိုမိုတွက်ချက်ကာ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေကြခြင်း ဖြစ်သည်။
သူ အတန်းထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် ရွှဲမူရှိန်းသည် အလွန်ရင်းနှီးသော ကျောင်းသားတစ်ဦးနှင့် တိုက်မိသွားပြီး မမျှော်လင့်ဘဲ ဝမ်းသာသွားရသည်။
"မိုဖန်... မင်းပါလား"
"ကျွန်တော် တော်ဝင်ငရဲစမ်းရေ အကျဉ်းခန်းထဲကနေ ထွက်ပြေးလာတာ၊ ကျောင်းကလည်း နီးနေတာနဲ့ ရောက်လာတာပဲ။ အမြန်ဆုံး ခိုလှုံရာစခန်းကို ရွှေ့ကြရအောင်၊ မဟုတ်ရင် လူတွေ ပိုသေကုန်လိမ့်မယ်။ တော်ဝင်ငရဲစမ်းရေရဲ့ ဒုတိယအစောင့်ခေါင်းဆောင် ပြောပုံအရဆိုရင် မှော်သားရဲတွေ ကျူးကျော်တာထက် ပိုကြောက်စရာကောင်းတဲ့ အရာတွေ ရှိသေးတယ်" မိုဖန်က အမောတကော ဖြေလိုက်သည်။
"ငါလည်း အဲဒီလိုပဲ ထင်တယ်၊ အခု ထွက်ခွာဖို့ ပြင်နေကြပြီ" ရွှဲမူရှိန်းက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို အချိန်မဆိုင်းသင့်တော့ဘူး၊ ဒီနေရာကနေ အမြန်ထွက်ကြရအောင်... ကျွန်တော် ခုနက ချီဆန်းပန်းခြံဘက်က လာတာ၊ ကျွန်တော်တို့ ကျောင်းနောက်ဖက် တောင်ကုန်းမှာ မျက်လုံးတစ်လုံးမှော် ဝံပုလွေတွေ အများကြီး တွေ့ခဲ့တယ်... သူတို့ ဘယ်ကနေ ရောက်လာမှန်းတောင် မသိဘူး"
"တကယ်လား...ဒါဆို ငါတို့ ပိုပြီး မြန်မြန် ထွက်မှဖြစ်မယ်" ရွှဲမူရှိန်း အံ့သြသွား၏။
မိုဖန်၏ အမြင်အရ လက်ရှိ အခြေအနေမှာ ပိုမြို့ထဲသို့ မှော်သားရဲ တစ်ထောင်ခန့် ကျူးကျော်ဝင်ရောက်လာရုံမျှလောက် မရိုးရှင်းပေ။ မိုဖန် ယခင်ရှိနေခဲ့သော နေရာမှ ကြည့်လျှင် မှော်သားရဲများမှာ နေရာအနှံ့တွင် ထူးဆန်းစွာ ပေါ်ပေါက်နေသည်ကို မြင်ခဲ့ရသည်။ မျက်လုံးတစ်လုံး မှော်ဝံပုလွေများ သာမက မျက်လုံးကြီး ကြွက်လူဝံများလည်း ပါဝင်နေ၏။
၎င်းမှာ မြေအောက်ခန်းများတွင် ပုန်းနေခြင်းကလည်း ဘေးမကင်းကြောင်း ဆိုလိုခြင်း ဖြစ်သည်။ မြေအောက်ဆိုသည်မှာ မျက်လုံးကြီး ကြွက်လူဝံများ၏ အိမ်ဂေဟာ ဖြစ်သဖြင့် ပုန်းနေသူများမှာ တူးဖော်စားသောက်ခြင်း ခံရပေလိမ့်မည်။
"အစ်ကို... အစ်ကိုမိုဖန်ပဲကိုး... ဒီမှာ မြင်ရတာ တကယ် ဝမ်းသာဖို့ကောင်းတယ်" ကျန်းဟိုက မိုဖန်ကို မြင်သောအခါ သူ၏ ဆွေမျိုးသားချင်းကို မြင်ရသည့်အလား ဝမ်းသာလွန်းသဖြင့် မျက်ဝန်းများပင် နီရဲလာတော့သည်။
သူတို့ ပထမဆုံးအကြိမ် မှော်သားရဲနှင့် တွေ့စဉ်က လူများစွာမှာ ကြောက်လန့်လွန်းသဖြင့် သတိလစ်ခဲ့ကြဖူးသည်ကို သတိရမိသည်။ ယနေ့တွင်မူ သူတို့ နေထိုင်ရာ မြို့ကြီးအတွင်း၌ မှော်သားရဲ အမြောက်အမြားက အလောင်းများနှင့် သွေးကွက်များကို ချန်ရစ်ထားကြပြီ ဖြစ်သည်။ တည်ငြိမ်အောင် ထိန်းနိုင်သူမှာ အနည်းငယ်သာ ရှိပြီး မိန်းကလေးအများစုမှာ ငိုယိုနေကြပြီ ဖြစ်သည်။
ကျောင်းသားများအတွက်မူ ဤအရာအားလုံးမှာ ရုတ်တရက်ဆန်လွန်းလှသည်။ ကြောက်စရာလည်း ကောင်းသကဲ့သို့ မိမိတို့၏ မိသားစုဝင်များ မည်သို့ရှိနေမည်နည်း ဆိုသည်ကိုလည်း မသိနိုင်ကြပေ။
တစ်တန်းလုံး ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများထဲ နစ်မြုပ်နေသည်ကို မြင်သောအခါ၊ မိုဖန်သည် သူ၏ ယခင်ကမ္ဘာမှ ငလျင်၊ ဆူနာမီနှင့် မုန်တိုင်းကဲ့သို့သော သဘာဝကပ်ဘေးများကို သတိရမိသည်။ သဘာဝဘေးအန္တရာယ် ရှေ့မှောက်တွင် လူသားများသည် တကယ်ပင် သေးငယ်လွန်းလှပေသည်။ မှော်သားရဲများကို ခုခံရန် အဖွဲ့ဖွဲ့ထားကြသော်လည်း ဤလူများမှာ ကူကယ်ရာမဲ့နေဆဲ ဖြစ်သည်။
ဝူး... ဝူး...
ဟိန်းဟောက်သံကြီးတစ်ခု ကျောင်းနောက်ဘက်ရှိ ဘတ်စကက်ဘောကွင်းဆီမှ ထွက်ပေါ်လာသည်။ ပြတင်းပေါက်နှင့် အနီးဆုံးတွင် ထိုင်နေသော ကျောင်းသားတစ်ဦးမှာ အောက်သို့ ငုံ့ကြည့်လိုက်ရာ၊ တောင်ကုန်းပေါ်မှ ခုန်ဆင်းလာသော မျက်လုံးတစ်လုံး မှော်ဝံပုလွေတစ်ကောင်ကို တွေ့လိုက်ရသဖြင့် အလွန်တရာ ထိတ်လန့်သွားတော့သည်။ ၎င်း၏ သန်မာလှသော ခန္ဓာကိုယ်မှာ ဘတ်စကက်ဘောကွင်းထဲသို့ ပြင်းထန်စွာ ဆင်းသက်လိုက်၏။
ကွန်ကရစ် ကွင်းပြင်တစ်ခုလုံးမှာ ပြင်းထန်စွာ ဖိခံလိုက်ရပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။ ထိုဝံပုလွေ၏ အနီရောင်မျက်လုံးမှာ အခန်းထဲရှိ အရသာရှိလှသော ကျောင်းသားများကို အလွန်တရာ လောဘဇောဖြင့် ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။
သူတို့၏ မျက်လုံးများဖြင့် ထိုဆာလောင်နေသော ဝံပုလွေကြီးကို မြင်လိုက်ရသောအခါ၊ ကျောင်းဆောင်အတွင်းမှ မိန်းကလေးများ၏ စူးရှသော အော်ဟစ်သံများ တစ်ပြိုင်နက် ထွက်ပေါ်လာတော့သည်။
"မှော်... မှော်... မှော်သားရဲ" ပြတင်းပေါက်နားတွင် ထိုင်နေပြီး စာကို အမြဲတမ်း ကြိုးစားလေ့ရှိသော ကျောင်းသားလေးမှာ မျက်နှာတစ်ခုလုံး ဖြူလျော့သွားတော့သည်။
ယခင်က ဝိညာဉ်ဝံပုလွေနှင့် နှိုင်းယှဉ်လျှင် ဤမျက်လုံးတစ်လုံး မှော်ဝံပုလွေ၏ ယုတ်မာရက်စက်မှုမှာ ပို၍ ဆိုးဝါးလှပေသည်။ ၎င်းကို မျက်နှာချင်းဆိုင် ကြည့်လိုက်ရရုံနှင့်ပင် တစ်ကိုယ်လုံး ထုံကျင်သွားစေတော့သည်။
အခန်း (၉၅) ပြီး
***