"ကျောင်းသားတို့၊ ငါ့နောက်ကို လိုက်ခဲ့ကြ လေဒြပ်စင် မှော်ဆရာတွေ ရှေ့ကနေ သွားပြီး လမ်းရှာကြစမ်း" ရွှဲမူရှိန်းက အသည်းအသန် အော်ဟစ်လိုက်သည်။
ပြတင်းပေါက်နှင့် အနီးဆုံးရှိ ကျောင်းသားများသည် စင်္ကြံလမ်းဘက်သို့ ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။ သို့သော် စင်္ကြံလမ်းတွင် အခြားအတန်းများမှ ကျောင်းသားအမြောက်အမြား ရှိနေပြီး သူတို့အားလုံးမှာ ဆင်ခြင်တုံတရားများ ပျောက်ဆုံးကာ အော်ဟစ်ငိုယိုရင်း တိုးဝှေ့နေကြသဖြင့် လူအုပ်ကြီးမှာ ပိတ်ဆို့နေတော့သည်။
အော်ဟစ်သံများ၊ ငိုယိုသံများနှင့် ဆရာများ၏ အော်ဟစ်ခိုင်းစေသံများမှာ စင်္ကြံလမ်းတစ်လျှောက် ပဲ့တင်ထပ်နေ၏။ ၎င်းမှာ ဆရာများပင် ထိန်းချုပ်ရန် ခက်ခဲလှသော အခြေအနေမျိုး ဖြစ်ပေသည်။
မိုဖန်သည် စင်္ကြံလမ်းတွင် ရပ်နေဆဲဖြစ်ပြီး သေလုမတတ် ကြောက်လန့်နေကြသော ကျောင်းသားများကို ဂရုတစိုက် စောင့်ကြည့်နေမိသည်။ သူ၏ မျက်ဝန်းများတွင် ဝမ်းနည်းမှု အရိပ်အယောင်အချို့ ပေါ်လွင်နေ၏။
သူတို့သည် တောရိုင်းသမင်အုပ်ကြီးနှင့် တူလှပေသည်။ သမင်တစ်ကောင်က ဝံပုလွေကို ကြောက်၍ ထွက်ပြေးသည်နှင့် ကျန်သမင်များ အားလုံးကလည်း အသည်းအသန် လိုက်ပြေးကြတော့သည်။ အမှန်စင်စစ်တွင်မူ ဝံပုလွေမှာ တစ်ကောင်တည်းသာ ရှိခြင်း ဖြစ်၏။ အကယ်၍ သမင်များသာ စည်းလုံးညီညွတ်စွာဖြင့် သူတို့၏ ဦးချိုများကို မြှောက်၍ ခုခံမည်ဆိုပါက ဝံပုလွေအုပ်ကိုပင် ပြန်လည် အနိုင်ယူနိုင်ပေလိမ့်မည်။
ဤကြောက်ရွံ့မှုမှာ ကူးစက်တတ်သော ရောဂါတစ်ခုကဲ့သို့ပင်။ မိုဖန်၏ ယခင်ကမ္ဘာတွင်လည်း ဤသို့ပင် ဖြစ်ခဲ့ဖူးသည်။ သို့မဟုတ်ပါက လူအုပ်ပိ၍ သေဆုံးကြသည့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များ မည်သို့ ပေါ်ပေါက်လာပါမည်နည်း။
အတန်းထဲရှိ လူအများစုမှာ ကြောက်လန့်လွန်းသဖြင့် နောက်သို့ ဆုတ်နေကြပြီး၊ နေ့စဉ် လေ့ကျင့်ထားသော မှော်အတတ်များမှာလည်း ဤခဏ၌ပင် ပျောက်ကွယ်ကုန်ကြတော့သည်။
“လျှပ်စီးလက်ခြင်း နှင်တံ...”
အတန်းထဲမှ မန္တန်ရွတ်ဆိုသံတစ်ခု ထွက်ပေါ်လာသည်။ မိုဖန် လှည့်ကြည့်လိုက်ရာ ရှုကျောက်ထင်က ဒေါသတကြီး စတင်တိုက်ခိုက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ လေထုထဲတွင် ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများ ပေါ်ထွက်လာတော့သည်။
ရှုကျောက်ထင်၏ ထိန်းချုပ်မှုအောက်တွင် လျှပ်စီးကြောင်းများသည် မျက်လုံးတစ်လုံး မှော်ဝံပုလွေထံသို့ ရိုက်ခတ်သွားသည်။ တိကျမှုမှာ အနည်းငယ် လိုအပ်နေသေးသော်လည်း လျှပ်စီးအချို့မှာ ဝံပုလွေကို ထိမှန်သွားခဲ့၏။
လျှပ်စီးစက်ကွင်းများမှာ ဝံပုလွေ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားရာ၊ ၎င်းမှာ နာကျင်လွန်းသဖြင့် အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်နေတော့သည်။ လျှပ်စီး၏ စွမ်းအားအောက်တွင် ဝံပုလွေ၏ အသားဆိုင်များမှာ တုန်ခါနေ၏။
"ဟွန်း... မျက်လုံးတစ်လုံး မှော်ဝံပုလွေတစ်ကောင်တည်းကိုတောင် ခွေးလို ကြောက်နေကြတာပဲ၊ သူရဲဘောကြောင်တဲ့ အုပ်စု" ရှုကျောက်ထင်က ထွက်ပြေးနေသူများကို အထင်အမြင်သေးစွာဖြင့် လှည့်ကြည့်လိုက်သည်။
"ဟုတ်တယ်၊ ငါတို့မှာ လူတွေ အများကြီးပဲ၊ ဝံပုလွေ တစ်ကောင်တည်းကို ဘာလို့ ကြောက်နေမှာလဲ...” ဝမ်ဆန်းဖန့် ကလည်း မတ်တပ်ရပ်လိုက်သည်။
ပြောပြီးသည်နှင့် ဝမ်ဆန်းဖန့်သည် သုံးစက္ကန့်အတွင်းမှာပင် သူ၏ မြေပြင်လှိုင်း မန္တန်ကို အပြီးသတ်လိုက်၏။ သူ၏ ဖိုသီဖတ်သီ လက်နှစ်ဖက်ဖြင့် ကြမ်းပြင်ကို ရိုက်လိုက်ရာ၊ မြေပြင်မှာ လှိုင်းထသွားပြီး ခြေကုန်လက်ပန်းကျနေသော ဝံပုလွေကြီးမှာ ဘတ်စကက်ဘောတိုင်ဆီသို့ လွင့်ထွက်သွားတော့သည်။
ကျိုးမင်သည်လည်း ရဲရင့်သူတစ်ဦးဟု ဆိုရပေမည်။ သူသည် မီးဒြပ်စင်ကြယ်လမ်းကြောင်းကို အမြန်ဖန်တီးလိုက်ပြီးနောက် သူ၏ လက်ထဲတွင် မီးတောက်တစ်ခု ပေါ်လာတော့သည်။ ဝံပုလွေကြီး လဲကျနေစဉ်မှာပင် သူ၏မီးတောက်ပေါက်ကွဲခြင်းက ကျောင်းအလံတိုင်ကို ဖြတ်ကျော်ကာ ဘတ်စကက်ဘောတိုင်အောက်တွင် ပိနေသော ဝံပုလွေကို တိကျစွာ ထိမှန်သွားခဲ့၏။
မီးတောက်ပေါက်ကွဲခြင်း အရိုးထိလောင်ကျွမ်းခြင်း၏ စွမ်းအားမှာ ပြင်းထန်လှပေသည်။ ခဏချင်းမှာပင် ဘတ်စကက်ဘော ဘုတ်ပြားမှာ ပြာအဖြစ် ပြောင်းလဲသွားပြီး၊ ဝံပုလွေကြီးမှာလည်း မီးတောက်များအောက်တွင် အဆက်မပြတ် အော်ဟစ်ရင်း ကွင်းထဲ၌ လူးလိမ့်နေတော့သည်။
မကြာမီမှာပင် အခြားဒြပ်စင်ရှိသော မှော်ဆရာအချို့ကလည်း မန္တန်များကို နေရာအနှံ့မှ ပစ်လွှတ်ကြသည်။ ထိုသူများမှာ လက်တွေ့ပြဆရာများ ဖြစ်ကြပြီး၊ သူတို့၏ စုပေါင်းတိုက်ခိုက်မှုအောက်တွင် ထိုဝံပုလွေကြီးမှာ မကြာခင်မှာပင် မီးလောင်ထားသော အလောင်းကောင်တစ်ခု ဖြစ်သွားတော့သည်။
ဝံပုလွေကို အလွယ်တကူ နှိမ်နင်းနိုင်သည်ကို မြင်လိုက်ရသဖြင့် မိုဖန် အနည်းငယ် စိတ်အေးသွားရသည်။ ကျောင်းထဲရှိ လူအားလုံးမှာ အသုံးမကျသူများ မဟုတ်ကြသည်မှာ သိသာလှပေသည်။
"ဒီဘက်ကို လာခဲ့ကြစမ်း" ရွှဲမူရှိန်းက ကျောင်းသားများကို ခေါ်လိုက်သည်။
ရှုကျောက်ထင်၊ ကျောင်ကူဆန်း၊ မူပိုင်၊ ကျိုးမင် ထိုသူများမှာ လက်တွေ့လေ့ကျင့်ရေးများကတည်းက မှော်သားရဲကို ထိပ်တိုက်ရင်ဆိုင်ဖူးသူများ ဖြစ်ကြသည်။ တစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် သူတို့၏ ကြောက်ရွံ့မှုမှာ ယခင်ကကဲ့သို့ မနက်ရှိုင်းတော့ပေ။ သူတို့အားလုံး ရွှဲမူရှိန်း၏ အနားသို့ ရောက်လာကြသော်လည်း ဘာကြောင့် ခေါ်ထားသနည်းဆိုသည်ကိုမူ မသိကြပေ။
"မူလကတော့ ဒီတာဝန်ကို ဆရာတွေကပဲ ယူရမှာပါ။ ဒါပေမဲ့ ကျောင်းနောက်ဖက် တောင်ကုန်းတွေမှာ ဝံပုလွေ အမြောက်အမြား တွေ့နေရတယ်၊ ဆရာတွေရဲ့ အင်အားကလည်း နည်းနေတယ်။ ဒါကြောင့် မင်းတို့ ကျောင်းသားတွေရဲ့ အင်အားကို အကူအညီတောင်းဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး" ရွှဲမူရှိန်းက လေးနက်စွာ ပြောလိုက်သည်။
"ဆရာ၊ ဒီလို အချိန်မျိုးမှာ အချိန်မဖြုန်းပါနဲ့တော့။ ပြောစရာရှိတာ မြန်မြန်ပြောပါ" ဝမ်ဆန်းဖန့်က ဝင်ပြောလိုက်သည်။
"ငါတို့ ရှေ့ပြေးတပ်ဖွဲ့တစ်ခု လိုအပ်တယ်။ အဲဒီအဖွဲ့မှာ ကျောင်းသားတွေပဲ အဓိက ပါဝင်ရလိမ့်မယ်။ ရှေ့ပြေးတပ်ဖွဲ့ဟာ ပင်မအုပ်စုနဲ့ သီးခြားစီ ဖြစ်နေမှာဖြစ်သလို၊ ပင်မအုပ်စုရဲ့ ရှေ့ကနေ သွားရမှာ ဖြစ်တယ်။"
ရွှဲမူရှိန်းက ဆက်လက်ရှင်းပြသည်။
"ကျောင်းက လူနှစ်ထောင်နီးပါးဟာ ရှေ့ပြေးတပ်ဖွဲ့ ဖောက်ပေးတဲ့ လမ်းကြောင်းအတိုင်း လိုက်ရမှာ ဖြစ်တယ်။ မင်းတို့အဖွဲ့ဟာ ကျောင်းတစ်ခုလုံးမှာ တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးပဲ၊ ဘယ်ဆရာနဲ့မဆို ယှဉ်နိုင်တယ်။ ဒါကြောင့် မင်းတို့က ရှေ့ပြေးတပ်ဖွဲ့ အနေနဲ့ အားလုံးကို ဘေးကင်းရာ ခိုလှုံရာစခန်းတွေဆီ လမ်းပြပေးနိုင်ဖို့ ငါ မျှော်လင့်တယ်" ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောင်းသားများ အားလုံး တိတ်ဆိတ်သွားကြသည်။ ဤအစီအစဉ်ကို သူတို့ ချက်ချင်း လက်မခံနိုင်ကြသေးပေ။ အမှန်စင်စစ်တွင်မူ သူတို့သည် ပင်မအုပ်စုနှင့် ခွဲထွက်လိုက်လျှင် မှော်သားရဲများကို ရင်ဆိုင်နိုင်ပါ့မလား ဆိုသည်ကို ယုံကြည်မှု မရှိကြသေးခြင်းပင် ဖြစ်၏။ ရှေ့ပြေးတပ်ဖွဲ့ ဖြစ်လာရန်မှာ စွန့်စားမှု အလွန်ကြီးမားလှပေသည်။
"ဒီဆုံးဖြတ်ချက်က မင်းတို့အပေါ်မှာပဲ မူတည်တယ်၊ ငါအတင်းအကျပ် မတိုက်တွန်းဘူး။ မင်းတို့ သဘောမတူရင် ငါ တခြားကျောင်းသားတွေကို သွားရှာမယ်။ ဒါပေမဲ့ အချိန်ပိုကြာသွားမယ်၊ အန္တရာယ်လည်း ပိုများသွားလိမ့်မယ်... ဒီရှေ့ပြေးတပ်ဖွဲ့ကို ငါကိုယ်တိုင် ဦးဆောင်မှာပါ။ မင်းတို့ရဲ့ အဖြေကို မြန်နိုင်သမျှ မြန်မြန် ပေးကြပါ" ရွှဲမူရှိန်းက ဆိုသည်။
"ဆရာ ကျွန်မ ပါမယ်" ကျိုးမင်က တွန့်ဆုတ်မနေဘဲ ပထမဆုံး စတင်ပါဝင်လိုက်သည်။
"ကျွန်တော်လည်း ပါမယ်" ရှုကျောက်ထင်ကလည်း သိပ်ပြီး စဉ်းစားမနေတော့ဘဲ သဘောတူလိုက်၏။ ဝမ်ဆန်းဖန့်မှာမူ သူ၏ သူငယ်ချင်းကောင်း ရှုကျောက်ထင် ပါဝင်သွားသဖြင့် မဲ့ရွဲ့နေသော မျက်နှာဖြင့်သာ လိုက်ပါခဲ့ရတော့သည်။
ရွှဲမူရှိန်း အသာအယာ ခေါင်းညိတ်လိုက်သည်။ လျှပ်စီးမှော်ဆရာ တစ်ဦး ပါဝင်လာသဖြင့် အဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအားမှာ တစ်ဆင့်မြင့်သွားပြီ ဖြစ်သည်။ သူတို့ ခိုလှုံရာစခန်းသို့ ဘေးကင်းစွာ ရောက်နိုင်ပေလိမ့်မည်။
"ကျွန်တော်လည်း ပါမယ်"
မူပိုင်နှင့် သူ၏ နောက်လိုက် ကျောင်ကူဆန်းတို့သည်လည်း အချင်းချင်း ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ပါဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက်တွင်မူ အဆင့်ကောင်းသော မြေဒြပ်စင် ကျောင်းသားတစ်ဦးလည်း ထပ်မံ ပါဝင်လာခဲ့၏။
ကျန်းဟိုကမူ မိုဖန်ကို ကြည့်ကာ ဤအစီအစဉ်ကို စဉ်းစားနေပုံရသည်။ "အစ်ကိုဖန်ကော... ငါတို့ ပင်မအုပ်စုနဲ့ပဲ လိုက်မလား ဒါမှမဟုတ် ရှေ့ပြေးတပ်ဖွဲ့မှာ ပါမလား" မေးလိုက်သည်။
"ရှေ့ပြေးတပ်ဖွဲ့ထဲ ဝင်ရအောင်" မိုဖန်က ပြန်ဖြေသည်။
"အစ်ကိုက ဒီလောက် မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိမှန်း ငါမသိခဲ့ဘူး... ဟီး" ကျန်းဟိုက ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် ဟာသလုပ်နိုင်သေးသည်။
"ပင်မအုပ်စုနဲ့ လိုက်တာက ပိုပြီး အန္တရာယ်များလို့ကွ" မိုဖန်က အေးစက်စွာ ပြောလိုက်သည်။
"ဘာလို့လဲ..." ကျန်းဟိုက ဇဝေဇဝါဖြင့် မေးသည်။
"မင်း ခုနက ဘာဖြစ်သွားလဲ မြင်တယ်မလား။ ဝံပုလွေ တစ်ကောင်တည်း ပေါ်လာတာကို တစ်ထပ်လုံး ပျာယာခတ်ကုန်ကြတာ။ အဲဒါ အားနည်းသူတွေရဲ့ ဗီဇပဲ၊ သူတို့က ကြောက်စိတ်ကို တစ်ယောက်နဲ့တစ်ယောက် ကူးစက်စေရုံတင်မကဘူး၊ အဲဒီကြောက်စိတ်ကို အဆပေါင်းများစွာ အားကောင်းလာအောင် လုပ်နိုင်ကြတယ်။ ဒါကြောင့် ပင်မအုပ်စုရဲ့ တိုက်ခိုက်ရေးစွမ်းအားက အနည်းငယ်ပဲ ရှိလိမ့်မယ်။ ငါမမှားဘူးဆိုရင် မှော်သားရဲ တစ်ရာလောက်နဲ့တင် ပင်မအုပ်စုတစ်ခုလုံး ပြုတ်သွားနိုင်တယ်။ ဒီလောက် လူအုပ်ကြီး လမ်းလျှောက်နေတာက မှော်သားရဲတွေကို ဖိတ်ခေါ်နေသလိုပဲ၊ အဆင့်မြင့်သားရဲတွေတောင် ရောက်လာနိုင်တယ်။ ငါကတော့ သိုးအုပ်ကြီးနဲ့အတူ မလိုက်ချင်ဘူး။ အဲဒီအချိန်ကျရင် သူတို့ အသက်ရှင်မရှင် ဆိုတာက သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်တဲ့ အရာ မဟုတ်တော့ဘူး" မိုဖန်က ကျန်းဟိုကို တိုးတိုးလေး ပြောပြလိုက်သည်။
အခန်း (၉၆) ပြီး
***