မိုဖန်၏ စကားကို ကြားပြီးနောက် ကျန်းဟိုသည် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ သူသည် ဤအချက်ကို တစ်ခါမျှ ထည့်သွင်းစဉ်းစားခဲ့ဖူးခြင်း မရှိပေ။
ကျန်းဟို ကိုယ်တိုင်မှာ မိုဖန်ပြောသည်ကို မှန်သည်၊ မှားသည် မဝေခွဲနိုင်သော်လည်း စိတ်ထဲမှနေ၍ မိုဖန်၏ ရွေးချယ်မှုကို အလိုအလျောက် ယုံကြည်နေမိသည်။
အမှန်စင်စစ် မိုဖန်သည် မှော်သားရဲများကို အမဲလိုက်ရာတွင် အတွေ့အကြုံရှိသော မုဆိုးမှော်ဆရာတစ်ဦး ဖြစ်သည်ကို ကျန်းဟို မသိပေ။ ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ကျင်လည်ခဲ့ဖူးသဖြင့် မိုဖန် နားလည်ထားသည့် အလွန်အရေးကြီးသော မူတစ်ခုမှာ လူများခြင်းသည် အင်အားကြီးခြင်းဟု မည်သည့်အခါမျှ မမှတ်ယူမိရန်ပင်။ အကယ်၍ လူများလေ ဘေးကင်းလေ ဖြစ်မည်ဆိုပါက မုဆိုးအဖွဲ့အစည်းသည် အပြင်လောက၌ သားရဲအမဲလိုက်ရန်အတွက် အဘယ်ကြောင့် အဖွဲ့ငယ်လေးများသာ ဖွဲ့စည်းပေးရသနည်း။ အမှန်တရားမှာ လူများလေလေ မှော်သားရဲ အုပ်စုကြီးများ၏ အာရုံစိုက်မှုကို ခံရလေလေဖြစ်ပြီး၊ အဆင့်မြင့်သားရဲများအတွက် မွေးမြူရေး တိရစ္ဆာန်များကဲ့သို့ အလွယ်တကူ အစာဖြစ်သွားနိုင်ခြင်းကြောင့် ဖြစ်ပေသည်။
ရှေ့ပြေးတပ်ဖွဲ့တွင် လူဦးရေ အနည်းငယ်သာ ရှိသဖြင့် မှော်သားရဲ အုပ်စုကြီးများနှင့် တွေ့ပါက အလွယ်တကူ ရှောင်တိမ်းနိုင်သည်။ လှုပ်ရှားမှုများမှာ ပိုမို လျင်မြန်ပေါ့ပါးပြီး၊ တိုက်မည် သို့မဟုတ် ပြေးမည်ဟူသော ဆုံးဖြတ်ချက်ကိုလည်း ချက်ချင်း ချမှတ်နိုင်ပေသည်။
သို့သော် ပင်မအုပ်စုကြီးထဲတွင်မူ အကယ်၍ မှော်သားရဲ အုပ်စုကြီးများနှင့် မတွေ့ခဲ့လျှင်တော့ ဘေးကင်းပေလိမ့်မည်။ သို့သော် စစ်သည်အဆင့် သတ္တဝါတစ်ကောင်နှင့် ၎င်း၏ နောက်လိုက်သားရဲအုပ်၏ အာရုံစိုက်ခြင်းကို ခံရမည်ဆိုပါက ပင်မအုပ်စုကြီးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပေလိမ့်မည်။
ရှေ့ပြေးတပ်ဖွဲ့တွင် စုစုပေါင်း လူဆယ်ယောက်ရှိပြီး ဆရာရွှဲမူရှိန်းက ဦးဆောင်သည်။ ကျောင်းတံခါးမှ ထွက်လာပြီးနောက် လမ်းမများပေါ်တွင် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ရတော့ပေ။
နေရာအနှံ့တွင် အမှိုက်သရိုက်များ ပြန့်ကျဲနေပြီး၊ လမ်းဘေးဈေးသည်များ၏ ပစ္စည်းများမှာလည်း ပြောင်းပြန်လန်နေကာ ဆိုင်ခန်းတံခါးများမှာမူ ပိုင်ရှင်မဲ့စွာဖြင့် ပွင့်ဟနေတော့သည်။
အနီရောင်အဆင့်သတိပေးချက်ထွက်ပေါ်လာချိန်တွင် ပြည်သူအားလုံးမှာ နေအိမ်များအတွင်း ပုန်းအောင်းနေကြခြင်း သို့မဟုတ် ဘေးကင်းရာ ခိုလှုံရာစခန်းများဆီသို့ အသည်းအသန် ပြေးလွှားနေကြခြင်းတို့ကြောင့် တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်နေခြင်းပင်။ ဤသည်မှာလည်း ကျောင်းမှ လူများ အချိန်မီ မဆုတ်ခွာနိုင်ရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။
သို့သော် ခိုလှုံရာစခန်းများသို့ မရောက်ရှိသေးသူ အမြောက်အမြား ရှိနေဆဲပင်။ တန်လန် မှော်အထက်တန်းကျောင်းမှ လူအုပ်ကြီး ခိုလှုံရာစခန်းဆီသို့ စတင်ထွက်ခွာလာသောအခါ အနီးနားရှိ ပြည်သူများမှာလည်း ထိုအုပ်စုထဲသို့ အလုအယက် တိုးဝင်လာကြသည်။ သူတို့သည် တန်လန်ကျောင်းမှ ကျောင်းသားများနှင့် ဆရာများ၏ အင်အားကို အသုံးပြု၍ ကြောက်မက်ဖွယ်ကောင်းသော သုံးကီလိုမီတာခရီးကို ဘေးကင်းစွာ ဖြတ်ကျော်လိုကြခြင်း ဖြစ်ပေသည်။
ရှေ့ပြေးတပ်ဖွဲ့သည် ပင်မအုပ်စုကြီး၏ ရှေ့ဆုံးမှ လမ်းလျှောက်နေ၏။ ကျန်းဟိုသည် အဆောက်အအုံတစ်ခု၏ အပေါ်သို့ တက်ကြည့်လိုက်ရာ၊ ပြည်သူများ ကျောင်းဘက်သို့ စုပြုံလာနေသည်ကို မြင်လိုက်ရသည်။
"အခု ထွက်ခွာမယ့် လူဦးရေက လေးထောင်ကျော်လောက် ရှိမယ်ထင်တယ် ဆရာ။ ဒီဒေသမှာရှိတဲ့ လူတော်တော်များများက ခိုလှုံရာစခန်းကို အချိန်မီ မရောက်ကြဘူး။ သူတို့က တစ်ယောက်တည်း မသွားရဲကြတော့ အခု ပင်မအုပ်စုကြီးနောက်ကို သံလိုက်မှာ ကပ်နေတဲ့ သံမှုန့်တွေလိုပဲ နေရာအနှံ့ကနေ လာပူးပေါင်းနေကြတယ်" ကျန်းဟိုက အဆောက်အအုံဟောင်းပေါ်မှ ခုန်ဆင်းလာရင်း ပြောလိုက်သည်။
"အင်း... လူများတာကတော့ မှော်သားရဲ အုပ်စုငယ်လေးတွေကို တားဆီးနိုင်မယ်ဆိုပေမဲ့... တစ်ဖက်မှာလည်း ပင်မအုပ်စုကြီးတစ်ခုလုံးအတွက် ဒါက ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ်" ရွှဲမူရှိန်းက အေးစက်စွာ သုံးသပ်လိုက်သည်။
မှော်အထက်တန်းကျောင်းများသည် မှော်တက္ကသိုလ်များနှင့် မတူပေ။ မှော်တက္ကသိုလ်မှ ကျောင်းသားများသည် ပုံမှန်စစ်မှော်ဆရာများထက်ပင် တိုက်ခိုက်ရေးစွမ်းအား ပိုကောင်းကြသော်လည်း၊ မှော်အထက်တန်းကျောင်းများသည် အသက် ၁၈ နှစ်ပင် မပြည့်သေးသော မှော်ဆရာ အလုပ်သင်များကိုသာ မွေးထုတ်ပေးခြင်း ဖြစ်သည်။ ထိုအနီရောင်ကပ်ဘေးအတွင်း မိမိကိုယ်ကိုယ် ကာကွယ်နိုင်လျှင်ပင် တော်လှပြီဖြစ်ရာ၊ လူအုပ်ကြီးကို ကာကွယ်ပေးရန်ဆိုသည်မှာ တကယ်ပင် မဖြစ်နိုင်သည့် ကိစ္စရပ် ဖြစ်ပေသည်။
"ဒါကလည်း ငါတို့ ဘာမှ မတတ်နိုင်တဲ့ ကိစ္စပဲ။ သူတို့ကို ပစ်ထားခဲ့လို့မှ မရတာ" ကျိုးမင်က ဆိုသည်။
"ကဲ သွားကြစို့။ အခု ပင်မအုပ်စုက လူလေးထောင်အထိ တိုးလာပြီဆိုတော့ ငါတို့ရဲ့ တာဝန်က ပိုပြီး ကြီးမားလာပြီ" ရွှဲမူရှိန်းက ပြောလိုက်သည်။ လူအားလုံးက ခေါင်းညိတ် ထောက်ခံကြ၏။
"ကျန်းဟိုနဲ့ ကျန်းယင်လု... မင်းတို့ လေဒြပ်စင်မှော်ဆရာ နှစ်ယောက်က ရှေ့ကနေ လမ်းရှာပေးပါ။ ကျန်တဲ့လူတွေက အနောက်ကနေ ကပ်လိုက်ခဲ့ကြ"
ရွှဲမူရှိန်းသည် စစ်ပညာသင်တန်းများ တက်ရောက်ဖူးသော ဆရာတစ်ဦး ဖြစ်သည်မှာ ထင်ရှားလှပေသည်။ သူသည် တပ်ဖြန့်ခြင်းနှင့် လူစုဖွဲ့ခြင်းများတွင် အတွေ့အကြုံရှိပြီး ဤကဲ့သို့သော အခြေအနေမျိုးအတွက် အစီအစဉ်များ ရှိထားပုံရသည်။
လူဆယ်ယောက်ပါဝင်သော အဖွဲ့၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လှသည်။ ကျောင်းတံခါးမှ ထွက်လာပြီးနောက် လမ်းမကြီးအတိုင်း လျှောက်လာကာ အိမ်ရာဝင်းလေးကို ဖြတ်ကျော်လိုက်လျှင် ခိုလှုံရာစခန်းများကို မြင်တွေ့ရပေလိမ့်မည်။
လမ်းမကြီးမှာ တစ်ကီလိုမီတာခန့် ရှည်လျားပြီး စွန့်ပစ်ထားသော ကားများဖြင့် ပိတ်ဆို့နေတော့သည်။ ကျောင်းကားတစ်စီး ဖြတ်သန်းသွားရန်မှာ မဖြစ်နိုင်သလို၊ စက်ဘီးတစ်စီးပင်လျှင် ချောချောမွေ့မွေ့ သွားလာရန် ခက်ခဲလှပေသည်။
ယာဉ်ကြောများအားလုံး ပိတ်ဆို့နေသဖြင့် ခြေလျင်လျှောက်ရန်သာ ရှိတော့သည်။ သုံးကီလိုမီတာ ဆိုသည်မှာ ဝေးသည်ဟု ဆိုနိုင်သလို၊ မဝေးလှသည်လည်း ပြောနိုင်သည်။
"ရှေ့က စာအုပ်ဆိုင်လေးထဲမှာ မျက်လုံးကြီး ကြွက်လူဝံတစ်ကောင် ရှိနေတယ်" ကျန်းယင်လုသည် မျက်နှာဖြူလျော့ကာ အမောတကော ပြေးဝင်လာရင်း ပြောလိုက်သည်။
"အဲဒီကောင်က ကလေးတစ်ယောက်ကို ဝါးစားနေတာ" ကျန်းဟိုက ထပ်လောင်းပြောလိုက်သည်။
သူတို့နှစ်ဦး တွေ့ရှိချိန်တွင် ထိုကလေးငယ်မှာ အသက်ပျောက်နေပြီ ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော သွေးထွက်သံယို မြင်ကွင်းမှာ သူတို့၏ မျက်လုံးထဲ၌ ဝမ်းနည်းစရာနှင့် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ရှေ့သို့ ဆက်လက်တိုးလာသောအခါ လမ်းကို ပိတ်ထားသည့် ဘတ်စ်ကားကြီးတစ်စီးကို ကျော်ဖြတ်လိုက်ကြသည်။ ထိုအခါ သွေးများ စွန်းထင်းနေသော စာအုပ်ဆိုင်လေးနှင့် သွေးအိုင်ထဲတွင် လဲလျောင်းနေသော ဆယ်နှစ်သားအရွယ် ကလေးငယ်ကို မြင်တွေ့လိုက်ရ၏။
"မျက်လုံးကြီး ကြွက်လူဝံက ဘယ်မှာလဲ" ရွှဲမူရှိန်းက မျက်မှောင်ကြုတ်ရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း ကြွက်လူဝံ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။
"စောစောကတင်ပဲ..."
ဂါး...
ကျန်းယင်လု စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဘေးနားရှိ Volkswagenကား အနောက်မှနေ၍ အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေသော သတ္တဝါကြီးတစ်ကောင် ရုတ်တရက် ခုန်ထွက်လာပြီး၊ သတိလက်လွတ်ဖြစ်နေသော ကျန်းယင်လု၏ လည်ပင်းကို ၎င်း၏ ဧရာမ အရှေ့သွားနှစ်ချောင်းဖြင့် ကိုက်ချလိုက်တော့သည်။
ဇွိ... ခွပ်...
ကျန်းယင်လုမှာ အလွန် ပိန်ပါးအားနည်းသော မိန်းကလေးတစ်ဦး ဖြစ်ပေသည်။ သူ၏ လည်ပင်းမှာ ကြွက်လူဝံ၏ ဆွဲဖြဲခြင်းကို ခံလိုက်ရရာ၊ မှင်သက်နေသော အဖွဲ့ဝင်များ၏ ရှေ့မှောက်မှာပင် သွေးများမှာ ဘတ်စ်ကားဘေးရှိ ကြော်ငြာဘုတ်များပေါ်သို့ ပန်းထွက်သွားတော့သည်။ ထိုမြင်ကွင်းမှာ ရုတ်တရက် ဆန်လွန်းလှပေသည်။
ဆရာရွှဲမူရှိန်းပင်လျှင် မည်သည့်ပြင်ဆင်မှုမျှ မရှိခဲ့ပေ။ သူသည် ကျန်းယင်လု၏ ဘေးတည့်တည့်တွင် ရပ်နေသဖြင့် သူမ၏ လည်ပင်းမှ ထွက်လာသော သွေးများမှာ သူ၏ မျက်နှာပေါ်သို့ စင်ဟပ်ကုန်၏။
"ဘတ်စ်ကားထဲကို ဝင်ကြ၊ မြန်မြန်" ထိုရုတ်တရက် အပြောင်းအလဲတွင် မိုဖန်က အားလုံးကို အော်ဟစ် သတိပေးလိုက်သည်။
အားလုံးမှာ မှင်သက်နေရာမှ သတိဝင်လာပြီး ဘတ်စ်ကားဆီသို့ ယိုင်တိယိုင်တိုင်ဖြင့် ပြေးဝင်ကြတော့သည်။ ရွှဲမူရှိန်းသည်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ကျန်းယင်လုကို ဆွဲကာ ဘတ်စ်ကားထဲသို့ ခုန်ဝင်လိုက်၏။ ကြောက်မက်ဖွယ် ကြွက်ကြီးမှာ ဆက်လက်တိုက်ခိုက်ရန် ကြိုးစားသော်လည်း ၎င်း၏ ခန္ဓာကိုယ် အရွယ်အစားကြောင့် ဘတ်စ်ကားတံခါးနှင့် တိုက်မိသွားတော့သည်။
အခြားလူများမှာလည်း ပျာယာခတ်ကုန်ကြပြီး ဘတ်စ်ကားထဲတွင် ပုန်းအောင်းလိုက်ကြ၏။ ရှုကျောက်ထင်သည် ကျန်းယင်လု ထိုသို့ အသတ်ခံလိုက်ရသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် လျှပ်စီးမန္တန်ကို စတင် ရွတ်ဆိုတော့သည်။
မိုဖန်မှာလည်း မူလက မန္တန်ဖန်တီးရန် ပြင်ဆင်ခဲ့သော်လည်း၊ သူ ဖြန့်ကြဲထားသော သားရဲရှာဖွေရေး အမှုန့်များမှာ လားရာအမျိုးမျိုးသို့ လွင့်ပါးနေသည်ကို မြင်လိုက်ရသဖြင့် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
"အားလုံး ဘတ်စ်ကားအပေါ်ကို တက်ကြ... ဒီမှာကြွက်လူဝံတစ်ကောင်တည်း ရှိတာ မဟုတ်ဘူး" မိုဖန်က အော်ဟစ်လိုက်သည်။ ပြောရင်းနှင့်ပင် မိုဖန်သည် မန္တန်ရွတ်နေသော ကျိုးမင်ကို ဆွဲကာ ဘတ်စ်ကားဆီသို့ ခေါ်ဆောင်သွားတော့သည်။
"ကျန်းဟို... ကျန်းယင်လုကို ကြည့်မနေနဲ့တော့... သူသေသွားပြီ။ အဲဒီ ကြွက်လူဝံကို အမြန်ဆုံး ဆွဲထုတ်သွားစမ်း မဟုတ်ရင် ငါတို့ အားလုံး ဒီမှာ သေကုန်လိမ့်မယ်" မိုဖန်က ပြေးရင်းနှင့် ကျန်းဟိုကို လှမ်းအော်လိုက်သည်။
ကျန်းဟိုသည် တည်ငြိမ်သူတစ်ဦး ဆိုနိုင်ပေသည်၊ သူသည် ကြွက်လူဝံ၏ တိုက်ခိုက်မှုအတွင်းမှာပင် လေလမ်းကြောင်းကို ဖန်တီးထားပြီး ဖြစ်သည်။
သူသည် ကျန်းယင်လုကို သွားရောက် ကယ်တင်ချင်သော်လည်း၊ မှော်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို ခံရပြီးနောက်တွင် အခြေခံမှော်ဆရာများမှာ ဘာမျှမတတ်နိုင်ချေ။ ကျန်းဟို၏ မျက်ဝန်းများ နီရဲလာတော့သည်။ သူ၏ မျက်တောင်တစ်ခတ်အတွင်းမှာပင် အတန်းတူ သူငယ်ချင်းဖြစ်သော ထိုမိန်းကလေးမှာ ယခုကဲ့သို့ သေဆုံးသွားခဲ့ရပြီ။
“ဒီအောက်တန်းစား မှော်သားရဲ...”
အခန်း (၉၇) ပြီး
***