"လေလမ်းကြောင်း လေအလျင်ခြေလှမ်း " ကျန်းဟိုသည် ပါးစပ်တွင် သွေးများ ပေကျံနေသော မျက်လုံးကြီး ကြွက်လူဝံ၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်လိုက်သည်။ လေလမ်းကြောင်း ဒုတိယအဆင့်ကို အသုံးပြု၍ ကျန်းဟို၏ ကိုယ်ဟန်မှာ ရှုပ်ထွေးစွာ ရပ်တန့်ထားသော ကားများကြားတွင် ဖျတ်လတ်စွာ ဖြတ်သန်းသွား၏။ ကြွက်ကြီးက ၎င်း၏ လက်သည်းများဖြင့် ကျန်းဟို၏ ရင်ဘတ်ကို ဆွဲဖြဲရန် ကြိုးစားတိုင်း၊ ကျန်းဟို ချန်ရစ်ခဲ့သော လေလှိုင်းများကိုသာ ရိုက်ခတ်မိနေတော့သည်။
"မျောက်... သတိထားဦး၊ နောက်တစ်ကောင် ရှိသေးတယ်" မိုဖန်သည် ဘတ်စ်ကား အမိုးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဘတ်စ်ကားဂိတ်ရှိ ကြော်ငြာဘုတ်အနောက်တွင် ကိုယ်ကိုကုန်း၍ ပုန်းအောင်းနေသော အမွှေးကြမ်းကြမ်းနှင့် သတ္တဝါကြီးတစ်ကောင်ကို မြင်လိုက်ရသည်။
ကျန်းဟိုမှာမူ အသွားချွန်ကြီးများဖြင့် သူ့နောက်ကို တကောက်ကောက် လိုက်နေသော ကြွက်ကြီးရန်မှ လွတ်အောင် အရှိန်ပြင်းပြင်း ပြေးနေရသဖြင့်၊ အခြားတစ်ကောင်၏ တည်နေရာကို စဉ်းစားရန် အချိန်မရှိပေ။
မိုဖန်သည် သူဖြန့်ကြဲထားသော သားရဲရှာဖွေရေးအမှုန့်ကို အသုံးပြု၍ မမျှော်လင့်ဘဲ ပါးနပ်လှသော ထိုကြွက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုမှော်သားရဲများသည် အားကြီးသူက အားနည်းသူကို စားသည့် ပတ်ဝန်းကျင်မျိုးတွင် အမြဲရှင်သန်လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ နည်းလမ်းများသည် မြို့ထဲတွင် ဘေးကင်းစွာ နေထိုင်လာခဲ့သော လူသားများထက် များစွာ ရက်စက်ကြမ်းကြုတ်လှပေသည်။
သားရဲအမဲလိုက်သည့် အတွေ့အကြုံ အစစ်အမှန် မရှိသော မှော်ဆရာများသည် ကျန်းယင်လုကဲ့သို့ပင် အသတ်ခံရပေလိမ့်မည်။ သူသည် လေဒြပ်စင်မှော်ဆရာမ တစ်ဦးဖြစ်သော်လည်း သူ၏မန္တန်ကို အချိန်ပြည့် အသင့်အနေအထား ပြင်ထားရမည်ကို မသိခဲ့ပေ။
"ဟိုမှာကြည့်၊ သူ့လည်ပင်းက ရှည်ထွက်လာပြီ" ကျိုးမင်က ကြော်ငြာဘုတ်အနောက်က ကြွက်လူဝံကို မြင်လိုက်ရသဖြင့် မိုဖန်ကို အလောတကြီး ပြောလိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါ မိုဖန် စိတ်ထဲမှ ကျိန်ဆဲမိတော့သည်။
မျက်လုံးကြီး ကြွက်လူဝံ၏ စွမ်းရည်မှာ ကိုက်ခြင်းနှင့် ကုတ်ခြင်းရုံမျှ မဟုတ်ပေ။ ၎င်း၏ အကြောက်စရာအကောင်းဆုံး တိုက်ခိုက်မှုမှာ မျက်လုံးမှ ပစ်လွှတ်လိုက်သော အနီရောင် အလင်းတန်းပင် ဖြစ်သည်။ ၎င်းမှာ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားရှိ၏။
ထိုခဏတွင် ကြွက်လူဝံ၏ အကြည့်မှာ ကျန်းဟိုထံသို့ တိကျစွာ ပစ်မှတ်ထားထားပြီ ဖြစ်သည်။ “ဝေဝါးခြင်းဖြင့် မျက်စိကွယ်စေ...”
မိုဖန် အလွန် စိုးရိမ်နေစဉ်မှာပင် ရွှဲမူရှိန်း၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ၏ အသံထဲတွင် အားကိုးထိုက်သော စွမ်းအားများ ပါဝင်နေ၏။ ရုတ်တရက်ဆိုသလို လည်ပင်းရှည်ထွက်နေသော ကြွက်လူဝံ၏ ရှေ့တည့်တည့်တွင် နို့နှစ်ရောင် အလင်းလုံးကြီး ပေါ်လာ၍ တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်တော့သည်။
ထိုအလင်းမှာ အလွန် ပြင်းထန်လှပေရာ ကြော်ငြာဘုတ်ပေါ်က ဆေးသုတ်ထားမှုများမှာပင် အလင်း၏ အပူရှိန်ကြောင့် အရည်ပျော်တော့မည့်အတိုင်း ဖြစ်နေ၏။ ဘတ်စ်ကားထဲက ကျောင်းသားများသည် မျက်လုံးများကို အမြန်မှိတ်လိုက်ကြသော်လည်း ပြင်းထန်သော အလင်းကြောင့် ပူလောင်မှုကို ခံစားနေရဆဲ ဖြစ်သည်။
တောက်ပလှသော အလင်းတန်းမှာ ကြွက်လူဝံ၏ ရှေ့တွင် ပေါက်ကွဲသွားပြီး ဓားသွားများကဲ့သို့ စူးရှသော အလင်းများသည် ပြူးကျယ်နေသော ကြွက်လူဝံ၏ မျက်လုံးထဲသို့ တိုးဝင်သွားတော့သည်။ ကြွက်လူဝံ၏ မျက်ကြည်လွှာမှာ လောင်ကျွမ်းသွားပြီး မျက်လုံးအိမ်တစ်ခုလုံးသို့ ပြန့်နှံ့သွားသည်ကို မြင်တွေ့လိုက်ရ၏။
အနီရောင် အလင်းတန်း ပစ်လွှတ်ရန် ပြင်နေသော မျက်လုံးကြီး ကြွက်လူဝံမှာ အလင်းကြောင့် မျက်စိကွယ်သွားရရှာသည်။ ၎င်းမှာ နာကျင်စွာ အော်ဟစ်ရင်း ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရမ်းသန်း တိုက်ခိုက်နေတော့သည်။
ထိုအချိန်မှသာ ကျန်းဟိုသည် ဘတ်စ်ကားဂိတ် ကြော်ငြာဘုတ်နားတွင် နောက်ထပ် ကြွက်လူဝံတစ်ကောင် ရှိနေသည်ကို သတိပြုမိတော့သည်။ သူသည် လျင်မြန်စွာပင် နေရာပြောင်းလိုက်ပြီး သူ့နောက်ကို လိုက်နေသော သတ္တဝါကြီးကို မျက်ခြေဖြတ်ကာ လူအုပ်ရှိရာသို့ ပြန်လာခဲ့သည်။
"ဆရာရွှဲ... ကျေးဇူးတင်ပါတယ်" ကျန်းဟို အမောတကော ပြောလိုက်သည်။
ဤတောက်ပသော အလင်းတန်းသည် အားလုံးအတွက် ခြိမ်းခြောက်မှုဖြစ်နေသော ကြွက်လူဝံတစ်ကောင်ကို တိုက်ရိုက် မျက်စိကွယ်သွားစေခဲ့သည်။ ကျန်ရှိနေသော ကြွက်လူဝံအတွက်မူ သူတို့အားလုံး မန္တန်ဖန်တီးရန် အချိန်ရသွားပြီ ဖြစ်သဖြင့် ထိုသတ္တဝါသည် သူတို့ကို ထပ်မံ အန္တရာယ်ပြုနိုင်တော့မည် မဟုတ်ပါပေ။
ပထမဆုံး စတင်တိုက်ခိုက်သူမှာ မိုဖန် ဖြစ်သည်။ သူသည် အားလုံးထဲတွင် မန္တန်ကို အမြန်ဆုံး အပြီးသတ်နိုင်သူ ဖြစ်ပြီး၊ သူ၏ တတိယအဆင့် မီးမှော်ပညာမှာ ကြွက်လူဝံကို ပုန်းခိုရန် အချိန်ပင် မပေးပေ။ ကျန်းယင်လုကို သတ်ခဲ့သော ကြွက်လူဝံ၏ ရှေ့တည့်တည့်တွင် ပြင်းထန်သော မီးတောက်ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်သွားတော့သည်။
တီ...တီ...တီ...တီ
ပေါက်ကွဲမှုနှင့်အတူ ကားများ၏ အချက်ပေးသံများမှာ စူးစူးဝါးဝါး ထွက်ပေါ်လာသည်။ မိုဖန်၏ မီးတောက်ပေါက်ကွဲခြင်း စွမ်းအားအောက်တွင် ကားမှန်များစွာမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွား၏။
မျက်လုံးကြီး ကြွက်လူဝံမှာ ပေါက်ကွဲမှုကြောင့် လွင့်ထွက်သွားပြီး နွားနို့လက်ဖက်ရည်ဆိုင်၏ သံလိပ်တံခါးကို သွားတိုက်မိသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးများမှာ လောင်ကျွမ်းသွားပြီး အသားများမှာလည်း ကွဲအက်ကုန်၏။ ကွဲအက်သွားသော မှန်စများမှာလည်း ၎င်း၏ အသားဆိုင်များနှင့် ကြွက်သားများထဲသို့ စိုက်ဝင်နေသည်ကို မြင်တွေ့လိုက်ရသည်။
ရွှဲမူရှိန်းသည် နောက်သို့လှည့်၍ ကြွက်လူဝံကို ဒုက္ခပေးလိုက်သော မီးတောက်များ ပစ်လွှတ်သူ မိုဖန်ကို လေ့လာကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ဝမ်းသာအားရမှုများ ဖြတ်ပြေးသွား၏။
၎င်းမှာ တကယ့်ကို တတိယအဆင့် မီးတောက်ပေါက်ကွဲခြင်း ခေါ်ဆိုထိုက်ပေသည်။ ၎င်း၏ စွမ်းအားမှာ မှော်သားရဲတစ်ကောင်ကို ပြန်ထရန်ပင် ခက်ခဲသွားစေသည်။ ဤရှေ့ပြေးတပ်ဖွဲ့တွင် မိုဖန်ကဲ့သို့ အင်အားကြီးသော ကျောင်းသားတစ်ဦး ရှိနေသရွေ့ သူတို့အားလုံး သေဆုံးမည် မဟုတ်ပေ။
"ဒီအောက်တန်းစား သတ္တဝါ... ငါ သူ့ကို အရေခွံခွာပစ်မယ်" ဝမ်ဆန်းဖန့်နှင့် ကျန်းဟိုတို့မှာ အလွန်အမင်း ဒေါသထွက်နေကြသည်။
လွန်ခဲ့သော မိနစ်ပိုင်းကတင် ထိုသတ္တဝါမှာ သူတို့၏ အတန်းဖော် မိန်းကလေးကို အသေကိုက်ခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် ရက်အနည်းငယ်ဆိုလျှင် ကျန်းယင်လုသည် လှပသော မှော်တက္ကသိုလ်သို့ တက်ရောက်ရတော့မည် ဖြစ်သော်လည်း၊ ယခုမူ ဤကဲ့သို့ ရုပ်ဆိုးလှသော သတ္တဝါ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရပြီ။ ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သူက မိမိရင်ထဲရှိ ဒေါသကို ထိန်းချုပ်ထားနိုင်ပါမည်နည်း။
"မသွားနဲ့ဦး... အဲဒီကောင် မသေသေးဘူး" မိုဖန်က ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ဟန့်တားလိုက်သည်။
ဝမ်ဆန်းဖန့်သည် ကျန်းယင်လုအတွက် လက်စားချေရန် ပြင်လိုက်စဉ်မှာပင်၊ သေတော့မည့်အတိုင်း ဖြစ်နေသော ကြွက်လူဝံမှာ ရုတ်တရက် ခုန်တက်လာပြီး ၎င်း၏ သတ်ဖြတ်နိုင်သော အသွားချွန်ကြီးများဖြင့် ဝမ်ဆန်းဖန့်ကို ခုန်အုပ်လိုက်တော့သည်။ ဝမ်ဆန်းဖန့် အလျင်အမြန်ဘေးသို့ လူးလိမ့်ကာ အသာအယာ ရှောင်လိုက်ရသည်။
ထက်မြက်လှသော အသွားချွန်ကြီးမှာ ဝမ်ဆန်းဖန့်၏ ပုခုံးပေါ်က အသားစကို ကိုက်ဖြတ်သွားခဲ့၏။ ၎င်းကို မြင်လိုက်ရသောအခါ အားလုံးမှာ အသက်ရှူပင် မှားသွားကြရသည်။
"သတ္တဝါကောင်ဆိုး... သေစမ်း" ရှုကျောက်ထင်၏ ဒေါသတကြား အော်ဟစ်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်ရှိ လျှပ်စီးကြောင်းများသည် လျှပ်စီးနှင်တံတစ်ခုကဲ့သို့ ကြွက်လူဝံထံသို့ ရိုက်ခတ်သွားတော့သည်။
လျှပ်စီးလက်ခြင်း ပြင်းထန်သောနှင်တံ၏ စွမ်းအားမှာ အလွန်ပင် ပြင်းထန်လှပေသည်။ ၎င်းသည် ကြွက်လူဝံကို ပိုမို ဒဏ်ရာရစေသည့်အပြင်၊ ထပ်တလဲလဲ ဖြစ်ပေါ်နေသော လျှပ်စီးစက်ကွင်းများကြောင့် ၎င်းမှာ မလှုပ်ရှားနိုင်တော့ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းရင်း နာကျင်စွာ အော်ဟစ်နေရတော့သည်။
ဝမ်ဆန်းဖန့်သည် ဘတ်စ်ကားဆီသို့ အသည်းအသန် ပြန်တွားသွားလာခဲ့သည်။ သူ၏ ပုခုံးမှ သွေးများမှာ စီးကျနေ၏။ သူ၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် သေလူကဲ့သို့ ဖြူလျော့နေသည်။
ရှုကျောက်ထင်၊ ကျိုးမင်နှင့် ကျန်းရှုဟွာ တို့မှာ ကြွက်လူဝံကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်အထိ မှော်အတတ်များဖြင့် ဆက်တိုက် တိုက်ခိုက်လိုက်ကြသည်။
ယခုတစ်ခေါက်တွင်မူ ကြွက်လူဝံမှာ အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် အားလုံး၏ မျက်နှာတွင်မူ စိတ်သက်သာရာရသည့် အရိပ်အယောင် တစ်စွန်းတစ်စမျှ မရှိပေ။
“ဒါဟာ တကယ့် မှော်သားရဲ အစစ်အမှန်ပါလား...လူတစ်ယောက်ကို သတ်ဖို့ သူတို့အတွက် တစ်စက္ကန့်ပဲ လိုတယ်၊ မတော်တဆ အမှားအယွင်းလေး တစ်ခုကတင် မှော်ဆရာတစ်ယောက်ရဲ့ အသက်ကို နှုတ်ယူသွားနိုင်တာပဲ...”
"မင်း သတိပေးလိုက်လို့ တော်သေးတာပေါ့၊ မဟုတ်ရင် ဝမ်ဆန်းဖန့်လည်း ကျန်းယင်လုလို ဖြစ်သွားမှာ" ရှုကျောက်ထင်က မိုဖန်ကို ထိတ်လန့်တကြား ပြောလိုက်သည်။
ရွှဲမူရှိန်းကလည်း အဆက်မပြတ် ခေါင်းညိတ် ထောက်ခံသည်။ အင်အားအကောင်းဆုံး ကျောင်းသားများနှင့် ဖွဲ့စည်းထားသော ရှေ့ပြေးတပ်ဖွဲ့သည် မှော်သားရဲနှင့် ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာတင် သေဆုံးသူနှင့် ဒဏ်ရာရသူ ရှိလာလိမ့်မည်သူ လုံးဝ ထင်မထားခဲ့ချေ။
"မိုဖန်... မင်းက မှော်သားရဲတွေရဲ့ သဘာဝကို ကောင်းကောင်း နားလည်ပုံရတယ်။ အဖွဲ့ကို မင်းပဲ ဦးဆောင်လိုက်ပါ၊ ငါနဲ့ ဟဲယုက ကာကွယ်ရေးအပိုင်းကို တာဝန်ယူမယ်။ ဟဲယု... ဒီလို အခြေအနေမျိုးမှာ ဒီစကားကို ပြောရတာ လွန်တယ်လို့ ထင်ရပေမဲ့၊ ကျန်းယင်လု ဘယ်လို အသတ်ခံလိုက်ရလဲဆိုတာ မင်း မျက်စိနဲ့ မြင်ခဲ့ပြီးပြီ။ အခုက မြေပြင်မှာ ထိုင်ပြီး ကြောက်လန့်တုန်ယင်နေရမယ့် အချိန်မဟုတ်ဘူး၊ သေသွားတဲ့သူတွေအတွက် ငိုနေရမယ့် အချိန်လည်း မဟုတ်ဘူး။ နောက်တစ်ခါ မှော်သားရဲ တိုက်ခိုက်လာရင် ငါတို့ထဲက တစ်ယောက်ယောက်ကို မင်းရဲ့ ရေဒြပ်စင်ကာကွယ်ရေးမှော်နဲ့ ကာကွယ်ပေးပါ၊ မဟုတ်ရင် ကျန်နေတဲ့ ငါတို့ ၉ ယောက်စလုံး ခိုလှုံရာစခန်း ရောက်တဲ့အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး... ငါတို့နောက်က လိုက်နေတဲ့ လူလေးထောင်ကျော်လည်း လမ်းပျောက်ကုန်လိမ့်မယ်" ရွှဲမူရှိန်းက ကြောက်လန့်လွန်းသဖြင့် စိတ်လွင့်နေသော ဟဲယု၏ အနားသို့ သွားကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်...ကျွန်မ... ကျွန်မ မန္တန်ကို အပြီးမသတ်နိုင်ဘူး..." ဟဲယု၏ မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ သူအမှန်တကယ် ကြောက်နေသည်။ သူလည်း ကျန်းယင်လုကဲ့သို့ ဖြစ်သွားမည်ကို ကြောက်နေခြင်း ဖြစ်၏။
"အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါ... မင်း ရေအတားအဆီးတစ်ခု ဖန်တီးနိုင်တာနဲ့တင် ငါတို့ရဲ့ အသက်တွေကို ကယ်တင်နိုင်မှာပါ။ မင်း လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်" ရွှဲမူရှိန်းက အားပေးစကား ဆိုလိုက်သည်။
အခန်း (၉၈) ပြီး ***