မိုဖန်သည် ရှိုက်ကြီးတငင် ငိုကြွေးနေသော ဟဲယုကို တစ်ချက်ကြည့်ကာ မသက်ပြင်းမချဘဲ မနေနိုင်ပေ။ ရှောင်ကောသည်လည်း ရေဒြပ်စင်မှော်ဆရာမ တစ်ဦးဖြစ်ပြီး ဒုတိယအဆင့်ရေအတားအဆီးကိုပင် တတ်မြောက်ထားသူ ဖြစ်သည်။ သို့သော် တကယ့်မှော်သားရဲနှင့် ထိပ်တိုက်တွေ့သောအခါတွင်မူ ဟဲယုသည် သာမန်မိန်းကလေးတစ်ယောက်နှင့် မခြားဘဲ မန္တန်ပင် မရွတ်ဆိုနိုင်တော့ပေ။ အကယ်၍ အဖွဲ့ထဲရှိ အခြားလူများသာ ထိုသို့ဖြစ်နေမည်ဆိုပါက နောက်တစ်ကြိမ် မှော်သားရဲနှင့် တွေ့လျှင် သေဆုံးသူ ပိုမိုများပြားလာပေလိမ့်မည်။
လက်ရှိတွင် မိုဖန်သည် လူမည်မျှ အသက်ဆုံးရှုံးရမည်ကို မသိနိုင်သေးဘဲ၊ ထိုလမ်းအတိုင်း ရှေ့သို့ ဆက်လှမ်းရန်သာ မိမိကိုယ်ကိုယ် တိုက်တွန်းနေရတော့သည်။
"ဆရာရွှဲက ကျွန်တော့်ကို အဖွဲ့ဦးဆောင်ခိုင်းတယ်ဆိုတော့ ကျွန်တော်ပြောတာကို အားလုံး မှတ်ထားစေချင်ပါတယ်။ ငါတို့ ခိုလှုံရာစခန်းကို ချောချောမွေ့မွေ့ ရောက်ချင်မှ ရောက်မယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ မလိုအပ်ဘဲ အသက်ဆုံးရှုံးတာမျိုးကို ငါတို့ တားဆီးနိုင်ရမယ်" မိုဖန်က ရှေ့ပြေးတပ်ဖွဲ့ဝင်များကို လေးနက်စွာ ပြောလိုက်သည်။
ထိုရှေ့ပြေးတပ်ဖွဲ့သည် မှော်သားရဲများကို အလွန်အမင်း ရိုးရှင်းသည် ထင်မြင်ခဲ့ကြသည်။ လက်တွေ့လေ့ကျင့်ရေးတွင် ကြုံခဲ့ရသည်မှာ လေ့ကျင့်မှုသက်သက်သာ ဖြစ်၏။ ဝိညာဉ်ဝံပုလွေမှာ ရူးသွပ်မသွားမီအထိ ကျောင်းသားများကို သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ အစစ်အမှန် မှော်သားရဲများမှာမူ ထိုသို့ မဟုတ်ပေ။ သူတို့သည် လူသားများကို သတ်ဖြတ်ရန် နည်းလမ်းမျိုးစုံ အသုံးပြုကြလိမ့်မည်။ မိမိကိုယ်တိုင် သေရမည်ကို သိလျှင်ပင် ကျန်ရှိနေသော အင်အားဖြင့် ရန်သူကိုပါ တစ်ပါတည်း ဆွဲခေါ်သွားတတ်ကြသည်။ မှော်သားရဲများသည် အချင်းချင်း သတ်ဖြတ်နေရသော ပတ်ဝန်းကျင်တွင် ရှင်သန်လာကြသူများ ဖြစ်သဖြင့် သူတစ်ပါးကို သတ်ဖြတ်နိုင်မည့် နည်းစနစ်များကို ကောင်းစွာ နားလည်ထားကြသည်။
"ငါတို့ အဓိက ရင်ဆိုင်ရမှာက အမျိုးအစား နှစ်မျိုးရှိတယ်။ မျက်လုံးကြီး ကြွက်လူဝံ နဲ့ မျက်လုံးတစ်လုံး မှော်ဝံပုလွေ'တွေပဲ။ ကြွက်လူဝံတွေက ကိုင်တွယ်ရတာ နည်းနည်း လွယ်ပေမဲ့၊ တကယ် ကြောက်ဖို့ကောင်းတာက မျက်လုံးတစ်လုံး မှော်ဝံပုလွေတွေပဲ။ သူတို့ရဲ့ ရက်စက်မှုနဲ့ ပါးနပ်မှုက ကြွက်လူဝံတွေထက် အဆပေါင်းများစွာ သာတယ်။ အကယ်၍ ဝံပုလွေ သုံးကောင် ဒါမှမဟုတ် အဲဒီထက် ပိုတဲ့အုပ်စုနဲ့ တွေ့ရင် မတွန့်ဆုတ်ပါနဲ့၊ လူစုခွဲပြီး အသီးသီး ထွက်ပြေးကြပါ။ ကံကောင်းရင် ငါတို့ထဲက သုံးယောက်ပဲ သေလိမ့်မယ်။ အားလုံး စုပြီး မပြေးဘဲ နေရင်တော့ အကုန် သေကုန်လိမ့်မယ်" မိုဖန်က ပြတ်သားစွာ ပြောလိုက်သည်။
အမှန်စင်စစ်တွင်မူ မျက်လုံးတစ်လုံး မှော်ဝံပုလွေ နှစ်ကောင် တစ်ပြိုင်နက် ပေါ်လာရုံနှင့်ပင် ဤရှေ့ပြေးတပ်ဖွဲ့အတွက် အသက်အန္တရာယ်ရှိသော ထိုးနှက်ချက် ဖြစ်စေရန် လုံလောက်လှပေသည်။ လက်ရှိတွင် မိုဖန်သည် သူ၏ အတန်းဖော်များကို မှော်သားရဲများ၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ စာသင်ခန်းထဲတွင် သင်ကြားခဲ့ရသည်ထက် အဆပေါင်း ထောင်ချီ၍ ဆိုးဝါးကြောင်း နားလည်စေလိုခြင်းသာ ဖြစ်ပေသည်။
“ဒါဟာ လေ့ကျင့်ရေး မဟုတ်တော့သလို၊ လက်တွေ့သင်ခန်းစာလည်းမဟုတ်ဘူး ဒါဟာ အသက်နဲ့ရင်းရတဲ့ တိုက်ပွဲပဲ နိုင်ရင် အသက်ရှင်မယ်၊ ရှုံးရင် သေရမယ်...”
ရှုကျောက်ထင်၊ ဝမ်ဆန်းဖန့်၊ ကျိုးမင်၊ မူပိုင်၊ ကျောင်ကူဆန်း၊ ကျန်းဟို၊ ဟဲယု၊ ကျန်းရှုဟွာ နှင့် ဆရာရွှဲမူရှိန်းတို့ အားလုံးမှာ မိုဖန်ကို အာရုံစိုက်၍ နားထောင်နေကြသည်။ မိုဖန်၏ သတိပေးချက်များကြောင့်သာ သူတို့ ပထမဆုံး အကြိမ်တွင် အထိအခိုက်နည်းခဲ့ခြင်း ဖြစ်သည်။ သူတို့သည် မိုဖန်ပြောသည်ကို နားထောင်ရင်း သူတို့ကဲ့သို့ တတိယနှစ် ကျောင်းသားတစ်ယောက်ဖြစ်သော မိုဖန်က အဘယ်ကြောင့်အားလုံးထက် ပိုပြီး ထက်မြက်နေရသနည်းကို စိတ်ထဲတွင် တွေးတောနေကြတော့သည်။
မိုဖန်သည် ဝမ်ဆန်းဖန့် လုပ်ခဲ့မိသလို မိုက်မဲသော အမှားများကို ထပ်မံ မလုပ်မိစေရန် အားလုံးကို သတိပေးလိုက်သည်။ သေဆုံးနေပြီထင်ရသော မှော်သားရဲအနားသို့ မည်သည့်အခါမျှ မကပ်ပါနှင့်၊ ၎င်းသည် နောက်ဆုံးထွက်သက်တွင် သင့်ကိုပါ တစ်ပါတည်း ဆွဲခေါ်သွားနိုင်သောကြောင့် ဖြစ်သည်။
"မျောက်... လမ်းရှာဖို့ က မင်းအပေါ်တာဝန် ရှိတယ်..သေချာ ဂရုစိုက်ပြီး လုပ်ဆောင်ပါ" မိုဖန်က ကျန်းဟိုကို သတိပေးလိုက်သည်။ ကျန်းဟိုကလည်း ခေါင်းကို အဆက်မပြတ် ညိတ်ပြ၏။ မိုဖန်ပြောသမျှကို သူ အကုန် နားထောင်မည် ဖြစ်သည်။
"မူပိုင်... မင်းရဲ့ ရေခဲပျံ့နှံ့မှုခြင်းကို အချိန်ပြည့် အသင့်ပြင်ထားပါ။ မင်းရဲ့ ရေခဲမှော်က အားလုံးကို ကာကွယ်ဖို့အတွက်ပဲ သုံးရမယ်ဆိုတာ မှတ်ထား၊ မြန်လွန်းတဲ့ မှော်သားရဲတွေကို အေးခဲပစ်ဖို့အထိတော့ မမျှော်လင့်နဲ့ဦး" မိုဖန်က မူပိုင်ကို ပြောလိုက်သည်။
မူပိုင်သည် မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခု ပြန်ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ထိုစကားများကို ပြန်မျိုချလိုက်ရသည်။ သူသည် မိုဖန်အပေါ် အငြိုးအတေး အကြီးအကျယ် ရှိသော်လည်း၊ မိမိအသက် အပါအဝင် အားလုံး၏ အသက်နှင့် ယှဉ်လျှင် ထိုအငြိုးအတေးမှာ အလွန်ပင် သေးငယ်လှပေသည်။ သူက ခေါင်းညိတ်ပြကာ ရေခဲပျံ့နှံ့ခြင်းကို မည်သို့ အသုံးပြုရမည်ကို နားလည်ကြောင်း ပြသလိုက်သည်။
မိုဖန်သည် အားလုံးကို အမြန်ရှင်းပြပြီးနောက် သက်ပြင်းတစ်ချက်ကို ချလိုက်မိသည်။ အမှန်စင်စစ် သူကိုယ်တိုင်ပင်လျှင် ဤသုံးကီလိုမီတာ ရှည်လျားသော သေမင်းတမန်လမ်းကို ဘေးကင်းစွာ ဖြတ်သန်းနိုင်မလား ဆိုသည်ကို မသိပေ။ အားလုံး၏ ကံကောင်းမှုကိုသာ ဆုတောင်းရင်း ဝံပုလွေ သုံးကောင် တစ်ပြိုင်နက် မတွေ့ပါစေနှင့်သာ မျှော်လင့်နေမိတော့သည်။
အဖွဲ့သည် ရှေ့သို့ ဆက်လက်ချီတက်ကြသည်။ တစ်ကီလိုမီတာခန့် ရှည်သော လမ်းမကြီးတစ်လျှောက်တွင် အခြားမှော်သားရဲများနှင့် ထပ်မံ မတွေ့ရတော့ပေ။ သို့သော် အိမ်ရာဝင်း အဆောက်အအုံများအတွင်း ခိုလှုံရာစခန်းသို့ အချိန်မီ မဆုတ်ခွာနိုင်ကြသော သက်ကြီးရွယ်အို အချို့ကိုမူ တွေ့ရှိခဲ့ကြသည်။
ရှေ့ပြေးတပ်ဖွဲ့သည် အရပ်သားများကို လိုက်လံစောင့်ရှောက်ရန် မဖြစ်နိုင်သဖြင့်၊ ဆရာရွှဲမူရှိန်းက ထိုလူကြီးမင်းများကို ပင်မအုပ်စုကြီး ရောက်လာသောအခါ အနောက်ကနေ လိုက်ခဲ့ကြရန်သာ မှာကြားခဲ့ရသည်။ မဟုတ်ပါက သူတို့ တကယ်ပင် အန္တရာယ်ရှိနိုင်ပေသည်။
လမ်းတိုင်းလိုလိုမှာ ပိတ်ဆို့နေ၏။ ရံဖန်ရံခါတွင် ကားဖြင့် ခိုလှုံရာစခန်းသို့ သွားရန် ကြိုးစားသူအချို့ကို တွေ့ရသော်လည်း၊ နောက်ဆုံးတွင် လမ်းပိတ်နေသဖြင့် ကားကို ပစ်ထားခဲ့ကာ ခြေလျင်လျှောက်ကြရသည်သာ ဖြစ်သည်။ လမ်းပေါ်တွင် တွေ့ရသော လူများကို ရွှဲမူရှိန်းနှင့် ကျိုးမင်တို့က တစ်နေရာတွင် အရင်ပုန်းနေရန်နှင့် ပင်မအုပ်စုကြီးကို စောင့်ရန် ပြောကြားခဲ့ကြသည်။
လမ်းမကြီးကို ဖြတ်ကျော်ပြီးနောက် မင်ယွမ် ရပ်ကွက်သို့ အမြန် ရောက်ရှိခဲ့ကြသည်။ မင်ယွမ်ရပ်ကွက်မှာ ပိုမြို့တွင် အတော်အတန် အဆင့်မြင့်သော နေရာတစ်ခုဟဆိုနိုင်ပြီး ဓာတ်လှေကားပါသော အဆောက်အအုံများ ရှိသည်။ ရပ်ကွက်တစ်ခုလုံးမှာ မြို့ထဲက ပန်းခြံလေးတစ်ခုကဲ့သို့ လှပစွာ ပြင်ဆင်ထားပြီး အကျယ်အဝန်းမှာလည်း အတော်အတန် ကြီးမားလှသည်။ အေ၊ ဘီ၊ စီ၊ ဒီ ဟု ခေါ်သော ရပ်ကွက်ခွဲ လေးခုလုံးကို ဖြတ်ကျော်ရန် တစ်ကီလိုမီတာနီးပါး ခရီးနှင်ရမည် ဖြစ်သည်။
ထိုအထပ်မြင့် အဆောက်အအုံများထဲတွင် မဆုတ်ခွာရသေးသည့် လူမည်မျှ ရှိနေမည်ကို မည်သူမျှ မသိနိုင်ပါပေ။ သူတို့မှာတော့ ထိုအဆောက်အအုံကြီးများထဲတွင် နေလျှင် ဘေးကင်းမည် ယုံကြည်နေကြပုံရသည်။
မင်ယွမ်ရပ်ကွက်၏ ခြံစည်းရိုးများမှာလည်း အသုံးမဝင်တော့ပေ။ မိုဖန်သည် ကျိုးပဲ့နေသော ခြံစည်းရိုးအချို့ကို တွေ့လိုက်ရသဖြင့် ဤကျယ်ဝန်းသော ဧရိယာအတွင်း မှော်သားရဲအချို့ ရှိနေမည်မှာ သေချာလှပေသည်။
ရပ်ကွက်၏ နောက်ဖက်တံခါးကို ဖြတ်ကျော်လာစဉ် ရေကန်တစ်ခုကို တွေ့လိုက်ရသည်။ လုံခြုံရေးဝန်ထမ်းတစ်ဦး၏ အလောင်းမှာ ထိုရေကန်ထဲတွင် ပေါ်နေပြီး၊ ကန်ရေပြင်မှာလည်း သွေးများကြောင့် နီရဲနေတော့သည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးမှာ စတင် တိတ်စပြုနေပြီ ဖြစ်သဖြင့် မြို့ထဲမှ သွေးကွက်များကို ဆေးကြောရန် ပို၍ ခက်ခဲလာတော့သည်။ နေရာအနှံ့တွင် သွေးကွက်များကို မြင်တွေ့ရသဖြင့် ရှေ့ပြေးတပ်ဖွဲ့ဝင်များမှာ ထိုနေရာကို ဖြတ်သန်းစဉ် ကြက်သီးမွေးညင်းများပင် ထလာကြရသည်။
“ကြားလိုက်လား...ဒီအဆောက်အအုံထဲမှာ တစ်ခုခု အော်ဟစ်နေသံ ကြားတယ်" ကျိုးမင်က မိုဖန်ကို တိုးတိုးလေး ပြောလိုက်သည်။
မိုဖန်သည် အဆောက်အအုံတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ မှန်တံခါးမှတစ်ဆင့် ကြည့်လိုက်ရာ၊ လူသား မဟုတ်သော အရိပ်တစ်ခု ပြတင်းပေါက်နားမှ ဖြတ်သွားသည်ကို ခပ်ရေးရေး မြင်လိုက်ရ၏။
"မြန်မြန် ရှေ့ဆက်ရအောင်" မိုဖန်သည် ဆက်လက် စုံစမ်းခြင်း မပြုတော့ပေ။ ကျိုးမင်လည်း ခေါင်းညိတ်ကာ ဘာမျှထပ်မပြောရဲပေ။
ခြေလှမ်းအနည်းငယ် ထပ်တိုးလိုက်စဉ်မှာပင် လမ်းရှာဖွေနေသော ကျန်းဟိုသည် အလောတကြီး ပြန်ရောက်လာသည်။
"ရှေ့မှာ မျက်လုံးကြီး ကြွက်လူဝံ ငါးကောင်ထက်မက ရှိနေတယ်၊ ငါတို့ တခြားလမ်းကနေ ပတ်သွားမှဖြစ်မယ်"ကျန်းဟိုက ပြောလိုက်သည်။
"ကောင်းပြီ၊ တခြားလမ်းကို သုံးကြရအောင်" မိုဖန်က သဘောတူလိုက်ပြီး ကျန်းဟို၏ ပုခုံးကို ပုတ်ကာ ကောင်းကောင်းလုပ်နိုင်ကြောင်း ပြသလိုက်သည်။
ကျန်းဟိုမှာမူ အားတင်းကာ ပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။ ကျန်းဟို ကိုယ်တိုင်မှာလည်း ကြောက်ရွံ့တတ်သူ ဖြစ်သော်လည်း၊ မိုဖန်၏ တည်ငြိမ်သော တုံ့ပြန်မှုများကို မြင်ရသောအခါ သူကိုယ်တိုင်လည်း သတ္တိအနည်းငယ် ပိုရှိလာသလို ခံစားရသည်။
ကြွက်လူဝံ ငါးကောင်ကို ရှောင်ကွင်းပြီးနောက် သူတို့သည် ရပ်ကွက်၏ တစ်ဝက်ခန့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သည်။ လမ်းတစ်ခုလုံးမှာ ထိတ်လန့်စရာကောင်းသော်လည်း အန္တရာယ်ကြီးကြီးမားမား မရှိခဲ့ပေ။
"ရေကူးကန်နားမှာ မျက်လုံးကြီး ကြွက်လူဝံတစ်ကောင် ရေသောက်နေတယ်"
"အဲဒါကို ပတ်သွားမယ်"
"ဘာလို့လဲ... အဲဒီကောင်ကို အပြတ်ရှင်းပြီး ဒီလမ်းကနေ တိုက်ရိုက်သွားလို့ ရတာပဲကို" ကျန်းရှုဟွာက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"အရေးမကြီးတဲ့ တိုက်ပွဲတွေမှာ အင်အား မဖြုန်းပါနဲ့။ အခုအချိန်မှာ ငါတို့ရဲ့ မှော်အင်အားက သဲကန္တာရထဲက ရေထက်တောင် ပိုပြီး အဖိုးတန်တယ်"
သူတို့သည် မင်ယွမ်ရပ်ကွက်ကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။ အနောက်တွင် လိုက်ပါလာမည့် လူအုပ်ကြီးကို ထည့်သွင်းစဉ်းစား၍ မိုဖန်သည် အတော်အတန် ကျယ်ဝန်းပြီး သင့်တော်မည့် လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့သည်။ မဟုတ်ပါက လူစုလူဝေးကြောင့် ပိတ်ဆို့နေပြီး မှော်သားရဲများ၏ တိုက်ခိုက်မှုကို ခံရပါက အလွန် အန္တရာယ်ရှိနိုင်သောကြောင့် ဖြစ်ပေသည်။
အခန်း (၉၉) ပြီး
***