"ကောင်းပြီ၊ နောက်ထပ် တစ်ကီလိုမီတာလောက်ပဲ လိုတော့တယ်၊ ငါတို့ ဘေးကင်းကင်းနဲ့ ရောက်တော့မယ်" ရွှဲမူရှိန်းက ဆိုသည်။
မိုဖန်ကို အဖွဲ့ဦးဆောင်ခိုင်းလိုက်ခြင်းမှာ အလွန်မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပေသည်။ ဤကောင်လေးမှာ ဆရာထက်ပင် အတွေ့အကြုံ ပိုရှိနေ၏။ သူသည် သားရဲရှာဖွေရေးအမှုန့်ကို အသုံးပြု၍ သားရဲများ၏ တည်နေရာကို ခန့်မှန်းခြင်း၊ အာရုံလွှဲခြင်းနှင့် အထိအခိုက်မရှိဘဲ ချက်ချင်း အပြတ်ရှင်းခြင်းတို့ဖြင့် မင်ယွမ်ရပ်ကွက်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ မင်ယွမ်ရပ်ကွက်ရှိ မှော်သားရဲအရေအတွက်မှာ လမ်းမကြီးပေါ်ကထက် များစွာပိုသော်လည်း ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ခြင်းမှာ အမှန်ပင် ကံကောင်းလှခြင်း ဖြစ်ပေသည်။
"ခိုလှုံရာစခန်းတွေရဲ့ အပြင်ဘက်မှာ မှော်သားရဲတွေ ပိုပြီး စုပြုံနေတတ်တယ်။ အားလုံးပဲ သတိမပေါ့ကြနဲ့ဦး" မိုဖန်က အားလုံးကို သတိပေးလိုက်သည်။
နောက်ဆုံး တစ်ကီလိုမီတာခရီးမှာ စီးပွားရေးနှင့် အပန်းဖြေဇုန်တစ်ခု ဖြစ်သည်။ တိကျသော လမ်းမကြီးဟူ၍ မရှိဘဲ လမ်းကြားလေးများနှင့် လမ်းများမှာ ရှုပ်ထွေးလှပေသည်။ ဤကဲ့သို့သော နေရာမျိုးမှာ မှော်သားရဲများရန်မှ ပုန်းအောင်းရန် ကောင်းသလို၊ တစ်ဖက်တွင်လည်း ချောင်းမြောင်း တိုက်ခိုက်ခံရရန် အလွန်လွယ်ကူလှပေသည်။ သူတို့၏ လှုပ်ရှားမှုမှာ အလွန်ဖျတ်လတ်သဖြင့် ပင်မအုပ်စုကြီးကဲ့သို့ လမ်းကြောင်းပြောင်းရန် ခက်ခဲခြင်းမျိုး မရှိပေ။
"ဟိုမှာ တခြားမှော်ဆရာတွေ တိုက်ပွဲဖြစ်နေပုံပဲ၊ ငါတို့ သူတို့နဲ့ သွားပူးပေါင်းသင့်လား...” ကျန်းဟိုက အမြင့်တစ်ခုပေါ်မှနေ၍ အားလုံးကို မေးလိုက်သည်။
"သူတို့က ကိုယ့်ဘာကိုယ်တောင် မနည်းရုန်းကန်နေရတာ၊ ငါတို့ဘက်ကို လှည့်ကြည့်နိုင်မှာ မဟုတ်ဘူး။ ရှေ့ကိုပဲ ဆက်သွားရအောင်" မိုဖန်က ပြန်ဖြေသည်။
ကျန်းဟို အမြင့်ပေါ်မှ ခုန်ဆင်းရန် ပြင်လိုက်စဉ်မှာပင်၊ ဘန်ဂလိုအိမ်လေး တစ်ခု၏ အနောက်မှနေ၍ ဧရာမ ဝံပုလွေခေါင်းကြီး တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်း၏ ဦးခေါင်းပေါ်ရှိ သွားကဲ့သို့ ချွန်ထက်နေသော အရိုးဆူးများမှာ ထင်ရှားလှပေသည်။ ကျန်းဟို၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိုခဏတွင် အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်သွားရ၏။
“ဟင်... အဲဒီဘန်ဂလိုက အနည်းဆုံး သုံးထပ်တိုက်လောက် ရှိတာကို၊ ဝံပုလွေခေါင်းက အဲဒီထက်တောင် မြင့်နေသေးတယ်... ဒီသတ္တဝါရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြီးမားနေမှာလဲ...ဒါက သာမန်မှော်သားရဲ ဟုတ်ရဲ့လား...”
"ကျန်းဟို... ဘာလုပ်နေတာလဲ၊ မြန်မြန် ဆင်းလာခဲ့လေ..." ဝမ်ဆန်းဖန့်က လှမ်းခေါ်လိုက်သည်။
ကျန်းဟို၏ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။ သူသည် ထောင့်တစ်နေရာသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်ပြီးနောက် အားလုံးကို တိုးတိုးနေရန် လက်ဟန်ပြကာ ဖုံးကွယ်၍မရသော ထိတ်လန့်မှုများဖြင့် ကြည့်လိုက်သည်။
ဝမ်ဆန်းဖန့် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် မိုဖန်က ထိုဝဝကောင်၏ ပါးစပ်ကို လျင်မြန်စွာ ပိတ်လိုက်တော့သည်။ ရွှဲမူရှိန်းသည်လည်း တစ်ခုခုကို ရိပ်မိသွားပုံရပြီး အားလုံးကို ပုန်းအောင်းရန် လက်ဟန်ပြလိုက်၏။ လူရှစ်ယောက်စလုံး နံရံထောင့်တွင် အမြန်ပုန်းလိုက်ကြပြီး အသက်ပင် ဝဝမရှူရဲကြပါပေ။ သူတို့၏ မျက်နှာများမှာ မှင်သက်ကြောက်လန့်နေကြသည်။
ဟူး........
မလှမ်းမကမ်းမှ ပြင်းထန်သော အသက်ရှူသံကြီး ထွက်ပေါ်လာပြီး ရုတ်တရက် မြေပြင်ပေါ်တွင် လေပြင်းများ ဝေ့ဝဲလာတော့သည်။
ဒုန်း...
လေးလံသော ခြေလှမ်းသံများက မြေပြင်ကို တုန်ခါစေသည်။ ၎င်း ရှေ့သို့ တစ်လှမ်းလှမ်းတိုင်း အဆောက်အအုံတစ်ခုလုံး သိသိသာသာ တုန်ခါသွားသည်ကို သူတို့ ခံစားနေရသည်။
စင်္ကြံလမ်းထောင့်တွင် ပုန်းနေသော ကျန်းဟိုမှာ ရုပ်သေးရုပ်တစ်ခုကဲ့သို့ ငြိမ်သက်နေတော့သည်။ သူသည် ထိုဧရာမ ဝံပုလွေခေါင်းနှင့် အမြင့်ချင်း နီးပါးတူနေပြီး၊ သုံးလုံးသော မျက်လုံးများဖြင့် သူ့ဘက်ကို အနံ့ခံနေသော ထိုသားရဲကြီးကို ခံစားနေရသည်။
“အမလေး... ဒီကောင်သာ ကိုက်ချလိုက်ရင် ဒီအခန်းငယ်ထဲက လူတွေအကုန် ပါသွားမှာပဲ...”
ကံကောင်းထောက်မစွာဖြင့် အမှိုက်နံ့များက လူတိုင်း၏ အနံ့ကို ဖုံးကွယ်ထားပေးသဖြင့် တော်သေးသည်။ သို့မဟုတ်ပါက ဤသတ္တဝါကြီး၏ အရွယ်အစားနှင့်ဆိုလျှင် လက်သည်းဖြင့် တစ်ချက်ကုတ်ရုံနှင့်တင် အကုန် ပွဲချင်းပြီး သေဆုံးသွားပေလိမ့်မည်။
တုန်ခါနေသော ခြေလှမ်းသံများမှာ ဖြည်းဖြည်းချင်း ဝေးကွာသွားတော့သည်။ မှင်သက်နေသော ရှေ့ပြေးတပ်ဖွဲ့ဝင်များ၏ တင်းမာနေသော မျက်နှာများမှာ ထိုအခါမှသာ စိတ်လျှော့နိုင်ကြတော့သည်။ သူတို့၏ ရင်ခုန်နှုန်းမှာလည်း ရပ်တန့်၍ မရနိုင်လောက်အောင် ပြင်းထန်စွာ ခုန်နေတော့သည်။
ထိုသတ္တဝါ မည်မျှအထိ ဝေးဝေးရောက်သွားသည် သူတို့ မသိကြပေ။ အားလုံးမှာ ထိုနေရာတွင်ပင် ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်နေကြပြီး ခြေတစ်လှမ်းပင် မလှမ်းရဲကြပေ။
"ဘယ်... ဘယ်သူကများ... ငါ့ကို ပြောပြနိုင်မလဲ... အဲဒါ... အဲဒါ ဘာကြီးလဲဆိုတာကို...." ဝမ်ဆန်းဖန့်က တုန်ရင်နေသော နှုတ်ခမ်းများဖြင့် ဝေးကွာသွားသော ဝံပုလွေခေါင်းကြီးကို ကြည့်ရင်း မေးလိုက်သည်။
ကျန်းဟိုမှာမူ ခြေကုန်လက်ပန်းကျကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်နေပြီး သူ၏ ခြေထောက်များမှာ တုန်ယင်နေခြင်းကို ရပ်တန့်၍ မရတော့ပေ။
ကြောက်စရာကောင်းလွန်းလှသည်။ ၎င်းမှာ သူတို့ယခင်က တွေ့ခဲ့ဖူးသော ကြွက်လူဝံများနှင့် ဝံပုလွေများထက် လုံးဝကို အဆင့်အတန်း ကွာခြားလှပေသည်။ ထိုကဲ့သို့သော ခန္ဓာကိုယ်မျိုးရှိသည့် သတ္တဝါကို သူတို့၏ မှော်အတတ်များဖြင့် ဒဏ်ရာရအောင်ပင် လုပ်နိုင်ပါမည်လား။
"အဲဒါ... အဲဒါစစ်သည်အဆင့် မှော်သားရဲပဲ။ မျက်လုံးသုံးလုံး မှော်ဝံပုလွေ၊ တခြားအခေါ်အဝေါ်အရ အကြမ်းစား အရိုးဆူးဝံပုလွေလို့လည်း ခေါ်တယ်။ သူ့ရဲ့ မျက်လုံးသုံးလုံးက ၂၇၀ ဒီဂရီအထိ မြင်နိုင်စွမ်းရှိပြီး၊ သူ့ခန္ဓာကိုယ်က သံမဏိလို မာကျောသလို၊ အရိုးတွေကလည်း ချွန်ထက်ကြမ်းတမ်းတယ်... ငါတို့အတွက်တော့ ဒါဟာ အိပ်မက်ဆိုး မှော်သားရဲပဲ" ရွှဲမူရှိန်းက အလွန်အမင်း လေးလံသော အသံဖြင့် ရှင်းပြလိုက်သည်။
"ဒါက ငါတို့ ရင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူး" ရှုကျောက်ထင်က ဆိုသည်။ သူ၏ အသံတွင် မျှော်လင့်ချက် ကင်းမဲ့နေသော အရိပ်အယောင်များ ပါဝင်နေ၏။
"အကယ်၍ အလယ်အလတ်အဆင့်မှော်ဆရာတစ်ယောက်တောင် အချိန်မီ မှော်အတတ်မပြင်ဆင်နိုင်ဘူးဆိုရင် တစ်ချက်တည်းနဲ့ အသတ်ခံရနိုင်တယ်။ ဒီမှာ စစ်သည်အဆင့် သတ္တဝါရှိနေကြောင်း ပင်မအုပ်စုကြီးအတွက် သတင်းစကား ချန်ထားခဲ့ရမယ်၊ မဟုတ်ရင် အကြီးအကျယ် ပျက်စီးဆုံးရှုံးကုန်လိမ့်မယ်" ရွှဲမူရှိန်းက ပြောလိုက်သည်။ လူတိုင်းက ခေါင်းညိတ် ထောက်ခံကြ၏။
မိုဖန်သည် မိုးရွာပြီးစ မြူနှင်းများ ဖုံးလွှမ်းနေသော ငွေရောင်စီးပွားရေး မျော်စင်ကို မကြည့်ဘဲ မနေနိုင်ပေ။စစ်သည်အဆင့်ရှိသော အရိုးဆူးဝံပုလွေပင်လျှင် ဤမျှ ကြောက်စရာကောင်းနေလျှင်၊ တာဝါ၏ ထိပ်ဆုံးတွင် ဝပ်နေသော တပ်မှူးအဆင့်ရှိသည့် တောင်ပံနက်ဝံပုလွေကရော မည်မျှအထိ ဆိုးဝါးနေမည်နည်း။ ထိုကဲ့သို့သော သတ္တဝါကြီးကို ယှဉ်ပြိုင်နိုင်ရန် မှော်ဆရာတစ်ဦးမှာ မည်မျှအထိ အင်အားကြီးမားရပါမည်နည်း။
ထိုသို့သော မှော်သားရဲကြီးများ၏ ရှေ့တွင်မူ အားလုံးမှာ အသတ်ခံရန် စောင့်နေရသော အစားအစာများသာ ဖြစ်ပေသည်။ သည်းထန်သော မိုးမှာ ရပ်တန့်သွားသည်မှာ ကြာပြီဖြစ်သော်လည်း မြို့ထဲတွင် မြူနှင်းများမှာ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ ခိုလှုံရာစခန်း၏ တောင်ဘက် တစ်ကီလိုမီတာ အကွာတွင် သွေးရောင်စွန်းထင်းနေသော အဖြူရောင် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ချွေးများ ရွှဲနစ်နေသော အမျိုးသမီးမှော်ဆရာမ တစ်ဦးသည် လမ်းပေါ်တွင် ပြေးလွှားနေသည်။
သူ၏ အနောက်တွင်မူ ပုံသဏ္ဌာန် မမှန်သော၊ အမည်းရောင် မျောက်များနှင့်တူသည့် သတ္တဝါနှစ်ကောင်က ရက်စက်စွာ လိုက်လံ လုယက်နေကြသည်။ ၎င်းတို့သည် ထိုဆွဲဆောင်မှုရှိသော အမျိုးသမီးငယ်ကို အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲပစ်တော့မည့်အတိုင်းပင်။
“လေဝဲ လေဆင်နှာမောင်း..."
လေဖိအားမှာ ရုတ်တရက် ကျဆင်းသွားပြီး ပတ်ဝန်းကျင်ရှိ အပျက်အစီးများမှာ ရုတ်တရက် စတင်လည်ပတ်လာတော့သည်။ ထိုလည်ပတ်မှုမှာ ပိုမို ပြင်းထန်လာပြီး မကြာမီမှာပင် ဧရာမ လေဆင်နှာမောင်းကြီး တစ်ခုမှာ လေနဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
ဘေးနားတွင် ရပ်ထားသော ကားများမှာ မြေပြင်မှ လွင့်တက်သွားပြီး လမ်းဘေး ဓာတ်တိုင်များမှာလည်း အမြစ်မှ ကျွတ်ထွက်ကုန်၏။ အမျိုးသမီး မှော်ဆရာမကို လိုက်နေသော အရုပ်ဆိုးလှသည့် မျောက်မျက်နှာနှင့် သားရဲများမှာ ကြောက်မက်ဖွယ် အော်ဟစ်သံများနှင့်အတူ လေထဲသို့ ဆွဲတင်ခြင်း ခံလိုက်ရသည်။ ပြင်းထန်စွာ လည်ပတ်နေသော လေစီးကြောင်းများကြားတွင် သူတို့သည် မြက်ပင်လေးများကဲ့သို့ လွင့်ပါးနေတော့သည်။
ဘုန်း.. ဘုန်း... ဘုန်း...
ကားများ အချင်းချင်း တိုက်မိ၍သတ္တုစများမှာ နေရာအနှံ့ ပျံနှံ့နေ၏။ ထိုသားရဲနှစ်ကောင်မှာ လေထဲတွင် ခဏချင်းမှာပင် အသားစများအဖြစ် ပြောင်းလဲသွားပြီး၊ အနီရောင် သွေးစက်များမှာ မိုးရေကဲ့သို့ အောက်သို့ စင်ကျလာတော့သည်။ အလွန်ပင် ဆိုးဝါးလှသော သေခြင်းတရားပင်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်ယွီရှင်း၏ မျက်နှာတွင် နွမ်းလျသော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် အချိန်မီ ရောက်လာပေးသော အခြားမှော်ဆရာကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်မိ၏။
"ဆရာရန်... ကျေးဇူးတင်ပါတယ်" လင်ယွီရှင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ငါမမှားဘူးဆိုရင် ဒါတွေက အမှောင်သားရဲ ဘီလူးတွေပဲ။ အနက်ရောင် ဗာတီကန်အဖွဲ့က အမိန့်ပေး ခိုင်းစေတတ်တဲ့ ကောင်တွေပေါ့" ရန်ကျောက်ဟယ်က လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။
"ဟုတ်တယ်၊ ဒီတစ်ခေါက် ကပ်ဘေးက သူတို့ကြောင့် ဖြစ်တာပါ" လင်ယွီရှင်းက အတည်ပြုလိုက်သည်။
"ငါလည်း အဲဒီလိုပဲ ခန့်မှန်းထားပါတယ်။ ကံမကောင်းတာက ဒီပိုမြို့လေးအတွက် ကြိုတင်ကာကွယ်မှု ဘာမှ မလုပ်နိုင်ခဲ့တာပဲ... ဟူး" ရန်ကျောက်ဟယ်၏ မျက်နှာတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။ ဤအနီရောင်အဆင့်သတိပေးချက်မှာ အမှန်တကယ်ပင် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာခြင်းဖြစ်ရာ လူမည်မျှ သေဆုံးသွားလဲဆိုသည်ကို မသိနိုင်ပေ။
"ကျွန်မ တော်ဝင်ငရဲစမ်းရေကို ကာကွယ်နေတုန်းမှာ တိုက်ခိုက်ခံခဲ့ရတာ၊ သူတို့ရဲ့ ရည်ရွယ်ချက်က စမ်းရေပဲ" လင်ယွီရှင်းက ပြောပြသည်။
"ငါတို့ သိပြီးသားပါ...ဘေးကင်းဖို့အတွက် မင်းကို လိုက်ရှာဖို့ သူတို့ ငါ့ကို တမင် လွှတ်လိုက်တာ။ ဒါနဲ့... တော်ဝင်ငရဲစမ်းရေကို သူတို့လက်ထဲတော့ မပေးလိုက်ဘူး မဟုတ်လား...” ရန်ကျောက်ဟယ် က မေးလိုက်သည်။
လင်ယွီရှင်းက ခေါင်းခါပြကာ ... "သူတို့ ကျွန်မကို ဝိုင်းထားခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မဆီမှာ မရှိတာကို သူတို့ သိသွားတော့ အကြီးအကျယ် ဒေါသထွက်ပြီး ကျွန်မကို သတ်ဖို့ ကြိုးစားကြတာ။ ဝံပုလွေအုပ်စုကြားကနေ ကျွန်မ မနည်း လွတ်အောင် ပြေးခဲ့ရတယ်"
"မင်း တကယ် ပါးနပ်တာပဲ...ဒါဆိုရင် တော်ဝင်ငရဲစမ်းရေက အခု ဘယ်မှာလဲ” ရန်ကျောက်ဟယ် က ဆက်မေးသည်။
"စမ်းရေတွင်းထဲမှာ ကျင့်ကြံနေတဲ့ ကျောင်းသားလေးဆီကို ကျွန်မ ပေးလိုက်ပါတယ်။ သူ့ဆီမှာ ရှိနေတာက ကျွန်မဆီမှာ ရှိနေတာထက် ပိုပြီး ဘေးကင်းမယ်လို့ ယုံကြည်လို့ပါ" လင်ယွီရှင်းက ရှင်းပြသည်။
"မင်းပြောနေတာက... မွေးရာပါဒြပ်စင်နှစ်မျိုးပိုင်ရှင် မိုဖန် ဆိုတဲ့ ကောင်လေးကို ပြောတာလား" ရန်ကျောက်ဟယ် က အံ့အားသင့်စွာ မေးလိုက်တော့သည်။
အခန်း (၁၀၀) ပြီး ***