ဧကရာဇ်ယွန်းထျန်း၏ သတ်ဖြတ်လိုစိတ်များမြင့်တက်နေချိန်တွင် ရန်ရှောက်ထျန်းသည် တွင်းနက်ကြီးပျံသန်းရေးယာဉ်ဆီသို့ ပြန်လည်ရောက်ရှိလာပြီး အမှောင်နဂါးတို့နှင့် ပြန်လည်ပူးပေါင်း ကာ လျင်မြန်စွာထွက်ခွာခဲ့လေသည်။
ယခုတစ်ကြိမ်တွင်မူ ရန်ရှောက်ထျန်းသည်ပျံသန်းရေးယာဉ်ကိုမောင်းနှင်ရန် စိန့်အဆင့် ဝိညာဉ်ကျောက်တုံးများကိုတိုက်ရိုက်အသုံးပြုလိုက်လေသည်။ ပျံသန်းရေးယာဉ်၏အရှိန်မှာ သေချာ ပေါက်ပင် အဆမတန် မြင့်တက်လာခဲ့ပြီး အဆပေါင်းများစွာ ပိုမိုမြန်ဆန်လာခဲ့လေသည်!
ပင်လယ်နက်အောက်ခြေ ပေပေါင်းသောင်းနှင့်ချီသောနေရာတွင် တွင်းနက်ကြီးပျံသန်း ရေးယာဉ်သည် ဧရာမလှိုင်းလုံးကြီးများကိုခွင်းလျက် ရေပြင်ကိုဆက်တိုက်ဖောက်ထွက်နေခဲ့လေ သည်။
၎င်း၏အရှိန်မှာ အလွန်တရာကြီးမားလှသဖြင့် ပင်လယ်အောက်ခြေပေပေါင်းသောင်းနှင့် ချီသောနေရာရှိရေပြင်များကိုပင် အဆက်မပြတ်လှုပ်ခတ်သွားစေခဲ့လေသည်။ အမှောင်နဂါးနှင့် မိစ္ဆာမျောက်ဝံကြီးပင်လျှင် အံ့အားသင့်သွားကြရလေသည်။
"တကယ်ကို ကြောက်စရာကောင်းလိုက်တာ" ဟု မိစ္ဆာမျောက်ဝံကြီးက ပျံသန်းရေးယာဉ် ဘေးရှိ လှိုင်းလုံးများကိုကြည့်ကာ မနေနိုင်ဘဲအော်ဟစ်လိုက်မိလေသည်။
ရန်ရှောက်ထျန်းက ရယ်မောလိုက်ပြီး
"တကယ်ကို ကြောက်စရာကောင်းတာပါ" ဟု ပြောလိုက်သည်။ စိန့်အဆင့်ဝိညာဉ်ကျောက် တုံးကိုအသုံးပြုရခြင်းမှာ အမှန်တကယ်ပင်ကွဲပြားလှပေသည်။ ဤအရှိန်ဖြင့်ဆိုပါက ဧကရာဇ်ယွန်း ထျန်းတစ်ဦးတည်းသာလျှင် အနိုင်နိုင်လိုက်မီနိုင်ပေလိမ့်မည်။
စိန့်အဆင့် ဝိညာဉ်ကျောက်တုံးများကိုအသုံးပြုပြီးနောက် ရန်ရှောက်ထျန်းနှင့် တခြားသူများ မှာ ဆယ်ရက်ခန့်အတွင်းမှာပင် ကုန်းမြေသို့ ပြန်လည်ရောက်ရှိခဲ့ကြလေသည်။ ချန်ဆန်းတိုက်ကြီးသို့ ပြန်လည်ရောက်ရှိသောအခါ အားလုံးမှာတစ်နေ့တည်းနှင့်ပြန်ရောက်လာသလိုပင် ခံစားလိုက်ရလေ သည်။
ထို့နောက်တွင် ရန်ရှောက်ထျန်းသည်လျှို့ဝှက်သောနေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး သေမင်းနတ်ဘုရားအသီးကိုစားသုံးကာ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုစတင်ကျင့်ကြံလေတော့ သည်။
သူသည် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ဒသမအဆင့်သို့တတ်နိုင်သမျှ အမြန်ဆုံးကျင့်ကြံရ မည်ဖြစ်ပြီး၊ ထာဝရကောင်းကင်ခေါင်းတလားကိုသန့်စင်ကာ ဟွန်ချွမ်သရဲဘုရင်ကို နှိမ်နင်းရမည် ဖြစ်လေသည်။
မူလကရန်ရှောက်ထျန်းသည်ဧကရာဇ်အဆင့် တတိယအလွှာသို့ ရောက်ရှိနေပြီဖြစ်ကာ တတိယမြောက် ဟွန်ယွမ်ကံကြမ္မာဘေးဒုက္ခကိုခေါ်ယူပြီး တတိယမြောက်ဟွန်ယွမ်ကောင်းကင်ကံ ကြမ္မာကိုရယူနိုင်သော်လည်း၊ ယခုအခါတွင်မူ သူသည်ဧကရာဇ်အဆင့်စတုတ္ထအလွှာသို့ တက်လှမ်း ပြီးမှ တတိယနှင့်စတုတ္ထမြောက်ဟွန်ယွမ်ကံကြမ္မာဘေးဒုက္ခများကိုတစ်ပြိုင်နက်တည်း ခေါ်ယူရန် ဆုံးဖြတ်လိုက်လေသည်။
ထိုအချိန်ကျမှသာ သူသည်တတိယနှင့်စတုတ္ထမြောက်ဟွန်ယွမ်ကောင်း ကင်ကံကြမ္မာ များကို ဆက်တိုက် ရယူနိုင်မည်ဖြစ်လေသည်။
ချန်ဆန်းတိုက်ကြီးသို့ ပြန်ရောက်သောအခါ တိန်းဖုန်းနှင့်အခြားငါးဦးမှာ ယင်လေဂိုဏ်းသို့ ပြန်နိုင်သော်လည်း၊ သူတို့ကရန်ရှောက်ထျန်း၏ဘေးတွင်နေပြီးအမှုထမ်းလိုကြောင်း ပြောကြလေ သည်။ ၎င်းကိုမြင်သောအခါ ရန်ရှောက်ထျန်းလည်းသူတို့ကိုနေခွင့်ပြုလိုက်လေသည်။
သူတို့ သူ၏ဘေးတွင်ရှိနေခြင်းမှာကောင်းမွန်လှပေသည်၊ သူသည် လက်ရှိတွင် ပညာရှင်များ လိုအပ်နေခြင်းဖြစ်လေသည်။ တိန်းဖုန်းနှင့်တခြားသူများမှာယင်လေဂိုဏ်း၏ အစွမ်းထက်ဆုံး ရှေးဟောင်းဘိုးဘေးများဖြစ်ကြပြီး သူတို့တစ်ဦးချင်းစီ၏အစွမ်းမှာ မိစ္ဆာမျောက်ဝံကြီးထက် မနိမ့် ကျလှပေ။
ရန်ရှောက်ထျန်းသည် သေမင်းနတ်ဘုရားအသီးကိုစားသုံးပြီး ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံနေစဉ်မှာပင် အမှောင်နဂါးနှင့်တခြားသူများလည်း ကြိုးစားပမ်းစားကျင့်ကြံနေကြ လေ သည်။ ဤပင်လယ်ရပ်ခြားခရီးစဉ်တွင်နတ်ဘုရားဧကရာဇ်ယွန်းထျန်း၏အစွမ်းကိုတွေ့မြင်ခဲ့ရ ခြင်း မှာ သူတို့ကို အကြီးအကျယ် လှုံ့ဆော်ပေးခဲ့လေသည်။
အချိန်များ ကုန်ဆုံးသွားခဲ့လေပြီ။ သေမင်းနတ်ဘုရားအသီးလေးလုံးကို ဆက်တိုက်စား သုံးပြီးနောက် ရန်ရှောက်ထျန်းသည်မျှော်လင့်ထားသည့်အတိုင်း ဧကရာဇ်အဆင့်စတုတ္ထအလွှာသို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့လေသည်။ သူ၏ဧကရာဇ်အဆင့်စတုတ္ထအလွှာ အစွမ်းကို ခိုင်မာအောင် လုပ်ဆောင်ပြီးနောက် ရန်ရှောက်ထျန်းသည် သူ၏ နတ်ဘုရားပင်လယ် စစ်မှန်သောစွမ်းအားများကို အသက်သွင်းလိုက်ပြီး ကိုးလွှာကောင်းကင်ယံရှိ ဟွန်ယွမ်ကမ္ဘာ့အတားအဆီးကို အစွမ်းကုန် တိုက်ခိုက်လိုက်လေသည်။
ယခုတစ်ကြိမ်တွင် ရန်ရှောက်ထျန်းသည် ဟွန်ယွမ်ကမ္ဘာ့အတားအဆီးကို ဖောက်ထွက်ရန် အတွက် အချက်တစ်ထောင်ခန့်သာတိုက်ခိုက်ခဲ့ရလေသည်။ ၎င်းမှာဒုတိယအကြိမ်ထက်များစွာ ပိုမိုလွယ်ကူခဲ့လေသည်။ ဟွန်ယွမ်ကမ္ဘာ့အတားအဆီး ပွင့်သွားသောအခါ သူ၏ နတ်ဘုရားပင်လယ် စစ်မှန်သောစွမ်းအားများသည် ဟွန်ယွမ်ဟင်းလင်းပြင်ကို လှုပ်ခတ်သွားစေခဲ့လေသည်။
ကြောက်မက်ဖွယ်ကောင်းသော မိုးတိမ်များမှာနောက်တစ်ကြိမ် ပြန်လည်စုစည်းကာ ပျံ့နှံ့သွားခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသောဘေးဒုက္ခမိုးကြိုးစွမ်းအားများသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားခဲ့သဖြင့် အမှောင်နဂါးနှင့်တခြားသူများမှာ အသက်ရှူရကျပ်သွားစေတော့ သည်။
ဤဟွန်ယွမ်ကံကြမ္မာဘေးဒုက္ခမှာ ဒုတိယအကြိမ်ထက်ပိုမိုအစွမ်းထက်ပြီး ပြင်းထန်လှပေ သည်။ ကျဆင်းလာသော ကြောက်မက်ဖွယ်ဘေးဒုက္ခမိုးကြိုးများကိုကြည့်ရင်း ရန်ရှောက်ထျန်း သည်ဟိန်းဟောက်ကာ ကောင်းကင်ယံသို့ပျံတက်လိုက်ပြီး သူ၏လက်သီးနှစ်ဖက်လုံးဖြင့် ထိုမိုးကြိုး များကို တိုက်ရိုက်ရင်ဆိုင်လိုက်လေသည်။
"ဘုန်း..."
ရန်ရှောက်ထျန်းမှာ မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရလေသည်။
မြေပြင်မှာပေါက်ကွဲသွားခဲ့လေပြီ။ ဘေးဒုက္ခမိုးကြိုးစွမ်းအားအလွှာများစွာမှာ ပျံ့နှံ့သွားခဲ့ ပြီး တောင်ထိပ်များကို တစ်ခုပြီးတစ်ခုလွှမ်းခြုံသွားခဲ့လေသည်။ အဝေးမှကြည့်နေကြသော အမှောင် နဂါးနှင့် တခြားသူများမှာထိတ်လန့်သွားကြတော့သည်။ တကယ်ကို အစွမ်းထက်ပါလား၊ အကယ်၍ သူတို့သာ ဧကရာဇ်အဆင့်တွင်ရှိနေပြီး ဤကဲ့သို့သော ကြောက်မက်ဖွယ်ဟွန်ယွမ်ကံကြမ္မာဘေး ဒုက္ခမိုးကြိုးကို ရင်ဆိုင်ရမည်ဆိုပါက သူတို့ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။ ဒသမအလွှာကို မဆိုထားနှင့်၊ ပထမအလွှာကိုပင် သူတို့ တောင့်ခံနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ရန်ရှောက်ထျန်းမှာရိုက်ချခံရပြီးနောက်တွင် ခဏမျှပင်မရပ်နားဘဲ ကောင်း ကင်ယံသို့ နောက်တစ်ကြိမ်ပြန်လည်ပျံတက်လိုက်ကာ ကိုးလွှာကောင်းကင်ယံဆီသို့ ထိုးနှက်လိုက် ပြန်လေသည်။ ထိုအချိန်တွင် ဟွန်ယွမ်ကံကြမ္မာဘေးဒုက္ခ၏ ဒုတိယအလွှာ ကျဆင်းလာခဲ့လေသည်။
ကမ္ဘာပျက်မတတ် ဟိန်းဟောက်သံကြီးထွက်ပေါ်လာလေသည်။ ကောင်းကင်ကြီးမှာ ပေါက်ကွဲတော့မည့်အလား ဖြစ်နေတော့သည်။ တိမ်တိုက်များပင်လျှင် ပျောက်ကွယ်သွားခဲ့လေပြီ။ ရန်ရှောက်ထျန်းမှာ နောက်တစ်ကြိမ်မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရပြန်လေသည်။
ဤကဲ့သို့ပင် ရန်ရှောက်ထျန်းမှာ အထပ်ထပ် ရိုက်ချခံလိုက်ရပြီး အထပ်ထပ်ကောင်းကင်ယံ သို့ ပြန်လည်ပျံတက်ခဲ့လေသည်။ ယခုတစ်ကြိမ်တွင်မူ သူသည် သူ၏သန်းချီသက်တမ်း ဝိညာဉ်ကွင်း နှစ်ကွင်း သို့မဟုတ်ဓားနှလုံးသားတစ်ဆယ့်ငါးခုကိုပင်ခေါ်ယူခြင်းမပြုဘဲ တတိယမြောက်ဟွန်ယွမ် ကံကြမ္မာဘေးဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့လေသည်။
သူ တတိယမြောက် ဟွန်ယွမ်ကံကြမ္မာဘေးဒုက္ခကိုအောင်မြင်စွာ ကျော်ဖြတ်ပြီးသောအခါ ရန်ရှောက်ထျန်းသည် ထိုနေရာတွင်ပင်လဲလျောင်းနေခဲ့သည်၊ သူ၏တစ်ကိုယ်လုံးမှာ အစိတ်စိတ် အမြွှာမြွှာပြိုကွဲသွားသလိုခံစားနေရသော်လည်း၊ ယခုတစ်ကြိမ်တွင်မူသူတောင့်ခံနိုင်ခဲ့ပြီး သူ၏လက် ချောင်းများကိုလှုပ်ရှားနိုင်သေးသည်။ ယခင်နှစ်ကြိမ်ကမူ သူသည်သူ၏လက်ချောင်းများကိုပင် မလှုပ်ရှားနိုင်အောင် ရိုက်ချခံခဲ့ရခြင်း ဖြစ်လေသည်။
ခဏမျှ ပြန်လည်သက်သာအောင်လုပ်ဆောင်ပြီးနောက်၊ သူ၏နတ်ဘုရားပင်လယ်ကမ္ဘာ အတွင်းရှိ တတိယမြောက်ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို အောင်မြင်စွာစုစည်းနိုင်ခဲ့ပြီးသော အခါ၊ ရန်ရှောက်ထျန်းသည်ထလိုက်ပြီး ခြောက်လွှာကောင်းကင်ဘေးဒုက္ခမိုးကြိုးရေတစ်ငုံနှင့် ဒုတိယ အဆင့် သံသရာဆေးလုံးတစ်လုံးကိုမျိုချလိုက်လေသည်။
ရက်အနည်းငယ်အကြာတွင် ရန်ရှောက်ထျန်း၏ဒဏ်ရာများမှာ အပြည့်အဝပြန်လည်သက် သာသွားခဲ့လေသည်။ သူသည်သူ၏နတ်ဘုရားပင်လယ်စစ်မှန်သောစွမ်းအားများကို ဆက်လက် အသက်သွင်းပြီး ဟွန်ယွမ်ကမ္ဘာ့အတားအဆီးကိုဖောက်ထွက်ကာ စတုတ္ထမြောက်ဟွန်ယွမ်ကံကြ မ္မာဘေးဒုက္ခကို ခေါ်ယူလိုက်ပြန်လေသည်။
ရန်ရှောက်ထျန်းမှာ စတုတ္ထမြောက် ဟွန်ယွမ်ကံကြမ္မာဘေးဒုက္ခမိုးကြိုးကို ရင်ဆိုင်ရန် ကောင်းကင်ယံသို့ အကြိမ်ကြိမ်ပျံတက်နေသည်ကိုကြည့်ရင်း အမှောင်နဂါးနှင့် တခြားသူများမှာ သူတို့၏ ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်ကြတော့ပေ။
ယခုတစ်ကြိမ်တွင်မူ ရန်ရှောက်ထျန်းသည် သူ၏သန်းချီသက်တမ်း ဝိညာဉ်ကွင်း နှစ်ကွင်းကို ခေါ်ယူလိုက်လေသည်။ သူသည်စတုတ္ထမြောက် ဟွန်ယွမ်ကံကြမ္မာဘေးဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သောအခါ၊ ရန်ရှောက်ထျန်းမှာ မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ ဘဲ နာကျင်လွန်းသဖြင့် မျက်နှာကိုပင် မဲ့မနေနိုင်တော့ပေ။
အချိန်အတော်ကြာပြီးနောက်မှသာ ရန်ရှောက်ထျန်းသည် ခြောက်လွှာကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေနှင့် သံသရာဆေးလုံးကို အနိုင်နိုင်မျိုချနိုင်ခဲ့ပြီး သူ၏မျက်နှာမှာတဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့လေသည်။
ဘေးဒုက္ခမိုးကြိုးရေနှင့် သံသရာဆေးလုံးကိုအစာခြေပြီးနောက် ရန်ရှောက်ထျန်းသည် သက်ပြင်းတစ်ချက်ကို အပြင်းအထန်ချလိုက်မိလေသည်။ သူသည်ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ လေးခုကိုနောက်ဆုံး၌ အောင်မြင်စွာစုစည်းနိုင်ခဲ့ပြီ ဖြစ်လေသည်။
ဤကဲ့သို့ သေလုနီးပါးရိုက်ချခံရသောခံစားချက်မှာ အမှန်တကယ်ပင် မနှစ်မြို့ဖွယ် ကောင်းလှပေသည်။ ၎င်းကိုပြန်လည်စဉ်းစားမိတိုင်း သူသည်ထိတ်လန့်မှုများကျန်ရှိနေဆဲ ဖြစ်လေ သည်။ သို့သော်လည်း သူ ထိတ်လန့်လေလေ၊ ၎င်းကို ထိပ်တိုက်ရင်ဆိုင်ရလေလေ ဖြစ်တော့သည်။
"ဂုဏ်ယူပါတယ် သခင်လေး၊ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာလေးခုကို ရရှိခဲ့တဲ့အတွက်" ဟု အမှောင်နဂါး၊ မိစ္ဆာမျောက်ဝံကြီးနှင့် တခြားသူများကရန်ရှောက်ထျန်း၏ရှေ့သို့ လာရောက်ကာ ဂုဏ်ပြုလိုက်ကြလေသည်၊ အားလုံးမှာစိတ်လှုပ်ရှားနေကြသော မျက်နှာအမူအရာများ ရှိနေကြလေ သည်။ သူတို့အားလုံးမှာ ရန်ရှောက်ထျန်းကိုအလွန်တရာကြည်ညိုလေးစားသော အကြည့်များဖြင့် ကြည့်နေကြလေသည်။
ရန်ရှောက်ထျန်းကပြုံးလျက် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။
"ချန်ဆန်းတိုက်ကြီးနဲ့ ပင်လယ်ရပ်ခြားနိုင်ငံအသီးသီးမှာ လောလောဆယ်ဘာတွေဖြစ်နေ သလဲ"
"ချန်ဆန်းတိုက်ကြီးမှာတော့ ထူးထူးခြားခြား ဘာမှမဖြစ်သေးပါဘူး။ မသေနိုင်သောသေမင်း နတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနဲ့ ရန်ဖျင်းတို့ဘက်ကဘာလှုပ်ရှားမှုမှမရှိပါဘူး။ ဒါပေမဲ့ ပင်လယ်ရပ်ခြားနိုင်ငံအသီးသီးကတော့ သခင်လေးရဲ့သဲလွန်စကို အစွမ်းကုန်ရှာဖွေနေကြဆဲပါပဲ" ဟု အမှောင်နဂါးက ရိုသေစွာပြန်လည်ဖြေကြားလိုက်လေသည်။
ချန်ဆန်းတိုက်ကြီးမှာ ဘာမှမဖြစ်သေးဘူးဆိုတာကို ကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်း စိတ်အေးသွားတော့သည်။ ထို့နောက်တွင်ရန်ရှောက်ထျန်းသည် သေမင်းနတ်ဘုရားအသီးကို ဆက်လက်စားသုံးကာကျင့်ကြံနေခဲ့ပြီး၊ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ဒသမအဆင့်သို့ ရောက်ရှိစေ ရန် သူ၏ ကြိုးစားအားထုတ်မှုများကို ပိုမိုပြင်းထန်စေခဲ့လေသည်။
ဆောင်းဦးကုန်ဆုံးပြီး ဆောင်းရာသီရောက်ရှိလာခဲ့လေပြီ။ ရန်ရှောက်ထျန်း၏ နေ့ညမပြတ် ကျင့်ကြံမှုအောက်တွင် လအနည်းငယ်အကြာ၌ သူသည်သေမင်းနတ်ဘုရားအသီး ဆယ်လုံးကျော် ကိုသန့်စင်ပြီးစီးသွားခဲ့ပြီး၊ ရန်ရှောက်ထျန်း၏အစွမ်းမှာလည်း ဧကရာဇ်အဆင့်ဆဋ္ဌမအလွှာနှောင်း ပိုင်းအထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေသည်။
သူသည် ဧကရာဇ်အဆင့်သတ္တမအလွှာသို့တက်လှမ်းရန်တစ်လှမ်းသာ လိုတော့ခြင်း ဖြစ်လေသည်။ ထို့အပြင်ရန်ရှောက်ထျန်းသည် ပဉ္စမနှင့် ဆဋ္ဌမမြောက် ဟွန်ယွမ်ကံကြမ္မာဘေးဒုက္ခ များကိုပါခေါ်ယူခဲ့ပြီး ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခြောက်ခုကို အောင်မြင်စွာ ရရှိခဲ့လေသည်။
တစ်ချိန်တည်းမှာပင် သူသည်ဟွန်ချွမ်ဘဏ္ဍာတိုက်မှရရှိခဲ့သော ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးနှစ်ဆယ်ကျော်ကိုသန့်စင်လိုက်ရာ သူ၏နတ်ဘုရားပင်လယ်ကမ္ဘာကို နောက် တစ်ကြိမ် ခိုင်မာစေခဲ့လေသည်၊ သူဧကရာဇ်အဆင့်သတ္တမအလွှာသို့ တက်လှမ်းနိုင်သရွေ့ သတ္တမမြောက် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကိုရယူနိုင်တော့မည် ဖြစ်လေသည်။
ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုမူ သူသည်နဝမအဆင့်အထိကျင့်ကြံပြီး ဖြစ်လေသည်။ သူသည် ဒသမအဆင့်သို့ရောက်ရန် တစ်ဆင့်သာလိုတော့ခြင်းဖြစ်လေသည်။ အောင်မြင်မှုမှာ နီးကပ် နေပြီ ဖြစ်လေသည်။
ကျဆင်းနေသော နှင်းပွင့်များကိုကြည့်ရင်း ရန်ရှောက်ထျန်းသည် သူ၏စစ်မှန်သောစွမ်း အားများကို လည်ပတ်လိုက်ရာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နှင်းပွင့်များမှာ လွင့်ထွက်သွားခဲ့လေသည်။
"အင်ပါယာမြို့တော်ကို ပြန်ကြစို့" ဟု ရန်ရှောက်ထျန်းက ပြောလိုက်ပြီး ပျံသန်းရေးယာဉ်ကို အသက်သွင်းကာ အမှောင်နဂါးတို့နှင့်အတူ နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာမြို့တော်ဆီသို့ လျင်မြန်စွာ ပြန်လာခဲ့လေတော့သည်။ နောက်ထပ်အေးမြလှသောဆောင်းရာသီ တစ်ခုသို့ ရောက်ရှိလာခဲ့လေပြီ။ ရှေ့လမှာ နှစ်သစ်ကူးဖြစ်လေသည်။ သူ၏မိသားစု ဘယ်လိုနေမလဲဆိုတာကို သူ သိချင်နေတော့သည်။ ရန်ရှောက်ထျန်းသည် အိမ်သို့ ပြန်ရန် စိတ်အားထက်သန်နေခဲ့လေသည်။
သို့သော်လည်း ရန်ရှောက်ထျန်းသည် နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အံ့ဩဖွယ်ကောင်းသောသတင်းတစ်ခု ရုတ်တရက်ပျံ့နှံ့လာခဲ့လေသည်။ မသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့် ရန်ဖျင်းတို့သည် မိစ္ဆာပညာရှင် အမြောက်အမြားကိုဦးဆောင်ကာ ချန်ဆန်းစံအိမ်တော်ကို တိုက်ခိုက်ခဲ့ကြသည်တဲ့လား၊ ချန်ဆန်းစံ အိမ်တော်မှ တပည့်ပေါင်းများစွာသေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ခံခဲ့ရလေသည်။
အကြီးအကဲများ၊ မဟာအကြီးအကဲများနှင့် ရှေးဟောင်းဘိုးဘေးများပင်လျှင်တိုက်ပွဲ အတွင်း ကျဆုံးခဲ့ရလေသည်။ ဓားနတ်ဘုရားရှီလုံနှင့် ဓားဦးနတ်ဘုရားကျောက်ဖုန်းတို့မှာ လည်း ပြင်းထန်သောဒဏ်ရာများကို ရရှိခဲ့ကြလေသည်။
***