"စီနီယာရှီလုံ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်ဟုတ်လား"
ထိုသတင်းကို ကြားလိုက်ရသောအခါ ရန်ရှောက်ထျန်း၏ နှလုံးသားမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားပြီး ချန်ဆန်းစံအိမ်တော်ဆီသို့ချက်ချင်းဆိုသလိုအပြေးပြန်ချင်နေတော့သည်။ ဓားနတ် ဘုရားရှီလုံသည် သူ့ကိုအမြဲတမ်း အထူးပင်ဂရုစိုက်ခဲ့သူ ဖြစ်လေသည်။ သူ ချန်ဆန်းကျောင်းတော်မှ တပည့်တစ်ဦး ဖြစ်နေစဉ်ကပင် ရှီလုံသည် သူ နတ်ဘုရားဆေးအနည်များ လိုအပ်နေသည်ကို သိရှိပြီး သူ၏တပည့်အား ရန်ရှောက်ထျန်းဆီသို့ နတ်ဘုရားဆေးအနည် အမြောက်အမြားကို ပို့ပေးခိုင်းခဲ့ဖူး လေသည်။
ရန်ရှောက်ထျန်းသည် တွင်းနက်ကြီးပျံသန်းရေးယာဉ်ကို အစွမ်းကုန်အရှိန်မြှင့်လိုက် လေသည်။ တွင်းနက်ကြီးပျံသန်းရေးယာဉ်မှာ အလွန်တရာမြန်ဆန်လှသော အလင်းတန်းတစ်ခု အဖြစ်ပြောင်းလဲသွားပြီး ချန်ဆန်းစံအိမ်တော်ဆီသို့ အဆက်မပြတ်ပြေးဝင်နေခဲ့လေသည်။
သို့သော်လည်း တွင်းနက်ကြီးပျံသန်းရေးယာဉ်မှာ မည်မျှပင်မြန်ဆန်နေပါစေ၊ သူသည် နှေးကွေးနေဆဲဖြစ်သည်ဟုသာ ခံစားနေရလေသည်။
"စံအိမ်တော်သခင်နဲ့ စီနီယာချန်ရှုံးတို့ဘယ်လိုနေမလဲဆိုတာကျုပ်သိချင်မိတယ်" ဟု ရန်ရှောက်ထျန်းက ပြောလိုက်ပြီး စိတ်ကိုတတ်နိုင်သမျှတည်ငြိမ်အောင် ကြိုးစားလိုက်လေသည်။
"စံအိမ်တော်သခင်၊ စီနီယာချန်ရှုံးနဲ့ တခြားသူတွေအဆင်ပြေမှာပါ" ဟု အမှောင်နဂါးက ပြောလိုက်သည်။
အဆင်ပြေပါစေလို့ပဲ မျှော်လင့်ရမှာပါ၊ ရန်ရှောက်ထျန်းသည်သူ၏စိတ်ထဲတွင် တွေးလိုက်မိ သည်။
မသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့် ရန်ဖျင်းတို့ ချန်ဆန်းစံအိမ်တော်ကို နောက်တစ်ကြိမ်တိုက်ခိုက်ခြင်းအပေါ်စဉ်းစားမိသောအခါ ရန်ရှောက်ထျန်း ၏ မျက်နှာမှာ မှောင်မိုက်သွားတော့သည်။
အကယ်၍ ထိုသုံးယောက်သာ မသေဆုံးသေးပါက သူတို့သည်ချန်ဆန်းစံအိမ်တော်ကို ဆက်တိုက် တိုက်ခိုက်နေကြဦးမည်ဖြစ်လေသည်။ သို့သော်လည်းမသေနိုင်သောသေမင်း နတ်ဘုရားနှင့် ရန်ဖျင်းတို့မှာဆေးနံ့သာအိုးကြောင့်ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့ကြသည် မဟုတ်ပါလော၊ သူတို့၏ ဒဏ်ရာများက ဘယ်လိုလုပ်ပြီး ဒီလောက်အမြန် ပြန်ကောင်းလာရတာလဲ။ သူတို့တွင်လည်း အသက်ကို ပြန်လည်သက်သာစေနိုင်သော အသက်နတ်ဘုရားသစ်ပင်ကဲ့သို့ ကောင်းကင်နှင့် မြေကြီးရတနာ ရှိနေပုံရလေသည်။
တစ်နေ့ကျရင်တော့ ဒီယင်ကောင်သုံးကောင်ကို ကျုပ်ကိုယ်တိုင် ရိုက်သတ်ပစ်မယ်။
တွင်းနက်ကြီးပျံသန်းရေးယာဉ်၏အရှိန်အဟုန်ဖြင့် ပျံသန်းမှုအောက်တွင်ချန်ဆန်းစံ အိမ် တော်မှာ အဝေးမှနောက်ဆုံး၌ ပေါ်လာခဲ့လေပြီ။ အဝေးမှ ကြည့်လိုက်လျှင်ပင် ချန်ဆန်းစံအိမ်တော်၏ နန်းဆောင်များနှင့် တောင်ထိပ်များစွာမှာ အပြည့်အဝဖျက်ဆီးခံလိုက်ရသည်ကို မြင်တွေ့နိုင်ပြီး၊ လေထဲတွင် ဝဲပျံနေသောကြောက်မက်ဖွယ်အလောင်းချီများနှင့် မိစ္ဆာချီစွမ်းအင်များကိုလည်း ခံစားနေရဆဲဖြစ်လေသည်။ ရန်ရှောက်ထျန်းသည်တွင်းနက်ကြီးပျံသန်းရေးယာဉ်ကို သိမ်းဆည်း လိုက်ပြီး အမှောင်နဂါးတို့နှင့်အတူ ချန်ဆန်းစံအိမ်တော်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့လေသည်။
"အရှင်မင်းကြီး ပြန်လာပြီ" ဟု တစ်စုံတစ်ယောက်က အော်ဟစ်လိုက်လေသည်။
"အရှင်မင်းကြီး ပြန်လာပြီ" တပည့်များမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြလေသည်။
ရန်ရှောက်ထျန်း ပြန်ရောက်လာခြင်းကြောင့် ချန်ဆန်းစံအိမ်တော်တစ်ခုလုံးမှာ တုန်ခါသွား တော့သည်။ ချန်ဆန်းစံအိမ်တော်မှာမသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ် မိစ္ဆာနှင့် ရန်ဖျင်းတို့၏တိုက်ခိုက်ခြင်းကိုခံခဲ့ရသဖြင့် မရေမတွက်နိုင်သော ပညာရှင်များနှင့် တပည့်များ ကျဆုံးခဲ့ရလေသည်။
တပည့်များမှာ မူလကစိတ်ဓာတ်ကျနေခဲ့ကြသော်လည်း၊ ယခုအခါ ရန်ရှောက်ထျန်း ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ချန်ဆန်းစံအိမ်တော်မှ တပည့်များအားလုံးမှာ ကြက်သွေးထိုးခံလိုက်ရသလိုပင် အလွန်တရာစိတ်လှုပ်ရှားသွားကြလေသည်။ အကြီးအကျယ် စိတ်ဓာတ်တက်ကြွသွားကြလေပြီ။
"ဘာ... အရှင်မင်းကြီး ပြန်လာပြီ ဟုတ်လား"
ကျန်းယုံကျန်းပင်လျှင် ရန်ရှောက်ထျန်းပြန်ရောက်လာသည်ကို ကြားလိုက်ရသဖြင့် စိတ်လှုပ် ရှားသွားပြီး ပျော်ရွှင်စွာပြေးထွက်လာခဲ့လေသည်။ ဒဏ်ရာအပြင်းအထန်ရရှိထားသော ဓားနတ် ဘုရားရှီလုံနှင့် ဓားဦးနတ်ဘုရားကျောက်ဖုန်းတို့ပင်လျှင် သူတို့၏နတ်ဘုရားဂူအတွင်းမှ စိတ်လှုပ် ရှားစွာတွားထွက်လာခဲ့ကြလေသည်။ လူတိုင်းမှာချန်ဆန်းစံအိမ်တော်အတွင်းမှ အားကောင်းသော ရေစီးကြောင်းကြီးအလား တိုးထွက်လာခဲ့ကြလေသည်။
ထို့ကြောင့် ရန်ရှောက်ထျန်းသည် ချန်ဆန်းစံအိမ်တော်၏တောင်တံခါးဝသို့ ပြန်ရောက် သောအခါ သူ၏ရှေ့တွင်ကျယ်ပြောလှသော အနက်ရောင်လူအုပ်ကြီးကို မြင်တွေ့လိုက်ရလေသည်၊ ၎င်းတို့မှာ မရေမတွက်နိုင်သောချန်ဆန်းစံအိမ်တော်မှတပည့်များ၊ အကြီးအကဲများနှင့် မဟာအကြီး အကဲများ ဖြစ်ကြလေသည်။
ကျန်းယုံကျန်းမှာ အရှေ့ဆုံးတွင်ရပ်နေခဲ့ပြီး၊ သူသည်စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်ကာ ဂါရဝပြုလိုက်လေသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီးက ပြိုင်ဘက်ကင်းပါတယ်"
"အရှင်မင်းကြီးကိုဂါရဝပြုပါတယ်၊ အရှင်မင်းကြီးကပြိုင်ဘက်ကင်းပါတယ်" ဟု ဓားနတ်ဘုရားရှီလုံ၊ ဓားဦးနတ်ဘုရားကျောက်ဖုန်းနှင့် နတ်ဘုရားလေးပါးတို့ကလည်း စိတ်လှုပ် ရှားစွာ ဂါရဝပြုလိုက်ကြလေသည်။
နတ်ဘုရားဘိုးဘေးများနှင့် ရှေးဟောင်းဘိုးဘေးများအားလုံးလည်း စိတ်လှုပ်ရှားစွာ ဂါရဝပြုလိုက်ကြလေသည်။ သူတို့၏နောက်တွင်ရှိနေသော မဟာအကြီးအကဲများနှင့် အကြီးအကဲ များအားလုံးလည်း ဂါရဝပြုလိုက်ကြလေသည်။
ချန်ဆန်းစံအိမ်တော်၏တောင်ထိပ်များနှင့် နန်းဆောင်များပေါ်ရှိ မရေမတွက်နိုင်သော တပည့်များမှာလည်း စိတ်လှုပ်ရှားစွာဖြင့်ဒူးထောက်လိုက်ကြလေသည်။
ရန်ရှောက်ထျန်းသည် ကြယ်နတ်ဘုရားနန်းတော်သို့ တစ်ကိုယ်တည်း ဝင်ရောက်ခဲ့ပြီး၊ ၎င်း၏ သန်းပေါင်းများစွာသော အင်ပါယာအစောင့်တပ်များကိုဖျက်ဆီးကာ ကြယ်စုတန်းနတ်ဘုရားနိုင်ငံ တော်မှ ရှေးဟောင်းဘိုးဘေးများနှင့် နတ်ဘုရားဘိုးဘေးထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည် ဟူသော သတင်းမှာ ချန်ဆန်းတိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်လေသည်။
ဘယ်သူက ပြိုင်ဘက်ကင်းသလဲ။
ဧကရာဇ် သုံးထောင် ရန်ရှောက်ထျန်းက ပြိုင်ဘက်ကင်းလေသည်။
ကျုပ်တို့ရဲ့ ချန်ဆန်းအရှင်သခင်အသစ်က ပြိုင်ဘက်ကင်းလေသည်။
အရှင်မင်းကြီးက ပြိုင်ဘက်ကင်းပါတယ်။
ထို့ကြောင့်လည်း ချန်ဆန်းစံအိမ်တော်မှတပည့်များမှာ ရန်ရှောက်ထျန်း ပြန်ရောက် လာချိန်တွင် ဤမျှလောက်အထိစိတ်လှုပ်ရှားပြီး အရူးအမူးကြည်ညိုနေကြခြင်း ဖြစ်လေသည်။ ရန်ရှောက်ထျန်းသည် ဒူးထောက်နေကြသောသန်းပေါင်းများစွာသော ချန်ဆန်းစံအိမ်တော်မှ တပည့်များကိုကြည့်ကာ အံ့အားသင့်သွားခဲ့လေသည်။
သူသည် အမြန်ရှေ့သို့တက်လိုက်ပြီး ကျန်းယုံကျန်းကို ထူလိုက်လေသည် ။
"စံအိမ်တော်သခင်... ဒီလိုမျိုး အခမ်းအနားတွေ လုပ်နေဖို့ မလိုပါဘူး၊ မြန်မြန် ထပါ"
ရန်ရှောက်ထျန်း၏ အမြင်တွင်မူ သူသည်ချန်ဆန်းဓားကို ရရှိထားသော်လည်း၊ ချန်ဆန်းနှလုံး သားနှင့်ပေါင်းစပ်ခြင်းမပြုရသေးသဖြင့် ချန်ဆန်းတိုက်ကြီး၏စစ်မှန်သော အရှင်သခင်အသစ်ဟု မယူဆနိုင်သေးပေ။ သူသည်ချန်ဆန်းစံအိမ်တော်၏တပည့်တစ်ဦးသာဖြစ်နေဆဲဖြစ်လေသည်။ နောက်ပိုင်းတွင် ရန်ရှောက်ထျန်းသည် ဓားနတ်ဘုရားရှီလုံ၊ ဓားဦးနတ်ဘုရားကျောက်ဖုန်းနှင့် နတ်ဘုရားလေးပါးတို့ကိုပါထူပေးလိုက်ပြီးနောက်၊ မဟာအကြီးအကဲများ၊ အကြီးအကဲများ၊ ရှေးဟောင်းဘိုးဘေးများနှင့် တပည့်များအားလုံးကို ထခိုင်းလိုက်လေသည်။
"အရှင်မင်းကြီးပြန်လာတာကောင်းပါတယ်" ဟု ကျန်းယုံကျန်း ထလာပြီးနောက် စိတ်လှုပ် ရှားစွာ ပြောလိုက်သည်။
"အရှင်မင်းကြီး ချန်ဆန်းစံအိမ်တော်ကိုအုပ်ချုပ်နေသရွေ့တော့ ချန်ဆန်းစံအိမ်တော်က ဘေးကင်းမှာပါ"
၎င်းကို ကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်းရှက်သွားမိသည်။ စိတ်လှုပ်ရှားနေကြသော ကျန်းယုံကျန်းတို့နှင့်အတူ ရန်ရှောက်ထျန်းနှင့်သူ၏အုပ်စုမှာ ချန်ဆန်းစံအိမ်တော်အတွင်းသို့ ဝင်ရောက်ခဲ့ကြလေသည်။
"စီနီယာရှီလုံ... ခင်ဗျားရဲ့ ဒဏ်ရာတွေ ဘယ်လိုနေလဲ" ဟု ရန်ရှောက်ထျန်းက ဓားနတ်ဘုရား ရှီလုံနှင့် တခြားသူများကိုမေးလိုက်သည်။ ရှီလုံနှင့်ကျောက်ဖုန်းတို့တင်မကဘဲ ဆေးနတ်ဘုရား လီနျန်နှင့် လက်သီးနတ်ဘုရားကျန်းဝမ်လီတို့ပါ ဒဏ်ရာရထားသည်ကို သူ မြင်နိုင်လေသည်။
"ဘာမှမဟုတ်ပါဘူး" ဟု ဓားနတ်ဘုရား ရှီလုံက သူ၏ ရင်ဘတ်ကိုပုတ်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"အောက်တန်းစားအလောင်းမိစ္ဆာသာထပ်လာရဲရင် ကျုပ်သူ့ကို နောက်တစ်ကြိမ်ထပ်တိုက် နိုင်သေးတယ်"
"ဒီတစ်ကြိမ်မှာတော့ အလောင်းမိစ္ဆာ၊ သွေးမိစ္ဆာနဲ့ မိစ္ဆာဗုဒ္ဓတို့က ကျုပ်တို့ထက်တောင် ပိုပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသေးတယ်"
ဓားဦးနတ်ဘုရားကျောက်ဖုန်းကလည်း အားပါးတရရယ်မောလိုက်လေသည်။
"ရှီလုံပြောတာမှန်တယ်၊ သူတို့သာထပ်လာရဲရင်ကျုပ်တို့သူတို့ကိုထပ်ပြီးတော့ အပြတ် အသတ်ရိုက်နှက်ပေးရမှာပေါ့"
ရန်ရှောက်ထျန်းလည်း ပြုံးလိုက်မိလေသည်။
ထို့နောက်တွင် ရန်ရှောက်ထျန်းသည် လူအုပ်ကြားထဲမှကျန်းချန်ချန်နှင့် ဝမ်နင်တို့ကို မြင်လိုက် ရသဖြင့် ပြုံးပြလိုက်သည်။
"စီနီယာအစ်မကျန်း... စီနီယာအစ်မဝမ်"
"အရှင်မင်းကြီး" ဟု အမျိုးသမီးနှစ်ဦးလုံးက ရှက်ရွံ့စွာပြောလိုက်ကြလေသည်။ ဝမ်နင် ရှက်နေခြင်းမှာ ရန်ရှောက်ထျန်းအတွက်မဆန်းသော်လည်း၊ ပုံမှန်အားဖြင့်စကားသိပ်မပြောတတ် သော ကျန်းချန်ချန်ပင် ရှက်နေသည်ကို မြင်လိုက်ရသဖြင့် သူအံ့အားသင့်သွားမိသည်။
"စီနီယာအစ်မနှစ်ယောက်လုံးအဆင်ပြေကြရဲ့လား" ဟု ရန်ရှောက်ထျန်းက စိုးရိမ်တကြီး မေးလိုက်သည်။ လမ်းခရီးတစ်လျှောက်လုံးတွင် ရန်ရှောက်ထျန်းသည် ထိုအမျိုးသမီးနှစ်ဦး၏ ဘေးကင်းလုံခြုံမှုအတွက်စိုးရိမ်နေခဲ့ခြင်းဖြစ်လေသည်။
ရန်ရှောက်ထျန်းက သူတို့အတွက်စိုးရိမ်နေသည်ကိုကြားလိုက်ရသဖြင့် အမျိုးသမီးနှစ်ဦး လုံးမှာပျားရည်ထက်ပင်ပိုမိုချိုမြိန်သောခံစားချက်ကို ရရှိလိုက်ကြပြီး
"အစ်မတို့ အဆင်ပြေပါတယ်" ဟု ပြောလိုက်ကြလေသည်။
"စီနီယာချန်ရှုံး အခု ဘယ်လိုနေလဲ"
ရန်ရှောက်ထျန်းက အကြောင်းအရာကို ပြောင်းလိုက်ပြီး ကျန်းယုံကျန်းကို မေးလိုက်သည်။
ကျန်းယုံကျန်းကတွန့်ဆုတ်နေပြီး။
"စီနီယာချန်ရှုံးကမသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနဲ့ ရန်ဖျင်း တို့ရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံလိုက်ရပြီး ဒဏ်ရာအချို့ ရသွားတယ်"
ပြီးခဲ့တဲ့တစ်ကြိမ် သေမင်းဓားဂူမှချန်ရှုံးပြန်လာစဉ်ကသူ၏ဒဏ်ရာများမှာ အပြည့်အဝ မသက်သာသေးဘဲ၊ ယခုအခါနောက်ထပ်ဒဏ်ရာရလိုက်ခြင်းဖြစ်ရာ သူ၏ဒဏ်ရာများမှာ အတော် လေး ပြင်းထန်လှပေသည်။
"ဒါပေမဲ့ မသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနဲ့ ရန်ဖျင်းတို့ကို လည်း စီနီယာချန်ရှုံးကပြန်ပြီးဒဏ်ရာရအောင်လုပ်နိုင်ခဲ့ပါတယ်" ဟု ကျန်းယုံကျန်းက ပြောလိုက် သည်။
"သူတို့လည်း ခဏအတွင်းတော့ပြန်ပြီး မသက်သာနိုင်တော့ပါဘူး"
ထိုအချိန်တွင် ကျန်းယုံကျန်းတွန့်ဆုတ်သွားပြီး။
"ဒါပေမဲ့... ချန်ဆန်းအရှင်သခင်ရဲ့ ချန်ဆန်းမှတ်စုကိုတော့ လုယူသွားခံလိုက်ရတယ်"
"ဘာ..."
ရန်ရှောက်ထျန်း၏ နှလုံးသားမှာ၎င်းကိုကြားလိုက်ရသဖြင့် လေးလံသွားခဲ့လေသည်။ သူသည် ယခုတစ်ကြိမ်တွင်ကြယ်စင်ပင်လယ်အတွင်းရှိကြယ်နတ်ဘုရားသစ်ပင်ကို ရှာဖွေရန် အတွက် ချန်ဆန်းမှတ်စုကိုဖတ်ရှုရန်စီစဉ်ထားခြင်းဖြစ်လေသည်။ ယခုမူ ချန်ဆန်းမှတ်စုမှာ လုယူခံ လိုက်ရပြီတဲ့လား။
ကျန်းယုံကျန်းက သူ၏ခေါင်းကို ငုံ့လိုက်ပြီး။
"ဒီတစ်ကြိမ်မှာတော့ မသေနိုင်သောသေမင်းနတ်ဘုရားနဲ့ တခြားသူတွေကချန်ဆန်းစံအိမ် တော်ကိုပြိုင်ဘက်ကင်းငရဲနတ်ဘုရားရဲ့ရုပ်အလောင်းနဲ့ ချန်ဆန်းမှတ်စုတို့အတွက်တိုက်ခိုက်ခဲ့ကြ တာပါ။ ပြိုင်ဘက်ကင်းငရဲနတ်ဘုရားရဲ့ရုပ်အလောင်းကို ကျုပ်တို့ကာကွယ်နိုင်ခဲ့ပေမယ့်၊ ချန်ဆန်း မှတ်စုကိုတော့ သူတို့လုယူသွားခဲ့ကြတယ်"
"အရှင်မင်းကြီး... ကျွန်တော့်ကို အပြစ်ပေးပါ"
ရန်ရှောက်ထျန်းသည် ချန်ဆန်းမှတ်စုကို အမြဲတမ်းကြည့်ချင်နေခဲ့သည်ကို ကျန်းယုံကျန်း သိရှိထားလေသည်။ ထို့ကြောင့်လည်းယခုအချိန်တွင် ရန်ရှောက်ထျန်းကိုရင်ဆိုင်ရမည်မှာ သူ အနည်းငယ်ရှက်နေခြင်း ဖြစ်လေသည်။
"အဆင်ပြေပါတယ် စံအိမ်တော်သခင်... ခင်ဗျားကိုယ်ခင်ဗျား အပြစ်မတင်ပါနဲ့"
ရန်ရှောက်ထျန်းက သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီးသူ၏လက်ကိုသာ ဝှေ့ယမ်းပြ လိုက်သည်။
"ခင်ဗျားတို့ အစွမ်းကုန်ကြိုးစားခဲ့ကြတာပဲ"
ဤကိစ္စအတွက် ကျန်းယုံကျန်းကိုအပြစ်မတင်နိုင်ကြောင်း သူသိရှိထားလေသည်။ ထို့နောက်တွင် သူသည်ချန်ရှုံးအားသွားရောက်တွေ့ဆုံရန် ကျန်းယုံကျန်းကို ခေါ်ခိုင်းလိုက်လေ သည်။
ကျန်းယုံကျန်းက ဘယ်လိုလုပ်ငြင်းဆန်ရဲမည်နည်း။
သူသည် ရန်ရှောက်ထျန်းကိုချန်ဆန်းစံအိမ်တော်၏ တားမြစ်နယ်မြေအတွင်းရှိ အနက်ရှိုင်း ဆုံးနေရာသို့ ခေါ်ဆောင်သွားခဲ့ပြီး ချန်ရှုံး၏နတ်ဘုရားဂူကို တံခါးခေါက်လိုက်လေသည်။ ချန်ရှုံးသည် ရန်ရှောက်ထျန်းကို မြင်လိုက်ရသောအခါ အလွန်တရာစိတ်လှုပ်ရှားသွားပြီး ဂါရဝပြုလိုက်လေသည်
"အရှင်မင်းကြီး... ပြီးခဲ့တဲ့တစ်ကြိမ်ကျွန်တော့်ကိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါ တယ်"
ပြီးခဲ့တဲ့တစ်ကြိမ် သေမင်းဓားဂူထဲမှာသာ ရန်ရှောက်ထျန်းမရှိခဲ့ရင် သူသေဆုံးနေတာ ကြာလှပြီ ဖြစ်လေသည်။ သူ မမျှော်လင့်ထားခဲ့သည်မှာ ပြီးခဲ့တဲ့တစ်ကြိမ် သေမင်းဓားဂူထဲမှာ သူ့ကို ကယ်ခဲ့တဲ့လူငယ်လေးကချန်ဆန်းဓားကိုရရှိသွားခဲ့ပြီး ကျုပ်တို့ချန်ဆန်းတိုက်ကြီးရဲ့ အရှင်သခင် အသစ် ဖြစ်လာလိမ့်မယ်ဆိုတာပါပဲ။ ချန်ရှုံးသည် လွန်ခဲ့သောရက်အနည်းငယ်က ကျန်းယုံကျန်းထံမှ ရန်ရှောက်ထျန်းအကြောင်း ကြားသိခဲ့ရသဖြင့် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့ခြင်း ဖြစ်လေသည်။
***