"ရပါတယ်" ဟု ရန်ရှောက်ထျန်းက ပြုံးလျက် ပြောလိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး"
ထို့နောက် သူက မေးလိုက်သည်။
"အခု ခင်ဗျားရဲ့ ဒဏ်ရာတွေ ဘယ်လိုနေလဲ"
စီနီယာချန်ရှုံးက ရယ်မောလိုက်ပြီး
"မသေနိုင်သောသေမင်းနတ်ဘုရားနဲ့ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာတို့သာထပ်လာရဲရင် ကျုပ် သူတို့ကိုသုံးရက်သုံးညလောက်ဆက်တိုက်တိုက်နိုင်သေးတယ်"
သူ၏ လေသံမှာ ဓားနတ်ဘုရားရှီလုံနှင့် အတိအကျ တူညီလှပေသည်။
ရန်ရှောက်ထျန်းကပြုံးလိုက်ပြီးနောက် ခြောက်လွှာကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေ ဆယ်ငုံ ခန့်ကိုထုတ်ယူကာ စီနီယာချန်ရှုံးကိုပေးလိုက်လေသည်။
"ခြောက်လွှာကောင်းကင်ဘေးဒုက္ခမိုးကြိုးရေဟုတ်လား" ဟု ကျန်းယုံကျန်းက ထိတ်လန့် တကြားအော်ဟစ်လိုက်လေသည်။
"အရှင်မင်းကြီး... ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်" ဟု စီနီယာချန်ရှုံးကလည်း အစပိုင်း တွင် အံ့အားသင့်သွားပြီးနောက် လျင်မြန်စွာငြင်းဆန်လိုက်လေသည်။
ရန်ရှောက်ထျန်းက ခေါင်းခါပြပြီး ပြုံးလိုက်သည်။
"ဒါက လုံးဝတန်ဖိုးမကြီးပါဘူး။ ကျုပ်မှာခြောက်လွှာကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေတွေ အများကြီး ရှိပါသေးတယ်။ အခုဆို ကျုပ်ဒါကို နေ့တိုင်းရေလိုပဲသောက်နေတာ၊ နှစ်ပေါင်းများစွာ သောက်ဖို့တောင် လုံလောက်ပါတယ်"
ခြောက်လွှာကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေကို နေ့တိုင်း ရေလိုသောက်နေတယ် ဟုတ်လား။
စီနီယာချန်ရှုံးနှင့် ကျန်းယုံကျန်းတို့မှာ သူ၏စကားကြောင့်မျက်လုံးများပြူးသွားကြတော့ သည်။
"ခင်ဗျား အရင်ဆုံးခင်ဗျားရဲ့ဒဏ်ရာတွေကိုကုသပါ" ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
"မလောက်ရင် နောက်မှ ထပ်ပြောကြတာပေါ့"
သူ၏လက်ထဲတွင် ကိုးလွှာကောင်းကင်ဘေးဒုက္ခမိုးကြိုးရေအများကြီး မရှိသော်လည်း၊ ခြောက်လွှာကောင်းကင်ဘေးဒုက္ခမိုးကြိုးရေမှာမူ အများကြီး ရှိနေသေးသည်။
ရှေးဟောင်းမိုးကြိုးနတ်ဘုရားဂူတွင် သူသည်ခြောက်လွှာကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေ ကန်ကြီးတစ်ခုလုံးကိုရရှိခဲ့ခြင်းဖြစ်လေသည်၊ သူ နှစ်ပေါင်းများစွာအသုံးပြုခဲ့သော်လည်း ထက် ဝက်ပင်မကုန်သေးပေ။
"လောက်ပါပြီ၊လောက်ပါပြီ" ဟု စီနီယာချန်ရှုံးက လျင်မြန်စွာလက်ဝှေ့ယမ်းပြလိုက်ပြီး နောက် ဂါရဝပြုကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်အရှင်မင်းကြီး"
ဤ ခြောက်လွှာကောင်းကင်ဘေးဒုက္ခမိုးကြိုးရေဆယ်ငုံဖြင့်ဆိုပါက သူ၏ဒဏ်ရာများမှာ သေချာပေါက် လျင်မြန်စွာ သက်သာလာပေလိမ့်မည်။
"ကောင်းပြီ... ခင်ဗျားအရင်နားပါဦး" ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
"ရက်အနည်းငယ်အကြာမှ ကျုပ်နောက်တစ်ကြိမ်လာခဲ့မယ်" သူသည် စီနီယာချန်ရှုံးအား ချန်ဆန်းမှတ်စုနှင့် ပတ်သက်ပြီး မေးမြန်းလိုသေးခြင်း ဖြစ်လေသည်။
ထို့နောက်တွင် စီနီယာချန်ရှုံးက လိုက်လံပို့ဆောင်ပေးသဖြင့် ရန်ရှောက်ထျန်းသည် ချန်ရှုံး၏ နတ်ဘုရားဂူမှ ထွက်ခွာခဲ့လေသည်။ ထွက်လာပြီးနောက်တွင် ရန်ရှောက်ထျန်းသည် ဓားနတ်ဘုရား ရှီလုံထံသို့ နောက်တစ်ကြိမ်သွားရောက်လည်ပတ်ခဲ့ပြီး ခြောက်လွှာကောင်းကင်ဘေးဒုက္ခ မိုးကြိုး ရေများကိုပေးခဲ့လေသည်။
ယခင်က ဓားနတ်ဘုရားရှီလုံသည် သူ့ကိုနတ်ဘုရားဆေးအနည်များပေးခဲ့ဖူးရာ၊ ယခုအခါ သူက ခြောက်လွှာကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေဖြင့် ကျေးဇူးဆပ်ခြင်း ဖြစ်လေသည်။
ဓားနတ်ဘုရား ရှီလုံသည် ရန်ရှောက်ထျန်း၏လက်ထဲမှ ခြောက်လွှာကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေကိုကြည့်ကာ အကြီးအကျယ်စိတ်လှုပ်ရှားသွားခဲ့လေသည်။ သူသည်ထပ်မံ၍ ငြင်းဆန် ခြင်းမပြုတော့ဘဲ ရန်ရှောက်ထျန်းကိုဂါရဝပြုကာကျေးဇူးတင်စကား ပြောလိုက်လေသည်။
ရန်ရှောက်ထျန်းကပြုံးလိုက်ပြီး ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ်သေချာဂရုစိုက်ပါ၊ နောက်ရက်အနည်းငယ်နေရင် ကျုပ်တို့ မသေနိုင်သော သေမင်းနတ်ဘုရားတို့ဆီကနေ အတိုးရောအရင်းပါသွားတောင်းကြမယ်"
ဓားနတ်ဘုရားရှီလုံကအားပါးတရ ရယ်မောလိုက်သည်။
"ကောင်းတယ် … ကောင်းတာပေါ့"
သူ၏ နတ်ဘုရားဂူသို့ပြန်ရောက်ပြီးနောက်တွင် ရန်ရှောက်ထျန်းသည် ကျန်းယုံကျန်းကို ခေါ်လိုက်ပြီး နတ်ဘုရားမီးလျှံမီးတောက်များ၊ နတ်ဘုရားဓားများနှင့် ကိုးလွှာကောင်းကင်ဘေးဒုက္ခ မိုးကြိုးရေတို့၏သဲလွန်စများကို စုံစမ်းပေးရန်ခိုင်းစေလိုက်လေသည်။
ထို့နောက်တွင် ရန်ရှောက်ထျန်းသည် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကို မြှင့်တင်ရန် အတွက် သူ၏နတ်ဘုရားဂူအတွင်း၌ အချိန်သဲမှုန်များကို စတင်သန့်စင်လေတော့သည်။
ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့လေပြီ။
စီနီယာချန်ရှုံးသည် ခြောက်လွှာကောင်းကင်ဘေးဒုက္ခမိုးကြိုးရေဆယ်ငုံကို သန့်စင်သောက် သုံးပြီးနောက် ရန်ရှောက်ထျန်း၏နတ်ဘုရားဂူဆီသို့ ကိုယ်တိုင်ရောက်ရှိလာခဲ့လေသည်။
"အရှင်မင်းကြီးက ကြယ်နတ်ဘုရားသစ်ပင်ကိုရှာဖို့အတွက် ကြယ်စင်ပင်လယ်ထဲကို ဝင်ချင် တာလား" ဟု စီနီယာချန်ရှုံးကရန်ရှောက်ထျန်း၏အစီအစဉ်ကိုကြားလိုက်ရသောအခါ အံ့အားသင့် စွာမေးလိုက်လေသည်။
ရန်ရှောက်ထျန်းကခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်၊ ကြယ်စင်ပင်လယ်ထဲမှာကြယ်နတ်ဘုရားသစ်ပင်တစ်ပင်ရှိတယ်လို့ ကျုပ် ကြားဖူးတယ်။ ဟိုတုန်းကချန်ဆန်းအရှင်သခင်လည်းကြယ်စင်ပင်လယ်ထဲကိုဝင်ပြီး ကြယ်နတ် ဘုရားသစ်ပင်ကို တွေ့ခဲ့သလို၊ ကြယ်နတ်ဘုရားအသီး ဒါဇင်နဲ့ချီပြီး ခူးခဲ့ဖူးတယ်လို့ သိထားတယ်"
"ဒါပေမဲ့ ကြယ်နတ်ဘုရားသစ်ပင်ရဲ့ တည်နေရာကိုတော့ကျုပ်မသိဘူး"
"မူလကတော့ ချန်ဆန်းအရှင်သခင်ချန်ထားခဲ့တဲ့ ချန်ဆန်းမှတ်စုကိုကြည့်ပြီး ကြယ်နတ် ဘုရားသစ်ပင်ရဲ့တည်နေရာကိုရှာမလို့ပဲ၊ ဒါပေမဲ့အခုတော့မသေနိုင်သောသေမင်းနတ်ဘုရားက ချန်ဆန်းမှတ်စုကိုခိုးသွားပြီ"
"ခင်ဗျားက ဟိုတုန်းကချန်ဆန်းအရှင်သခင်နောက်ကိုလိုက်ခဲ့တာဆိုတော့ ကြယ်နတ်ဘုရား သစ်ပင် ဘယ်မှာရှိသလဲဆိုတာကို သူ ပြောခဲ့တာမျိုး ရှိမလားလို့ ကျုပ်မေးချင်တာ"
ရန်ရှောက်ထျန်းက မေးလိုက်ခြင်းဖြစ်လေသည်။ မူလကရန်ရှောက်ထျန်းသည် မျှော်လင့် ချက်အများကြီးမထားခဲ့သော်လည်း၊ စီနီယာချန်ရှုံးကပြောလိုက်သည်။
"ဟိုတုန်းက ချန်ဆန်းအရှင်သခင်နဲ့ကျွန်တော် ကြယ်စင်ပင်လယ်ထဲကိုအတူတူ ဝင်ခဲ့ကြ တာပါ။ ကြယ်နတ်ဘုရားသစ်ပင် ဘယ်မှာရှိသလဲဆိုတာကို ကျွန်တော်သိပါတယ်"
၎င်းကို ကြားလိုက်ရသောအခါ ရန်ရှောက်ထျန်းမှာအကြီးအကျယ် အံ့အားသင့်သွားပြီး ဝမ်းသာသွားတော့သည်၊ စီနီယာချန်ရှုံးကကြယ်နတ်ဘုရားသစ်ပင်၏တည်နေရာကို အမှန်တကယ် သိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဒါပေမဲ့ ကြယ်နတ်ဘုရားအသီးကိုခူးဖို့ကအရမ်းခက်ခဲပါတယ်" ဟု စီနီယာချန်ရှုံးက ခေါင်းခါ လျက်ပြောလိုက်သည်။
"ကြယ်နတ်ဘုရားသစ်ပင်က ကြယ်စင်ရေခဲပင်လယ်ရဲ့ အထက်မှာ ပေါက်နေတာပါ၊ အဲ့ဒီက အအေးဓာတ်က ဘယ်လောက်အထိ ပြင်းသလဲဆိုရင် ကြယ်နတ်ဘုရားသစ်ပင်ရဲ့ မိုင်တစ်ရာအတွင်း ကိုတောင်ချဉ်းကပ်ဖို့ မဖြစ်နိုင်ပါဘူး"
"ကြယ်စင်ရေခဲပင်လယ်ဟုတ်လား" ဟု ရန်ရှောက်ထျန်းကအံ့အားသင့်စွာ မေးလိုက်လေ သည်။
စီနီယာချန်ရှုံးက ခေါင်းညိတ်ပြပြီး။
"မှန်ပါတယ်၊ ကြယ်စင်ရေခဲပင်လယ်ပါပဲ၊ ဟိုတုန်းက ချန်ဆန်းအရှင်သခင် ကြယ်နတ်ဘုရား အသီးကိုခူးနိုင်ခဲ့တာကလည်း သူတိုက်တိုက်ဆိုင်ဆိုင် မိုးပြာကြာနတ်ဘုရားမီးလျှံမီးတောက်ကို နှိမ်နင်းနိုင်ခဲ့လို့ပါ။ သူကကြယ်စင်ရေခဲပင်လယ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရေခဲချီစွမ်းအင်တွေ ကို မကြောက်ခဲ့လို့ပေါ့"
မိုးပြာကြာနတ်ဘုရားမီးလျှံမီးတောက်ပဉ္စမအဆင့်ရှိနတ်ဘုရားမီးလျှံမီးတောက်၊ ရန်ရှောက် ထျန်း အံ့အားသင့်သွားမိသည်။
"ချန်ဆန်းအရှင်သခင်မှာ မိုးပြာကြာနတ်ဘုရားမီးလျှံမီးတောက်ရှိတယ်ဆိုတာကို အပြင်လူ အနည်းငယ်ပဲသိကြတာပါ" ဟု စီနီယာချန်ရှုံးက ရှင်းပြလိုက်သည်။
"စီနီယာချန်ရှုံးက မိုးပြာကြာနတ်ဘုရားမီးလျှံမီးတောက် ဘယ်မှာရှိသလဲဆိုတာကိုရော သိသ လား" ဟုရန်ရှောက်ထျန်းကမနေနိုင်ဘဲမေးလိုက်လေသည်။ ချန်ဆန်းအရှင်သခင်ကျဆုံးသွားခဲ့ပြီး နောက် မိုးပြာကြာနတ်ဘုရားမီးလျှံမီးတောက်မှာ ကောင်းကင်နှင့်မြေကြီးကြားသို့ ပြန်လည်ရောက် ရှိသွားခဲ့ပြီး အရှင်သခင်မဲ့ဖြစ်သွားခဲ့လေသည်။
စီနီယာချန်ရှုံးက ခေါင်းခါပြပြီး။
"ချန်ဆန်းအရှင်သခင် ကျဆုံးသွားပြီးနောက် မိုးပြာကြာနတ်ဘုရားမီးလျှံက ထွက်ပြေးလွတ် မြောက်သွားခဲ့ပြီး ဘယ်ကိုရောက်သွားမှန်းမည်သူမျှမသိတော့ပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက် ကတော့ မိုးပြာကြာနတ်ဘုရားမီးလျှံမီးတောက်ကို ဓားပေါင်းတစ်သောင်းတိုက်ကြီးမှာ တွေ့ခဲ့တယ် လို့ ပြောတာတော့ရှိပါတယ်၊ ဒါပေမဲ့ အဲ့ဒါကအမှန်လားမဟုတ်ဘူးလားဆိုတာကိုတော့ ကျွန်တော် မသိပါဘူး"
"ဓားပေါင်းတစ်သောင်းတိုက်ကြီး ဟုတ်လား"
ရန်ရှောက်ထျန်း စိတ်ဝင်စားသွားတော့သည်။
"ဟုတ်ပါတယ်၊ ဓားပေါင်းတစ်သောင်းတိုက်ကြီးပါပဲ" ဟု စီနီယာချန်ရှုံးက ပြောလိုက်သည် ။
"ယုံကျန်းဆီကနေ ကြားရတာကတော့ အရှင်မင်းကြီးကနတ်ဘုရားမီးလျှံတွေနဲ့ နတ်ဘုရား ဓားတွေရဲ့သဲလွန်စကိုစုံစမ်းနေတယ်ဆိုတာပါပဲ။ ဓားပေါင်းတစ်သောင်းတိုက်ကြီးမှာ မရေမတွက် နိုင်တဲ့ဓားပညာရှင်တွေ၊ ဓားနတ်ဘုရားတွေ ရှိကြသလို နတ်ဘုရားဓားတွေအများကြီးလည်း အဲ့ဒီမှာ ရှိနေကြပါတယ်။ ဥပမာ နဂါးနက်နတ်ဘုရားဓားနဲ့ ခရမ်းရောင်တိမ်တိုက်နတ်ဘုရားဓားတို့က ဓားပေါင်းတစ်သောင်းတိုက်ကြီးမှာ ရှိနေကြတာပါ"
ရန်ရှောက်ထျန်း၏နှလုံးသားမှာ ၎င်းကိုကြားလိုက်ရသဖြင့် လှုပ်ခတ်သွားခဲ့လေသည်။
အကယ်၍ ထိုသို့သာဆိုလျှင် ဤနေရာမှကိစ္စများပြီးပြတ်သွားသည်နှင့် သူသည်ဓားပေါင်း တစ်သောင်းတိုက်ကြီးသို့ ခရီးစဉ်တစ်ခုသွားရောက်ရပေမည်။ ထို့အပြင် သူသည် စိန့်အဆင့်သို့ တက်လှမ်းတော့မည် ဖြစ်ရာ၊ စိန့်အဆင့်သို့ ရောက်သည်နှင့် သူသည် ထုန်းထျန်းနတ်ဘုရားဂိုဏ်းကိုပါ ထိန်းချုပ်နိုင်တော့မည် ဖြစ်လေသည်။
"စီနီယာချန်ရှုံး... ခင်ဗျားရဲ့ ဒဏ်ရာတွေ ဘယ်လိုနေလဲ။ နောက်တစ်ကြိမ် ကြယ်စင်ပင်လယ် ရေကျချိန်ကျရင် ခင်ဗျားကျုပ်နဲ့အတူ ကြယ်စင်ပင်လယ်ထဲကိုလိုက်ပေးပါ" ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
"အရှင်မင်းကြီးရဲ့ ခြောက်လွှာကောင်းကင်ဘေးဒုက္ခမိုးကြိုးရေကြောင့် ကျွန်တော့်ရဲ့ ဒဏ်ရာ တွေက အတော်လေးပြန်ကောင်းလာပါပြီ၊ အရှင်မင်းကြီးနဲ့အတူကြယ်စင်ပင်လယ်ထဲကို သေချာ ပေါက်လိုက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ကြယ်စင်ရေခဲပင်လယ်ရဲ့ရေခဲချီစွမ်းအင်က အရမ်းကို ကြောက်စရာကောင်းပါတယ်၊ နတ်ဘုရားမီးလျှံမီးတောက်မရှိဘဲနဲ့တော့ ကျွန်တော်လည်းအထဲကို မဝင်နိုင်ပါဘူး"
ရန်ရှောက်ထျန်းက ပြုံးလိုက်ပြီး ကောင်းကင်မိုးကြိုးဘေးဒဏ်နတ်ဘုရားမီးလျှံမီးတောက်ကို ခေါ်ယူလိုက်လေသည်။ စီနီယာချန်ရှုံးသည်ရန်ရှောက်ထျန်း၏ဘေးရှိ ကောင်းကင်မိုးကြိုးဘေးဒုက္ခ နတ်ဘုရားမီးလျှံမီးတောက်ကိုကြည့်ကာ မှင်သက်သွားတော့သည်။
"ကောင်းကင်မိုးကြိုးဘေးဒုက္ခနတ်ဘုရားမီးလျှံမီးတောက်ဟုတ်လား"
ထို့နောက် သူကရယ်မောလိုက်သည်။
"အရှင်မင်းကြီးဆီမှာ ကောင်းကင်မိုးကြိုးဘေးဒုက္ခနတ်ဘုရားမီးလျှံမီးတောက် ရှိလိမ့်မယ် လို့ ကျွန်တော်မထင်ထားခဲ့ဘူး။ ဒါပေမဲ့ကောင်းကင်မိုးကြိုးဘေးဒုက္ခနတ်ဘုရားမီးလျှံမီးတောက်က ကြယ်စင်ရေခဲပင်လယ်ထဲကိုဝင်နိုင်ပေမယ့်၊ ကြယ်နတ်ဘုရားသစ်ပင်ရဲ့ ဆယ်မိုင်အတွင်းကို ချဉ်းကပ် ဖို့ကတော့ အနည်းငယ်ခက်ခဲပါဦးမယ်"
သို့သော်လည်း သူ၏စကားမှာမဆုံးသေးမီမှာပင် တောက်ပလှသောဗုဒ္ဓအလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး ဗုဒ္ဓပေါင်းတစ်ထောင်နတ်ဘုရားမီးလျှံမီးတောက်မှာ ရန်ရှောက်ထျန်း၏ ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ကြယ်စင်အလင်းတန်းများ ပိုမိုပြင်းထန်လာခဲ့ပြီး ဇီဝေ့နတ်ဘုရားမီးလျှံမီးတောက်သည်လည်း ရန်ရှောက်ထျန်း၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာ ခဲ့ပြန်လေသည်။
စီနီယာချန်ရှုံးမှာ လုံးဝဆွံ့အသွားတော့သည်။ သူသည်ရန်ရှောက်ထျန်း၏ ဘေးရှိ မဟာနတ် ဘုရားမီးလျှံမီးတောက်သုံးခုကိုကြည့်ကာ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာဖြင့်ကြည့် နေမိလေသည်။
"မဟာ... မဟာနတ်ဘုရားမီးလျှံမီးတောက်သုံးခုတောင်လား"
ထို့အပြင် ၎င်းတို့ထဲမှနှစ်ခုမှာထိပ်တန်းဆယ်ခုစာရင်းဝင် နတ်ဘုရားမီးလျှံမီးတောက်များ ဖြစ်ကြလေသည်။ တစ်ကိုယ်တည်းကနေဒီလောက်အထိနတ်ဘုရားမီးလျှံမီးတောက်တွေ အများ ကြီး ပိုင်ဆိုင်ထားလိမ့်မယ်လို့ သူလုံးဝမစဉ်းစားခဲ့ဖူးပေ။
နတ်ဘုရားမီးလျှံမီးတောက်တစ်ခုကိုနှိမ်နင်းဖို့က ဘယ်လောက်ခက်သလဲဆိုတာကို သူ ကောင်းကောင်းသိလေသည်။ ဟိုတုန်းက ချန်ဆန်းအရှင်သခင်ပင်လျှင် မိုးပြာကြာနတ်ဘုရားမီးလျှံမီး တောက်ကို နှိမ်နင်းစဉ်က သေလုနီးပါးဖြစ်ခဲ့ရခြင်းဖြစ်လေသည်။
အချိန်အတော်ကြာမှသာ စီနီယာချန်ရှုံးသည် သူ၏ထိတ်လန့်မှုများမှ ပြန်လည်သက်သာ လာခဲ့လေသည်။ သူကခါးသီးသောအပြုံးဖြင့်ပြောလိုက်သည်။
"အရှင်မင်းကြီးဆီမှာ မဟာနတ်ဘုရားမီးလျှံမီးတောက်သုံးခုရှိလိမ့်မယ်လို့ ကျွန်တော် မထင် ထားခဲ့ဘူး။ ဒီနတ်ဘုရားမီးလျှံမီးတောက်သုံးခုနဲ့ဆိုရင်တော့ ကြယ်နတ်ဘုရားသစ်ပင်ဆီကို ချဉ်းကပ် ဖို့ သေချာပေါက်ဖြစ်နိုင်ပါတယ်"
"ဒါပေမဲ့ ကြယ်နတ်ဘုရားသစ်ပင်ကို ကြယ်စင်ဧရာမသားရဲတစ်ကောင်က စောင့်နေတာပါ။ အရှင်မင်းကြီး အဲ့ဒီကျရင်တော့ သေချာဂရုစိုက်ရပါမယ်"
"ကြယ်စင်ဧရာမသားရဲ ဟုတ်လား" ဟု ရန်ရှောက်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
"ဟုတ်ပါတယ်၊ ကြယ်စင်ဧရာမသားရဲပါ။ ဒီသားရဲကအလွန်တရာအစွမ်းထက်ပါတယ်" ဟု စီနီယာချန်ရှုံးက ပြောလိုက်သည်။
"ဒါပေမဲ့ ဒီကြယ်စင်ဧရာမသားရဲကအိပ်ရတာဝါသနာပါပြီး များသောအားဖြင့်တော့ အိပ်ပျော်နေတတ်ပါတယ်။ သူ့ကိုတိုက်ရိုက်တိုက်ခိုက်တာ ဒါမှမဟုတ်တိုက်ပွဲတွေကြောင့် သူ့ကို သွားမနှောင့်ယှက်သရွေ့တော့ သူ နိုးလာမှာ မဟုတ်ပါဘူး"
ရန်ရှောက်ထျန်း စိတ်အေးသွားတော့သည်။ အကယ်၍ထိုသို့သာဆိုလျှင် အဆင်ပြေလှ ပေသည်။ မကြာမီတွင်ရန်ရှောက်ထျန်းသည် နောက်တစ်ကြိမ်ကြယ်စင်ပင်လယ်ရေကျမည့် အချိန် မှာ နောက်ထပ်နှစ်လအကြာတွင် ဖြစ်ကြောင်း သိရှိလိုက်ရလေသည်။
"နောက်ထပ် နှစ်လအကြာပေါ့လေ" ဟု ရန်ရှောက်ထျန်းက ရေရွတ်လိုက်မိသည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူထွက်ခွာရန်မလောသေးပေ။ သူသည်နောက်ထပ်တစ်လအကြာမှသာ စီနီယာ ချန်ရှုံးနှင့်အတူ ထွက်ခွာတော့မည် ဖြစ်လေသည်။
***