ကြယ်စင်ပင်လယ်ဆီသို့မသွားမီ နောက်ထပ်တစ်လစောင့်ဆိုင်းရန် ဆုံးဖြတ်ပြီးနောက် ရန်ရှောက်ထျန်းသည်နတ်ဘုရားစံအိမ်တော်သို့ပြန်လာခဲ့လေသည်။ နှစ်သစ်ကူးနီးလာပြီဖြစ်သဖြင့် နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာမြို့တော်တစ်ခုလုံးမှာ အလွန်တရာစည်ကားနေခဲ့လေသည်။ လမ်းမများပေါ်တွင် မီးပုံးများနှင့်ရောင်စုံအလံများချိတ်ဆွဲထားကြပြီး ပျော်ရွှင်စရာကောင်းသော အငွေ့အသက်များ လွှမ်းခြုံနေခဲ့လေသည်။
သို့သော်လည်း လွန်ခဲ့သောတစ်ကြိမ်က မိစ္ဆာဂိုဏ်းကြီးလေးခု၏တိုက်ခိုက်မှုကိုခံခဲ့ရပြီး နောက် နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာသည် မြို့တော်အတွင်းစစ်တပ်အင်အားကိုတိုးမြှင့် ထားခဲ့ပြီး ကင်းလှည့်နေသောစစ်သားများကိုနေရာတိုင်းတွင်မြင်တွေ့နိုင်လေသည်။ ရန်ရှောက်ထျန်း နတ်ဘုရားစံအိမ်တော်သို့မရောက်မီမှာပင် စံအိမ်တော်၏အစောင့်တပ်များက အဝေးမှစိတ်လှုပ်ရှား စွာ အော်ဟစ်လိုက်ကြလေသည်။
"အရှင်မင်းကြီး ပြန်လာပြီ"
ထိုအော်ဟစ်သံမှာပျံ့နှံ့သွားခဲ့ပြီး နတ်ဘုရားစံအိမ်တော်သာမက ပတ်ဝန်းကျင်ရှိလမ်းမများ ပေါ်တွင်ပါ စိတ်လှုပ်ရှားမှုများဖြစ်ပေါ်သွားစေခဲ့လေသည်။ လမ်းသွားလမ်းလာပညာရှင်များမှာ မူလကရန်ရှောက်ထျန်းကို မမှတ်မိကြသော်လည်း ထိုအော်ဟစ်သံကိုကြားလိုက်ရသောအခါ အားလုံးက လှည့်ကြည့်လိုက်ကြလေသည်။
"ဒါ... ဧကရာဇ်သုံးထောင် ရန်ရှောက်ထျန်းပဲ"
"နတ်ဘုရား ဧကရာဇ်ရန်ပဲ"
လမ်းသွားလမ်းလာ ပညာရှင်များအားလုံးစိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လိုက်ကြလေ သည်။ ချက်ချင်းဆိုသလိုပင် စည်ကားနေသောလမ်းမကြီး၏အပိုင်းတစ်ခုလုံးမှာ ဒူးထောက်နေသူ များဖြင့်ပြည့်နှက်သွားခဲ့လေသည်။ ထို့အပြင်ထိုအသံမှာ ပိုမိုကျယ်လောင်လာပြီးပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့ရာ ဒူးထောက်နေသောပညာရှင်များမှာ ပို၍ပို၍များပြားလာခဲ့လေသည်။
၎င်းမှာ လမ်းမကြီး၏ အဆုံးအထိပင် ရောက်ရှိသွားခဲ့လေပြီ။
ရန်ရှောက်ထျန်း ချွေးပြန်သွားမိပြီး ပတ်ဝန်းကျင်ရှိလူအားလုံးကို သူ၏စွမ်းအင်ဖြင့် အမြန်ထူ မပေးလိုက်လေသည်။
"အားလုံး ထကြပါ... ဒီလိုမျိုးတွေလုပ်နေဖို့မလိုပါဘူး"
ရန်ရှောက်ထျန်းက အကြိမ်ကြိမ်အော်ဟစ်ပြောဆိုပြီးနောက်မှသာ အားလုံးကတဖြည်း ဖြည်းပြန်ထလာကြလေသည်။ သို့သော်လည်းလမ်းပေါ်ရှိလူအုပ်ကြီးမှာ အလွန်တရာစိတ်လှုပ်ရှား နေကြဆဲဖြစ်လေသည်။
လူအများအပြားအတွက် ချန်ဆန်းအရှင်သခင်အသစ်ကို ဂါရဝပြုခွင့်ရခြင်းမှာနှိုင်းယှဉ်၍ မရနိုင်သော ဂုဏ်ယူစရာတစ်ခုဖြစ်လေသည်။ လူတိုင်းကထိုနေရာမှာပင်ရပ်နေကြပြီး မထွက်သွား ကြသလို လမ်းလည်းမဖယ်ပေးကြသည်ကိုမြင်သောအခါ ရန်ရှောက်ထျန်းကလက်ဝါးချင်း ရိုက်လျက် ပြောလိုက်သည်။
"အားလုံး လူစုခွဲပေးကြပါဦး"
ထို့နောက်မှ သူသည်နတ်ဘုရားစံအိမ်တော်ဆီသို့ လမ်းလျှောက်သွားခဲ့လေသည်။
သို့သော်လည်း ရန်ရှောက်ထျန်းကဖျောင်းဖျပြောဆိုနေသော်လည်း မည်သူမျှထွက်မသွား ကြပေ။ နောက်ဆုံးတွင်နတ်ဘုရားစံအိမ်တော်မှလူများထွက်လာပြီးမှသာ ရန်ရှောက်ထျန်းသည် သူတို့၏ဝန်းရံမှုဖြင့်စံအိမ်တော်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့လေသည်။ ရန်ရှောက်ထျန်းနတ်ဘုရား စံအိမ်တော်အတွင်းသို့ဝင်ရောက်သွားပြီး အချိန်အတော်ကြာမှသာလူအုပ်ကြီးမှာ တဖြည်းဖြည်း လူစုခွဲသွားကြလေသည်။
ရန်လင်းအာက ရန်ရှောက်ထျန်းကိုပြုံးကြည့်ပြီးပြောလိုက်သည်။
"အစ်ကို... အစ်ကို မသိဘူး၊ လွန်ခဲ့တဲ့လအနည်းငယ်တည်းကနေ့တိုင်း အင်ပါယာရဲ့နေရာ အနှံ့အပြားက သိုင်းပညာရှင်တွေစံအိမ်တော်အပြင်မှာစုဝေးပြီး အစ်ကို့ကိုတွေ့ဖို့စောင့်နေကြတာ။ နောက်ပိုင်းကျတော့ လူတွေကပိုပိုများလာပြီး ညီမတို့တောင်အပြင်ထွက်ဖို့မဖြစ်နိုင်တော့ဘူး။
နောက်ဆုံးတော့ ဘာမှလုပ်လို့မရတော့လို့ နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာဧကရာဇ် က လူလွှတ်ပြီး အားလုံးကို ဖျောင်းဖျခိုင်းမှ လူတွေထွက်သွားကြတာ"
ထိုအချိန်တွင် ရန်လင်းအာကသူမ၏မျက်လုံးကြီးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ကာ ပြုံးလိုက်သည်။
"အခုဆို ချန်ဆန်းတိုက်ကြီးရဲ့ သိုင်းပညာရှင်တွေကအစ်ကို့ကို အရမ်းကြည်ညိုနေကြတာ"
ထို့နောက် သူမက အသံကိုနှိမ့်ပြီး အနားသို့ တိုးကပ်လာကာ။
"ပြီးတော့ နေ့တိုင်းလှပတဲ့စီနီယာအစ်မတွေအများကြီးလည်း လာတတ်ကြသေးတယ်"
ရန်ရှောက်ထျန်းက ရန်လင်းအာ၏နဖူးကိုတောက်လိုက်ပြီး စနောက်လိုက်သည်။
"မင်းကတော့ အစ်ကို့ကိုစနောက်ပြန်ပြီ"
ရန်လင်းအာက သူမ၏နဖူးကိုပွတ်ပြီးနှုတ်ခမ်းဆူလိုက်သည်။
"ညီမ စတာမဟုတ်ဘူး၊ အမှန်အတိုင်းပြောတာ"
ရန်ချောင်နှင့် ဟွမ်ယင်းတို့မှာ ရယ်မောနေကြလေသည်။
ဟွမ်ယင်းက ရန်လင်းအာကိုပြုံးကြည့်ပြီး
"မင်းက တခြားလူတွေအစ်ကို့ကိုတွေ့ဖို့စောင့်နေကြတာလို့ပြောတယ်၊ ဒါပေမဲ့ မင်းကလည်း သူတို့နဲ့ ဘာထူးလို့လဲ"
ထို့နောက် သူမက ရန်ရှောက်ထျန်းကို ပြုံးကြည့်လိုက်သည်။
"ဒီကလေးမလင်းအာက နေ့တိုင်းအစ်ကို့အကြောင်းပဲပြောနေတာ၊ စံအိမ်တော်အပြင် ဘက်ကိုခဏခဏသွားကြည့်ပြီး အစ်ကိုဘယ်တော့ပြန်လာမလဲဆိုတာကိုပဲ မျှော်လင့်တကြီးမေးနေ တာ"
ရန်လင်းအာက လျှာထုတ်ပြလိုက်သည်။
"ညီမ အပြင်ကို သွားမစောင့်ပါဘူး"
လူတိုင်း ရယ်မောလိုက်ကြလေသည်။
ရန်ရှောက်ထျန်းနှင့် သူ၏မိသားစုမှာစံအိမ်တော်အတွင်းသို့ စကားတပြောပြောဖြင့် ဝင်ရောက်ခဲ့ကြပြီး၊ သူကအမှောင်နဂါး၊ တိန်းဖုန်းနှင့် ယင်လေဂိုဏ်းမှတခြားသူများကို လူတိုင်းနှင့် မိတ်ဆက်ပေးလိုက်လေသည်။
ဤတစ်ကြိမ်တွင် သူသည်အမှောင်နဂါး၊ တိန်းဖုန်းနှင့် အခြားအနည်းငယ်တို့နှင့်အတူ ပြန်လာ ခဲ့ခြင်း ဖြစ်လေသည်။
"ကလေးမ... မင်းရဲ့ကျင့်ကြံမှုတွေဘယ်လိုနေလဲ။ပျင်းမနေဘူးမဟုတ်လား" ဟု ရန်ရှောက် ထျန်းက ရန်လင်းအာကိုပြုံးမေးလိုက်လေသည်။
"ညီမ လုံးဝမပျင်းပါဘူး" ဟု ရန်လင်းအာက သူမ၏ကျစ်ဆံမြီးကို လှုပ်ယမ်းလျက် ပြုံးပြော လိုက်သည်။
"ညီမ နေ့တိုင်းကြိုးစားပြီးကျင့်ကြံနေတာ၊ အမြဲတမ်းကျင့်ကြံတယ်၊ အစွမ်းကုန် ကျင့်ကြံနေ တာပါ" သူမသည် သူမ၏ကြိုးစားမှုကိုဖော်ပြရန်အတွက် "ကျင့်ကြံသည်" ဟူသောစကားလုံးကို သုံးကြိမ်တိုင်တိုင် သုံးနှုန်းလိုက်လေသည်။
ရန်ချောင်ကပြုံးလျက်ပြောလိုက်သည်။
"လင်းအာက အမြဲတမ်းကြိုးစားပြီးကျင့်ကြံပါတယ်။ သူမက သိုင်းထွတ်မြတ်အဆင့်ကို တက်လှမ်းနိုင်တာနဲ့ ချန်ဆန်းကျောင်းတော်ရဲ့စာမေးပွဲကိုဝင်ဖြေမယ်လို့ပြောနေတာ"
ရန်ရှောက်ထျန်းက ရန်လင်းအာကို ပြုံးကြည့်ပြီး
"ဟုတ်လား" ဟု မေးလိုက်လေသည်။
ရန်လင်းအာက အလွန်တရာအလေးအနက်ထားကာ ပြောလိုက်သည် ။
"ချန်ဆန်းကျောင်းတော်ကို ဝင်ခွင့်ရပြီးရင်လည်း ညီမဆက်ပြီးကြိုးစားသွားမှာ၊ ပြီးရင် ချန်ဆန်းစံအိမ်တော်ရဲ့စာမေးပွဲကိုပါဆက်ဖြေမှာ"
ဟွမ်ရင်းက ပြုံးလျက်။
"ဒီကလေးမရဲ့ရည်မှန်းချက်ကမသေးဘူး၊ သူမကနောင်ကျရင် ချန်ဆန်းတိုက်ကြီးရဲ့ ပထမဆုံး အမျိုးသမီးဓားနတ်ဘုရား ဖြစ်ချင်တာတဲ့"
ရန်ရှောက်ထျန်းက အားပါးတရရယ်မောလိုက်လေသည်။ ရန်ရှောက်ထျန်း၏ ရယ်သံကြောင့် ရန်လင်းအာ အနည်းငယ်ရှက်သွားမိသည်။
ထိုညတွင် နတ်ဘုရားစံအိမ်တော်၌ခမ်းနားလှသော စားသောက်ပွဲကြီးတစ်ခုကို ကျင်းပခဲ့ကြ ပြီး စံအိမ်တော်တစ်ခုလုံး ရယ်သံများဖြင့်ပြည့်နှက်နေခဲ့လေသည်။
"အစ်ကို... နောက်ရက်အနည်းငယ်နေရင်နှစ်သစ်ကူးပြီ၊ ဒီနှစ်ညီမကို မုန့်ဖိုးဘယ်လောက် ပေးမှာလဲ" ဟု စားသောက်ပွဲတွင် ရန်လင်းအာကပြုံးမေးလိုက်လေသည်။ ၎င်းမှာနှစ်သစ်ကူးတိုင်း သူမ စိတ်အဝင်စားဆုံး အရာဖြစ်လေသည်။
"အနိမ့်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးဘီလီယံတစ်ရာဆိုရင်ရောဘယ်လိုလဲ" ဟု ရန်ရှောက် ထျန်းကပြုံးမေးလိုက်လေသည်။ ရန်လင်းအာမှာ အသက်ရှူမှားသွားပြီးမျက်လုံးများပြူးကာ သူမ၏အစ်ကိုကို မယုံနိုင်စရာကောင်းလောက်အောင် ကြည့်နေမိလေသည်။
"ဘီ... ဘီလီယံတစ်ရာဟုတ်လား"
ယခင်နှစ်များက ရန်ရှောက်ထျန်းသည် အများဆုံးဆယ်သန်းခန့်သာပေးခဲ့ခြင်း ဖြစ်လေ သည်။
ရွှေချပ်ဝတ်သားရဲရွှေငယ်လေးမှာလည်း သူ၏သောက်လက်စအရည်ကို အတင်း မျိုချလိုက်ရလေသည်။ ဘီလီယံတစ်ရာဆိုရင် ချိုချဉ်ဘယ်လောက်တောင် ဝယ်လို့ရမလဲ။ အကယ်၍ သူသာ ဘီလီယံတစ်ရာဖိုးချိုချဉ်ဝယ်ပြီး နေ့တိုင်းတစ်လုံးစီစားမယ်ဆိုရင်တောင် နှစ်သန်းပေါင်း တစ်ရာလောက်အထိ ကုန်မှာမဟုတ်ပေ။
သူ၏ညီမလေး၏ ထိတ်လန့်နေသောမျက်နှာကိုကြည့်ရင်း ရန်ရှောက်ထျန်းကပြုံးလျက် ပြောလိုက်သည်။
"အစ်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ပင်လယ်ရပ်ခြားကိုသွားရင်း ချမ်းသာလာခဲ့လို့ပါ"
သူသည် ဟွန်ချွမ်ဘဏ္ဍာတိုက်ကိုတွေ့ရှိခဲ့ရုံတင်မကဘဲ ကြယ်နတ်ဘုရားနန်းတော်ရဲ့ ဘဏ္ဍာတိုက်ထဲက ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးတွေ၊ စိန့်အဆင့်ဝိညာဉ်ကျောက်တုံးတွေနဲ့ ကောင်းကင်နှင့်မြေကြီးရတနာတွေကိုပါ အကုန်သိမ်းခဲ့တာဆိုတော့ သူဘယ်လိုလုပ် မချမ်းသာဘဲ နေပါ့မလဲ။
"အစ်ကို...အစ်ကို ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ကိုပြောင်သလင်းခါ အောင်လုပ်ခဲ့တာတော့မဟုတ်ပါဘူးနော်" ဟု ရန်လင်းအာက ပြုံးမေးလိုက်လေသည်။
ရန်ရှောက်ထျန်းနှင့် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်တို့၏ကိစ္စမှာ ချန်ဆန်းတိုက်ကြီးသို့ ပျံ့နှံ့နေခဲ့ပြီဖြစ်ရာ နတ်ဘုရားစံအိမ်တော်ရှိ လူတိုင်းကလည်း သိရှိထားကြလေသည်။
"အဲ့ဒီလောက်ပါပဲ" ဟု ရန်ရှောက်ထျန်းက ပြုံးပြောလိုက်သည်။
စားသောက်ပွဲမှာ ညနက်ပိုင်းအထိကြာမြင့်ခဲ့လေသည်။ လူတိုင်းလူစုခွဲသွားကြပြီးနောက် ရန်ရှောက်ထျန်းသည် သူ၏နန်းဆောင်သို့ပြန်လာခဲ့ပြီး ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ဒသမအဆင့်သို့ တတ်နိုင်သမျှ မြန်မြန် ရောက်ရှိစေရန် ဆက်လက်ကျင့်ကြံနေခဲ့လေသည်။
ရန်ရှောက်ထျန်း ကျင့်ကြံခြင်းကိုရပ်နားလိုက်သောအခါ မိုးလင်းနေပြီဖြစ်ကြောင်း တွေ့လိုက် ရလေသည်။ သူသည်သူ၏အခန်းအတွင်းမှထွက်လာပြီး ဓားပညာကိုခဏမျှလေ့ကျင့်နေခဲ့ လေ သည်။ သူသည် ယခင်ကကျင့်ကြံခဲ့ဖူးသော အမြင့်မြတ်ဆုံးနတ်ဘုရားစွမ်းအားအားလုံးကို လေ့ကျင့် နေခဲ့ခြင်းဖြစ်လေသည်။ အထွတ်အထိပ်ထက်ကျော်လွန်သည်မှာ ဓားစိတ်ဆန္ဒပင်ဖြစ်လေသည်။ ဓားနတ်ဘုရား ပညာရှင်တစ်ဦးသည် ကိုးမျိုးထက်မကသောဓားစိတ်ဆန္ဒများကို နားလည်သဘော ပေါက်နိုင်လေသည်။
ရန်ရှောက်ထျန်းသည် နောက်တစ်နှစ်အတွင်းမှာပင် ကိုးမျိုးထက်မကသောဓားစိတ်ဆန္ဒ များကို တစ်ပြိုင်နက်တည်းနားလည်သဘောပေါက်နိုင်လိမ့်မည်ဟု ခံစားနေရလေသည်။ အကယ်၍ သူ ကြယ်စင်ပင်လယ်ထဲကိုဝင်ပြီး ကြယ်နတ်ဘုရားအသီးဆယ်လုံးကျော်ကို ရရှိခဲ့မည်ဆိုပါက တစ်နှစ်အတွင်းမှာပင် သိုင်းစိန့်အဆင့်သို့ တက်လှမ်းရန်အခွင့်အရေး ရှိနိုင်ပေလိမ့်မည်။ ထိုသို့ဆိုပါက သူသည် ချန်ဆန်းတိုက်ကြီး၏သမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံးသိုင်းစိန့်ဖြစ်လာပေ လိမ့်မည်။
ချန်ဆန်းတိုက်ကြီးပေါ်တွင် မည်သူမျှ အသက်တစ်ဆယ့်ရှစ်နှစ်မတိုင်မီ သိုင်းဧကရာဇ်အဆင့် သို့မတက်လှမ်းနိုင်ခဲ့ကြဖူးပေ၊ သိုင်းစိန့်အဆင့်ကိုမူ ပြောနေရန်ပင် မလိုတော့ပေ။ နှစ်သစ်ကူးပြီးပါက သူသည် အသက်တစ်ဆယ့်ခြောက်နှစ်သာ ရှိဦးမည်ဖြစ်လေသည်။
"ဓားပေါင်းတစ်သောင်းတိုက်ကြီးမှာရော လူငယ်သိုင်းဧကရာဇ်တွေ ဒါမှမဟုတ် လူငယ်သိုင်း စိန့်တွေ ရှိမလားတော့ မသိဘူး" ဟု ရန်ရှောက်ထျန်းက တွေးတောနေမိလေသည်။ သူ၏ ဆရာဖြစ်သူ နတ်ဘုရားအရှင်သခင်ဟုန်ဖုန်းသည် ဓားပေါင်းတစ်သောင်းတိုက်ကြီးမှလာသူဖြစ်လေသည်။ ဓားပေါင်းတစ်သောင်းတိုက်ကြီးမှာ ချန်ဆန်းတိုက်ကြီးထက်ပိုမိုအစွမ်းထက်ပြီး ပိုမိုများပြားသော သိုင်းပါရမီရှင်များနှင့် ဓားပါရမီရှင်များရှိကြလေသည်။
ထိုစဉ်မှာပင် သူ၏ညီမလေးရန်လင်းအာက တုန်းဖန်ရှုးကိုခေါ်ဆောင်လာသည်ကို မြင်လိုက် ရလေသည်။ တုန်းဖန်ရှုးကိုမြင်လိုက်ရသဖြင့် ရန်ရှောက်ထျန်းအံ့အားသင့်သွားမိသည်၊ သူတုန်းဖန် ရှုးကိုမတွေ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်လေသည်။ သို့သော်လည်း တုန်းဖန်ရှုး၏မျက်နှာ အမူအရာမှာ လက်ရှိတွင် အနည်းငယ်ပုံမှန်မဟုတ်နေပေ။
"စီနီယာအစ်မ တုန်းဖန်" ဟု ရန်ရှောက်ထျန်းက နှုတ်ဆက်လိုက်လေသည်။
တုန်းဖန်ရှုးသည် ရန်ရှောက်ထျန်း၏ရှေ့သို့ရောက်လာခဲ့ပြီး မျက်လုံးများ နီမြန်းလျက် ပြောလိုက်သည် ။
"ဂျူနီယာမောင်လေး ရန်... ကျေးဇူးပြုပြီး အစ်မရဲ့ အဖေကို ကယ်ပေးပါဦး"
"ဥက္ကဋ္ဌ တုန်းဖန် ဟုတ်လား" ဟု ရန်ရှောက်ထျန်းက အံ့အားသင့်စွာ မေးလိုက်လေသည်။
"အစ်မရဲ့အဖေက လွန်ခဲ့တဲ့လအနည်းငယ်က ကုန်သွယ်ရေးအသင်းကပညာရှင်တွေနဲ့အတူ ပင်လယ်ရပ်ခြားကိုသွားခဲ့တာပါ၊ ဒါပေမဲ့ အခုလပေါင်းများစွာ ကြာတဲ့အထိ သူတို့ဆီက ဘာသတင်းမှ မရတော့ပါဘူး" ဟု တုန်းဖန်ရှုးက ဝမ်းနည်းစွာ ပြောလိုက်လေသည်။
"ဥက္ကဋ္ဌ တုန်းဖန်ပြန်မလာသေးဘူးဟုတ်လား" ဟု ရန်ရှောက်ထျန်းက အံ့အားသင့် သွားမိသည်။ သူ ပင်လယ်ရပ်ခြားတွင် ရှိနေစဉ်ကတုန်းဖန်ကုန်သွယ်ရေးအသင်းနှင့် တွေ့ဆုံခဲ့ပြီး ထိုစဉ်က တုန်းဖန်ရှန့်သည် ထိပ်တန်းအဆင့်ဝိညာဉ်ကြောကို ရှာဖွေရန်အတွက် နတ်သားရဲကျွန်းသို့ သွားမည်ဟု ပြောခဲ့ကာ သူ့ကိုပါဖိတ်ခေါ်ခဲ့ဖူးလေသည်။ အခုဆိုရင်အချိန်အားဖြင့် ငါးလလောက် ရှိနေပြီဖြစ်ရာ သူပြန်မလာသေးဘူးတဲ့လား။ ပုံမှန်အားဖြင့်ဆိုလျှင် သူပြန်ရောက်နေသည်မှာ ကြာလှပြီ ဖြစ်လေသည်။
***