"ဟုတ်ပါတယ်၊ အစ်မရဲ့အဖေနဲ့ဦးလေးထျန်းတို့ပြန်မလာသေးပါဘူး" ဟုတုန်းဖန်ရှုးက မျက်လုံးများနီမြန်းလျက်ပြောလိုက်သည်။
"အစ်မတို့ပညာရှင်တွေလွှတ်ပြီး ရှာခိုင်းပေမယ့် ဘာသတင်းမှမရပါဘူး"
"ပြီးတော့ အခုတလောမှာပင်လယ်ရပ်ခြားကစစ်တပ်တွေကပင်လယ်ပြင်ကို အကြီး အကျယ်ပိတ်ဆို့ထားကြတယ်"
တုန်းဖန်ရှုး၏ လှပသောမျက်နှာလေးပေါ်တွင် စိုးရိမ်မှုများ၊ ပူပန်မှုများနှင့် ထိတ်လန့်မှုများပင် ပြည့်နှက်နေလေသည်။ သူမ၏အဖေတစ်ခုခုဖြစ်သွားမည်ဆိုပါက ဖြစ်ပေါ်လာမည့်အကျိုးဆက် များကို သူမခန့်မှန်းနိုင်လေသည်။ တုန်းဖန်ကုန်သွယ်ရေးအသင်းမှာ သူမ၏အဖေစောင့်ကြပ်နေရန် လိုအပ်လေသည်၊ အကယ်၍သူမ၏အဖေသာကျဆုံးသွားခဲ့ပါက တုန်းဖန်ကုန်သွယ်ရေးအသင်းမှာ သေချာပေါက်ပရမ်းပတာဖြစ်သွားပေလိမ့်မည်။
လွန်ခဲ့သော လအတွင်းမှာပင် တုန်းဖန်ကုန်သွယ်ရေးအသင်းအတွင်း၌ အချို့သော ရှေးဟောင်းဘိုးဘေးများက မကောင်းသောအကြံအစည်များ ကြံစည်နေကြသဖြင့် အတွင်းရေးများ မှာ စတင်၍ ရှုပ်ထွေးနေခဲ့ပြီ ဖြစ်လေသည်။
"စီနီယာအစ်မ တုန်းဖန်... ကျုပ်အခုပဲစံအိမ်တော်သခင်၊ ချန်ဆန်းကျောင်းတော်နဲ့ နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာတို့ကိုလူလွှတ်ပြီး ခင်ဗျားအဖေရဲ့သတင်းကို အစွမ်းကုန် စုံစမ်းခိုင်းလိုက်ပါ့မယ်" ဟု ရန်ရှောက်ထျန်းကတုံ့ဆိုင်းမနေဘဲ ကျန်းယုံကျန်း၊ ချန်ကျင်နှင့် ဝမ်ကွမ်း ဖုန်းတို့ကို ချက်ချင်းဆက်သွယ်ကာတုန်းဖန်ရှန့်၏တည်နေရာကို အစွမ်းကုန်စုံစမ်းပေးရန် ပြောကြား လိုက်လေသည်။
"ကျေးဇူးတင်ပါတယ်ဂျူနီယာမောင်လေး" ဟု တုန်းဖန်ရှုးကကျေးဇူးတင်ရှိသော မျက်နှာဖြင့် ပြောလိုက်လေသည်။
ရန်ရှောက်ထျန်းကခေါင်းခါပြလိုက်ပြီး
"စီနီယာအစ်မ... ကျုပ်နဲ့ ဒီလောက်အထိအားနာနေစရာမလိုပါဘူး။ သတင်းရတာနဲ့ ကျုပ် လူလွှတ်ပြီးခင်ဗျားကိုအကြောင်းကြားလိုက်ပါ့မယ်" ဟု ပြောပြီးနောက် သူမကိုနှစ်သိမ့်ပေးလိုက် သည်။
"စိတ်မပူပါနဲ့၊ ဥက္ကဋ္ဌတုန်းဖန်ကိုသေချာပေါက်ရှာတွေ့မှာပါ"
တုန်းဖန်ရှုးက ခေါင်းညိတ်ပြလိုက်ပြီး ခဏမျှထိုင်နေပြီးနောက်မှ ပြန်သွားခဲ့လေသည်။
နောက်ရက်အနည်းငယ်အတွင်းမှာလည်း ရန်ရှောက်ထျန်းသည် နတ်ဘုရားစံအိမ်တော်၌ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေခဲ့လေသည်။ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်မှာ သိသာထင်ရှားသော တိုးတက်မှုများရှိလာခဲ့ပြီးနဝမအဆင့်၏ အလယ်ပိုင်းသို့ရောက်ရှိနေပြီ ဖြစ်လေ သည်။
သို့သော်လည်း ရန်ရှောက်ထျန်းကတော့ နှေးကွေးနေဆဲဖြစ်သည်ဟုခံစားနေရဆဲ ဖြစ်လေ သည်။ အကယ်၍ဤကဲ့သို့သာဆက်လက်ကျင့်ကြံနေမည်ဆိုပါက ဒသမအဆင့်သို့ရောက်ရန် နောက်ထပ် တစ်နှစ်ခန့်ကြာဦးမည်ဖြစ်လေသည်။
ထို့ကြောင့် သူကြယ်နတ်ဘုရားအသီးကိုရှာတွေ့သည်နှင့် ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီး များအတွင်းသို့ဝင်ရောက်ကာ သေမင်းနတ်ဘုရားသစ်ပင်၏အကူအညီဖြင့်ကျင့်ကြံရန် ဆုံးဖြတ် လိုက်လေသည်။ အကယ်၍ သူသာသေမင်းနတ်ဘုရားသစ်ပင်အောက်မှာထိုင်ပြီး သေမင်းချီများကို စုပ်ယူကာကျင့်ကြံမည်ဆိုပါက သူ၏ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်တိုးတက်မှုမှာ အံ့ဩစရာကောင်း လောက်အောင် မြန်ဆန်လာပေလိမ့်မည်။
ရက်အနည်းငယ် ကုန်ဆုံးသွားသော်လည်း တုန်းဖန်ရှန့်၏သတင်းမှာမူ ထွက်မလာသေးပေ။ ဤရက်ပိုင်းအတွင်း ကျန်းချန်ချန်နှင့်ဝမ်နင်တို့နှစ်ကြိမ်တိုင်တိုင် ရောက်လာခဲ့ကြလေသည်။ တစ်ခါက ထိုအမျိုးသမီးနှစ်ဦးအတူတူလာခဲ့ကြပြီး၊ နောက်တစ်ခါမှာမူ ထိုနှစ်ဦးမှာ တုန်းဖန်ရှုး၊ အမြီးကိုး ချောင်းမြေခွေမင်းသမီး ပိုင်လီတို့နှင့်အတူ လာခဲ့ကြခြင်း ဖြစ်လေသည်။
နှစ်သစ်ကူး အကြိုနေ့တွင် ဧကရာဇ်ဝမ်ကွမ်းဖုန်းသည် ဝမ်နင်ကိုခေါ်ဆောင်ကာ ရန်ရှောက်ထျန်း၏မိသားစုထံသို့ နှစ်သစ်ကူးဂါရဝပြုရန်လာရောက်ခဲ့လေသည်။ ရန်ချောင်နှင့် ဟွမ်ရင်းတို့မှာ အလွန်တရာပျော်ရွှင်နေကြသဖြင့် ပါးစပ်ပင်မစိနိုင်တော့ပေ။
မည်သည့် မိဘမဆိုမိမိ၏သားရတနာဖြစ်လာသည်ကိုမလိုလားဘဲနေပါ့မလား။ ယခုအခါ သူတို့၏သားနတ်ဘုရားဧကရာဇ်ရန်မှာ ချန်ဆန်းတိုက်ကြီးတစ်ခုလုံး၏ ဂုဏ်ဆောင်ဖြစ်နေပြီ ဖြစ်လေသည်။ ထိုနေ့တွင်ရန်ရှောက်ထျန်းကရန်လင်းအာကိုမုန့်ဖိုးအဖြစ် ဘီလီယံတစ်ရာပေးခဲ့လေ သည်။
သေချာပေါက်ပင် သူ၏အဖေနှင့် အမေတို့ကိုလည်း ပေးခဲ့လေသည်။
ရွှေချက်ပဝတ်သားရဲရွှေငယ်လေး၊ ဝူဘိုးဘေး၊ လော့်ချင်းနှင့် တခြားလူတိုင်းလည်း ရရှိခဲ့ကြ လေသည်။
နှစ်သစ်ကူးနေ့တွင် ရန်ရှောက်ထျန်းဓားပညာလေ့ကျင့်နေစဉ်မှာပင် ရုတ်တရက်နတ်ဘုရား ပေါင်းတစ်သောင်းအင်ပါယာမြို့တော်ရှိ စစ်သားအားလုံးမှာဒူးတစ်ဖက်ထောက်လိုက်ကြပြီး နတ်ဘုရားစံအိမ်တော်ဆီသို့ ဦးတည်ကာ ညီညီညာညာ အော်ဟစ်လိုက်ကြလေသည်။
"နတ်ဘုရား ဧကရာဇ် ရန်သည် ထာဝရ ပြိုင်ဘက်ကင်းပါစေ"
သူတို့ သုံးကြိမ်တိုင်တိုင်အော်ဟစ်လိုက်ကြသဖြင့် သူတို့၏အသံများမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေတော့သည်။ နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာမြို့တော်၏ ထောင့်တိုင်းသို့ ပျံ့နှံ့သွားခဲ့လေသည်။ အင်ပါယာမြို့တော်ရှိ ဂိုဏ်းအသီးသီးနှင့် မိသားစုအသီးသီးမှ ပညာရှင်များအားလုံး စိတ်လှုပ်ရှားစွာဖြင့်တပြိုင်နက်တည်းအော်ဟစ်လိုက်ကြလေသည် ။
"နတ်ဘုရား ဧကရာဇ်ရန်သည် ထာဝရပြိုင်ဘက်ကင်းပါစေ" သူတို့၏ အော်ဟစ်သံများမှာ အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေခဲ့လေသည်။
ရန်ရှောက်ထျန်းသည် သူ၏ဓားပညာလေ့ကျင့်မှုကိုရပ်နားလိုက်ပြီး ခေတ္တမျှကြောင်အသွား ကာ ပြုံးလျက်ခေါင်းခါလိုက်မိသည်၊ ၎င်းမှာနတ်ဘုရားပေါင်းတစ်သောင်းဧကရာဇ်က စီစဉ်ထား ခြင်းဖြစ်ကြောင်း သူသိလိုက်ရလေသည်။
ထို့နောက်တွင် ရန်မိသားစုနှင့် တခြားသူများမှာထုံးစံအတိုင်း နှစ်သစ်ကူးဈေးဝယ်ထွက် ခဲ့ကြလေသည်။ နှစ်ပေါင်းများစွာ ချိုချဉ်မစားခဲ့သော ရန်လင်းအာသည် အလွန်တရာကြီးမားသော ချိုချဉ်နှစ်လုံး ဝယ်ခဲ့လေသည်၊ သူမအတွက်တစ်လုံးနှင့် ရွှေချပ်ဝတ်သားရဲဝက်ဝံလေးအတွက် တစ်လုံးဖြစ်ပြီး နှစ်ယောက်သား အရသာရှိရှိ စားနေကြလေသည်။
တစ်နေ့လုံး ဈေးဝယ်ပြီးနောက်စံအိမ်တော်သို့ ပြန်ရောက်သောအခါ ရန်ရှောက်ထျန်းသည် သူ၏ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ပင်ပန်းကြီးစွာဆက်လက်ကျင့်ကြံနေခဲ့လေသည်။ သူ၏ လက်ရှိ အာရုံစူးစိုက်မှုအားလုံးမှာ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ဒသမအဆင့်သို့တင်ရန်အတွက်သာ ဖြစ်လေသည်။ သူသည် ၎င်းကို တတ်နိုင်သမျှ အမြန်ဆုံး ရောက်ရှိစေချင်နေခဲ့လေသည်။
တစ်လမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေပြီ။
မိုးပြာရောင်ဝက်ဝံမှာ ကတိအတိုင်းရောက်ရှိလာခဲ့ပြီး သူနှင့်ရန်ရှောက်ထျန်းတို့သည် ကြယ်စင်ပင်လယ်ဆီသို့ ထွက်ခွာခဲ့ကြလေသည်။ ပျံသန်းရေးယာဉ်ပေါ်တွင်လည်း ရန်ရှောက်ထျန်း သည် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေခဲ့လေသည်။
ရံဖန်ရံခါတွင် ရန်ရှောက်ထျန်းသည် မိုးပြာရောင်ဝက်ဝံနှင့်အတူ ပျံသန်းရေးယာဉ်ပေါ်တွင် လေ့ကျင့်တိုက်ခိုက်လေ့ရှိလေသည်။ သေချာပေါက်ပင်သူတို့နှစ်ဦးလုံးသည် စစ်မှန်သောစွမ်းအား များ သို့မဟုတ်နတ်ဘုရားစွမ်းအားများကိုအသုံးမပြုဘဲ တိုက်ကွက်များကိုသာ အပြန်အလှန် ဖလှယ် ကြခြင်း ဖြစ်လေသည်။
ထိုသို့ဆိုလျှင်ပင် သူတို့၏အရှိန်မှာလျှပ်စီးအလားမြန်ဆန်လှပြီး လေထဲတွင် ပုံရိပ်ယောင်များ ကျန်ရှိနေခဲ့လေသည်။
မိုးပြာရောင်ဝက်ဝံမှာ နှစ်ပေါင်းသန်းချီ နေထိုင်လာခဲ့သူဖြစ်ရာ အမျိုးမျိုးသော နတ်ဘုရားစွမ်း ရည်များကိုသဘာဝအတိုင်းအသုံးပြုနိုင်လေသည်။ အစပိုင်းတွင်ရန်ရှောက်ထျန်းမှာ မိုးပြာရောင် ဝက်ဝံ၏ ဖိနှိပ်ခြင်းကို လုံးဝ ခံခဲ့ရသော်လည်း၊ ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ရန်ရှောက်ထျန်းမှာ တိုက်ပွဲတိုင်းတွင် ပို၍ပို၍အစွမ်းထက်လာခဲ့ပြီးမိုးပြာရောင်ဝက်ဝံနှင့် တဖြည်းဖြည်း ရင်ဘောင် တန်းလာနိုင်ခဲ့လေသည်။
၎င်းမှာ မိုးပြာရောင်ဝက်ဝံကို အံ့အားသင့်စေခဲ့လေသည်။
အချိန်များ ကုန်ဆုံးသွားခဲ့ပြီးသူတို့နှစ်ဦးကြယ်စင်ပင်လယ်သို့ ရောက်ရှိလာသောအခါ မွန်းတည့်ချိန်သို့ရောက်နေပြီဖြစ်လေသည်။ ကြယ်စင်ပင်လယ်ရေကျသွားခဲ့ပြီဖြစ်ပြီး အထက်ရှိ ကြယ်စင်အလင်းတန်းများမှာ တောက်ပစွာထွန်းလင်းနေခဲ့သဖြင့် ကြယ်စင်ပင်လယ်တစ်ခုလုံးမှာ ရင်သပ်ရှုမောဖွယ်ရာ အလှတရားများဖြင့် ပြည့်နှက်နေခဲ့လေသည်။
မိုးပြာရောင်ဝက်ဝံသည် သူ၏ရှေ့ရှိကြယ်စင်ပင်လယ်ကိုကြည့်ကာ ဟိုတုန်းက သူနှင့် ချန်ဆန်းအရှင်သခင်တို့ ကြယ်စင်ပင်လယ်ထဲသို့ အတူတူ စွန့်စားခဲ့ကြသည့် မြင်ကွင်းကို မနေနိုင်ဘဲ ပြန်လည်မြင်ယောင်နေမိလေသည်။ မြင်ကွင်းတစ်ခုပြီးတစ်ခုမှာမနေ့ကအလား ထင်ရှားနေဆဲ ဖြစ်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းသန်းချီ ကုန်ဆုံးသွားခဲ့လေပြီ။ သို့သော်လည်း ထိုစဉ်က လူများမှာမူ မရှိတော့ပေ။
ရန်ရှောက်ထျန်းသည် မိုးပြာရောင်ဝက်ဝံမှာ ထိုနေရာတွင်ရပ်နေပြီး ကြယ်စင်ပင်လယ်ကို အချိန်အတော်ကြာ ငေးကြည့်နေသည်ကို မြင်သောအခါ၊ သူသည် အတိတ်က အဖြစ်အပျက်များကို စဉ်းစားနေခြင်းဖြစ်ကြောင်းသိရှိသဖြင့် မနှောင့်ယှက်ခဲ့ပေ။ ခဏအကြာတွင် မိုးပြာရောင်ဝက်ဝံ သတိပြန်ဝင်လာပြီး ရန်ရှောက်ထျန်းကို ပြုံးကြည့်ကာ။
"အရှင်မင်းကြီး... သွားကြစို့"
"ကောင်းပြီ"
သူတို့နှစ်ဦးမှာ ဟင်းလင်းပြင်ကိုဖောက်ထွက်ပြီး အိပ်မက်ဆန်လှသော ကြယ်စင်ပင်လယ် အတွင်းသို့ လှမ်းဝင်ခဲ့ကြလေသည်။ သူတို့၏ ပုံရိပ်များမှာ ကြယ်စင်ပင်လယ်၏ မျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေခဲ့ပြီး လှိုင်းလုံးများနှင့်အတူ နိမ့်တုံမြင့်တုံ ဖြစ်နေခဲ့လေသည်။ ယခုတစ်ကြိမ်တွင် သူတို့၏ ရည်မှန်းချက်မှာ ရှင်းလင်းလှသည်။
ကြယ်စင်ရေခဲပင်လယ်ဆီသို့ တိုက်ရိုက်ဦးတည်ရန်သာဖြစ်လေသည်။ ကြယ်စင်ရေခဲ ပင်လယ်မှာ ကြယ်စင်ပင်လယ်၏မြောက်ဘက်အစွန်ဆုံးတွင်တည်ရှိသဖြင့် ကြယ်စင်ပင်လယ် အတွင်းသို့ဝင်ရောက်ပြီးနောက် သူတို့နှစ်ဦးမှာမြောက်ဘက်ဆီသို့ ဆက်တိုက်ပျံသန်းသွားခဲ့ကြ လေသည်။
လမ်းခရီးတစ်လျှောက်တွင် ရတနာများရှာဖွေရန်ရောက်ရှိနေကြသော ဂိုဏ်းအသီးသီးမှ ပညာရှင်များကို တွေ့ရှိခဲ့ရသလို၊ ဂိုဏ်းများနှင့်မိသားစုများမှာ ရတနာများအတွက်တိုက်ခိုက် သတ်ဖြတ်နေကြသည်ကိုလည်း တွေ့မြင်ခဲ့ရလေသည်။
ရန်ရှောက်ထျန်းနှင့် မိုးပြာရောင်ဝက်ဝံတို့ ကြယ်စင်ရေခဲပင်လယ်ဆီသို့ ပျံသန်းနေစဉ်မှာပင်၊ ပုံရိပ်အချို့သည်လည်း ကြယ်စင်ပင်လယ်အတွင်းသို့ လျှပ်တစ်ပြက် ဝင်ရောက်လာခဲ့ကြပြီး ကြယ်စင် ရေခဲပင်လယ်ဆီသို့ အလွန်တရာမြန်ဆန်သော အရှိန်ဖြင့် ချဉ်းကပ်လာခဲ့ကြလေသည်။
ထိုသူများမှာ အခြားသူများမဟုတ်ကြဘဲ မသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာ၊ ရန်ဖျင်း၊ အလောင်းမိစ္ဆာ၊ သွေးမိစ္ဆာနှင့် မိစ္ဆာဗုဒ္ဓတို့ ဖြစ်ကြလေသည်။ သူတို့သည် ချန်ဆန်းမှတ်စုကို လုယူသွားခဲ့ကြပြီးနောက်၊ တစ်နည်းနည်းဖြင့်ချန်ဆန်းမှတ်စု၏ ပထမစာမျက်နှာ အချို့ကိုဖွင့်နိုင်ခဲ့ကြပြီး ကြယ်နတ်ဘုရားသစ်ပင်၏တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်လေ သည်။
"ကြယ်နတ်ဘုရားသစ်ပင်က ကြယ်စင်ရေခဲပင်လယ်ထဲမှာရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ ဘူး" ဟု မသေနိုင်သောသေမင်းနတ်ဘုရားက ရယ်မောလိုက်သည်။
"ကံကောင်းတာက ငါတို့မှာမြေကမ္ဘာဗဟိုချက်မီးလျှံမီးတောက်တွေအများကြီး ရှိနေတာပဲ။ ဒီမီးလျှံမီးတောက်တွေနဲ့ဆိုရင် ကြယ်စင်ရေခဲပင်လယ်ရဲ့အအေးဓာတ်ကိုတောင့်ခံနိုင်မှာဖြစ်ပြီး ကြယ်နတ်ဘုရားအသီး ဆယ်လုံးကျော်ကို ရနိုင်မှာပဲ"
ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာမှာ ခြောက်သွေ့နေသောမြေပြင်အလား သက်မဲ့သလို ငြိမ်သက်နေခဲ့လေသည်။ သူသည်စကားမပြောဘဲကြယ်နတ်ဘုရားအသီးကိုရရှိရန်သာ စောင့်ဆိုင်း နေခဲ့သည်၊ သူ၏ဒဏ်ရာများမှာ အပြည့်အဝပြန်လည်သက်သာသွားရုံတင်မကဘဲ သူ၏ကျင့်ကြံမှုမှာ လည်း ပိုမိုတိုးတက်လာပေလိမ့်မည်။
ထိုအချိန်ကျမှသာ သူသည်မိုးပြာရောင်ဝက်ဝံကိုဘာကြောက်စရာလိုတော့မည်နည်း။ လွန်ခဲ့သော ရက်အနည်းငယ်က ချန်ဆန်းစံအိမ်တော်ကို တိုက်ခိုက်စဉ်က မိုးပြာရောင်ဝက်ဝံ၏ လက်ဝါးရိုက်ချက်ကို သူအနိုင်နိုင်တောင့်ခံခဲ့ရသည်ကိုစဉ်းစားမိသောအခါ ရှေးဟောင်းစိတ် ဝိညာဉ်မိစ္ဆာ၏ မျက်လုံးများတွင် သွေးဆာနေသော ရက်စက်မှုများ ဖြတ်ပြေးသွားခဲ့လေသည်။
"ယွန်းထျန်းရဲ့သားက ရန်ရှောက်ထျန်းရဲ့လက်ချက်နဲ့သေသွားခဲ့ရတာဆိုတော့၊ အခု ယွန်းထျန်းက ရန်ရှောက်ထျန်းရဲ့အသားကိုဝါးစားချင်နေတာပေါ့" ဟု ငရဲနတ်ဘုရားသားတော် ရန်ဖျင်းက တွေးတောနေမိသည်။
"ယွန်းထျန်းရဲ့ စရိုက်အရဆိုရင် သူ ဒါကိုဘယ်လိုလုပ်လွှတ်ထားမှာလဲ။ ပင်လယ်ရပ်ခြား နိုင်ငံတွေက မကြာခင်မှာ ချန်ဆန်းတိုက်ကြီးကို စစ်တပ်တွေစေလွှတ်တော့မှာပဲ"
အလောင်းမိစ္ဆာက လှောင်ပြုံးပြုံးလိုက်သည်။
"ယွန်းထျန်းနဲ့ ချန်ဆန်းတိုက်ကြီးတို့သေကျေအောင်တိုက်ကြလိမ့်မယ်၊ အဲ့ဒီအခါကျရင် ချန်ဆန်းစံအိမ်တော်က သူတို့ကိုရင်ဆိုင်ဖို့အလုပ်များနေလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ ငါတို့ချန်ဆန်း စံအိမ်တော်ကို နောက်တစ်ကြိမ်တိုက်ပြီးပြိုင်ဘက်ကင်းငရဲနတ်ဘုရားရဲ့ရုပ်အလောင်းကို သေချာ ပေါက် ကယ်ထုတ်ရမှာပဲ"
မသေနိုင်သောသေမင်းနတ်ဘုရားက ရယ်မောလိုက်သည်။
"ယွန်းထျန်းက ပင်လယ်ရပ်ခြားနိုင်ငံအသီးသီးကဧကရာဇ်တွေကိုစုစည်းပြီး ချန်ဆန်းတိုက် ကြီးကိုတိုက်ဖို့ တိုင်ပင်နေပြီဆိုတာ ငါ စုံစမ်းထားပြီးသားပါ"
ရန်ဖျင်းက ရယ်မောလိုက်သည်။
"ဒါဆိုရင် ငါတို့လည်းစောစောစီးစီးပြင်ဆင်ထားပြီး သူတို့အချင်းချင်း တိုက်နေကြတုန်းမှာ အမြတ်ထုတ်ရမှာပေါ့"
သူတို့အားလုံး ပြုံးလိုက်ကြလေသည်။ မသေနိုင်သောသေမင်းနတ်ဘုရားနှင့် တခြားသူများ သည် စကားတပြောပြောဖြင့် ကြယ်စင်ရေခဲပင်လယ်ဆီသို့ ချဉ်းကပ်လာခဲ့ကြလေသည်။
ထိုအချိန်တွင် ရန်ရှောက်ထျန်းနှင့် မိုးပြာရောင်ဝက်ဝံတို့သည် ကြယ်စင်ရေခဲပင်လယ်သို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့ကြလေပြီ။ သူတို့၏ရှေ့တွင်ကြယ်စင်အလင်းတန်းများ လင်းလက်နေ သည်ကို မြင်တွေ့ရသော်လည်း၊ ပျောက်ကွယ်သွားခြင်းမရှိသော ထူထဲလှသောရေခဲချီစွမ်းအင်များ ဖြင့် ဖုံးလွှမ်းနေခဲ့လေသည်။
ရန်ရှောက်ထျန်းသည်သူ၏ရှေ့မီတာတစ်ရာခန့်အကွာကိုသာ ဝေဝေဝါးဝါးမြင်နိုင်တော့ သည်။
***