မသေနိုင်သောသေမင်းနတ်ဘုရားနှင့် တခြားသူများလွင့်ထွက်သွားသည့်အချိန်မှာပင် ဖျက်ဆီးခြင်းစွမ်းအား အကြွင်းအကျန်များသည် ကြယ်နတ်ဘုရားသစ်ပင်ဆီသို့ ရိုက်ခတ်သွားခဲ့လေ သည်။
ကြယ်နတ်ဘုရားသစ်ပင်မှာ ရိုက်ခတ်ခံရတော့မည့်အခြေအနေနှင့် ကြယ်နတ်ဘုရားအသီး အချို့မှာပျက်စီးတော့မည့်အခြေအနေသို့ရောက်ရှိနေသည်ကိုမြင်သောအခါ၊ ရုတ်တရက်ဆေးနံ့သာ အိုး၏ ရွှေရောင်အလင်းတန်းများမှာတရဟောထွက်ပေါ်လာပြီး ရွှေရောင်အိုးကြီးတစ်လုံးအလား အဆက်မပြတ်လည်ပတ်လျက် ကြယ်နတ်ဘုရားသစ်ပင်တစ်ခုလုံးကို ကာကွယ်ပေးလိုက်လေ သည်။
စွမ်းအားအကြွင်းအကျန်များသည် ရွှေရောင်အလင်းတန်းပေါ်သို့ပြင်းထန်စွာ ရိုက်ခတ်သွား ခဲ့ရာ ၎င်းမှာတုန်ခါသွားခဲ့သော်လည်း ပျက်စီးသွားခြင်းမရှိပေ။ ၎င်းကိုမြင်လိုက်ရမှသာ ရန်ရှောက် ထျန်းသည် နောက်ဆုံး၌စိတ်အေးသွားခဲ့ပြီး ကျန်ရှိနေသောကြယ်နတ်ဘုရားအသီးများကို လျင်မြန် စွာ သိမ်းဆည်းလိုက်လေတော့သည်။
ရန်ရှောက်ထျန်းက နတ်ဘုရားအသီးအားလုံးကိုသိမ်းဆည်းလိုက်သည်ကို မြင်သောအခါ မသေနိုင်သောသေမင်းနတ်ဘုရားမှာ သွေးအန်ချင်စိတ်ပင်ပေါက်သွားတော့သည်။ သူသည် ချန်ဆန်း စံအိမ်တော်ကိုပင်ပန်းကြီးစွာတိုက်ခိုက်ခဲ့ရပြီး မရေမတွက်နိုင်သောမိစ္ဆာပညာရှင်များ သေဆုံးခဲ့ရ သလို၊ ချန်ဆန်းမှတ်စုကိုလည်းလုယူခဲ့ရသည်မှာ ဤကြယ်နတ်ဘုရားအသီးတစ်ဆယ်ကျော် အတွက် သာ ဖြစ်လေသည်။
သို့သော် ယခုမူတစ်လုံးမျှပင်မကျန်တော့ပေ၊ အားလုံးမှာရန်ရှောက်ထျန်းအတွက် အကျိုးရှိ သွားခဲ့ပြီး ရန်ရှောက်ထျန်း၏ အိတ်ထဲသို့သာ ရောက်ရှိသွားခဲ့လေပြီ၊
ထာဝရကောင်းကင်ခေါင်းတလား၊ ရှေးဟောင်းသွေးဖားကြီးနှင့် ဟွန်ချွမ်အပျက်အစီးများ အတွင်းမှကိစ္စများအထိ ရန်ရှောက်ထျန်းသည် သူ၏အစီအစဉ်များကိုအမြဲတမ်း ဖျက်ဆီးခဲ့သည်ကို ပြန်လည်စဉ်းစားမိသောအခါ၊ မသေနိုင်သောသေမင်းနတ်ဘုရား၏မျက်လုံးများမှာ သွေးအလား နီမြန်းသွားခဲ့ပြီး သူ၏သတ်ဖြတ်လိုစိတ်များမှာ အလွန်တရာပြင်းထန်လာတော့သည်။
"သတ်စမ်း"
"ဒီကောင်လေးကို သတ်ပစ်ကြစမ်း"
သူက ဟိန်းဟောက်လိုက်ပြီး သူ၏လက်များကိုဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော မသေနိုင်သောသေမင်းချီစွမ်းအင်များသည် မသေနိုင်သောဝိညာဉ်များအဖြစ်သို့ပြောင်းလဲသွားခဲ့ လေသည်။ မသေနိုင်သောဝိညာဉ်ပေါင်းဘီလီယံနှင့်ချီ၍ ရန်ရှောက်ထျန်းဆီသို့တိုးဝင်သွားကြ လေသည်။ သူသည်ရန်ရှောက်ထျန်း၏ဝိညာဉ်ကိုဆွဲထုတ်ပြီး မီးဖြင့်အထပ်ထပ်ကင်ကာ ရိုက်နှက် လိုစိတ်များ ပြင်းပြနေတော့သည်။
ထိုအခိုက်တွင် ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာ၏မိစ္ဆာချီများမှာလည်း မြင့်တက်လာခဲ့ပြီး မိစ္ဆာခန္ဓာကိုယ်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့လေသည်။ ၎င်းတို့မှာကျင့်စဉ်နှလုံးသား မိစ္ဆာခန္ဓာ ကိုယ်များဖြစ်ကြလေသည်။
ယခင်ကရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာသည် ကျင့်စဉ်နှလုံးသားမိစ္ဆာခန္ဓာကိုယ် တစ်ခုတည်း ကိုသာ စေလွှတ်ခဲ့ပြီး စကားတစ်ခွန်းတည်းဖြင့် ရန်ရှောက်ထျန်း၊ အမှောင်နဂါးနှင့် တခြားသူများကို အဆုံးမရှိသော ပုံရိပ်ယောင်များအတွင်းသို့ ကျရောက်စေခဲ့ဖူးလေသည်။ သို့သော် ယခုအခါတွင်မူ ကျင့်စဉ်နှလုံးသား မိစ္ဆာခန္ဓာကိုယ်ပေါင်း ရာနှင့်ချီ၍ ရှိနေခြင်း ဖြစ်လေသည်။
ငရဲနတ်ဘုရားသားတော်ရန်ဖျင်း၏ တစ်ကိုယ်လုံးတွင်လည်း တစ္ဆေချီစွမ်းအင်များ မြင့်တက် နေခဲ့ပြီး မရေမတွက်နိုင်သောတစ္ဆေဘုရင်များနှင့်စစ်သူကြီးများ ထွက်ပေါ်လာခဲ့လေသည်။
အလောင်းမိစ္ဆာ၊ သွေးမိစ္ဆာနှင့်မိစ္ဆာဗုဒ္ဓတို့လည်း သူတို့၏အစွမ်းကုန် တိုက်ခိုက်ခဲ့ကြလေ သည်။
ချက်ချင်းဆိုသလိုပင် မိုးပြာရောင်ဝက်ဝံသည်လည်း သူ၏မူလပုံသဏ္ဌာန်ဖြစ်သော ကောင်းကင်နှင့်မြေကြီးကိုထောက်မထားနိုင်သည့် ဧရာမဝက်ဝံကြီးအဖြစ်သို့ ပြောင်းလဲလိုက်လေ သည်၊ ၎င်းမှာအနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်နှင့်နှိုင်းယှဉ်နိုင်ပြီး ကောင်းကင်နှင့်မြေကြီးကြား တွင် မားမားမတ်မတ်ရပ်တည်နေခဲ့လေသည်။ သူ၏ဧရာမလက်ဝါးကြီးမှာရှေးဟောင်းနတ်ဘုရား တောင်ကြီးတစ်လုံးအလား ရုတ်တရက်ရိုက်ချလိုက်လေသည်။
မူလကပင် ကြီးမားလှသောကြယ်စင်ဧရာမသားရဲသည်လည်း အဆပေါင်းရာနှင့်ချီ၍ ထပ်မံကြီးမားလာခဲ့ပြန်လေသည်။ ၎င်းမှာထိုနေရာတွင်ရပ်နေခဲ့ပြီး ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးကွယ်ထားကာကြယ်စင်ရေခဲပင်လယ်တစ်ခုလုံးကို ပေါက်ကွဲထွက်သွားစေတော့မည့်အလားရှိနေ တော့သည်။
၎င်းသည် မသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့် တခြားသူများ ကို ကြည့်ကာဟိန်းဟောက်လိုက်လေသည်။
ဟိန်းဟောက်သံမှာ ပဲ့တင်ထပ်သွားခဲ့လေပြီ။ ဟင်းလင်းပြင်မှာအစိတ်စိတ်အမြွှာမြွှာ ပြိုကွဲ သွားခဲ့လေသည်။ ရေခဲပင်လယ်တစ်ခုလုံးမှာလွင့်ထွက်သွားတော့မည့်အလားဖြစ်နေတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းမှာ ယခင်ကထက်ဆယ်ဆမက ပိုမိုပြင်းထန်လှပေသည်။
မသေနိုင်သောသေမင်းနတ်ဘုရား၏ ဘီလီယံနှင့်ချီသောဝိညာဉ်များအားလုံးမှာ လွင့်စင်သွား ခဲ့ကြပြီး အစိတ်စိတ်အမြွှာမြွှာပြိုကွဲကာသေဆုံးကုန်ကြလေသည်။ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာ၏ ရာနှင့်ချီသောမိစ္ဆာခန္ဓာကိုယ်များပင်လျှင်လွင့်ထွက်သွားခဲ့ကြရပြီး သူတို့၏တစ်ကိုယ်လုံးတွင် အက် ကြောင်းများပေါ်ထွက်လာခဲ့လေသည်။
ရန်ဖျင်း၏မရေမတွက်နိုင်သော တစ္ဆေဘုရင်များနှင့် စစ်သူကြီးများအားလုံးလည်း အသတ်ခံ လိုက်ရလေသည်။ အလောင်းမိစ္ဆာ၊ သွေးမိစ္ဆာနှင့် မိစ္ဆာဗုဒ္ဓတို့မှာမူ ကြိုးပြတ်သွားသော စွန်များအလား လွင့်ထွက်သွားခဲ့ကြရပြီး သွေးများကိုမရပ်မနားအန်ထုတ်နေကြရကာ သူတို့၏နတ်ဘုရားဝတ်စုံများ မှာလည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့လေသည်။
ဤမြင်ကွင်းကိုကြည့်ရင်း ရန်ရှောက်ထျန်းအကြီးအကျယ် အံ့အားသင့်သွားမိသည်။
ကြယ်စင်ဧရာမသားရဲ၏အစွမ်းမှာ အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်နှင့် မညီမျှခဲ့လျှင်ပင် သိပ်ပြီး ဝေးကွာနေမည်မဟုတ်ပေ။ ဤမျှအထိကြောက်စရာကောင်းနေရသည်တဲ့လား၊ မိုးပြာရောင် ဝက်ဝံပင်လျှင် အံ့အားသင့်သွားရလေသည်။
"ဆုတ်ခွာကြစို့"
မသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့် တခြားသူများသည် ကြယ်စင်ဧရာမသားရဲ၏ကြောက်မက်ဖွယ်ကောင်းသောအစွမ်းကြောင့် အကြီးအကျယ်ထိတ်လန့် သွားကြလေသည်။ မည်သည့် တုံ့ဆိုင်းမှုမျှမပြုဘဲ သူတို့မှာထွက်ပြေးသွားကြလေတော့သည်။
ရန်ရှောက်ထျန်းနှင့် မိုးပြာရောင်ဝက်ဝံတို့လည်းလေထဲသို့ပျံတက်လိုက်ကြပြီး မျက်စိတစ် မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ကြလေသည်။ သူသည်ဤကြယ်စင်ဧရာမသားရဲ ကို မကြောက်သော်လည်း၊ ၎င်းအတွက်နှင့်ကိုးလွှာကောင်းကင်ဘေးဒုက္ခမိုးကြိုးရေကို အလဟဿ အကုန်မခံလိုပေ။
မသေနိုင်သောသေမင်းနတ်ဘုရားတို့ ဆုတ်ခွာသွားသည်ကိုမြင်သော်လည်း ကြယ်စင် ဧရာမသားရဲမှာ ဒေါသထွက်နေဆဲဖြစ်ပြီး သူတို့နောက်သို့ဟိန်းဟောက်လျက် လိုက်လံတိုက်ခိုက် နေခဲ့လေသည်။ မိုးပြာရောင်ဝက်ဝံမှာ ၎င်းကိုကြည့်ကာမနေနိုင်ဘဲ ကျေနပ်သွားမိလေသည်။
ကြယ်စင်ဧရာမသားရဲမှာ ကြယ်နတ်ဘုရားသစ်ပင်ကိုစောင့်ကြပ်သော နတ်ဘုရားသားရဲ ဖြစ်လေသည်။ မသေနိုင်သောသေမင်းနတ်ဘုရားတို့က ကြယ်နတ်ဘုရားသစ်ပင်ကိုဖျက်ဆီးရန် ကြိုးစားခဲ့ကြသည်မှာ သေတွင်းတူးခဲ့ခြင်းပင် မဟုတ်ပါလော။
သို့သော်လည်း ရန်ရှောက်ထျန်းမှာချက်ချင်းထွက်မသွားဘဲ မသေနိုင်သောသေမင်း နတ် ဘုရားတို့နောက်သို့ တိတ်တဆိတ်လိုက်ပါသွားခဲ့လေသည်။ ပြီးခဲ့သည့်တစ်ကြိမ်က မသေနိုင်သော သေမင်းနတ်ဘုရားတို့သည် ချန်ဆန်းစံအိမ်တော်ကိုတိုက်ခိုက်ခဲ့ကြသဖြင့် သူတို့၏ဒဏ်ရာများမှာ ပြန်လည်မသက်သာသေးပေ။
ယခုတစ်ကြိမ်တွင် သူတို့နှင့်တွေ့ဆုံခဲ့ပြီဖြစ်ရာ သူသည်အတိုးအချို့တော့ ပြန်တောင်းရပေ မည်။ မသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့် ရန်ဖျင်းတို့ကို မသတ်နိုင် ခဲ့လျှင်ပင်၊ အလောင်းမိစ္ဆာနှင့် ကျန်ရှိသောနှစ်ဦးကိုတော့ သေချာပေါက်သတ်ရပေမည်။
ကြယ်စင်ဧရာမသားရဲသည် မသေနိုင်သောသေမင်းနတ်ဘုရားတို့ ကြယ်စင်ရေခဲပင်လယ် အတွင်းမှထွက်သွားသည့်တိုင်အောင် အပြင်းအထန်လိုက်လံတိုက်ခိုက်ခဲ့ပြီးမှသာ ရပ်တန့်ကာ ကြယ်နတ်ဘုရားသစ်ပင်ဆီသို့ပြန်သွားခဲ့လေသည်။
မသေနိုင်သောသေမင်းနတ်ဘုရားသည် ကြယ်စင်ဧရာမသားရဲ ထွက်သွားသည်ကို မြင်မှသာ သက်ပြင်းတစ်ချက်ချနိုင်ခဲ့ပြီး သူ၏မျက်နှာမှာမှောင်မိုက်နေတော့သည်။
"တောက်... အလကားပဲ"
ငရဲနတ်ဘုရားသားတော် ရန်ဖျင်းသည် အမျိုးမျိုးသောအခက်အခဲများကို ကျော်ဖြတ်ခဲ့ရ သော်လည်း ကြယ်နတ်ဘုရားအသီးတစ်လုံးမျှမရခဲ့သည်ကိုတွေးတောမိကာ မနေနိုင်ဘဲ ဟိန်း ဟောက်လိုက်လေသည်။
"ရန်ရှောက်ထျန်း... မင်းကတကယ့်ကို ခွေးသူတောင်းစားပဲ"
ရုတ်တရက် ကောင်းကင်နှင့်မြေကြီးမှာမှောင်မိုက်သွားခဲ့လေသည်။ သူတို့အုပ်စုမှာ ထိတ်လန့် တကြားမော့ကြည့်လိုက်ကြရာ ဆေးနံ့သာအိုးနှင့်မိုးပြာရောင်ဝက်ဝံ၏ ဧရာမလက်ဝါးကြီးများ ရိုက်ချ လာသည်ကို မြင်တွေ့လိုက်ရလေသည်။
"ဆုတ်ခွာကြ"
မသေနိုင်သောသေမင်းနတ်ဘုရားက ဟိန်းဟောက်လိုက်ပြီး သူ၏လက်သီးများဖြင့်ပြန် လည်ခုခံကာ တုံ့ဆိုင်းမနေဘဲ ဆုတ်ခွာလိုက်လေသည်။
သို့သော်လည်း သူသည်ခြေတစ်လှမ်း နောက်ကျသွားခဲ့လေပြီ။
"ဘုန်း..."
ကမ္ဘာပျက်မတတ် ဟိန်းဟောက်သံကြီးထွက်ပေါ်လာလေသည်။ သူတို့အားလုံးမှာ ကြယ်စင် ပင်လယ်အောက်ခြေသို့ရိုက်ချခံလိုက်ရလေသည်။ မိုင်ပေါင်းမရေမတွက်နိုင်သော ပင်လယ်ရေ ပြင်မှာလွင့်စင်သွားခဲ့ပြီး ပေပေါင်းသောင်းနှင့်ချီသောဧရာမလှိုင်းလုံးကြီးများ ပေါ်ထွက်လာခဲ့ လေသည်။ ဖျက်ဆီးခြင်းစွမ်းအားများပျံ့နှံ့သွားခဲ့ပြီး ရေခဲပင်လယ်မှာလည်းအလွှာလိုက် အလွှာ လိုက် လှန်ထွက်သွားခဲ့လေသည်။
ဆေးနံ့သာအိုးမှာ ကောင်းကင်ယံသို့နောက်တစ်ကြိမ်ပြန်တက်သွားခဲ့ပြီး မိုးပြာရောင် ဝက်ဝံနှင့်အတူ နောက်ထပ်တစ်ကြိမ်ထပ်မံရိုက်ချလိုက်ပြန်လေသည်။ ဤကဲ့သို့အကြိမ်ကြိမ် ဆက်တိုက် ရိုက်ချပြီးနောက်မှသာ သူတို့ ရပ်တန့်လိုက်ကြလေသည်။
ပင်လယ်အောက်ခြေရှိ အနက်ရှိုင်းဆုံးချောက်ကမ်းပါးအတွင်း၌ အလောင်းမိစ္ဆာ၊ သွေးမိစ္ဆာ နှင့် မိစ္ဆာဗုဒ္ဓတို့မှာ သွေးအိုင်ထဲတွင်လဲလျောင်းနေကြပြီး နောက်ဆုံးထွက်သက်သို့ရောက်ရှိနေကြပြီ ဖြစ်လေသည်။ သို့သော်လည်းမသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့် ရန်ဖျင်းတို့မှာမူ တစ်နည်းနည်းဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြလေသည်။
ရန်ရှောက်ထျန်းသည် သေလုမျောပါးဖြစ်နေသောသွေးအိုင်ထဲမှ အလောင်းမိစ္ဆာနှင့် ကျန်နှစ် ဦးကိုကြည့်လိုက်ရာ သူ၏လက်ထဲတွင် ထုန်းထျန်းနတ်ဘုရားဓား ပေါ်ထွက်လာခဲ့လေသည်။
"ထုန်းထျန်းနတ်ဘုရားဓားဟုတ်လား"
ထိုသုံးဦးမှာ ရန်ရှောက်ထျန်း၏လက်ထဲမှ ထုန်းထျန်းနတ်ဘုရားဓားကိုကြည့်ကာ အားနည်း သောအသံဖြင့်ထိတ်လန့်တကြားပြောလိုက်ကြလေသည်။ ရန်ရှောက်ထျန်း၏မျက်လုံးများမှာ အေးစက်နေပြီး သူ၏လက်ထဲမှထုန်းထျန်းနတ်ဘုရားဓားကိုဝှေ့ယမ်းလိုက်ရာ အလောင်းမိစ္ဆာနှင့် ကျန်နှစ်ဦး၏ ဦးခေါင်းများမှာ ချက်ချင်း ပြတ်ထွက်သွားခဲ့လေသည်။
ဟိုတုန်းက နတ်ဘုရားအရှင်သခင်နှင့်ပင် ဂုဏ်သတင်းကျော်ကြားမှု တူညီခဲ့သောအမြင့်မြတ် ဆုံးမိစ္ဆာပညာရှင်ဖြစ်သူ အလောင်းမိစ္ဆာသည်နှစ်ပေါင်းသောင်းနှင့်ချီကြာပြီးနောက်တွင် ဧကရာဇ် အဆင့်ပညာရှင်တစ်ဦး၏လက်ထဲတွင် သေဆုံးရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်ထားခဲ့မည် မဟုတ်ပေ။
သို့သော်လည်း ရန်ရှောက်ထျန်းသည် ထိုရုပ်အလောင်းသုံးခုကိုမီးရှို့ဖျက်ဆီးခြင်းမပြုဘဲ ဟွန်ချွမ်အလောင်းမြစ်အိုးအတွင်းသို့ပစ်ထည့်လိုက်လေသည်။ သူချန်ဆန်းစံအိမ်တော်သို့ ပြန်ရောက် သောအခါ ထိုရုပ်အလောင်း သုံးခုကို ထိုနေရာတွင် ချိတ်ဆွဲထားမည်ဖြစ်လေသည်။ မိစ္ဆာဂိုဏ်းကြီး သုံးခုက ချန်ဆန်းစံအိမ်တော်ကိုတိုက်ချင်နေကြသည်မဟုတ်ပါလော၊ သူသည်ထိုမိစ္ဆာဂိုဏ်းကြီး သုံးခုမှ ပညာရှင်များကို သူတို့၏ဘိုးဘေးများ၏ အဆုံးသတ်ကို မြင်တွေ့စေရမည် ဖြစ်လေသည်!
"ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာလွတ်သွားတာတော့နှမြောစရာပဲ" ဟု မိုးပြာရောင်ဝက်ဝံက နောင်တရစွာဖြင့် ပြောလိုက်လေသည်။
"သူတို့ မလွတ်နိုင်ပါဘူး" ဟု ရန်ရှောက်ထျန်းက အရပ်မျက်နှာတစ်ခုသို့ ကြည့်ကာ အေးစက်စွာ ပြောလိုက်လေသည်။ ခုနက ဆေးနံ့သာအိုးက မသေနိုင်သောသေမင်းနတ်ဘုရားတို့ကို တိုက်ခိုက်ချိန်တွင် သူတို့အပေါ်၌အမှတ်အသားတစ်ခုပြုလုပ်ထားခဲ့ပြီ ဖြစ်လေသည်။ မိုင်တစ်သိန်း အတွင်းမှာ ဆေးနံ့သာအိုးသည် ထိုသုံးဦး၏တည်ရှိမှုကိုအာရုံခံနိုင်လေသည်။
***