“ ငါ ခန့်မှန်းမိပြီးသားပါ ….” လင်းရီ ဘီယာတစ်ကျိုက် သောက်လိုက်ပြီး “ အေးဆေးပေါ့ … ဘာတွေ ဖြစ်နေလဲ အရင် စောင့်ကြည့်ရအောင် …”
ကျားဝေက စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး ဘားကောင်တာ အတွင်းသို့ အေးအေးလူလူ လမ်းလျှောက်ပြီး ဝင်လာသည်။
ထိုအချိန်မှာပဲ သူ့မျက်လုံးတို့က လော့ချီထံသို့ ကျရောက်သွားခဲ့သည်။
အနှီ ဖြူဖွေး လုံးဝန်းသည့် ပေါင်တံများကို မမြင်ရသော်လည်းပဲ ၊ အစေ့အဆံတင်းနေသည့် ဖရဲသီးကြီးကပင် သူ့အား အံ့အားသင့်သွားစေဖို့ လုံလောက်လေသည်။ လော့ချီကဲ့သို့သော ထိပ်တန်း အလှအပလေးတစ်ဦး သူတို့ ဘားသို့ လာရောက်လည်ပတ်သည် ဆိုသည်မှာ တကယ့်ကို ရှားမှရှား ဖြစ်၏။
သို့သော် မကြာမီ သူ့အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့ပြီး အထင်သေးသည့် အကြည့်အား လှစ်ဟာပြသလာသည်။
ကျားဝေ့က ကော့တေး shaker ကို ထုတ်ယူလိုက်ပြီး အရက် တစ်ဒါဇင်ကျော်လောက် ရောထည့်ကာ အရက်ဖျော်သည့် စကေးလှည့်ကွက်တို့အား စတင် ထုတ်ဖော်ပြသတော့သည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် အပြာနှင့် ပန်းနုရောင် ကော့တေးတစ်ခွက် ဖြစ်ပေါ်လာပြီး ခွက်ကို လော့ချီဘက်သို့ ညင်သာစွာ တွန်းပို့ပေးလိုက်သည်။
“ အလှလေး … ဒီကော့တေးကို ‘ Paris Lover ‘ လို့ခေါ်တယ် …” သူ ပြောလိုက်ပြီး “ မင်းနဲ့ဆို လုံးဝ လိုက်ဖက်ညီတယ် … ပိုက်ဆံ ပေးဖို့ မလိုဘူး … ဒါ ငါတိုက်တာ ….”
အပြုံးတစ်ခုက လော့ချီ၏ နှုတ်ခမ်းထောင့်စွန်းတွင် ဖြစ်ပေါ်လာပြီး ကျားဝေကို ကြည့်သည့် သူမ၏ မျက်ဝန်းတို့ထဲတွင် ပျော်ရွှင်မှုတို့ ရောယှက်နေလျက် ပြန်ပြောလိုက်၏။ “ ညီကို … ဒီနေ့ခေတ်ကြီးမှာ ကောင်မလေးကို ဒီလိုနည်းလမ်းတွေနဲ့ ကြွေအောင် လုပ်ဖို့ဆိုရင် အတော်လေး ဒိတ်အောက်နေပြီနော်….”
ကျားဝေ့က ရှက်ကိုးရှက်ကန်း ဖြစ်မသွားဘဲ ပြုံးလျက် ခွန်းတုံ့ပြန်လာသည်။
“ ဒိတ်အောက်ရင် အောက်လိမ့်မယ် … ဒါပေမယ့် စိတ်ရင်းကတော့ အပြည့်နဲ့ပါပဲ ….”
“ နင် အဲ့လို ပြောမယ်ဆိုရင်တော့ ဒီဘက်ကလည်း အသိအမှတ်ပြုပေးလိုက်ပါမယ် … ဒါပေမယ့် ငါ မေးတာတွေ ဖြေပေးမယ်ဆိုရင်တော့ နင်နဲ့ အတူသောက်ပေးလို့ရတယ်…”
“ ဒါပေါ့ … မင်းက ဘာမေးချင်လို့ ….” ကျားဝေက ရွှင်ပြသည့် အပြုံးဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
“ နင် ဟွမ်ရန်ပေါ်က သိလောက်ပါတယ် ဟုတ်တယ်မလား …”
ဤစကားကြားတော့ ကျားဝေ၏ မျက်နှာအမူအရာမှာ မဆိုစလောက်လေး ပြောင်းလဲသွားခဲ့သည်။
သူတို့နှစ်ဦးတွင် ကောင်းမွန်သည့် ဆက်ဆံရေးတို့ ရှိပြီး ဟွမ်ရန်ပေါ် ဘာအလုပ်လုပ် လုပ်ကိုင်လဲ ဆိုတာကိုလည်း သူသိသည်။
သူ့ အထောက်အထားက ဂုဏ်ယူဖို့ကောင်းနေသည့် အရာ မဟုတ်ပေ။ တစ်နည်းဆိုရသော် သူ့အား သိသည့် လူများကလည်း လူကောင်းသူကောင်းများ မဟုတ်ကြချေ။
သို့သော် ဂရုတစိုက်နှင့် စဉ်းစားကြည့်လိုက်တော့ ဟွမ်ရန်ပေါ်ကို နောက်ဆုံးမြင်တွေ့ခဲ့သည်မှာ လွန်ခဲ့သော တစ်လခန့်လောက်က ဖြစ်၏။ ထို ခွေးမသား မျိုးမစစ် ဘယ်တွေ ပျောက်နေမှန်းလဲ သူမသိချေ။
“ မင်းက ဘာလို့ သူ့အကြောင်း သိချင်နေတာ ….” လီကျားဝေ သတိချပ်သည့် လေသံဖြင့် မေးမြန်းလိုက်သည်။
“ တို့က သူ့ကို ရှာနေတယ်ရယ်လို့တော့ မဟုတ်ပါဘူး … နင်ကနေ တစ်ဆင့် အခြေအနေကို နားလည်ချင်ရုံသပ်သပ်ပါပဲ ….”
“ ငါကနေတစ်ဆင့် နားလည်ချင်တယ် ဟုတ်လား ….”
“ သူ ဘယ်သူဆိုတာ ငါတို့ သိထားပြီးပြီ … သူက မှတ်ပုံမတင်ထားတဲ့ နေထိုင်သူ တစ်ဦးပဲ … သူ့ရဲ့ နောက်ဆုံး အလုပ်ရှင်နဲ့ နင်နဲ့ ရင်းနှီးလား သိချင်လို့ပါ … နင် ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြပေးမယ်လို့ မျှော်လင့်တယ် …”
ကျားဝေ၏ မျက်လုံးတို့ ရုတ်ချည်း အေးစက်လာခဲ့ပြီး လော့ချီအပေါ် စိတ်ဝင်စားမှုတို့ ချက်ချင်း ပျောက်ဆုံးသွားခဲ့သည်။
“ ဆောရီး … ငါ့မှာ ဘာပြောစရာမှ မရှိဘူး … တကယ်လို့ မင်းက ဒီအတွက် ရောက်လာတာဆိုရင်တော့ အခု ပြန်လိုက်တော့ …”
“ ဒါပေမယ့် ဟွမ်ရန်ပေါ်က သေသွားခဲ့ပြီနော်… နင် သိထားတာတွေ ပြောပြတာ အကောင်းဆုံးပဲ … နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းမယ့် နည်းလမ်းလေးပေါ့ …”
ကျားဝေ၏ ခန္ဓာကိုယ် တောင့်တင်းသွားခဲ့ပြီး သူ့ခေါင်းလည်း တဝီဝီ မြည်သွားခဲ့သည်။
“ သေပြီ … သူ သေပြီ ဟုတ်လား ….”
“ အင်း ….”
ကျားဝေ သိပ်အများကြီး အံ့ဩ မသွားခဲ့ပေ။ နောင်တရနေရုံမျှ ဖြစ်၏။
ဘာကြောင့်ဆိုတော့ ဟွမ်ရန်ပေါ်ကဲ့သို့သော လူစားမျိုးက သူတို့ အသက်နှင့် ပိုက်ဆံရှာကြသည့် လူတန်းစားများ ဖြစ်နေသောကြောင့်ပင်။
သူ့ နောက်ဆုံး အလုပ်ကို မယူခင်တုန်းက သူပြောခဲ့သည်မှာ ယခုတစ်ခေါက် အလုပ်ကို ပြီးသည်နှင့် ယွမ်နှစ်သန်း ရမည်ဆိုပင်။ အလုပ်ပြီးမြောက်သည်နှင့် သူ့ဘက်က ထိုငွေနှင့် သန့်ရှင်းသည့် ဘဝအသစ်တစ်ခုကို စဖို့ ကြံရွယ်ထားသည်။ သို့ပေမယ့်လည်း … ကံမကောင်း အကြောင်းမလှစွာဖြင့် …
“ ဆောရီးပဲ … ငါ့မှာ ဘာပြောစရာ စကားမှ မရှိဘူး … ပိုက်ဆံရှင်းပြီး ဒီက အခုချက်ချင်း လစ်လိုက်တော့ …”
လော့ချီ၏ ဖြူဖွေးနူးညံ့သည့် လက်က ကျားဝေ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲထားလိုက်သည်။
“ မင်း ဒါ ဘာလုပ်တာလဲ ….”
“ ငါ မေးတာ ပြီးမှ မပြီးသေးဘဲကို နင်က ဒီလိုမျိုး ထွက်သွားမယ်ဆိုရင် အတော်လေး ရိုင်းပြရာ မကျဘူးလား ….”
“ ငါ့လက်ကိုလွှတ်စမ်း … သောက်အပျက်မ …”
သူ့လက်က လော့ချီ၏ ချုပ်ထိန်းမှုအောက်တွင် ကျရောက်နေတာကို မြင်တွေ့လိုက်ရတော့ ကျားဝေ ဒေါသထွက်လာခဲ့သည်။
သို့ပေမယ့် လော့ချီသည်လည်း အလျှော့ပေးဖို့ရာ စိတ်ကူးမရှိ။ အထူးသဖြင့် လင်းရီ ရှိနေသည့် အတွက်ကြောင့် သူမမှာ အကြောက်အလန့်ကင်းနေသည်ဟု ပြော၍ရသည်။
ကျားဝေ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး သူမထံသို့ ဆွဲယူလိုက်၏။
ထို့နောက် မတ်တပ်ရပ်ပြီး သူ့ဆံပင်ကို ဆွဲကာ ခေါင်းကို ဘားအောက်သို့ စိုက်ထားလိုက်လေသည်။
ဤသို့သော ရုတ်တရက် အပြောင်းအလဲက ဘားထဲရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
လူတိုင်းက သူတို့ ပြုလုပ်နေသည့် အရာများကို ရပ်တန့်လိုက်ကြပြီး ရှုပ်ထွေးနေကြကာ ဘာတွေ ဖြစ်နေတာလဲ ဟူသော စူးစမ်းလိုသည့် အကြည့်များဖြင့် လှမ်းကြည့်လာခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် လီကျားဝေက ဟော်ရှီရုံ၏ တူဖြစ်ပြီး ဤသည်က ဟော်ရှီရုံ၏ ပိုင်နက်ဖြစ်၏။
ဟော်ရှီရုံ၏ ပိုင်နက်ထဲတွင် လီကျားဝေကို ကိုယ်ထိလက်ရောက် ကျူးလွန်နေသည်မှာ အနှီ အာဂ အမျိုးသမီးက ဟော်ရှီရုံကို ခေါင်းထဲ မထည့်သောကြောင့်လော။
အနီးနားထိုင်နေသည့် အမျိုးသား နှစ်ဦးလည်း နှလုံးခုန်သံတို့ မြန်ဆန်လာခဲ့သည်။ သူတို့နှစ်ဦးမှာ လော့ချီ၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်ကို သွားရည်ယိုခဲ့ဖူးကြသော်လည်းပဲ အနှီ အမျိုးသမီးက သူတို့ စိတ်ကူးထားသည်ထက်ပင် ကြမ်းတမ်းနေလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ပါချေ။
သူတို့တွေ လွန်လွန်ကြူးကြူး မည်သည့်အရာမျှ မပြုလုပ်ခဲ့တာကပဲ ကံကောင်းသည်ဟု ဆိုရလိမ့်မည်။ မဟုတ်ပါက တကယ့်ကို ပြဿနာတက်သွားမှာ ဖြစ်၏။
ထိုအချိန်၌ လင်းရီသည် ဘေးတွင် သက်တောင့်သက်သာ ထိုင်နေလျက် သူ့ဘီယာကို အေးဆေးသောက်နေကာ ဘေးတွင် ဖြစ်ပျက်နေသည့် အရာတို့က သူနှင့် မဆိုင်သည့် မျက်နှာပေးမျိုးနှင့် ရှိနေသည်။
“ မင်း ဘာဖြစ်ချင်နေတာလဲ … ငါ့ကို အမြန်လွှတ်စမ်း … မဟုတ်ရင် ငါမင်းကို သတ်မိတော့မယ် ….”
လီကျားဝေသည် မည်သို့မျှ ရုန်းမထွက်နိုင်ဘဲ ရှိနေပြီး လော့ချီအား ကျယ်လောင်စွာ ဆဲဆို၍ ခြိမ်းခြောက်လိုက်သည်။
ထိုအချိန်မှာပဲ ဘားလုံခြုံရေး အဖွဲ့ဝင်တို့က ကမန်းကတမ်း အပြေားအလွှား ရောက်လာခဲ့ကြပြီး စုစုပေါင်း လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်တော့ ရှိ၏။ သူတို့ အကုန်လုံးက လော့ချီနှင့် လင်းရီတို့ကို ဝန်းရံထားကြလေသည်။
လုံခြုံရေး ယူနီဖောင်းများ ဝတ်ဆင်ထားကြသော်လည်း လမ်းဘေးလူမိုက်များကို အရေတစ်လွှာ ခြုံပေးထားသည်နှင့် ပို၍ ဆင်တူနေခဲ့သည်။
သူတို့လက်ထဲတွင်လည်း လက်နက်အမျိုးမျိုးကို အသီးသီး ကိုင်ဆောင်ထားကြသည်။
အချို့က ဘော့စ်ဘော ရိုက်တံများ၊ အချို့က ဘီယာပုလင်းများ၊ စသဖြင့် မြင်မြင်ရာကို ပြေးဆွဲလာကြပုံရ၏။
ရုန်းရင်းဆန်ခတ် ဖြစ်ပွားတော့မည့် အခြေအနေကို မြင်တော့ သာမန်လူများက မသိစိတ်အလျောက် အလှမ်းကျယ်ကျယ် နောက်ဆုတ်သွားခဲ့ကြသည်။
လီကျားဝေမှာ သက်တောင့်သက်သာ ဖြစ်သွားခဲ့၏။ သူ့လူများ ရောက်ရှိလာပြီ ဖြစ်သဖြင့် ဤနှစ်ယောက်ကို ကြောက်စရာ မလိုတော့ချေ။
“ နင် ငါမေးတာ မဖြေရင် နင့်ကို လွှတ်ပေးဖို့ စိတ်ကူးယဉ်မနေနဲ့ …”
“ ရတယ် … မင်းက ဒီလောက်တောင် ခေါင်းမာနေမှတော့ ငါ့ကို ဆက်ဖိထားလိုက် … မင်း ဘယ်လောက် ကြာကြာ တောင့်ခံထားနိုင်မလဲဆိုတာ ငါ ကြည့်စမ်းမယ် …”
ခြိမ်းခြောက်ပြီးနောက် လီကျားဝေက ကျန်သူများဘက်သို့ လှည့်ပြီး အော်ဟစ်လိုက်၏။
“ မင်းတို့ကောင်တွေက ငါ-ီးကို ကြည့်ကောင်းနေတာလားကွ … ဒီကောင်မ ငါ့ကို သတ်သွားတာ မြင်ချင်နေကြတာလား …”
လီကျားဝေ၏ ဆဲဆိုသံကို ကြားတော့ လုံခြုံရေး အစောင့်များလည်း နှစ်ခါစဉ်းစားမနေတော့ဘဲ သူတို့၏ လက်နက်များနှင့်အတူ လော့ချီထံသို့ ပြေးဝင်လာခဲ့ကြသည်။
လော့ချီ မတုန်လှုပ်သွားခဲ့ပေ။ ပြေးဝင်လာသည့် လူအုပ်ကြီးနှင့် ၎င်းတို့၏ လက်နက်များကို ကြောက်လန့်စိတ်လေးပင် ပြသမလာချေ။
လင်းရီ သူ့ဘီယာပုလင်းကို သာမန်လျှံကာ လွှဲလိုက်ပြီး ပထမဆုံး ပြေးဝင်လာသည့် တစ်ယောက်၏ ဦးခေါင်းသို့ ရိုက်နှက်မိသွားခဲ့၏။
ပုလင်းကွဲသည့် အသံနှင့် ကျယ်လောင်သည့် အော်ဟစ်သံတို့က ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည်။
လုံခြုံရေး အစောင့်လည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဖိနှိပ်ထားကာ ဘယ်ညာ လူးလိမ့်နေလျက် ရှိတော့သည်။
ထိုမြင်ကွင်းကို မြင်တော့ ကျန်သူများက ကြမ်းပြင်တွင် သစ်ငုတ်တွယ်သည့်နှယ် မလှုပ်မယှက် ဖြစ်သွားကြ၏။
သူတို့ရှေ့ရှိ အမျိုးသားနှင့် အမျိုးသမီးက သွားရှုပ်လို့ လွယ်မည့် လူစားမျိုးများ မဟုတ်ကြချေ။
“ တစ်ယောက်ချင်း မသွားနဲ့ … အတူတက်ကြ …”
ခေါင်းဆောင်က အချက်ပြလိုက်ပြီး ကျန်သူများလည်း တစ်ညီတစ်ညွှတ်တည်းဖြင့် လင်းရီထံသို့ ပြေးဝင်လာကြသည်။
လင်းရီ သူ့ထိုင်ခုံက ထလိုက်၏။ သူ့မျက်လုံးက ခေါင်းဆောင် ဖြစ်သူထံသို့ စူးစိုက်နေပြီး ခါးနောက်ကျောတွင် ဝှက်ထားသည့် ဓားမြောင်ကို ထုတ်ယူပြီး ပြေးဝင်လာသည့် လူများထဲက တစ်ယောက်၏ ကော်လံကို ဆွဲ၍ မှောက်လှန်ပစ်ပြီး ၎င်း၏ ဝမ်းဗိုက်သို့ ထိုးသွင်းလိုက်သည်။
“ မင်း ….”
ခေါင်းဆောင်မှာ မျက်လုံးအပြူးသား ဖြစ်သွားခဲ့ပြီး လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။ ထို့နောက် လေလျော့ခံလိုက်ရသည့် ပူဖောင်းနှယ် အားအင်များအားလုံး ရုတ်ချည်း ဆုတ်ယုတ်သွားခဲ့ပြီး ကြမ်းပြင်သို့ ပုံလျက်သား လဲကျသွားခဲ့တော့၏။
ယခု မည်သူကမျှ မလှုပ်ရဲကြတော့ပေ။ လီကျားဝေလည်း အသံတိတ်သွားခဲ့၏။
ဤနှစ်ဦး၏ ရက်စက်ကြမ်းကြုတ်မှုက သူ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသည်။
ဘားတစ်ခုလုံး အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး မည်သူကမျှ အသံကျယ်လောင်စွာပင် အသက်မရှူဝံ့ကြတော့ပေ။ ယခုလို ဖြစ်ပျက်ပြီးနောက် ဘာဆက်လုပ်ရမလဲဆိုတာကို မည်သူကမျှ ဝေခွဲမရနိုင်တော့ပေ။
ထိုအချိန်မှာပဲ အေးစက်သည့် နှာမှုတ်သံ တစ်သံက ထွက်ပေါ်လို့လာသည်။
“ ငါ့ဘားလာပြီး ဘယ်ကောင် ပြဿနာ လာရှာနေတာလဲကွ …”
***