“ ဟမ် … အခေါင်း ဟုတ်လား … ဘာအခေါင်းလဲ ….”
“ အနီရောင်သစ်သားအမျိုးစားပဲ … နှစ်မီတာလောက် ရှည်ပြီး တစ်မီတာလောက် ကျယ်တယ် … မြေအောက်ထဲမှာ မြုပ်ထားတာ … လူသေထည့်ဖို့ သုံးတဲ့ သေတ္တာလေ …” ဟော်ယွမ်ယွမ်က တစ်ဖန်ပြန်ပြီး ရှင်းပြလိုက်သည်။
“ အခေါင်း ဘယ်လိုပုံစံလဲဆိုတာကတော့ ငါလည်း မသိဘဲ နေမလားဟ ….”
လင်းရီ ကျိန်ဆဲလိုက်ပြီး “ ငါ သိချင်တာ အဲ့ဥစ္စာက ဘယ်လိုဖြစ်ပြီး ဆောက်လုပ်ရေးဆိုဒ်မှာ ပေါ်လာရတာလဲ ….”
“ ကျုပ်လည်း သတင်းကြားတော့ စိတ်ထဲ နည်းနည်း တုန်လှုပ်မိသွားသေးတယ် … ဒါကြီးက ယုတ္တိမတန်သလိုပဲ …” ချီရှန်းကျောက် ပြောလိုက်သည်။
“ ဘာမှ ယုတ္တိမတန်စရာ အကြောင်းမရှိဘူး …” လင်းရီ ထူးမခြားနားသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ မြေအောက်ထဲကနေ အခေါင်းတွေ တူးဖော်မိတာ ဆန်းတဲ့ ကိစ္စ မဟုတ်ဘူး … ဗျောက်အိုးလေး နည်းနည်းပါးပါး ဖောက်လိုက်… အဲ့လောက်ဆိုရပြီ ..”
ထိုသို့သော ကိစ္စရပ်များကို လင်းရီ ရေးကြီးခွင်ကျယ် ပြုလုပ်မနေချေ။
ကျီချင်းရန်က အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သဖြင့် ထိုသို့သော ကိစ္စများကို အကြိမ်များစွာ တွေ့ခဲ့ဖူးသည်။
“ ဒါပေမယ့် ပြဿနာက ဆောက်လုပ်ရေး လုပ်နေတဲ့အချိန် ပြည်တွင်းနဲ့ နိုင်ငံခြားက ဂျာနယ်လစ်တွေ မပြန်သေးတာပဲ … သူတို့အကုန်လုံး အဲ့မြင်ကွင်းကို မြင်သွားခဲ့ကြတယ် … အွန်လိုင်းပေါ်မှာတောင် အမြင်အမျိုးမျိုးနဲ့ သတင်းတွေ ပျံ့နေကြပြီ … ကျွန်မတို့ဘက်က အဲ့လိုလုပ်လည်း အကျိုးထူးမှာ မဟုတ်ဘူး …”
“ အဲ့လောက်ကြီး မယူသည်းမနေစမ်းပါနဲ့ကွာ … ဒီတိုင်း ကိုယ့်အလုပ်မှာကိုယ်ပဲ အာရုံစိုက်ထားစမ်းပါ …” လင်းရီ ဟန်အမူအရာ အပြည့်နှင့် ပြောလိုက်ပြီး “ လက်ရှိ အခြေအနေအတိုင်းဆိုရင် ပြင်ပ ကုမ္ပဏီတွေကလည်း ငါ့အပေါ် နှောင့်ယှက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး … နောင်ကျရင် သုံးမယ့် user တွေကလည်း သူတို့ ခြေထောက်တွေပါ သုံးပြီးတော့တောင် မဲပေးကြလိမ့်ဦးမယ် … ဒီလောက် ကိစ္စရပ်လေးကတော့ ငါတို့ကို မလှုပ်ခါနိုင်ပါဘူးဟ ….”
“ အဲ့လောက်ကြီး တည်ငြိမ်နေလို့ မရဘူးလေ …” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ပရောဂျက်ကို ထိခိုက်စေဖို့ မဖြစ်နိုင်ဘူးဆိုပေမယ့် ကုမ္ပဏီမှာက တခြား လုပ်ငန်းတွေလည်း ရှိသေးတယ် … အဲ့တာတွေကိုလည်း ထည့်တွက်ဦး …”
လင်းရီ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
“ မင်းတို့မှာ နည်းလမ်းကောင်းလေး ဘာလေး မရှိဘူးမလား …..”
ဟော်ယွမ်ယွမ် ပခုံးတွန့်ပြလိုက်၏။ “ အစ်ကိုချီနဲ့ ကျွန်မက ရိုးအတဲ့ လူတွေ … လှည့်ကွက်တွေ ဘာတွေ နားမလည်ဘူး … ဒီတော့ ဘာနည်းလမ်းမှလည်း မရှိဘူး ….”
“ ချီးလိုမှပဲ …”
လင်းရီ စက္ကန့်အနည်းငယ်မျှ တွေးတောပြီးနောက် “ မင်းတို့ကောင်တွေ ပြန်သွားပြီး သတင်းစာရှင်းလင်းပွဲ လုပ်လိုက်… ဆောက်လုပ်ရေး ဆိုဒ်မှာ ရှေးဟောင်းအုတ်ဂူ တစ်ခု တူးဖော်မိတယ်လို့ ကြေညာလိုက် .. ငါ့ဘက်က ကျွမ်းကျင်သူတစ်ချို့ လွှတ်ပေးလိုက်မယ် … ပြီးရင် ဒီပြဿနာလည်း ဖြေရှင်းလို့ ပြီးပြီပဲ …”
ချီရှန်းကျောက် “ …. “
ဟော်ယွမ်ယွမ် “ …. “
အတော်လေး အံ့ဩဖို့ကောင်းတဲ့ ဖြေရှင်းနည်းလမ်းပဲ …
နှစ်ယောက်မှာ လင်းရီ၏ ဖြေရှင်းနည်းလမ်းကို ရင်ထဲ အသည်းထဲကပင် လေးစားမိသွားခဲ့ကြသည်။ သာမန်ဆိုပါက ဤသို့သော နည်းလမ်းမျိုးကို စဉ်းစားမိနိုင်မှာ မဟုတ်ချေ။
ပြဿနာလည်း ဖြေရှင်းပြီး ဖြစ်သဖြင့် သူတို့အားလုံး စိုးရိမ်ပူပန်နေသည်ကို ရပ်တန့်လိုက်ကြကာ လင်းရီ ညွှန်ကြားသည့်အတိုင်း စီစဉ်စရာ ရှိသည်များကို စီစဉ်လိုက်ကြတော့၏။
ပွဲက ဆက်လက်ကျင်းပနေပြီး မွန်းလွဲ နှစ်နာရီကျော်ဝန်းကျင်တွင် ပိတ်သိမ်းဖို့ အချိန်ကျရောက်လာလေသည်။
နောက်ပိုင်းတွင်တော့ လင်းရီ၊ ကျီချင်းရန်နှင့် ဆမ်ဆောင်း၊ မစ်ဆူအုပ်စုတို့၏ ကိုယ်စားလှယ်များက လင်းယွင်အုပ်စုသို့ အတူ ပြန်လာကြပြီး ပရောဂျက် ကိစ္စအတွက် အသေးစိတ် ဆွေးနွေးမှု ပြုကြသည်။
ညနေ ခြောက်နာရီထိုးသည့်တိုင် သူတို့တွေ အစီအစဉ်များကို ဆွေးနွေးနေရင်း အသေးစိတ်ကျသည့် လုပ်ငန်းစဥ် တစ်ချို့ကို ဖြေရှင်းနိုင်ခဲ့ကြ၏။
CITIC အုပ်စုအတွက်ကတော့ … သူတို့ဘက်က မည်သည့် ကိုယ်စားလှယ်မျှ စေလွှတ်လာခြင်း မရှိသည့်အတွက် လင်းရီကပဲ ကိုယ်စား တာဝန်ယူပေးလိုက်လေသည်။
အစည်းအဝေး ပြီးနောက် ထုံးစံအတိုင်း ညစာစားဖို့အတွက် ထွက်လာခဲ့ကြသည်။
လင်းရီနှင့် ကျီချင်းရန်ကတော့ ထိုပွဲသို့ မတက်ရောက်ခဲ့ပေ။ ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ကပဲ ဦးစီးဦးဆောင် ပြုလိုက်ကြ၏။
နှစ်ယောက် အိမ်ပြန်ရောက်လာတော့ ထုံးစံအတိုင်း ကိုယ်လက်သန့်စင်ပြီး အနားယူလိုက်ကြလေသည်။
နောက်တစ်နေ့ နံနက်ခင်း။
လင်းရီ အိပ်မောကျနေစဉ် ကျီချင်းရန်၏ ရုတ်ချည်း အော်မြည်သည့် အသံကြောင့် နိုးထလာခဲ့၏။
“ မြန်မြန် ဒီကို တစ်ချက် ကြည့်ဦး …. ပုဖာဘဏ်ရဲ့ ကတ်စတန်မာ အချက်အလက်တွေ ပေါက်ကြားလာတယ် …. ပြီးတော့ အင်တာနက်ကလည်း လင်းယွင်အုပ်စုရဲ့ အတွင်းရေး အတင်းအဖျင်းတွေအကြောင်း ရေးတင်နေကြပြီ ….”
“ လခွမ်း ….”
ဤသတင်းကို ကြားတော့ လင်းရီ သူ့အိပ်နေရာမှ ဝှစ်ခနဲ ထလာသည်။
“ ဘာတွေ ဖြစ်နေတာ … ပုဖာဘဏ်ရဲ့ ဖောက်သည်အချက်အလက်တွေက ပေါက်ကြားသွားတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”
“ ဘာတွေ ဖြစ်နေလဲ ငါလည်း မသိဘူး … မနေ့ည သန်းခေါင် အချိန်လောက်က ပေါက်ကြားလာခဲ့တာပဲ … ဘဏ္ဍာရေး လောကတစ်ခုလုံး အခု ယောက်ယပ်ခပ်နေကြပြီ … တစ်ချို့ ပုံမှန်မဟုတ်တဲ့ ကိစ္စရပ်တွေကို ခွင့်ပြုပေးထားတဲ့ ကိစ္စရပ်တွေလည်း ပေါက်ကြားလာတယ် … လင်းယွင်အုပ်စုက တစ်ခုရော အပါအဝင်ပဲ ….”
ကျီချင်းရန်၏ သူမ၏ ပန်းသီးကြွက်ကိုက် တက်ဘလက်ကို လင်းရီထံသို့ တစ်ချက် ကမ်းပေးလိုက်သည်။
“ တစ်ချက် ကြည့်လိုက် … အသေးစိတ် အချက်အလက်တွေအကုန်လုံး ဒီမှာပဲ …”
ကျီချင်းရန်လက်ထဲက Ipad ကို ယူပြီး အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို တစ်ချက် ကြည့်ရှုလိုက်တော့ အခြေအနေ အကြမ်းဖျင်းကို လင်းရီ နားလည်သဘောပေါက်သွားခဲ့သည်။
သတင်းအချက်အလက်က နိုင်ငံခြား ဝက်ဘ်ဆိုဒ်တစ်ခုထံမှ ဖြစ်၏။
ကျွမ်းကျင်သူများစွာ၏ လေ့လာသုံးသပ်ထားမှုတို့လည်း ပါဝင်နေသည်ကို ကြည့်လျှင် ဤသည်က သူတို့၏ ရန်သူသည် ဤကိစ္စကို အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားခဲ့ကြောင်း သိသာလှသည်။ သို့ပေမယ့် လင်းရီကတော့ တစ်ချိန်လုံး အမှောင်ထဲမှာပဲ ရှိနေခဲ့၏။
သို့သော်လည်းပဲ သူတို့တွေ ပုဖာဘဏ်၏ ဖောက်သည် အချက်အလက်များကို ရရှိသွားခဲ့သည်ကိုတော့ ငြင်းပယ်လို့ မရနိုင်ချေ။ မဟုတ်ပါက ယခုလို လုပ်ရပ်မျိုး ပြုလုပ်ဖို့ရန်အတွက် ခိုင်မာသည့် အုတ်မြစ်လည်း ရှိလာမှာ မဟုတ်ချေ။
ဤနေရာတွင် မေးစရာ ရှိသည်က … ဘဏ်ရဲ့ ဖောက်သည်အချက်အလက်တွေက ဘယ်လိုဖြစ်ပြီး အပြင်ကို ပေါက်ကြားသွားခဲ့ရတာလဲ ….
လင်းရီ Ipad ကို ဘေးသို့ လွင့်ပစ်လိုက်ပြီး အဝတ်အမြန်လဲလိုက်၏။
“ ငါ အခု အပြင်သွားဦးမယ်… ကိစ္စရှိရင် ဖုန်းခေါ်လိုက် ….”
အခြေအနေက အရေးကြီးသည်ကို နားလည်သည့်အတွက် ကျီချင်းရန်လည်း လင်းရီထွက်ခွာသွားသည်ကို ဘာမျှ မပြောဘဲ လေးနက်သည့် မျက်ဝန်းတို့ဖြင့်သာ ကြည့်ရှုနေခဲ့သည်။
လင်းရီ ကားမောင်းထွက်လာခဲ့ပြီး လျန်ရူရွှယ်ထံသို့ ဖုန်းခေါ်လိုက်၏။
“ မင်း အခု ဘယ်မှာလဲ …”
“ ရုံးခန်းမှာ ….”
“ ကုမ္ပဏီကို ဒီလောက် အစောကြီးလား ….”
“ ပြဿနာတက်နေလို့ … ကိုင်တွယ်ဖို့ အရေးတကြီး ထွက်လာခဲ့ရတာ ….” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါအခု အလုပ်ရှုပ်နေတယ်ဟာ .. ပြီးမှပဲ ပြန်ခေါ်လိုက်မယ် ….”
“ ငါ မိနစ် နှစ်ဆယ်အတွင်း ရောက်မယ် … ရုံးခန်းမှာ စောင့်နေ ….”
“ အိုကေ …..”
ဖုန်းချပြီးနောက် လင်းရီသည် ကားကို အရှိန်နှုန်းတင်လိုက်ပြီး သူ့ အမူအရာကလည်း ပို၍ပင် တည်ကြည်လေးနက်လာခဲ့သည်။
ဤ ဖြစ်ရပ်က သူ့အား တိုက်ရိုက် ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု မကောင်းသည့် ခံစားချက်တို့ ရင်ထဲတွင် လေးလံနေသည်။
ဘဏ်မှ ချေးငွေကို သင့်တင့်လျောက်ပတ်သည့် လမ်းကြောင်းတို့မှ မယူခဲ့သော်လည်းပဲ စာရွက်စာတမ်း အနည်းငယ်ဖြင့် ပြန်လည် ပြုပြင်လိုက်၍ရသည်။ အချိန်မိနစ် အနည်းငယ်မျှသာ ကြာမှာ ဖြစ်သဖြင့် မည်သည့် စိုးရိမ်စရာတို့မျှ မရှိချေ။
ထို့ကြောင့် လင်းယွင်အုပ်စုအပေါ် ပျက်စီးထိခိုက်မှုက ပြောပလောက်စရာ မရှိပေ။
အခြားတစ်ဖက်ရှိ လျန်ရူရွှယ် အပေါ်တွင်တော့ ဤဖြစ်ရပ်၏ သက်ရောက်မှုက အင်မတန် ကြီးမားလှသည်။
စီးပွားရေး ကိစ္စများကို ဦးစီးဦးဆောင်ပြုနေသူ တစ်ဦးအနေဖြင့် ယခုကဲ့သို့ အတင်းအဖျင်း သတင်းမျိုး ဖော်ထုတ်ခံလိုက်ရခြင်းက သူမနှင့် ဆက်စပ်နေသည့် ခေါင်းဆောင်အကြီးအကဲ တစ်ဦးအပေါ် ထိခိုက်မှုတို့ ရှိလာမည်မှာ မလွဲမသွေပင်။
သာမန်လူတစ်ဦးအဖို့ .. ဤသည်က အလုပ်ဖြုတ်မခံရလျှင်ပင် သူတို့၏ အလုပ်အကိုင် လမ်းကြောင်းကို အဆုံးသတ်သွားစေဖို့ လုံလောက်သည်။
လျန်ရူရွှယ်၏ အနာဂတ် မည်သို့မည်ပုံ ရှိလာမလဲဆိုတာကိုတော့ … လင်းရီသည်လည်း ခန့်မှန်းတွက်ချက်ခြင်း မပြုနိုင်ပေ။
မိနစ် နှစ်ဆယ်ခန့်ကြာပြီးနောက် လျန်ရူရွှယ်၏ ရုံးခန်းထဲသို့ လင်းရီ ရောက်ရှိလာခဲ့သည်။
လူ တော်တော်များများက သူမ၏ ရုံးခန်းရှေ့၌ မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။
လင်းရီ ဝင်လာသည့် အချိန်၌ လျန်ရူရွှယ်က သူ့ကို အကြည့်တစ်ချက်ပေးလိုက်ပြီး … ရုံးခန်းထဲရှိ လူများအား ဆက်လက် စကားပြောနေကာ သတင်းပေါက်ကြားသည့် ဖြစ်ရပ်ကို အလျင်စလို ကိုင်တွယ်ဖို့ ပြုလုပ်နေသည်။
မိနစ် နှစ်ဆယ်ကျော် ကြာပြီးနောက် လျန်ရူရွှယ်သည် အရာအားလုံးကို စီစဉ်ပြီးသွားခဲ့ပြီး ပင်ပန်းနွမ်းနယ်နေပုံဖြင့် ထိုင်ခုံသို့ ထိုင်ချလိုက်၏။
“ လက်ရှိ အခြေအနေက ဘယ်လိုတွေ ဖြစ်နေပြီလဲ ….”
“ ဒီလိုမျိုး ဖြစ်လာခဲ့ပြီးမှတော့ အခြေအနေကို ညင်သာသွားအောင် လုပ်လို့ရမယ့် ဘယ်လို အကြောင်းပြချက်မျိုးမှ မရှိဘူး ….” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဘဏ်ကိုလည်း အစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ် … ဒါပေမယ့် ကံမကောင်းစွာနဲ့ ဘယ်လို သံသယ တရားခံကိုမှ မတွေ့မိဘူး …. အခြေအနေက သိပ်ပြင်းထန်တယ်ရယ်လို့တော့ ပြောမရသေးပါဘူး … ဘာလို့ဆို ပေါက်ကြားသွားခဲ့တာတွေက လျှို့ဝှက် သတင်းအချက်အလက်တွေမှ မဟုတ်တာ …. ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီခပ်ကြီးကြီးဆိုလို့ နင်တို့ လင်းယွင်အုပ်စု တစ်ခုတည်းရယ် … ဒီတော့ ကိုင်တွယ်ရ သိပ်မခက်ပါဘူး ….”
လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။
“ ကြည့်ရသလောက်တော့ ပျက်စီးထိခိုက်မှုတွေကို ထိန်းချုပ်ဖို့တော့ ဖြစ်နိုင်သေးတဲ့ အခြေအနေပါပဲ ….”
“ ပြောမနေစမ်းပါနဲ့ … လူတောင် ရူးချင်လာပြီ ….” လျန်ရူရွှယ်က ခံပြင်းဒေါသထွက်စွာ ပြောဆိုလိုက်ပြီး “ ဒီမနက်ခင်း လူက အိပ်ကောင်းနေတဲ့အချိန် အမေ့ဆီက ဖုန်းဝင်လာပြီး တရစပ် ဆဲဆိုတော့တာပဲ ….”
“ မဖြစ်နိုင်တာ ... ငါ့ယောက္ခမကြီးက သိမ်သိမ်မွေ့မွေ့ ရှိတဲ့ အမျိုးကောင်းသမီးပါ … ဆဲတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …..”
“ ဘာလို့ဆိုတော့ ပုံမှန် အချိန်တွေနဲ့ မတူလို့ဟေ့ … သက်ရောက်မှုက သိပ်ကြီးမားလွန်းတယ် … အခက်မသင့်ဘူးဆိုရင် လျန်မိသားစု တစ်ခုလုံးကိုပါ ထိခိုက်သွားနိုင်လောက်တဲ့အထိပဲ …”
***