လျန်ရူရွှယ်၏ စကားလုံးတို့က ချဲ့ကား ပြောဆိုနေခြင်း မဟုတ်ပေ။
သူတို့၏ ဆိုရှယ်အသိုင်းအဝိုင်းရှိ အရေးကြီးဆုံးအရာကို စကားလေးလုံးဖြင့် သတ်မှတ်ဖော်ပြရလျှင်
လုပ်ကိုင်နိုင်စွမ်း နှင့် ယုံကြည်စိတ်ချရမှု တို့ဖြစ်၏။
ကျိုးဟိုင်၏ စီးပွားရေး အခန်းကဏ္ဍကို တာဝန်ယူထားသည့် လျန်ရူရွှယ်ထံ၌ ယခုလို ဖြစ်ရပ်မျိုး ဖြစ်ပွားလာသည်။ ယင်းက လုပ်ကိုင်နိုင်စွမ်း ချို့ယွင်းနေသည်ကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်သွားခဲ့သည်။ အထက်က ယုံကြည်မှု ကင်းမဲ့လာသည်နှင့် လျန်ရူရွှယ်၏ အလားအလာသည်လည်း အကန့်အသတ်နှင့် ဖြစ်သွားလိမ့်မည်။ လျန်မိသားစု၏ အနာဂတ် တိုးတက်ကြီးပွားဖို့ လမ်းကြောင်းသည်လည်း ကမောက်ကမတွေ ဖြစ်သွားနိုင်သည်။
ထိုအချက်ကို တွေးတောကြည့်လိုက်မည် ဆိုပါက ရှန်းရှုရီ ထိုမျှ ဒေါသထွက်နေသည်မှာလည်း မထူးဆန်းသည့် ကိစ္စရပ်ပင်။
“ အော့ …..”
တိတ်ဆိတ်နေသည့် ရုံးခန်းထဲ၌ လျန်ရူရွှယ်၏ ရုတ်ချည်း လေပျို့သည့် အသံက လင်းရီကို ဆတ်ခနဲ တုန်ယင်သွားခဲ့စေသည်။
“ ဘာလဲ ဖြစ်တာ ….”
လျန်ရူရွှယ် သူမ၏ ရင်ဘက်ကို လက်ဖြင့် ထုနှက်လိုက်၏။ သို့ပေမယ့် အကျိုးသက်ရောက်မှုကား မကောင်းမွန်လှပေ။
“ ဒီရက်ပိုင်း ကောင်းကောင်း မအိပ်ရလို့ထင်တယ် … ထွေထူးမဟုတ်ပါဘူး … ငါက အဲ့လောက် ပျော့တဲ့ လူစားမျိုးထဲ မပါဘူး ….”
“ အစာအိမ် တစ်ခုခု ဖြစ်တာများလား ….”
“ ဟင့်အင်း … လူလည်း ဒီရက်ပိုင်း အကောင်းကြီးပါ ဘာလို့ အော့ ….”
လျန်ရူရွှယ် လေပျို့လာပြန်သည်။ သူမ၏ ပါးနှစ်ဖက်သည်လည်း နီမြန်းလာခဲ့၏။
လျန်ရူရွှယ်၏ ပုံစံက မူမမှန်တာကို မြင်တွေ့လိုက်ရတော့ လင်းရီ ချက်ချင်းပဲ မတ်တပ်ရပ်ပြီး သူမ၏ ကုတ်အင်္ကျီကို လှမ်းယူလိုက်သည်။
“ သွားစို့ … ငါ မင်းကို စစ်ဆေးဖို့ ဆေးရုံ ခေါ်သွားပေးမယ် … ရောဂါဆိုတာ စောကုလေ ကောင်းလေပဲ …. ခေါင်းမာနေရင် ပိုဆိုးသွားဖို့ပဲ ရှိတယ် ….”
“ နောက်မှပဲ …” လျန်ရူရွှယ် ငြင်းဆန်လိုက်ပြီး “ အခု ပြဿနာက လူကို စိတ်ဖိစီးအောင် လုပ်နေလို့ ဖြစ်မယ် … ရိုးနေပါပြီ … ဆေးရုံသွားတာ အပိုအလုပ်တွေ ….”
“ ဒါဆိုလည်း ငါ သွေးကြောစမ်းပေးမယ် ….”
လျန်ရူရွှယ်၏ ပုံစံ ကြည့်ရသည်မှာ တက်တက်ကြွကြွ ရှိနေပုံပေါ်သဖြင့် လင်းရီလည်း အထူးတလှယ်တော့ မစိုးရိမ်မိတော့ပေ။
မည်သို့ပင်ဆိုစေ လျန်ရူရွှယ်၏ အဆင့်အတန်းအရဆိုပါက အစိုးရက နှစ်တိုင်းနှစ် ကျန်းမာရေး စစ်ဆေးမှုတို့ကို အခမဲ့ ပြုလုပ်ပေးလေ့ရှိသည်။ ထို့ကြောင့် မည်သည့် ပြင်းထန်သည့် ရောဂါ လက္ခဏာတို့ကမျှ မရှိနိုင်ပေ။ သူ့ဘက်က ရေးကြီးခွင်ကျယ် မလုပ်လည်း ရ၏။
“ နင်က ဒါလည်း သိတာပဲလား ….”
“ သိတာပဲလားဆိုတာက ဘာစကားတုန်း …” လင်းရီ ပြုံးလျက်ဆိုလိုက်ပြီး “ တကယ်လို့ မင်း ကိုယ်ဝန်ရှိနေတယ်ဆိုရင် ကိုယ်ဝန်ဆောင် ကျန်းမာရေး စစ်ဆေးပေးတာတောင် လုပ်ပေးလို့ရတယ် … ကလေးလည်း မွေးပေးနိုင်တယ် … ငါမလုပ်နိုင်တာ ဘာမှ မရှိဘူး ….”
ပြောပြောဆိုဆိုနှင့် လင်းရီ သူ့လက်နှစ်ချောင်းကို လျန်ရူရွှယ်၏ လက်ကောက်ဝတ်ပေါ်သို့ တင်လိုက်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အခြေအနေကို စစ်ဆေးဖို့ လုပ်လိုက်၏။ သို့ပေမယ့် သွေးခုန်နှုန်းကို ခံစားမိသည့် အခိုက်အတန့်မှာပဲ လင်းရီ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
အနည်းငယ်ပင် ထူးဆန်းနေခဲ့၏။
ကနေဦးတွင် လျန်ရူရွှယ်ဘက်က အလေးအနက်မထားဘဲ ရယ်မောလိုသည့် ဟနမအမူအရာနှင့် ဖြစ်နေခဲ့သော်လည်း လင်းရီ၏ ထူးဆန်းသည့် မျက်နှာသွင်ပြင်ကို မြင်လိုက်ရတော့ သူမစိတ်ထဲ စတင် စိုးထိတ်လာသည်။
“ ဘာဖြစ်တာလဲ … ဘာလို့ ထူးဆန်းတဲ့ အမူအရာကြီးလုပ်နေတာလဲ … နင် ငါ့ကို ကြောက်အောင် မခြောက်နဲ့နော်….”
“ ခန္ဓာကိုယ်က သွေးထွက်အောင်ကို ပုံမှန်ပါပဲ …” လင်းရီ ကျယ်လောင်သည့် အသံဖြင့် အားပါးတရ ရယ်မောလိုက်၏။
လင်းရီ၏ အမူအရာပြောင်းလဲသွားပြန်တာကို မြင်တွေ့လိုက်ရတော့ လျန်ရူရွှယ်မှာ ရှုပ်ထွေးသွားခဲ့ရပြန်သည်။
“ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ … နင် တကယ်ပဲ ဘာဖြစ်နေတာလဲ လင်းရီ …. ငါ့ကို တစ်ခါတည်း ရှင်းအောင် ပြောစမ်း ... ”
လင်းရီ လေးနက်သည့် အမူအရာဖြင့် လျန်ရူရွှယ်ကို ကြည့်၍ “ ကြည့်ရတာတော့ ငါမင်းအတွက် တကယ်လည်း ကိုယ်ဝန်ဆောင် ကျန်းမာရေး စစ်ဆေးပေးရတော့မယ်နဲ့တူတယ် …”
“ ဟင် …..”
လျန်ရူရွှယ် ကြောင်အမ်းသွားခဲ့၏။
သူမ ဦးခေါင်းတစ်ခုလုံး ထူပူသွားခဲ့ပြီး စက္ကန့်အတန်ကြာသည်အထိ စိတ်ကလည်း လုံး၀ကို ဟာလာဟင်းလင်း ဖြစ်သွားခဲ့တော့သည်။
“ နင် … နင် ဘာပြောလိုက်တယ် ….”
“ အဟမ်း … ဒါ ကိုယ်ဝန်ရှိနေတဲ့ သွေးခုန်နှုန်းပဲ …..”
“ မဖြစ်နိုင်တာ ….”
လျန်ရူရွှယ်မှာ ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်နေခဲ့ပြီး “ ငါတို့ အကာအကွယ် ……..”
သူမ ပြောရင်း တန်းလန်း ရပ်တန့်သွားခဲ့သည်။ တစ်စုံတစ်ရာကို ရုတ်ချည်း သတိရသွားခဲ့သောကြောင့် ဖြစ်၏။
နှစ်သစ်ကူးနေ့ မတိုင်မီက လင်းရီနှင့် အတူနေစဉ်တွင် သူမတို့တွေ အကာအကွယ် မသုံးမခဲ့ကြပေ။
နောက်ပိုင်းမှ ဆေးဝယ်သောက်ဖို့ စဉ်းစားခဲ့သော်လည်းပဲ အလုပ်ခွင်သို့ ရောက်သည်နှင့် အလုပ်ကိစ္စပဲ ခေါင်းထဲ ရှိနေခဲ့ပြီး ဆေးဝယ်သောက်ဖို့ကိုလည်း မေ့လျော့သွားခဲ့သည်။
ထို့ကြောင့်လည်းပဲ ယခုလို ထင်မှတ်မထားစွာဖြင့် ကိုယ်ဝန်ရလာခဲ့လေသည်။
“ သွေးခုန်နှုန်းကို ကောင်းကောင်းကြီး ခံစားမိတယ် … လုံးဝ မမှားနိုင်ဘူး ….” လင်းရီ ပြောလိုက်ပြီး “ မြန်မြန် … ဆေးရုံသွားပြီး စက်တွေနဲ့ သေချာလေး စစ်ဆေးကြည့်ကြစို့ ….”
လျန်ရူရွှယ်၏ အမူအရာမှာ တစ်မဟုတ်ချင်း တည်ငြိမ်သွားခဲ့ပြီး မသိစိတ်အလျောက် သူမ၏ လက်က ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားခဲ့၏။
အနှီ ခံစားချက်က သူမအတွက် တစ်မျိုးတစ်ဖုံ ဆန်းကြယ်နေသည်။
‘ ငါ ….. ငါ မေမေ ဖြစ်လာတော့မယ် ….’
“ဒုက္ခပါပဲ လင်းရီ ... ဘယ်လိုလုပ်ကြမလဲ … ငါ ဂရုမစိုက်လိုက်တော့ ကိုယ်ဝန်ရသွားခဲ့ပြီ … အဖေ သိသွားရင် ငါ့ကို သတ်တော့မယ် …”
“ မပူနဲ့ … ငါ သူနဲ့ စကားပြောလိုက်မယ် ….”
လင်းရီ မတ်တပ်ထရပ်လိုက်ပြီး ဘဏ်ကိစ္စတွေလည်း မကိုင်တွယ်ချင်တော့ပေ။
လျန်ရူရွှယ်၏ အခြေအနေကို အရင်ဦးဆုံး ဖြေရှင်းဖို့ရာ စိတ်ဆုံးဖြတ်လိုက်၏။
လင်းရီ၏ လောဆော်တိုက်တွန်းမှုအောက်၌ နှစ်ဦးသား ရုံးခန်းထဲက ထွက်လာခဲ့လေသည်။
လင်းရီ ဟွာရှန်းဆေးရုံထံ မသွားခဲ့ပေ။ ဘာကြောင့်ဆိုတော့ ထိုနေရာတွင် လူတိုင်းက သူ့အား သိနေသဖြင့် အနည်းငယ် မသင့်လျော်ပေ။
ထို့ပြင် သာမန် စစ်ဆေးမှုလေး ဖြစ်သဖြင့် မည်သည့် ဆေးရုံမဆို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ပေးနိုင်ကြ၏။
သူတို့တွေ အနီးနားနားရှိ ‘စွေ့ကျင်း’ ဆေးရုံသို့ ရောက်လာခဲ့ကြ၏။ ၎င်းတို့၏ သားဖွားမီးယပ် ဌာနကလည်း အတော်လေး ကောင်းမွန်သည်။
လာသည့်လမ်းတွင် လင်းရီဘက်က ဆေးရုံ၏ ဒါရိုက်တာကို ကြိုတင် ဆက်သွယ်ထားပြီး ဖြစ်သဖြင့် သူတို့ရောက်ရှိလာသည့် အချိန်၌ တန်းစီစရာ မလိုတော့ဘဲ စာရင်းပေးသည့် လုပ်ငန်းစဉ်များအားလုံးကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။
တစ်နာရီအတွင်းမှာပဲ စစ်ဆေးမှုများအားလုံး ပြီးမြောက်သွားခဲ့၏။ နေ့လည်ပိုင်း အချိန်တွင် ရလဒ်ထွက်ပေါ်လာလေသည်။
“ ဘာတဲ့လဲ … တကယ်ပဲ ကိုယ်ဝန်ရှိနေတာလား …”
“ ဘာလို့ ….” လင်းရီ မျက်ခုံးပင့်၍ လျန်ရူရွှယ်အား ကြည့်လိုက်ပြီး “ မင်းက မလိုချင်ဘူးပေါ့ ….”
“ အဲ့လို မဟုတ်ရပါဘူး … ဒီတိုင်း … အရမ်း ရုတ်တရက် ဆန်နေသလားလို့လေ … ငါ အဆင့်သင့်လည်း မဖြစ်သေးဘူး ….”
“ ဖြည်းဖြည်းပေါ့ … ကိုယ့်ကိုယ်ကို ချိန်ညှိဖို့ဆိုတာ အမြဲတမ်း အချိန်တစ်ခုတော့ ပေးရစမြဲပဲလေ …”
“ ဒါနဲ့ နင် ဒေတာတွေ ကြည့်ပြီးတော့ အဲ့တာက ကျန်းမာတယ်မလား ….” လျန်ရူရွှယ်က သူမ၏ ဝမ်းဗိုက်ကို ထိတွေ့ရင်း သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
“ HCG လယ်ဗယ်တွေကို အိုကေတယ် … ဒါပေမယ့် ဒီတန်ဖိုးတွေကို ရက်နည်းနည်းကြာတိုင်း ပုံမှန် စစ်ဆေးပေးဖို့တော့ လိုတယ် … တကယ်လို့ နံပါတ်တွေက နှစ်ဆဆိုရင် ကောင်းတယ်လို့ ပြောချင်တာပဲ …” လင်းရီ ရှင်းပြလိုက်ပြီး “ ဒါပေမယ့် ပရိုဂက်စ်စတုန်း လယ်ဗယ်တွေကတော့ နည်းနည်းနိမ့်တယ် … ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ပေမယ့်ပေါ့ … ဒါလည်း နောက်ပိုင်းကျ ဖြည့်စွက်စာတွေနဲ့ တိုးမြင့်သွားလို့ ရတယ် ပြဿနာ မရှိဘူး … ခြုံငုံပြီး သုံးသပ်ပြရရင် ထွေထူး ဘာပြဿနာမှ မရှိဘူး ….”
“ ကောင်းတယ် …” လျန်ရူရွှယ် ထိုင်ချလိုက်ပြီး “ ပုဖာဘဏ်ကိစ္စကိုတော့ ငါ ကိုင်တွယ်နိုင်တော့မယ် မထင်ဘူး … နင်ပဲ လုပ်လိုက်တော့ ….”
“ အိုကေ … ကိစ္စမရှိဘူး ….”
လျန်ရူရွှယ်က သူမ၏ ထိုင်ခုံတွင် ထိုင်နေရင်း မသိစိတ်အလျောက် သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်နေမိသည်။
ထိုအချိန်အခိုက်အတန့်၌ သူမ၏ မိခင်စိတ်တို့က ဖြည်းဖြည်းချင်း ပေါက်ဖွား ကြီးထွားလာနေဟန်ပင်။
“ ဘာတွေ စဉ်းစားနေတာ … “ လင်းရီ မေးလိုက်သည်။
“ ငါ့အထင်တော့ ငါတို့ အမေ့ဆီ ဖုန်းဆက်သင့်တယ်လို့ ထင်တယ် … သူ ဘယ်လို မြင်လဲ ကြည့်ကြည့်ကြတာပေါ့ …” လျန်ရူရွှယ်က အကြံပြုလိုက်၏။
“ အမေသာ ထောက်ခံပေးမယ်ဆိုရင် အဖေ့ကိုလည်း အဲ့လောက်ကြီး စိုးရိမ်စရာ မလိုတော့ဘူး ….”
“ အဲ့တာတော့ အမှန်ပဲ ….”
လင်းရီ ဖုန်းထုတ်ယူလိုက်ပြီး ရှန်းရှုရီထံသို့ ဆက်သွယ်လိုက်သည်။
“ နင်တို့ဘက်ခြမ်းက ကိစ္စတွေ ကိုင်တွယ်ပြီးသွားပြီလား ….”
ရှန်းရှုရီက သဘာဝအလျောက် လင်းယွင်အုပ်စုလည်း ပါဝင်ပတ်သက်နေသည့် ဘဏ်ချေးငွေကိစ္စကို ပြောဆိုနေခြင်းပင်။
လင်းရီက နှုတ်ဖြင့် အကြောင်းကြားရုံမျှသာ ပြောကြားခဲ့ပြီး မီလိလေးကလည်း အတွင်းပိုင်း လုပ်ထုံးလုပ်နည်းများကို ပြီးပြည်စုံခြင်း မရှိပါဘဲ ခွင့်ပြုပေးခဲ့သည်။
“ ထွေထူးကိစ္စရှိလို့တော့ မဟုတ်ပါဘူ အန်တီရှန်း … ဒါပေမယ့် အဲ့ထက် အရေးကြီးတဲ့ ကိစ္စတစ်ခုက ရုတ်တရက်ပေါ်လာလို့ အဲ့တာ အန်တီ့ကို လှမ်းပြီး အသိပေးတာ ….”
“ ဟမ် … ကျိုးဟိုင်မှာ နင်တောင် မကိုင်တွယ်နိုင်တဲ့ ကိစ္စက ရှိသေးတာလား ….”
“ အင်း … အဲ့လိုပဲ ဆိုပါတော့ … အဲ့ကိစ္စက အတော်လေးကို ထင်မထားဘဲ ဖြစ်ပေါ်လာခဲ့တာဆိုတော့ ကျွန်တော်လည်း အန်တီရှန်း ဘယ်လိုမြင်လဲ ကြားချင်တယ် …”
“ ပြော … ငါ အခု အလုပ်အားတယ် ….”
“ အင်း ………..” လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေခဲ့ပြီး “ သိပ်မကြာခင် အန်တီရှန်း အဘွားဖြစ်တော့မယ် ….”
“ အဘွားဖြစ် … နင် ဘာပြောလိုက်တယ် … ဟိုကောင်မလေး ကိုယ်ဝန်ရနေပြီလား ….”
“ အင်း … ကျွန်တော်တို့လည်း အခုလေးတင်မှ သိတာ ….”
“ မီလိ ဘယ်မှာလဲ ….” ရှန်းရှုရီ၏ အသံက အလျင်လိုနေဟန်ပင်။
“ သူ ကျွန်တော့်ဘေးမှာ ရှိတယ် ….”
“ ကျိုးဟိုင်မှာပဲနေ … ငါ အခုချက်ချင်း ရောက်လာခဲ့မယ် ….” ရှန်းရှုရီ ပြောလိုက်၏။
“ ပြီးတော့ သူ့ကို အလုပ်တွေလည်း လျှောက်လုပ်ခိုင်းမနေနဲ့ဦး … ဒီအချိန်က အန္တရာယ်အများဆုံး ကာလပဲ …”
“ နားလည်ပါပြီ ….”
ရှန်းရှုရီ အခြား ဘာမျှ မပြောဆိုဘဲ ဖုန်းချသွားခဲ့သည်။
“ ယောက္ခမကြီးရဲ့ ပုံစံက ငါ စိတ်ကူးထားတာထက်တောင် ပိုကောင်းနေတာပဲ ….
“ အမေ ဘာတွေ စဉ်းစားနေလဲတော့ ငါ မသိဘူး … ငါတော့ တော်ပြီ … နင်ပဲ ဖြေရှင်းတော့ … အမေ့ကို ငါ မနိုင်တော့ဘူး ….”
“ ပြဿနာ မရှိဘူး … ငါနဲ့ လွှဲထားလိုက် …”
မွန်းလွဲပိုင်း သုံးနာရီဝန်းကျင်လောက်တွင် လင်းရီသည် ရှန်းရှုရီကို လေဆိပ်သို့ သွားရောက်ကြိုဆိုလိုက်၏။
“ နင်တို့ နှစ်ယောက်ကတော့ ငါလုပ်တာနဲ့ သေတော့မယ် … နှစ်ယောက်က သေချာတောင် ကောင်းကောင်းမွန်မွန် အခြေကျသေးတာ မဟုတ်ဘူး … အဲ့တာကို ကလေးက ရနေပြီ …”
***