အိမ်သို့ ပြန်ရောက်လာခဲ့ပြီးနောက် ကျီချင်းရန်မှာ အိပ်မောကျနေလေပြီ။
သူလည်း အခြားဘာမျှ လုပ်မနေတော့ဘဲ ကိုယ်လက်သန့်စင် ဆေးကြောပြီး အိပ်ရာဝင်လိုက်တော့သည်။
နောက်တစ်နေ့ နံနက်ခင်း၊ သူ အပြင်သို့ ထွက်လာသည်နှင့် ရှင်းရှန်း ရဲစခန်းသို့ သွားမည့် အတွေးကို လက်လျှော့လိုက်ကာ လျန်ရူရွှယ်၏ နေရာထံသို့သာ ဦးတည်လိုက်သည်။
ရှန်းရှုရီမှာ အိပ်ရာထနေပြီး ဖြစ်၏။ မနက်စာကလည်း အဆင်သင့်ပင်။ အိမ်ထဲ တစ်နေရာတွင် အားဆေး တစ်ပုံတစ်ပင်ကြီးကိုလည်း လင်းရီ မြင်တွေ့လိုက်ရသည်။ ကြည့်ရသည်မှာတော့ အခြားသူများက လျန်ရူရွှယ် ကောင်းမွန်စွာ ကျန်းမာစေရေးအတွက် မေတ္တာလက်ဆောင်များ ပေးထားကြပုံရသည်။
“ သူ အိပ်နေတုန်းလား …” လျန်ရူရွှယ်၏ အိပ်ခန်းဘက်သို့ ကြည့်ရင်း လင်းရီ မေးလိုက်၏။
ရှန်းရှုရီ ခေါင်းညိတ်လိုက်သည်။ “ နင် စားပြီးပြီလား ….”
“ ကျွန်တော် မစားရသေးဘူး ….”
တကယ်တော့ လင်းရီ စားခဲ့ပြီး ဖြစ်၏။ သို့ပေမယ့် မနက်စာက စားပွဲပေါ် တည်ခင်းထားပြီး ဖြစ်ရာ အကယ်၍ သူ စားပြီးပြီဟု ပြောလိုက်လျှင် ရှန်းရှုရီ တစ်ယောက်တည်း စားရတော့မှာ ဖြစ်၏။ သူ့ဘက်က အတူ အဖော်လုပ်ပေးရင်း စားပေးသည်က ပိုကောင်းလေသည်။
“ အတော်ပဲ … ငါနဲ့ အတူ တစ်ခါတည်း ဝင်စားလိုက် ….”
ရှန်းရှုရီက ပန်းကန်တစ်လုံးနှင့် တူအပိုတစ်ချောင်း ထုတ်လာခဲ့သည်။ ထို့နောက် နှစ်ယောက်သား ထမင်းစား စားပွဲတွင် အတူ ထိုင်လိုက်ကြ၏။
“ နင် ဘယ်လို ဖြေရှင်းမယ် စဉ်းစားထားလဲ ….”
လင်းရီ ပခုံးတွန့်လျက် “ ဒီကိစ္စက အရမ်း ရုတ်တရက် ဆန်လွန်းတယ် … ပြီးတော့ ဖရီးမေဆင်မှာက လက်ဆုပ်လက်ကိုင်ပြစရာ နယ်ပယ်တွေလည်း မရှိတော့ သူတို့ အထိနာအောင် ပြန်ရိုက်ဖို့ဆိုတာ အတော်လေး မလွယ်ဘူး ….”
“ ဖရီးမေဆင်ဟုတ်လား ….” ရှန်းရှုရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
လင်းရီ အခြေအနေကို ရိုးရှင်းသည့် စကားလုံးတို့ဖြင့် ရှင်းပြလိုက်ပြီး ရှန်းရှုရီလည်း ဖြစ်ကြောင်းဖြစ်စဉ်ကို နားလည်သဘောပေါက်သွားခဲ့တော့သည်။
“ အခု ကြည့်ရတာ ဒီကိစ္စက ငါ ထင်ထားတာထက်တောင် ရှုပ်ထွေးနေသလိုပဲ ….”
“ ကျွန်တော်ကတော့ ဒီကိစ္စကို အာရုံလွှဲဖို့ ကျိုးမိသားစုအပေါ် အပြစ်ပုံချဖို့ စဉ်းစားထားတာ ….” လင်းရီ ပြေလိုက်ပြီး “ လျန်မိသားစုအရေးအတွက်ကတော့ ကာဗွန် အခြေပြုချစ်ပ် ပရောဂျက်နဲ့ အလွယ်လေး ဖြေရှင်းလိုက်လို့ရတယ် … ဘာပဲဆိုဆို ပြီးသွားတာတွေက ပြီးသွားပြီပဲလေ … လက်စားချေတာက တခြားကိစ္စ … အခု လုပ်ဖို့လိုတာက အမှားပြန်ပြင်ဖို့ပဲ …”
ရှန်းရှုရီ ခေါင်းညိတ်လိုက်၏။ “ လက်ရှိ အခြေအနေအရဆိုရင် ငါတို့ဘက်က ကိုယ်စား ဝန်ခံပေးမယ့်လူတစ်ယောက်ကို ရှာဖို့လိုတယ် .. ပြီးတော့ ဘဏ်နှစ်ခုရဲ့ အမှုဆောင်တွေလည်း ရုံးတင်ခံထားရတယ် … သူတို့ကတော့ ဒီတိုင်း ကံဆိုးသွားတဲ့လူတွေ သပ်သပ်ပဲ ….”
“ ဘယ်တတ်နိုင်မှာ … ဒီလိုကိစ္စမျိုး ဖြစ်လာပြီဆိုရင် တစ်ယောက်ယောက်ကတော့ ခေါင်းခံပေးဖို့ လိုတယ်လေ ….”
လင်းရီက ရှန်းရှုရီ၏ ချဉ်းကပ်နည်းလမ်းကို ထောက်ခံကြောင်း ဖော်ပြလိုက်သည်။
စစ်မှန်သည့် လူကြီးလူကောင်း တစ်ယောက်က အန္တရာယ်များသည့် နံရံအောက်တွင် မတ်တပ်မရပ်ပေ။ ထို့ပြင် နည်းနည်းလေးမှ အဆိပ်မပြင်းသည့် အမျိုးသား တစ်ယောက်ကိုလည်း လူကြီးလူကောင်း တစ်ယောက်ဟု မဆိုနိုင်ပေ။
ကိုယ်က ရာထူးကြီးလေလေ၊ နှလုံးသားက ပိုလို့တောင် နူးညံ့ပျော့ပျောင်းနေလို့ မဖြစ်ပေ။
ဒူ ဒူ ဒူ …
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။ ချိုးယွီလော့က ဝီချက် ဗွီဒီယိုကော ခေါ်ဆိုလာခဲ့ခြင်းပင်။
“ ကျွန်တော် ဖုန်းခဏသွားပြောလိုက်ဦးမယ် …”
ရှန်းရှုရီ ခေါင်းညိတ်လိုက်၏။
လင်းရီ ဖုန်းကိုင်လိုက်ပြီး နောက်ခံမြင်ကွင်းကို တစ်ချက်ကြည့်လိုက်တော့ ချိုးယွီလော့က သူမ၏ ရုံးခန်းထဲ၌ ရှိနေသည်။
“ ဘာကိစ္စလဲ ….”
“ နင် အဲ့မှာ လွတ်လွတ်လပ်လပ် စကားပြောလို့ အဆင်ပြေတယ်မလား ….”
“ အင်း ပြေတယ် ….”
“ ငါတို့ အခုလေးတင် အစည်းအဝေးထိုင်ပြီးတာ ကျိုးမိသားစုအပေါ် လှုပ်ရှားဖို့ ပြင်ဆင်နေပြီ ….”
“ သဲလွန်စတွေ အကုန်လုံး စစ်ဆေးပြီးပြီပေါ့ ….”
ချိုးယွီလော့ ခေါင်းညိတ်လိုက်၏။ “ အခု နင့်ကို အသေးစိတ် ရှင်းပြမယ် ….”
“ KD လို့ ခေါ်တဲ့ နယ်နိမိတ်ပြင်ပ နိုင်ငံခြား အဖွဲ့အစည်းတစ်ခု ရှိတယ် … အဲ့ဒီ အဖွဲ့အစည်းက အခု ဂျပန်ရဲ့ ကာဂို သင်္ဘောတစ်စင်းကို အနုကြမ်းစီးပြီး ဆွစ်ဇာလန်ဘက်ကို ထွက်ပြေးသွားတယ် … ကျိုးမိသားစုက သူတို့နဲ့ အဆက်အသွယ်တွေ တည်ဆောက်ထားပြီး နှစ်ဘက်ခြမ်းလုံးက ပူးပေါင်းဆောင်ရွက်ဖို့ ပြင်နေကြတယ် … အခု လူတွေက ဆွစ်မှာ ….”
“ နေဦး ခဏလေး … ဂျပန်ရဲ့ ကာဂိုသင်္ဘောပေါ်မှာ ဘာပါနေလို့ … ကျိုးမိသားစုနဲ့ အဲ့ဒီအဖွဲ့အစည်း ပူးပေါင်းရလောက်အောင် ဘာတွေ ရှိနေလို့လဲတဲ့ …”
“ ကာဂိုသင်္ဘောက ကျွန်းပေါ်ကနေ ပြန်လာတာ … ပြီးတော့ အဆင့်မြင့် နည်းပညာ တစ်ချို့လည်း ပါတယ်ပြောကြတယ် …. ဘာလဲ အတိအကျတော့ ငါလည်း မသိဘူး … အတော်လေး အရေးကြီးတဲ့အရာပဲ ဖြစ်ရမယ် … မဟုတ်ရင် နိုင်ငံခြား အဖွဲ့အစည်းက အစိုးရတစ်ခုအပေါ် ဆန့်ကျင်မှု ပြုဖို့ဆိုတာ တော်ရုံလောင်းကြေးစားကြေးမှ မဟုတ်ဘဲ ….”
“ ဂျပန်ဘက်ခြမ်းကရော လူတွေ လွှတ်ထားပြီမလား ….”
ချိုးယွီလော့ ခေါင်းညိတ်လိုက်၏။ “ အင်း …..”
“ တကယ်လို့သာ တကယ်ပဲ အရေးကြီးတဲ့ နည်းပညာ ဖြစ်မယ်ဆိုရင် တခြားအင်အားစုတွေကလည်း ဒီကိစ္စကို လက်လွှတ်ခံကြမှာ မဟုတ်ဘူး ….”
“ အခုချိန်ထိတော့ တခြား ဘယ်အင်အားစုမှ လှုပ်ရှားလာတာ မမြင်မိသေးဘူးပဲ … အနည်းဆုံးတော့ ဘယ်သူ့ရဲ့ အာရုံကိုမှ မဆွဲဆောင်မိသေးဘူး …” ချိုးယွီလော့က စကားဆက်ပြော၏။
“ ကျိုးမိသားစုကို စုံစမ်းရင်းနဲ့ ဒီကိစ္စကို ငါတို့ပဲ သိသေးတာ ….”
လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။ “ အထက်ရဲ့ စီစဉ်မှုက ဘာတွေလဲ ….”
“ ချက်ချင်း ထွက်ခွာဖို့ပဲ … ကျိုးမိသားစုကို တစ်ယောက်တည်း လွှတ်ထားလို့ မရဘူး … နည်းပညာ အတွက်ကတော့ အခြေအနေအပေါ်မှာပဲ မူတည်တယ် …” ချိုးယွီလော့ ပြောဆိုလိုက်ပြီး “ နင်နဲ့ နင့်အသင်းသားတွေ အခု ပြင်ဆင်ထားတော့ … ငါတို့ အခု ကျိုးဟိုင်ကို ပျံသန်းလာပြီး အတူပူးပေါင်းကြမယ် … နေ့လည်ပိုင်းလောက်ကျရင် ရောက်လာခဲ့မယ် …”
“ နားလည်ပြီ ….”
ဖုန်းချပြီးနောက် လင်းရီ စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။ ကိစ္စရပ်များက ယခုကဲ့သို့ အလောသုံးဆယ် ဖြစ်လာမည်ဟု ထင်မှတ်မထားခဲ့ပါချေ။
အကယ်၍ ကျိုးမိသားစုကို ဖမ်းဆီးရုံသပ်သပ်ဆိုပါက သူတို့တွေ ဤမျှ အလျင်လိုနေမှာ မဟုတ်လောက်ချေ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာတော့ ကေဒီဆိုသည့် အဖွဲ့အစည်းနှင့် ဆက်စပ်နေလောက်၏။
လင်းရီ သူ့ထိုင်ခုံသို့ ပြန်လာပြီး တိတ်တဆိတ် ပြန်ဝင်ထိုင်လိုက်သည်။
ယခု အချိန်၌ ကျိုးမိသားစု အရေးကိစ္စကို သူ အဲ့လောက်ထိ အာရုံမလာတော့ချေ။ ထိုအစား ကေဒီဆိုသည့် အဖွဲ့အစည်းက ဂျပန် ကာဂို သင်္ဘောတစ်စင်းကို ပြန်ပေးဆွဲလိုက်သည့် ကိစ္စအား အတော်လေး စိတ်ဝင်စားနေမိ၏။
တိလိရာ့ ကျွန်းနှင့် ဆက်စပ်နေသည့် သင်္ဘောတစ်စင်းကို ပြန်ပေးဆွဲလိုက်သည်က နိုင်ငံတိုင်းကို ပုန်ကန်ဖီဆန်လိုက်သည့် သဘော သက်ရောက်သည်။ သို့တိုင် ကေဒီက ထိုကဲ့သို့သော မိုက်မဲမှုမျိုးကို လုပ်ဆောင်ရသည်အထိ သတ္တိကောင်းနေသည်ကို ကြည့်လျှင် ပစ္စည်း၏ အရေးပါမှုကို စိတ်ကူးယဉ်ကြည့်၍ ရလေသည်။
ဘော့စ်လျိုဘက်က အလျင်လိုနေသည်ကိုလည်း နားလည်ပေး၍ရသည်။
“ နင် သွားတော့မလို့လား ….” ရှန်းရှုရီ မေးလိုက်သည်။
လင်းရီ ခေါင်းညိတ်၍ “ အထက်က အရေးကြီးတဲ့ တာဝန်တစ်ရပ် ပေးလာလို့ အဆင်သင့် လုပ်ထားဖို့ လိုတယ် ….”
“ ဂရုစိုက်ဦး … နင့်အထောက်အထားက အခု မတူတော့ဘူးနော်….”
“ ကျွန်တော် သိပါတယ် … အမေ့ကို ဒီရက်ပိုင်း ဒုက္ခပေးရတော့မယ် …”
“ သွား သွား ….”
လင်းရီ မတ်တပ်ထရပ်လိုက်ပြီး လျန်ရူရွှယ်၏ အိပ်ခန်းတံခါးကို ဖွင့်ကြည့်လိုက်သည်။ သူမ၏ အိပ်မောကျနေဆဲ ဖြစ်ပြီး မည်သည့်အရာကိုမျှ သတိထားမိဟန်မတူပေ။
အပြုံးတစ်ခုက လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတွင် ဖြစ်ပေါ်လာပြီး တံခါးကို ညင်သာစွာ ပြန်ပိတ်ကာ ထွက်ခွာသွားခဲ့သည်။
အိတ်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ ရှန်းရှုရီက မီးဖိုချောင် ပြတင်းဘက်သို့ သွားပြီး ထွက်ခွာသွားသည့် လင်းရီ၏ ကားနောက်ကျောပုံရိပ်ကို ငေးမောနေမိသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ထိုကောင်လေး၏ ကာကွယ်ပေးမှုကြောင့်ပဲ မိမိ၏ သမီးမိုက်လေးက ဤမျှအထိ နှစ်ခြိုက်စွာ အိပ်မောကျနေခြင်း ဖြစ်နိုင်သည်။
လျန်ရူရွှယ်၏ အိမ်မှ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီ ချောင်ရန် အုပ်စုသို့ ရောက်ရှိလာခဲ့သည်။
“ နင် ရဲစခန်းမှာ ရှိနေရမယ့် အချိန် မဟုတ်ဘူးမလား ….”
ကျီချင်းရန်က နာရီကို တစ်ချက် ကြည့်လိုက်ပြီး ကိုးနာရီကျော်မျှသာ ရှိသေးသဖြင့် လင်းရီကို သိချင်စိတ် ပြင်းပြစွာ ကြည့်လိုက်မိသည်။
“ စခန်းကို သွားပြီးပြီ … ဒါပေမယ့် ဂျပန်ဘက်ကနေ လီတိုဂရပ်ဖီစက်နယ်ပယ်မှာ တိုးတက်မှု အသစ်တွေ ရှိတယ်ဆိုပြီး အကြောင်းကြားလာလို့ အဲ့တာ ငါနဲ့ ဘော့စ်ရှန်းက တစ်ချက် သွားကြည့်ပြီး ပူးပေါင်းမှု အသစ်တစ်ခု စတင်ဖို့ စီစဉ်နေတာ … အခု လေယာဉ်နဲ့ ဂျပန်ကို သွားတော့မှာ … မင်းဆီ ဝင်လာတာက ဒီအကြောင်းပြောပြချင်လို့ပဲ ….”
ကျီချင်းရန်သည် သူမက လင်းရီ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ပါဟု ပြောဆိုပါသော်လည်း လင်းရီသည် သူမကို သိပ်အများကြီး သိခွင့်မပြုနိုင်ပေ။ ထို့ကြောင့်လည်းပဲ ယခုလို အကြောင်းပြချက်မျိုး ပေးလိုက်ခြင်းပင်။
“ ငါ ပြန်ပြီး နင့်ဖို့ အထုပ်ပြင်ပေးရဦးမလား ….”
“ မလိုဘူး ရတယ် … “ လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ “ ရက်နည်းနည်းကြာရင် ပြန်လာမှာပဲ … အထုပ်တွေက မလိုပါဘူး ….”
“ နင် ဘယ်အချိန် သွားမှာလဲ … ငါ လိုက်ပို့ပေးမယ်လေ ….”
“ ရတယ် … ဘော့စ်ရှန်းနဲ့အတူ ဒီတိုင်း ကားမောင်းသွားလိုက်မယ် … မင်းအလုပ်ပဲ မင်းလုပ်ပါ ….”
“ ငါ အပြင်ထိ လိုက်ပို့ပေးမယ် ….”
လင်းရီ၏ မကြာခဏ နိုင်ငံခြား ထွက်ခွာမှုကို ကျင့်သားရနေပြီး ဖြစ်သဖြင့် ကျီချင်းရန်မှာ အထူးတလည် တွယ်ကပ်ခြင်းမျိုး မဖြစ်မိပေ။
မည်သို့ပင်ဆိုစေ သူမက ၁၇ နှစ်၊ ၁၈ နှစ် မိန်းမငယ်လေး တစ်ယောက် မဟုတ်တော့သဖြင့် မည်သည့်အချိန်တွင် လွှတ်ပေးပြီး မည်သည့်အချိန်၌ သူမ၏ ရပ်တည်ချက်ကို ပြသပေးရမလဲဆိုတာကို ကောင်းစွာ နားလည်သည်။
သို့တိုင် ကျီချင်းရန်သည် လင်းရီကို ကားပါကင် အထိ လိုက်ပို့ပေးဆဲ ဖြစ်ကာ လင်းရီ သူမ၏ မြင်ကွင်းထဲ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။
ကျီချင်းရန်ကို နှုတ်ဆက်ပြီးနောက် လင်းရီသည် သုတေသန စင်တာသို့ ရောက်လာခဲ့ပြီး ရှန်းထျန်းကျိုးအား အခြေအနေကို တစ်ချက် အကြမ်းဖျင်း ရှင်းပြလိုက်သည်။
“ ဒါဆိုလည်း ငါ အားမနာတော့ဘူးနော်… အလုပ်ခရီးထွက်တယ်ပဲ ယူဆလိုက်တော့မယ် ….”
“ ပြဿနာ မရှိဘူး … ကုန်ကျစရိတ်အားလုံး ကျုပ်တာဝန်သာ ထားလိုက်….” လင်းရီ တစ်ချက် ရယ်သွမ်းရင်း ပြောလိုက်သည်။
နေ့လည်ပိုင်းတွင် နှစ်ယောက်က လေဆိပ်သို့ ရောက်လာခဲ့ပြီး လင်းရီနှင့် ရှန်းထျန်းကျိုးတို့က ကိုယ်စီလမ်းခွဲလိုက်ကြ၏။ ကျန်သည့် ခရီးစဉ်ကတော့ သူတို့၏ ကိုယ်ပိုင် စိတ်တိုင်းကျသာ ဖြစ်သည်။
တစ်ချိန်တည်းတွင် လင်းရီသည် စွေ့ချန်၊ ကျန်းချောင်ယွဲ့၊ ကျောက်ဟန်နှင့် လော့ချီတို့အား ထိုနေရာ၌ မြင်တွေ့လိုက်ရ၏။
ကျန်သူများအဖို့ကတော့ … ၎င်းတို့က အပြည့်အဝ သက်သာလာခြင်း မရှိသဖြင့် လင်းရီ ခေါ်လာမနေတော့ချေ။
“ ငါ မင်းကို မစ်ရှင်လုပ်ဖို့ ခေါ်လိုက်တာ ခရီးထွက်ဖို့ ခေါ်လိုက်တယ်များ ထင်နေလား …” လင်းရီက လော့ချီကို လက်ညှိုးထိုးလိုက်ပြီး “ လည်ဟိုက်နဲ့ ဆွစ်ကို သွားမယ်ပေါ့ … အဲ့နေရာကို ကျိုးဟိုင်လိုမျိုးများ အောက်မေ့နေလား အမိ ….”
***