အမျိုးသမီး နှစ်ဦးမှာ တိတ်ဆိတ်လျက်သာ ရှိနေသည်။
နင်ချဲ့က သူမ၏ ထိုင်ခုံနောက်ကျောကို မှီလိုက်ပြီး စီးကရက် တစ်လိပ်ကို မီးညှိလိုက်၏။ ခြေထောက်ကိုလည်း ချိတ်ထားပြီး သွယ်လျ ရှည်လျားသည့် ခြေတံတို့က ဆက်စီဆန်ပြီး အနည်းငယ်လည်း အရိုင်းဆန်နေသည်။
“ ငါ ဟိုတယ်ရဲ့ လုံခြုံရေးနက်ဝေါ့ထဲ နည်းနည်းဟက်ဝင်ကြည့်ပြီး နင်ပြောတဲ့ ဂျပန်ကလူကို တစ်ချက် စစ်ဆေးကြည့်လိုက်မယ် … ဒီတိုင်း တိုက်ဆိုင်တာမျိုးလည်း ဖြစ်ရင် ဖြစ်လောက်မှာပါ ….”
ချိုးယွီလော့ ခေါင်းညိတ်လိုက်သည်။ “ ဖြစ်နိုင်တယ် …. ဒါပေမယ့် မဖြစ်နိုင်လောက်ဘူး … တကယ်လို့ သူက သံသယ ဖြစ်ဖို့ကောင်းနေတယ်ဆိုရင်တော့ သူ့ကို သတိထား စောင့်ကြည့်ရမှာပဲ …”
“ အိုကေ … လုပ်လိုက်ကြတာပေါ့ …”
သူတို့တွေ မသိလိုက်ခင်မှာပဲ ညနေခင်း ငါးနာရီ ထိုးသွားခဲ့လေပြီ။
ချိုးယွီလော့နှင့် နင်ချဲ့တို့၏ စုံစမ်းစစ်ဆေးမှုကလည်း အဆင်ပြေပြေနှင့် တိုးတက်မှု ရှိနေခဲ့၏။
ဟိုတယ်ဝင်ပေါက်ဝတွင် လင်းရီ မြင်တွေ့ခဲ့သည့် အာရှသားက အချက်အလက်များအား အတည်ပြုပြီးနောက်တွင် တကယ်လည်း ဂျပန်က ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
သို့ပေမယ့် ဟိုတယ်၌ နေထိုင်နေသူက ၎င်းတို့နှစ်ဦး အပြင်ကို အခြား အမျိုးသမီး တစ်ဦးလည်း ရှိနေပြန်သည်။ သူတို့သုံးဦးက ကြံရာပါတွေလားဆိုတာကိုတော့ သေချာရှင်းလင်းခြင်း မရှိသေးချေ။
ခြောက်နာရီကျော်အချိန်လောက်မှာပဲ လော့ချီ၊ စွေ့ချန်နှင့် ကျန်းချောင်ယွဲ့တို့ သုံးဦးသား ဆိုင်ထဲသို့ ရောက်လာခဲ့ကြ၏။
“ လောင်ကျောက်ရော ဘယ်မှာလဲ .. ဘာလို့ မင်းတို့နှစ်ယောက်တည်းလဲ ….”
လော့ချီက လင်းရီကို တောက်ပသည့် အပြုံးမျက်နှာဖြင့် ကြည့်လိုက်ပြီး “ ခေါင်းဆောင် … ရှင့်နှုတ်က အတော်လေး စီးတယ်လို့ထင်တယ် …. လောင်ကျောက်က အခုဆိုရင် ကားလ်ဘားနဒ်ရဲ့ အမြင်ကို ဖမ်းစားသွားနိုင်လို့ ဘားမှာ အတူသောက်ဖို့ ဖိတ်ခံလိုက်ရတယ် … ဟိုဘက်က ကာစီနို အတူသွားဖို့တောင် အရိပ်အမြွက်တွေ ပြနေသေးတယ် …”
“ ဖွီး …..”
လင်းရီ သောက်လက်စရေများ မှုတ်ထုတ်မိသွားခဲ့သည်။
“ စိတ်ချ ခေါင်းဆောင်လင်း … ကျွန်မတို့တွေ မကြာခင် မစ်ရှင်ပြီးမြောက်တော့မယ်လို့ ခံစားနေရတယ် ….”
“ ဒီမစ်ရှင်က ဘယ်လိုပဲ ဖြစ်လာပါစေ ၊ ပြန်ရောက်သွားတဲ့အချိန်ကျရင်တော့ လောင်ကျောက်အတွက် ဆုတံဆိပ်တောင်းပေးရမယ် … ဒါကြီးက သောက်ကျိုးနည်း ခဲယဉ်းလွန်းတယ် …..”
ချိုးယွီလော့နှင့် နင်ချဲ့တို့မှာ မတတ်နိုင်ဘဲ ရယ်မောမိသွားခဲ့ကြသည်။ အုပ်စုက တကယ်ပဲ ထင်မှတ်မထားသည့် အရာများကို ပြုလုပ်ပြနိုင်ခဲ့လေသည်။
“ သူတို့ရဲ့ နောက်ခြေလှမ်းက ဘာတဲ့လဲ ….”
“ ဒီည ဇီးကွက်ဘားလို့ ခေါ်တဲ့ နိုက်ကလပ်ကို သွားနေကြတယ် …. ဒေသတွင်းမှာ အလှအပတွေ စုဝေးတဲ့ နေရာလို့လည်း နာမည်ကြီးတယ် … ကြားမိတာတော့ ဘားနဒ်က အဲ့မှာ အစု ရှယ်ယာ ရှိထားတယ် ဆိုလားပဲ ….” လော့ချီက တစ်ချက် ရယ်ပြီး ပြောလိုက်၏။
“ ငါတော့ လောင်ကျောက်အတွက် အတော်လေးကို စိတ်မကောင်း ဖြစ်နေမိပြီ …” စွေ့ချန် ရယ်မောရင်း ဖြည့်စွက်ပြောလိုက်၏။ “ ဒီကောင် ခုတလော ယွီစီယင်ကို လိုက်နေတာ … ဒီအကြောင်း ကြားရင် သူ ဘယ်လိုတုံ့ပြန်မလဲ သိချင်မိသား ….”
“ ဟုတ်သားပဲ အစ်ကိုချန် … ရှင် ကျွန်မကို သတိပေးလိုက်တာပဲ … ဒီအကြောင်းကို အစ်မယွီသိအောင် ပြောပြသင့်တယ် … သူလည်း ပျော်လို့ရတာပေါ့ ….”
“ ပေါက်ကရလုပ်နေတာတွေ တော်ပြီ … ဒီည မစ်ရှင်ကို အာရုံစိုက်ထားကြစို့ ….” လင်းရီ ပြောလိုက်ပြီး “ အရင်ဦးဆုံးအနေနဲ့ ငါတို့ ရုပ်ဖျက်ကြမယ် ….”
“ ပြဿနာ မရှိဘူး … ငါနဲ့ လွှဲထားလိုက် ….”
နင်ချဲ့က ရုပ်ဖျက်ရာ၌ ကျွမ်းကျင်သူ တစ်ဦး ဖြစ်၏။ နာရီဝက်အတွင်းမှာပဲ လင်းရီနှင့် စွေ့ချန်တို့၏ သွင်ပြင်ကို မတူခြားနားသည့် လူတစ်ယောက် ဖြစ်အောင် ပြောင်းလဲပေးလိုက်နိုင်လေသည်။ အတော်လေးကို ရင်းနှီးသည့် လူများကလွဲ၍ သူတို့နှစ်ဦးကို မှတ်မိဖို့ဆိုသည်မှာ ဖြစ်နိုင်မှာ မဟုတ်ချေ။
အားလုံး အဆင်သင့် ဖြစ်သည်နှင့် လေးယောက်သားမှာ ဇီးကွက်ဘားသို့ ကားဖြင့် ထွက်လာခဲ့ကြသည်။
အချိန်က ဖြည်းညင်းနှေးကွေးစွာ ကုန်ဆုံးနေသည့် ဤမြို့လေးတွင် ညချမ်းအချိန်အခါဟူသည် ဟွာရှရှိ တတိယ သို့မဟုတ် စတုတ္ထအဆင့် မြို့လောက်လေးပင် စည်ကားခြင်း မရှိပေ။
ဆူညံသံတို့ကလည်း နေရာကွက်ကြား ဖြစ်ပေါ်နေပြီး ကျောက်တုံးတစ်တုံးကို ရေထဲသို့ လွှတ်ချလိုက်သည်နှယ် လှိုင်းကြပ်ခွပ် ဖြစ်ပေါ်စေဖို့ အတော်လေးကို ခက်ခဲလှ၏။
ဘားအပြင်ဘက်တွင် နူးညံ့သည့် တေးဂီတသံက ဖျော်ဖြေနေပြီး လင်းရီတို့ လေးဦးလုံး ကားထဲတွင် ထိုင်နေကာ ရံဖန်ရံခါ၌ လက်ချင်းတွဲထားကြသည့် အမျိုးသားတို့ ဖြတ်သွားဖြတ်လာ ပြုနေသည်အား မြင်တွေ့နေရသည်။
အမျိုးသမီးများလည်း ရှိပေမယ့် အရေအတွက်ကတော့ အမျိုးသား ဦးရေနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အင်မတန် နည်းပါးလှ၏။
“ အစ်ကိုချန် … ရှင့် အမူအရာက ပုံမှန် မဟုတ်သလိုပဲနော်….”
စွေ့ချန် ပြုံးလျက် “ ဗလထွားထွား၊ နှုတ်ခမ်းမွှေးကားကားနဲ့ ဘဲကြီးတွေ ယောက်ျားချင်း ယောက်ျား လက်ချင်းတွဲပြီး ချစ်ကြည်နူးနေကြတဲ့ လူတွေကို မြင်တော့ ငါ့စိတ်ထဲ ဖျားချင်လာလို့ပါ ….”
“ ရှင်တို့လို လူဖြောင့်ကြီးတွေ ဘယ်လိုခံစားနေရမလဲ ကျွန်မ နားလည်တယ် … ဒါပေမယ့် လောင်ကျောက်အကြောင်းကို တွေးကြည့်လိုက်လေ …. အဲ့လိုဆို စိတ်ထဲ နေရ ပိုမကောင်းသွားဘူးလား ….”
စွေ့ချန် မည်သို့မျှ မနေနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ရယ်မိသွားခဲ့သည်။
“ အဲ့လိုဆိုပြန်တော့လည်း စိတ်ထဲ တကယ် နေလို့ ကောင်းသွားသလိုပဲ ….”
“ တိုင်းပြည်အတွက် သူ့ကိုယ်သူတောင် စဝေးဝံ့တဲ့ သူရဲကောင်းကြီး ကျောက်ဟိုင်အတွက် ဆုတောင်းပေးလိုက်ကြစို့ …”
လော့ချီ၏ စကားကြောင့် လင်းရီလည်း ပြုံးယောင်သမ်းသွားခဲ့သည်။
“ ကဲ … မင်းတို့ကောင်တွေ ဒီမှာ နေခဲ့ကြ … ငါတို့ အထဲဝင်ပြီး အခြေအနေ တစ်ချက် ကြည့်လိုက်ဦးမယ် … တကယ်လို့ အပြင်မှာ တစ်ခုခု ဖြစ်လာခဲ့ရင် ငါတို့ကို ချက်ချင်း အသိပေး ဟုတ်ပြီလား ….”
“ အိုကေ ….”
လင်းရီ အချက်ပြလိုက်ပြီး စွေ့ချန်လည်း သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်၍ ဘားထံသို့ ထွက်လာခဲ့သည်။
အမျိုးသား နှစ်ဦး၏ ပူးတွဲထွက်ပေါ်လာမှုကို မည်သူကမျှ အရေးတယူ ပြုမနေကြချေ။ ဇီးကွက်ဘားတွင် ယောက်ျားနှစ်ဦး အတူ ပေါ်လာသည်က မထူးဆန်းသည့် ကိစ္စရပ်ဖြစ်၏။
ဘားအတွင်းဘက်ထဲကို ရောက်တော့ သူတို့တွေ ဘားကောင်တာ၌ ခပ်တည်တည် ဝင်ထိုင်လိုက်ကြပြီး ဘီယာနှစ်ခွက်မှာကာ ဘေးဘီဝဲယာကို တစ်ချက် အကဲခတ်လိုက်ကြသည်။
“ ခေါင်းဆောင် … ကျောက်ဟိုင်က ခင်များရဲ့ ဘယ်ဘက်မှာ … ခေါင်းလှည့်လိုက်တာနဲ့ မြင်ရပြီ …” စွေ့ချန်က နားအနားကပ်ပြီး တီးတိုးပြောလိုက်၏။
လင်းရီလည်း ခေါင်းလှည့်ကြည့်လိုက်တော့ သူ့အနောက်ရှိ ဝိုင်းထဲတွင် လူငါးယောက် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ရွှေအိုရောင် ဆံပင်နှင့် အမျိုးသား တစ်ဦးက အလယ်တွင် ထိုင်နေပြီး ကျန် လေးယောက်ကတော့ သူမ၏ ဘေးတစ်ဖက် တစ်ချပ်စီတွင် ရှိနေကြ၏။
လင်းရီ ဘားနဒ်ကို ချက်ချင်းပဲ သတိပြုမိသွားခဲ့သည်။ ကိုယ်လုံးကိုယ်ပေါက်က သာမန်မျှ ဖြစ်ပြီး မျက်နှာထက်တွင် အရေးအကြောင်း တစ်ချို့နှင့် ခေါင်းထက်တွင်လည်း ဆံပင်တို့က အနည်းငယ်မျှသာ ကျန်ရစ်တော့သည်။
ငယ်ရွယ်ဆဲ ဆိုသော်လည်း ထိပ်ပြောင်နေပြီး ဖြစ်၏။
မသိလိုက်ပါဘဲနှင့် လင်းရီနှင့် ကျောက်ဟိုင်တို့ အကြည့်ချင်း ဆုံမိသွားခဲ့ကြသည်။
မျက်လုံးချင်း ဆုံမိတော့ လင်းရီ ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း ပြုံးနေသည့် သူ့အမူအရာကို ဖုံးကွယ်ဖို့ရာအတွက် ဘီယာဖန်ခွက်ကို ကောက်မော့လိုက်၏။
ကျောက်ဟန် “ …. “
လူကို ယဉ်ကျေးပြနေတာလား ….
ဒီက အဲ့ဒီ ပြုံးနေတဲ့ မျက်ခွက်ကြီးကို မမြင်လိုက်ဘူးလို့ ထင်နေတာလား ….
ဒူ ဒူ ဒူ …
မကြာမီ လင်းရီ၏ ဖုန်းက တုန်ခါလာခဲ့ပြီး ကျောက်ဟိုင်ထံက မက်ဆေ့ချ်ပို့လာခဲ့ခြင်း ဖြစ်၏။
“ သူတို့ ခဏနေ လောင်းကစား သွားလုပ်ကြတော့မှာ … ကျုပ်စီက သတင်းကို စောင့်နေလိုက် …. သတင်း တစ်ခုခု ရှိလောက်တယ် ….”
လင်းရီ နောက်လှည့်ကြည့်လိုက်တော့ ကျောက်ဟန်က ဟန်အမူအရာ မပျက် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ဤ မက်ဆေ့ချ်ကို လျှို့ဝှက် ပေးပို့လာခဲ့ခြင်း ဖြစ်ရမည်။
‘ သတင်း ရှိလောက်တယ် ‘ဆိုသည့် စကားနှင့် ပတ်သက်၍ကတော့ ‘ ယနေ့ညတွင် ဖြစ်နိုင်ချေ အလားအလာရှိသည့် အကျိုးအမြတ်တို့အတွက် ကြိုတင် သတိပေးလိုနေဟန်ပင်။
စာကို ဖတ်ပြီးနောက် လင်းရီ ရီပလိုင်း မပြန်တော့ဘဲ ဖုန်းကို အိတ်ထောင်ထဲသို့ ပြန်ထည့်ထားလိုက်သည်။
ကျန်သည်ကတော့ … ကျောက်ဟိုင်၏ အပိုင်းသာ ဖြစ်၏။
လင်းရီ ရုတ်တရက်ဆိုသလို ဤနေရာရှိ လူတိုင်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းနေသည်ကို သွားပြီး သတိပြုမိလေသည်။
ဘားနဒ်၏ အထောက်အထားဖြင့်ဆိုပါက အကယ်၍ သူတို့ ဟွာရှတွင် ဖြစ်ခဲ့မည်ဆိုလျှင် ယခုလို လွတ်လပ် ပေါ့ပါးစွာ ဘားသို့လာပြီး အရက်သောက်ဖို့က မည်သို့မျှ ဖြစ်နိုင်မှာ မဟုတ်ချေ။
လျန်ကျင်းမင် သူ့အား တစ်ခါက ပြောပြဖူးသည့် ဥရောပတွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်တစ်ခုကိုလည်း ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။
အရာရှိ တစ်ဦးက သူ့ TV လိုင်းခွန်ကို ပေးဆောင်ရန် နှစ်ဝက်နောက်ကျသည့်အတွက် ရာထူးနေရာမှ ဖြုတ်ချခံလိုက်ရ၏။
လက်ရှိ ကိစ္စ တော်တော်များများကို ကြည့်ရှုလိုက်တော့ …. အကုန်လုံးက အတော်လေးကို သဘာဝကျကျပဲ ရှိနေလေသည်။
အစိုးရ ထိပ်သီးပိုင်း အရာရှိဆိုသော်ငြားလည်း သာမန်လူပဲသူ၍သာ မှတ်ယူထားကြပုံရသည်။
ထိုအချိန်မှာပဲ လင်းရီ၏ နားထဲသို့ စက်အသံတစ်ခု ဝင်ရောက်လာခဲ့ပြီး ချိုးယွီလော့၏ အသံက ကပ်လျက် လိုက်ပါလာခဲ့သည်။
“ ငါတို့ ဟိုတယ်မှာ တွေ့ခဲ့တဲ့ ဂျပန်တွေ … သူတို့ နှစ်ယောက် အဲ့ထဲကို ဝင်လာပြီ … စောင့်ကြည့်ထားဦး ….”
လင်းရီ သူ့နားကြပ်ကို ဖိပြီး သူမ၏ သတင်းစကားကို အသိအမှတ်ပြုကြောင်း ပြသလိုက်၏။
တစ်ချိန်တည်းတွင် စွေ့ချန်က သူ့ဦးခေါင်းကို လှည့်လိုက်ရာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ အထဲ ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
“ ဒီကောင်တွေ ဘားနဒ်ရဲ့ အခြေအနေကို သတိပြုမိပြီး လိုက်လာခဲ့ကြတာ ဖြစ်မယ် ….”
သူ့အမူအရာကို ဖုံးကွယ်ဖို့ရာအတွက် လင်းရီ ဘီယာခွက်ကို မော့ရင်း တီးတိုး ပြောလိုက်သည်။
“ သူတို့က အဓိက မဟုတ်ဘူး … ဘားထဲက တခြားလူတွေကိုပဲ အာရုံစိုက်ထား …. တစ်ခြား နိုင်ငံတွေနဲ့ ပြင်ပ အင်အားစုတွေပါ ဒီနေရာကို ရောက်ထားပြီး ဖြစ်နေမှာကိုပဲ စိုးရိမ်တယ် ….”
“ နားလည်ပြီ ….”
နှစ်ယောက်က ဆက်လက်သောက်နေကြရင်း အခြေအနေကို လေ့လာ အကဲခတ်နေခဲ့ကြသည်။
ကံကောင်းစွာဖြင့် သံသယ ဖြစ်ဖို့ကောင်းသူ မည်သူကိုမျှ မမြင်တွေ့ခဲ့ရချေ။
ထိုအချိန်မှာပဲ သူ့အနောက်တွင် လှုပ်ရှားသည့် အသံဗလံ အနည်းငယ်ကို ကြားလိုက်ရသဖြင့် တစ်ချက် လှည့်ကြည့်လိုက်ရာ ကျောက်ဟန်နှင့် အခြားသူများက မတ်တပ်ထရပ်ပြီး တစ်ဖက်ခြမ်းရှိ လှေကားထစ်သို့ လျှောက်လှမ်းသွားခဲ့ကြသည်ကို မြင်တွေ့လိုက်ရသည်။
“ ခေါင်းဆောင် ….”
“ မလောနဲ့ ….”
စကားဆုံးအောင် ပြောပြီးနောက် လင်းရီက အဖျော်ဆရာကို ကြည့်ပြီး “ ကိုယ့်လူ … မင်းတို့ဆီမှာ မြေအောက်ခန်းတွေ မရှိဘူးလား … မဟုတ်လည်း တခြား ပျော်လို့ ရမယ့် နေရာလေးပေါ့ ….”
“ ဒါပေါ့ …. ရှိတာပေါ့ ….” အဖျော်ဆရာက လင်းရီနှင့် စွေ့ချန်ကို ကြည့်လိုက်ပြီး သိနေပါတယ်ဟူသော အပြုံးမျိုးဖြင့် “ ငါတို့ဘားရဲ့ မြေအောက်ခန်းမှာ စုံတွဲတွေ စိတ်ပြေလက်ပျောက် အပန်းဖြေလို့ ရတယ် … တကယ်လို့ လူကြီးမင်းတို့နှစ်ယောက်က အနားယူချင်တယ်ဆိုရင် အောက်ကိုဆင်းသွားလိုက် … အချုပ်ခန်း ဘာညာ ပစ္စည်းကိရိယာတွေလည်း စုံတယ် ….”
လင်းရီ “ …. “
စွေ့ချန် “ ….. “
“ ခေါင်းဆောင် ခင်များ …. စအိုကင်ဆာကိုတော့ ကုသပေးနိုင်တယ်မလား …”
***