“ ငါ … ငါ အကောင်းဆုံးတော့ ကြိုးစားပေးမယ် ….”
လင်းရီ နှုတ်ခမ်းကိုက်လိုက်ပြီး နောက်ထပ် ဘီယာတစ်ကျိုက် မော့ချလိုက်၏။
“ ဘော့စ် …. ခင်များလည်း သက်တောင့်သက်သာ မဖြစ်သလို ခံစားနေရတယ်မလား ….”
“ အင်း ….” လင်းရီ ခေါင်းညိတ်လိုက်သည်။
“ မဖြစ်ဘူးဆိုရင်တောင် အသံထွက်တော့ မရယ်မိစေနဲ့ …”
“ အိုကေ … ငါ ခဏလောက်တော့ အောင့်ထားလိုက်ဦးမယ် ….”
လင်းရီ သူ့မျက်နှာအမူအရာကို ပို၍ လေးလေးနက်နက်ဖြစ်အောင် ထိန်းညှိလိုက်သည်။ ထို့နောက် စွေ့ချန်ကို အကြည့်တစ်ချက်ပေးပြီး နှစ်ယောက်အတူ အောက်ဘက်သို့ ဆင်းလာခဲ့ကြ၏။
ဘားတွင် ငကြောင်များလည်း ရှိမနေသလို ကြောင်တောင်တောင်နိုင်သည့် စည်းမျဉ်းများလည်း ရှိမနေချေ။
အချို့တော့ နေရာများကဲ့သို့ ကိုယ်သွားလို့ ရသည့် နေရာများ ရှိသလို ၊ သွား၍ မရသည့် နေရာများလည်း ရှိသည်။
ဘား၏ ရုံးခန်း ဧရိယာ တစ်ဝိုက်ကလွဲ၍ အခြားနေရာတိုင်းကို ကတ်စတန်မာများအား သွားလာခွင့် ပြုထားသည်။
ကိုယ်က မင်းဆွေမင်းမျိုး ဖြစ်နေသောကြောင့် ၊ ဒါမှမဟုတ် ပျံကျ ဈေးသည်ဖြစ်နေသောကြောင့် ဟူသော ခွဲခြားသည့် စည်းမျဉ်းတို့ ဤနေရာတွင် မရှိချေ။
နှစ်ယောက်က ဘား၏ မြေအောက်ခန်းဘက်သို့ ထွက်လာခဲ့ပြီး အောက်နေရာက အပေါ်ဘက်ထပ် ပို၍ ဆူညံသံနည်းသည်ကို သတိပြုထားမိ၏။
အလယ်တွင် ဖျော်ဖြေရေးနှင့် ပတ်သက်သည့် အချို့သော အရာများ ရှိသော်လည်းပဲ ရိုးရှင်းပြီး တိတ်ဆိတ်သည့် ကစားနည်းများဖြစ်သည့် darts and frisbees ကဲ့သို့ ရိုးရှင်းပြီး တိတ်ဆိတ်သည့် ကစားနည်းများပင်။ သို့ပေမယ့် ဤနေရာတွင် လင်းရီ စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်က ယောက်ျားမိန်းမ စုံတွဲတစ်ချို့ကိုလည်း မြင်တွေ့နေရပြီး အများစုကတော့ လိင်တူစုံတွဲများသာ ဖြစ်လေသည်။
( Darts and frisbees - အရက်သောက်ရတဲ့ ဂိမ်းတစ်မျိုးပါပဲ)
တစ်ချို့နေရာများတွင် ဗလကောင်းကောင်း၊ ရုပ်ဖြောင့်ဖြောင့် နှုတ်ခမ်းနီမလေးတို့ တန်းတန်းစွဲဖြစ်လောက်သည့် ရုပ်ရည်ရူပကာနှင့် ယောက်ျားကြီးများက တစ်ယောက်ကိုယ်တစ်ယောက် ပွေ့ဖက် နမ်းရှုံ့နေကြ၏။ ထိုမြင်ကွင်းကိုမြင်တော့ စွေ့ချန်၏ အရေပြားတွင် ကြက်သီးမွေးညှင်းတို့ ထောင်ထလာသည်။
သူတို့ နှစ်ဦး၏ ရောက်ရှိလာသည်ကိုလည်း မည်သူကမျှ ဂရုစိုက်မနေကြချေ။
လူတိုင်းက နှစ်ယောက်တည်းကမ္ဘာတွေ ဖြစ်နေကြပြီး အပြင်လူများကို ဂရုစိုက်ဖို့အတွက် သူတို့မှာ အာရုံရှိမနေချေ။
နှစ်ယောက်မှာ လွတ်သည့် ထိုင်ခုံနေရာတစ်ခုသို့ ဝင်ထိုင်လိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို တစ်ချက် အကဲခတ်ကြည့်လိုက်ကြသည်။
အလယ်တွင် ကျယ်ဝန်းသည့် ခန်းမကြီးအပြင် ဘေးနားဝန်းကျင်၌ အခန်းခြောက်ခန်းလည်း ရှိ၏။ သို့ပေမယ့် မျက်လုံး အမြင်ရှိသူတိုင်း ထိုအချင်းအရာက မည်သည့်အတွက် ထားရှိသလဲဆိုတာကို ခန့်မှန်း နိုင်လေသည်။
လင်းရီ စိတ်ထဲ တွေးတောမိလိုက်၏။
ကျောက်ဟန်ကတော့ အခုချိန်လောက်ဆို ဘောင်းဘီ ချွတ်နေလောက်ပြီ ထင်တယ်...
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းက တုန်ခါလာသည်။
ကျောက်ဟန်ထံက မက်ဆေ့ချ်ဖြစ်၏။
ရိုးရှင်းသည့် ဂဏန်း နံပါတ်နှစ်ခုမျှပင်။ “ 01 “
လင်းရီ ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး သူ့ညာဘက်ခြမ်းရှိ အခန်းက အကြီးဆုံး တစ်ခု ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
တောက် တောက် တောက် …
လင်းရီ၏ လက်ညှိုးက လက်မောင်းတင်ခုံကို စည်းချက်ကျကျ ရိုက်ခတ်နေသည်။
အကယ်၍ ထင်မှတ်ထားသည့် အရာများသာ ဖြစ်မလာဘူးဆိုပါက သူတို့တွေ အထဲတွင် လောင်းကစား လုပ်နေခြင်းသာ ဖြစ်ရမည်။ သတင်းအချက်အလက်များ တူးဆွနိုင်ခြင်း ရှိမရှိကတော့ ကျောက်ဟန်၏ အစွမ်းအစပေါ်မှာပဲ မူတည်လေသည်။
“ ခေါင်းဆောင် ….”
ထိုအချိန်မှာပဲ စွေ့ချန်က တစ်စုံတစ်ရာကို တီးတိုးပြောလာခဲ့၏။
သူ့အကြည့်များနောက် လိုက်ပါကြည့်ရှုလိုက်တော့ ဂျပန်နှစ်ယောက်ကလည်း အောက်သို့ ဆင်းလာခဲ့ပြီး သူတို့နှင့် မလှမ်းမကမ်းတစ်နေရာတွင် ထိုင်ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
သို့ပေမယ့် ဂျပန် နှစ်ယောက်က သူတို့ရှိသည့် နေရာဘက်ခြမ်းသို့ ရံဖန်ရံခါ အကြည့်ရောက်နေသည်ကို သတိထားမိသည်။
လင်းရီ တစ်ခုခု မူမမှန်သည်အား ရေးတေးတေး ခံစားမိလိုက်၏။
“ သွားစို့ … ငါတို့ သံသယ ဝင်ခံနေရပြီ …. နင်ချဲ့နဲ့ သူ့အသင်းကိုပဲ လွှဲထားလိုက်တော့ …”
လင်းရီကဲ့သို့ အာရုံထက်မြက်ခြင်း မရှိလှသည့် စွေ့ချန်ကတော့ လင်းရီ ပြောသည့်အတိုင်း နားထိုင်ပြီး သူ့အနောက်က လိုက်ထွက်လာခဲ့လေသည်။
“ ခေါင်းဆောင် … ဘာလို့ထွက်လာခဲ့တာလဲ … ရှင်လိုချင်တဲ့ သတင်းရလာခဲ့လို့လား ….”
“ အဲ့ ဂျပန်နှစ်ယောက်က ငါတို့ရဲ့ အထောက်အထားတွေကို သံသယ ရှိနေပြီ … စိတ်ချရအောင် မင်းနဲ့ နင်ချဲ့တို့ သွားလိုက် … သူတို့အခု မြေအောက်ခန်းက အခန်း 01 မှာ … သေချာလေး စောင့်ကြည့်ထားဦး ….”
“ လောင်ကျောက်ကိုက ဘယ်လိုလုပ်မှာ … သူ အခု ဘယ်လိုဖြစ်နေပြီလဲတဲ့ …..”
“ သူ့ အတွင်းခံ ဘောင်းဘီတွေ ချွတ်ပြီးလောက်ပြီ နေမှာပေါ့ … ဘယ်အတိုင်းအတာ အထိ တိုးတက်နေပြီလဲဆိုတာကတော့ … ငါလည်း ပြောမပြတတ်ဘူး …”
ဖူး ….
လော့ချီ မတတ်နိုင်ဘဲ ရယ်မောမိသွားခဲ့သည်။
“ အိုကေ အိုကေ … အစ်မနင်က အခု လာနေပြီ …”
“ နှစ်ယောက် သိုသိုသိပ်သိပ် လုပ်ဖို့လည်း သတိရဦး ….”
“ ပြဿနာ မရှိဘူး … အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေက ကွဲပြားတယ်လေ …”
ထိုသို့ ပြောပြီးနောက် လော့ချီက နင်ချဲ့၏ လက်မောင်းကို တွဲလိုက်ပြီး သူမ၏ ပါးကိုပင် သဘာဝကျကျ နမ်းရှုံ့လိုက်သေး၏။ နင်ချဲ့ကတော့ မည်သို့သော တုံ့ပြန်မှုကိုမျှ ပြမလာခဲ့ချေ။
“ မြန်မြန်လစ် … ဒီလာပြီး ငါ့ကို ဖျားချင်လာအောင် မလုပ်စမ်းနဲ့ ….”
“ မဟုတ်သေးပါဘူး … ဒီတိုင်း နမ်းတာလေးတင်ကို ဘာတွေ ရွံစရာပါလို့ ….” လော့ချီက လင်းရီကို ကြည့်လိုက်ပြီး “ ခေါင်းဆောင်ကြည့်ရတာ နှစ်ဆင့်ပစ်တဲ့ မီးပန်းတွေနဲ့ တစ်ခါမှ မကစားဖူးဘူး ထင်ပါရဲ့ … ကျစ် ကျစ် .. စိတ်မကောင်းလိုက်တာ ….”
လင်းရီ “ …. “
“ နင်တို့နှစ်ယောက် ကောင်းကောင်းမွန်မွန် ပြုမူကြစမ်း …” ချိုးယွီလော့က ဝင်ပြောလာခဲ့ပြီး “ အထဲကို အမြန်ဝင်တော့ …. အရေးကြီး ကိစ္စလုပ်နေချိန်မှာ ကပြက်ကချော်တွေ လျှောက်မလုပ်စမ်းနဲ့ ….”
“ အိုကေ ….”
အမျိုးသမီး နှစ်ဦးက သူတို့ကိုယ်သူတို့ သပ်ရပ်အောင် ပြုလုပ်ပြိး ဘားထဲသို့ ဝင်သွားခဲ့ကြသည်။
“ ခေါင်းဆောင် … အဲ့ဒီ ဂျပန်နှစ်ယောက်က ဘားနဒ်အပေါ် လှုပ်ရှားလာမယ်လို့ ထင်လား ….”
“ ပြောရခက်တယ် ….” လင်းရီ ပြန်ဖြေလိုက်ပြီး “ ငါတို့လက်ထဲ အခု ရထားတဲ့ သတင်းအချက်အလက်တွေက အတော်လေး နည်းတယ် … ဂျပန်တွေအတွက်လည်း ထူးမခြားနားလောက်ပဲ … တကယ်လို့ သူတို့သာ အချိန်အတော်ကြာတဲ့အထိ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ မရဘူးဆိုရင် အကြမ်းနည်း သုံးလာနိုင်တယ် … ဘာပဲဆိုဆို ဒါက နိုင်ငံသေးသေးလေးပဲလေ …ပြီးတော့ ဂျပန်က လုံးဝ သူတို့ရဲ့ အထက်စီးမှာ ရှိတယ် ….”
“ ဒါဆိုရင် ကျုပ်တို့က ဂျပန်တွေကို လဲကျသွားအောင် ထိုးနှက်ပေးသင့်တာပေါ့ …”
“ အဲ့တာကတော့ ငါတို့ ကျောက်ဟန်ဆီက ရလာမယ့် သတင်းတွေ အပေါ် မူတည်တယ် …” လင်းရီ လေးနက်တည်ကြည်စွာ ပြောလိုက်ပြီး “ လက်ရှိ ငါတို့ မှီခိုလို့ရတာ သူတစ်ယောက်တည်း ရှိတာပဲ ….”
အချိန်က တစ်စက္ကန့်ချင်း တစ်စက္ကန့် ရွေ့လျားနေပြီး မကြာမီမှာပဲ ည ဆယ်နာရီ ကျော်သွားခဲ့၏။ ကျောက်ဟန်နှင့် ဘားနဒ်တို့ ဘားထဲက အတူ ထွက်လာသည်။
ကျောက်ဟန်က အဆင်ပြေနေသော်လည်းပဲ ဘားနဒ်ကတော့ မျက်နှာတစ်ပြင်လုံး နီရဲနေကာ သူ့လက်နှင့် ခြေထောက်များ ဝှေ့ယမ်းနေခဲ့၏။ သူ့ကြည့်ရသည်မှာ အတော်လေး ပျော်ရွှင်ဝမ်းမြောက်နေဟန်ပင်။ သို့ပေမယ့် ထိုအချိန် အခိုက်အတန့်တွင် သူတို့ နှစ်ဦးတည်းသာ ရှိနေပြီး အခြားသူများကိုတော့ မမြင်တွေ့ရချေ။
သူတို့ ထွက်လာခဲ့ပြီးနောက် ကျောက်ဟန်က လင်းရီနှင့် အခြားသူများ ရှိနေရာ ကားဘက်သို့ လှည့်ကြည့်၍ လိုက်လာခဲ့ဖို့ရာ အချက်ပြလိုက်သည်။
ကားထဲရှိ လူများက သူ၏ အချက်ပြမှုကို သတိပြုမိလိမ့်မည်ဖြစ်ကြောင်း ကျိန်းသေသည်။ မဟုတ်ဘူးဆိုလျှင်လည်း ကျုံးဝေ့တပ်ဖွဲ့ထဲက ထွက်သွားသင့်၏။
“ ခေါင်းဆောင် … သွားကြစို့ ….”
“ ခဏလေး …. အလျင်မလိုနဲ့ဦး ….” လင်းရီ စွေ့ချန်ကို ဟန့်တားလိုက်ပြီး တီးတိုးပြောလိုက်၏။
“ ဂျပန်က နှစ်ယောက်လည်း သူတို့နောက်မှာ ပါလာလောက်တယ် …. သူတို့ကို စောင့်ကြည့်လို့ရအောင် နည်းနည်းလောက် ထပ်စောင့်လိုက် …”
“ မဟုတ်လည်း ငါ နင်နဲ့ သွားပေးလို့ ရတယ်နော်….” ချိုးယွီလော့က အကြံပြုပေးလိုက်သည်။
“ ငါ့ မျက်နှာက ပိုပြီး လူသိနည်းတယ် ….”
“ အဲ့လိုလည်း အလုပ်ဖြစ်တယ် ….”
လင်းရီ ခန့်မှန်းထားသည့်အတိုင်း များမကြာမီ၌ အမျိုးသား နှစ်ဦး ထွက်လာခဲ့ပြီး ဘားအပြင်ဘက်သို့ ရောက်သည်နှင့် ကျောက်ဟန်နှင့် ကားလ်ဘားနဒ်တို့ထံ တစိုက်မတ်မတ် နောက်ယောင်ခံလိုက်လာသည်။
စွေ့ချန် နောက်တစ်ကြိမ် ထပ်ပြီး လင်းရီ၏ အမြော်အမြင်ကြီးမှုကို လေးစားမိသွားခဲ့သည်။
လုံခြုံလောက်သည့် အကွာအဝေးကို ရောက်တော့ လင်းရီနှင့်ချိုးယွီလော့တို့ ကားထဲက ထွက်လာခဲ့ကြ၏။
ချိုးယွီလော့က သူမ၏ ကော်လံကို မြင့်မြင့်ဆွဲတင်လိုက်ရာ သူမ၏ မျက်နှာတစ်ဝက်နီးပါးလောက်ကိုပင် ဖုံးအုပ်သွားခဲ့သည်။
စီးထားသည့် ဒေါက်မြင့်ဖိနပ်မှလည်း စည်းချက်ညီညီ အသံထွက်ပေါ်နေပြီး လင်းရီ၏ လက်မောင်းကို သဘာဝကျကျ တွဲ၍ ရင်ခွင်ထဲ ရောက်ရှိနေသည့် ကလေးလေး တစ်ဦးနှယ် ပြုမူနေသည်။ သံသယ ဖြစ်ဖွယ်ရာ မည်သည်ကိုမျှ မမြင်တွေ့ရချေ။
“ ဒီတစ်ခေါက်လည်း မင်းငါ့ကို အခွင့်ကောင်း ယူပြန်ပြီ … ပြန်ရောက်ရင် ဒီကိစ္စ သေချာရှင်းမှ ရတော့မယ် ….”
“ အဲ့အစား နင့်ကိုယ်နင်ပဲ ကောင်းကောင်း အနားပေးစမ်းပါ …. မိန်းမတွေ အများကြီးက နင့်ကို စောင့်နေကြတာ ကိုယ့်ကိုယ်ကို အပင်ပန်း မခံချင်စမ်းနဲ့ ….”
“ သွားစို့ … သူတို့ကြည့်ရတာ အရှိန်မြင့်လိုက်သလိုပဲ ….”
ချိုးယွီလော့က လင်းရီ၏ လက်မောင်းကို တွဲထားရင်းဖြင့် ခြေလှမ်းကို ခပ်သွက်သွက်လျှောက်လိုက်သည်။
“ သူတို့နှစ်ယောက် ကြည့်ရတာ လှုပ်ရှားဖို့ကို မစောင့်နိုင်တော့သလိုပဲ ….”
လင်းရီ ရေရွတ်ရင်းဖြင့် ဂျပန်နှစ်ယောက် အနောက်မှ နီးကပ်စွာ လိုက်ပါနေသည်။
ချိုးယွီလော့က ဘေးဘီဝဲယာကို တစ်ချက်ကြည့်ပြီး တီးတိုးဆိုလိုက်သည်။
“ ကျောက်ဟန် ကြည့်ရတာ ရည်ရွယ်ချက်ရှိရှိနဲ့ ဘားနဒ်ကို လူကွယ်တဲ့ နေရာ ခေါ်သွားနေသလိုပဲ … ငါတို့ဖို့ အခွင့်အရေးကောင်း ဖန်တီးပေးနေတယ်နဲ့တူတယ် ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ သူလည်း အနောက်က နှစ်ယောက်ကို သတိထားမိလောက်တယ် … ငါတို့ဘက်ကတော့ အရင် မလှုပ်ရှားသေးဘူး … အဲ့ ဂျပန်က နှစ်ယောက် ဘာလုပ်မလဲဆိုတာ အရင် စောင့်ကြည့်ကြတာပေါ့ … ပြီးတော့မှပဲ မီးစင်ကြည့်ကကြမယ် ….”
ကျောက်ဟန်၏ ဦးဆောင်မှုအောက်တွင် အမျိုးသား နှစ်ဦးက လက်ချင်း ချိတ်လျက် မီးရောင် သိပ်မမြင်ရသည့် လမ်းကြားလေး တစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
မလှမ်းမကမ်းတစ်နေရာတွင် အိမ်ခြေရာမဲ့ တစ်ဦးက သီချင်းသီဆိုနေပြီး ဆိုးရွားစွာ အေးစက်လှသည့် ဆောင်းဥတုထဲ လူသားတစ်ဦး၏ နွေးထွေးမှုတို့ကို ခံစားမိစေလေသည်။
ထို့ပြင် အနှီ အချိန်အခိုက်အတန့်မှာပဲ ဂျပန် နှစ်ယောက်က သူတို့၏ ခြေလှမ်းများကို မြန်ဆန်လိုက်ကာ ကျောက်ဟန်နှင့် ဘားနဒ်တို့ထံ ပြေးဝင်လိုက်ကြ၏။
***